နိုဝင်ဘာလ ၁၁ ရက်နေ့တွင် (သူ့ကိုယ်သူ တည်ဆောက်သူ တယောက်ဟု ထင်နေသော) အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် Donald Trump၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ Shinzo Abe နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် Xi Jinping တို့ အပါအဝင် နိုင်ငံ ၂၁ ခုမှ ခေါင်းဆောင်များ ဗီယက်နမ် နိုင်ငံ ဒါနန် Danang မြို့တွင် ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) ၏ စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးသို့ ရောက်ရှိလာကြမည် ဖြစ်သည်။
ခေါင်းဆောင် ၂၁ ဦးသည် ဒါနန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်၍ (ကမ်းရိုးတန်း မြို့တော် ဒါနန်၏ အမှတ်တံဆိပ်ဖြစ်သော) ဟန်မြစ်ကူးတံတားကို ဖြတ်ကျော်ကာ (ပြည်နယ်အတွင်းတွင် အမြင့်ဆုံး ဖြစ်သော) ၃၇ ထပ်မြင့်သည့် ဒါနန် အုပ်ချုပ်ရေး စန်တာကို ဖြတ်သန်းပြီး ထိပ်သီး အစည်းအဝေးကျင်းပမည့် Intercontinental Resort သို့ ရောက်ရှိကြမည် ဖြစ်သည်။
ဒါနန်၏ အံ့အားသင့်လောက်ဖွယ်ရာ တိုးတက်မှုများက ဒါနန်၏ ခေါင်းဆောင်အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၁၃ ခု နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော ကွယ်လွန်သူ ငုယင်ဘထန်း Nguyen Ba Thanh ၏ ကြိုးစားအားထုတ်မှု ဖြစ်ပါသည်။ သူက ဒါနန်၏ ကွန်မြူနစ်ပါတီ အကြီးအကဲလည်း ဖြစ်သည်။
ငုယင်ဘထန်း၏ အောင်မြင်မှုများကို ကိန်းဂဏန်းဖြင့်ဖော်ပြရမည်ဆိုလျှင် ဒါနန်မြို့၏ စီးပွားရေးက ၁၉၉၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်းတွင် ပျမ်းမျှ ၁၁.၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ဗီယက်နမ် တနိုင်ငံလုံး ပျမ်းမျှ နှုန်းဖြစ်သည့် ၇.၀၆ ရာခိုင်နှုန်းထက် များစွာ ကျော်လွန်၍ နေသည်။ ၁၉၉၇ ခုနှစ် တွင် တဦးချင်း ဝင်ငွေက ဗီယက်နမ် ဒေါင်ငွေ ၄.၆၉ သန်းရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ်ရောက်သည့် အခါ ၄ ဆကျော်တိုး၍ ဒေါင်ငွေ ၃၂.၆၂ သန်း အထိ ရောက်ရှိလာခဲ့သည်။
အလားတူ အချိန်အပိုင်းအခြား အတွင်းမှာပင် ဆင်းရဲနွမ်းပါးမှုမျဉ်း၏ အောက်တွင်ရှိနေသော အိမ်ထောင်စုရာခိုင်နှုန်း ကလည်း ၈.၇၉ ရာခိုင်နှုန်းမှ နေ၍ ၁ ရာခိုင်နှုန်းပင် မရှိသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ယခု အခါ ဒါနန်သည် ဗီယက်နမ်နိုင်ငံ၏ ထိုးထွင်းဆင်ခြင်နိုင်မှု နှင့် စွမ်းအား၏ မဟာအောင်မြင်မှုတခု နှင့် စံပြ မြို့ တော်တခု ဖြစ်လာသည်။
နှစ်လိုဖွယ်ကောင်းသော၊ ဆုံးဖြတ်ချက် ခိုင်မာသော၊ ရလဒ်ကို ဦးစားပေးသော ငုယင်ဘထန်းက အဆိုပါ စီးပွားရေး အသွင်ကူးပြောင်းရေး အဆင့် အများစုကို ဦးဆောင်ခဲ့သည်။
