ကိုဖီအာနန်ကော်မရှင်ဟု လူသိများသော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် လက်ရှိ ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေးတွင် အရေးပါသော ကော်မရှင်တခုဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ပန်ကြားချက်အရ မစ္စတာ ကိုဖီအာနန် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါကော်မရှင်တွင် နိုင်ငံခြားသား၃ ဦး၊ နိုင်ငံသား ၆ ဦး ပါဝင်သည်။
ပါဝင်သူများမှာ –
၁။ မစ္စတာ ကိုဖီအာနန် – ကိုဖီအာနန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် (၁၉၉၇ – ၂၀၀၆)
ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် (၂၀၀၁)
၂။ ဦးဝင်းမြ – မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ
၃။ ဒေါက်တာ သာလှရွှေ – မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ဟောင်း
၄။ မစ္စတာ ဂါဆန် ဆာလမ်မေ – လက်ဘနွန် ယဉ်ကျေးမှု ဝန်ကြီး (၂၀၀၀- ၂၀၀၃)ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အကြံပေး (၂၀၀၃-၂၀၀၆)
၅။ မစ္စလတေးရှပ် ဗန်ဒန် အာဆန် – ဗြိတိန်ဆိုင်ရာ နယ်သာလန် သံအမတ်ကြီး (၂၀၁၂-၂၀၁၅)
၆။ ဦးအေးလွင် – ငြိမ်းချမ်းမေတ္တာ အဖွဲ့
၇။ ဒေါက်တာ မြသီတာ – မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သားဖွားနှင့် မီးယပ်ပညာ အဖွဲ့ ဥက္ကဋ္ဌ
၈။ ဦးခင်မောင်လေး – မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်
၉။ ဒေါ်ခင်စောတင့် – ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ရန်ကုန်) ၏ ဥက္ကဋ္ဌ ရခိုင်အမျိုးသမီး အသင်း (ရန်ကုန်) ၏ ဒုဥက္ကဋ္ဌတို့ ဖြစ်ကြပါသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့မှစ၍ ကော်မရှင်သည် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ အာဆီယံ ဒေသတွင်းမှ တိုင်းပြည် ခေါင်းဆောင်များ၊ UN မှတာဝန်ရှိသူများ၊ မြန်မာပြည်ရှိ သံတမန်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ဒေသတွင်းမှ အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ဆန်းစစ်လေ့လာသူများ၏ အကြံဉာဏ်များကို ရယူခဲ့သည်ဟု ဆိုသည်။
အစိုးရ ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။
ကော်မရှင် စတင် ဖွဲ့စည်းသည်မှစ၍ ကော်မရှင်သည် စစ်တွေ၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ ၊ မောင်တော ၊ ဘူးသီးတောင်၊ ရန်ကုန်နှင့် နေပြည်တော် အပါအဝင် ဘန်