ဒါနန်၏ ခယူမိုင် Khue My မြို့နယ်တွင် နေထိုင်သည့် အသက် ၆၈ နှစ် အရွယ် ကုန်သည်တဦးဖြစ်သည့် ဟွမ် Hoang (အမည် အားလုံးကို ပြောင်းလဲထားပါသည်) က ငုယင်ဘထန်းနှင့် ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ဖူးသူ ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် သူ၏ ယာခင်းက ဖွံဖြိုးရေး စီမံကိန်းထဲတွင် သတ်မှတ်ခြင်းခံခဲ့ရပြီး သူတို့ မိသားစုလည်း ပြန်လည်နေရာချထားခြင်း ခံရဖို့ ဖြစ်လာသည်။ ငုယင်ဘထန်းက သူ့အိမ်သို့ ကိုယ်တိုင်ရောက်လာပြီး နေထိုင်သူများ ရွှေ့ပြောင်းပေးရန် စည်းရုံးခဲ့သည်။
“ဘာကြောင့် ကျနော်တို့ ပြောင်းရွှေ့ပေးရသလဲ ဆိုတာ ရှင်းပြတယ်။ မြစ်နဲ့ ကပ်နေတဲ့ ကျနော်တို့မြေက ဘာကြောင့် မြို့တော် တိုးတက်ရေးအတွက် အရေးပါသလဲ ဆိုတာ ရှင်းပြခဲ့တယ်။ သူက ရင်းနှီးဖော်ရွေတယ်၊ ကြင်နာတတ်တယ်။ အဲဒါက အချိန်ခဏလေးပေမယ့် အဲဒီမှာနေခဲ့တဲ့ လူ ၁၀၀ လုံးနဲ့ စကားပြောနိုင်အောင် လုပ်ခဲ့တယ်။”
“သူက စကားပြောကောင်းတယ်၊ ဂရုစိုက်တယ်။ ပျော်တတ်တယ်။ သူနဲ့ စကားပြောပြီးတဲ့ နောက် ပြောင်းရမှာကို ကျ နော် ပျော်လာတယ်။”
“သူ အုပ်ချုပ်စဉ် အတွင်းမှာ လမ်းတွေက ပိုပြီးကျယ်လာတယ်၊ လမ်းတွေ ပိုပြီး သန့်ရှင်းလာတယ်။ ဒါနန်က ကျနော် ဂုဏ်ယူရတဲ့ မြို့တမြို့ ဖြစ်လာတယ်။”
ဟွမ်က မြစ်ကမ်းဘေးမှ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ပြောင်းရွှေ့ပေးခဲ့ရသော လယ်သမားများစွာထဲမှ တဦး ဖြစ်ပါသည်။ သူတို့အများစု ပိုင်ဆိုင်သော မြေများ ဆုံးရှုံးခဲ့ရသော်လည်း သူတို့ နစ်နာကြေး ရရှိခဲ့ပြီး တန်ဖိုးသင့် အိမ်ယာများ ပြန်လည်ရရှိရေးကိုလည်း အစိုးရက ကူညီခဲ့သည်။
ယခုအခါတွင် ဘန်မီ banh mi (ဗီယက်နမ် အသားညှပ်မုန့်) ရောင်းချနေသည့် ငေါ့ Ngoc ကလည်း ထိုစဉ်က ဖယ်ရှားပေးခဲ့ရသည့် လယ်သမားများထဲမှ တဦး ဖြစ်ပါသည်။ သူ့အဆိုအရ ငုယင်ဘထန်း သူတို့ နေအိမ်ရှိရာသို့ ရောက်လာပြီး ရပ်ကွက်အသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။
“သူက ပြည်သူတွေနဲ့ နီးစပ်တယ်။ သူက ကျမတို့ထဲက တယောက်လို ဒေသခံတယောက်လို စကားပြောတယ်။”
ငုယင်ဘထန်းက ဒါနန်သားတယောက် ဖြစ်ပါသည်။ ဒါနန်မြို့တော်၏ ဟွာဗန် Hoa Vang မြို့နယ်တွင် မွေးဖွားခဲ့သည်။ အားလုံး၏ အဆိုအရ သူက သြဇာကြီးမားသည့် ပုံရိပ်တခု ဖြစ်ပြီး ကျေးရွာခန်းမတခုတွင်လည်း ဟိုတယ်က အစည်း အဝေးခန်း တခုကဲ့သို့ပင် သက်တောင့်သက်သာ ရှိနေတတ်သူ ဖြစ်သည်။
အချို့က “ဒါနန် ဘုရင်” ဟုခေါ်ကြသော ငုယင်ဘထန်းက ဆင်းရဲသူများကြားတွင်ရော ချမ်းသာသူများကြားတွင်ပါ ရေပန်းစားသူ တယောက် ဖြစ်သည်။
အသက် ၄၉ နှစ် အရွယ် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဖမ်း Pham လည်း တယောက် အပါအဝင် ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုကို ကာလရှည်ကြာစွာ ခံစားခဲ့ရသည့် ဒါနန်မြို့တွင်းပိုင်းမှာ နေသော သူ၏ မိဘများသည် ငုယင်ဘထန်း၏ တန်ဖိုးသင့် အိမ်ယာ စီမံကိန်းများ၏ အကျိုးကျေးဇူးကိုခံစားခဲ့ရသည်။
“တက် Tet (ဗီယက်နမ် နှစ်သစ်ကူး) ကာလအတွင်းမှာဆိုရင် သူက ဆင်းရဲနွမ်းပါးသူတွေကို ဆန်နဲ့ အစားအစာတွေ ပေးတယ်။ သူက တန်ဖိုးသင့် အိမ်ယာတွေ ဆောက်ပေးခဲ့တယ်။ အိုးအိမ်မဲ့တွေအတွက်လည်း ခိုလှုံစရာ နေရာ တခု ဒါနန်မှာ တည်ထောင်ပေးခဲ့တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ ဟိုချီမင်းစီးတီး Ho Chi Minh City နဲ့ ယှဉ်ကြည့်ပါ။ သူတောင်းစား တယောက်တလေများ ခင်ဗျားတွေ့မိသလား။”
“ငုယင်ဘထန်းက ထူးခြားပါတယ်။ ဦးလေးဟို နောက်ပိုင်းမှာ သူ့လိုမျိုး လူချစ်ခံရတဲ့ ခေါင်းဆောင် ရှိမယ်လို့ ကျနော် မထင်ဘူး။”
ဒါနန်၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုက အာဏာကြောင့် ဖြစ်လာသည်။ ငုယင်ဘထန်း (သို့မဟုတ် ဘုရင်ကြီး) က ဒါနန်၏ ပြည်သူ့ကော်မတီကို တင်းကျပ်စွာ ချုပ်ကိုင်ထားခဲ့သည်။ ဖခင်တယောက်က အိမ်ထောင်စု အပေါ် လွှမ်းမိုး ပုံစံမျိုးဖြင့် တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့သည်။
ဒါနန်တွင် နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ခဲ့သော ဒင်း Dinh က “သူက သူ့ရဲ့ ဝန်ထမ်းတွေ အပေါ် အလွန်စည်းကမ်း ကြီးတယ်။ နေ့စဉ် အလုပ်တွေမှာ ဝင်ပါတယ်။ ဒါနန်အတွက် အထိမ်းအမှတ် သီချင်းကိုတောင်မှ သူက ရွေးချယ်ခဲ့ တယ်။”
“အရင်ကဆိုရင် အိမ်ဆောက်ခွင့် လိုင်စင်တစောင်လိုချင်ရင် ခွင့်ပြုချက်ရဖို့ မတူညီတဲ့ ဌာန ၃ ခု သို့မဟုတ် ၄ ခု လောက်ကို သွားခဲ့ရတယ်။ ငုယင်ဘထန်းက အဲဒီလုပ်ငန်းစဉ်ကို ထိရောက်သွားအောင် ပြောင်းလဲပစ်ခဲ့ တယ်။ အခုဆိုရင် ဌာနတခုထဲလောက်ကိုပဲ သွားဖို့ လိုတော့တဲ့အပြင် သူတို့က ဘယ်နေ့ အရောက်ပို့ပေးမယ် လို့တောင် ရက်သတ်မှတ်ပေးလိုက်သေးတယ်။ တကယ်လည်း အချိန်မီ ရောက်အောင် ပို့ပေးတယ်။”
“ဒါနန် အုပ်ချုပ်ရေး စန်တာကို ဥပမာကြည့်ပါ။ အရင်ကဆိုရင် ကွဲပြားခြားနားတဲ့ ဌာနတွေက တမြို့လုံးမှာ ရောက် နေတယ်။ အဲဒါကြောင့် ဌာနချင်း ပူးပေါင်းဆောင်ရွက်ရေးက ခက်ခဲခဲ့တယ်။ လိုင်စင်လျှောက်တာက တကယ့်ကို အခက်အခဲတခုပဲ။ အခုတော့ သူတို့ အားလုံးက အဲဒီ အဆောက်အဦးမှာ ရောက်နေကြပြီ။”
၂၀၀၀ ခု နှစ်တွင် ဟန်မြစ်ကူးတံတား တည်ဆောက်ရေးတွင် အဂတိလိုက်စားမှုဖြင့် ငုယင်ဘထန်း စုံစမ်း စစ်ဆေးခြင်းခံခဲ့ရသည်။ တချိန်တည်းလောက်မှာပင် ပြန်လည်နေရာချထားရေး ကိစ္စတခု ဆောင်ရွက်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။
သို့သော်လည်း “ဒီ အမှု ၂ ခုလုံးက ဘာမှဖြစ်မလာပါဘူး။ သူက ခက်ထန်တဲ့သူဆိုတာကို ဒါနန် ပြည်သူတွေက သိ ပါတယ်။ ဒါပေမယ့် သူက ရလဒ်တွေပေးတယ်။ ကျနော်တို့ အများစု အတွက် အဲဒါက အရေးအကြီးဆုံးပဲ” ဟု ဒင်းက ပြောသည်။
“ဗီယက်နမ် တနိုင်ငံလုံးက ပြည်သူတွေက သူ့ကို သိကြတယ်။ လူတွေက ‘ငါတို့ မြို့မှာလည်း ငုယင်ဘထန်းလို လူမျိုး တယောက်လောက် ရှိရင်ကောင်းမှာပဲ’ လို့ ကျနော့်ကို ပြောကြလိမ့်မယ်။”
အသွင်ကူးပြောင်းရေး ခေါင်းဆောင် တယောက် ဖြစ်သည့် ငုယင်ဘထန်းက အခြေခံအားဖြင့် နေရာ အများစုတွင် အင်ဒိုနီးရှား နှင့် ဖိလစ်ပိုင်မှ သမ္မတများ ဖြစ်ကြသည့် ဂျိုကိုဝီဒိုဒို Joko Widodo နှင့် ရိုဒရီဂို ဒူတာတေး Rodrigo Duterte တို့နှင့် ပိုမို တူညီမှုများ ရှိနေသည်။ သူတို့ ၃ ယောက်လုံးက သူတို့၏ ဇာတိမြို့များကို ရှင်သန် ထမြောက်စေခဲ့ပြီးနောက် ဗဟိုအဆင့်သို့ တက်လှမ်း ပြောင်းရွှေ့သွားကြသည်။
သို့သော်လည်း ငုယင်ဘထန်း၏ ဇာတ်ကြောင်းက နိုင်ငံတော် အဆင့်တွင် အာဏာရရှိခြင်းနှင့် အဆုံးမသတ်ခဲ့ပါ။
ဒါနန်မှ ၂၀၁၃ ခုနှစ်တွင် ထွက်ခွာသွားခဲ့၍ ကွန်မြူနစ်ပါတီ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး တာဝန်ရှိသူ ဖြစ်လာသော်လည်း ကျန်းမာရေးကြောင့် သူ၏ ကံကြမ္မာက မှေးမှိန်ခဲ့ရပြီး ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ကင်ဆာ ရောဂါ ဖြင့် ကွယ်လွန်သွားခဲ့သည်။
အသက် ၆၂ နှစ် အရွယ်တွင် အချိန်မတိုင်မီ သေဆုံးခဲ့ခြင်းကြောင့် ဒါနန်တွင် သူလုပ်ခဲ့သလို ကျန်သည့် တနိုင်ငံ လုံးကိုလည်း ပြောင်းလဲပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သူ သန်းပေါင်းများစွာ ဝမ်းနည်း ကြေကွဲခဲ့ရသည်။ သို့သော်လည်း ကျနော်တို့ နှင့် ဗီယက်နမ်နိုင်ငံ အနေဖြင့် သူဘာတွေ လုပ်မည်ကို ဘယ်တော့မှ မသိနိုင်တော့ပါ။
“သူသေသွားတော့ ကျနော် ငိုခဲ့တယ်။ ခေါင်းဆောင် တယောက်နဲ့ ပတ်သက်လို့ ကျနော် ငိုတာက ဗိုလ်ချုပ်ကြီး ဗို ငုရင်ဂိယပ် Vo Nguyen Giap (ပြင်သစ်နှင့် အမေရိကန်တို့ကို အနိုင်တိုက်ခဲ့သော ဗီယက်နမ် စစ်ပွဲ သူရဲကောင်း တဦး) ကွယ်လွန်တုန်းကပါ” ဟု ဟွမ်က ပြောသည်။
ယခုအပတ်အတွင်းတွင် APEC အစည်း အဝေးသို့တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များကိုတင်ဆောင်လာသော ရာနှင့်ချီသော ပြောင်လက်တောက်ပသည့် အနက်ရောင် Audis ကားကြီးများက ငုယင်ဘထန်း နန်းစိုက်ခဲ့ရာ မြို့ အတွင်းမှ သူ တည်ဆောက်ခဲ့သည့် လမ်းများနှင့် တံတားများကို ဖြတ်သန်း သွားကြတော့မည်။
သူ မရှိတော့သော်လည်း “ဒါနန် ဘုရင်”၏ အရိပ်များက ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးနေဆဲပင်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)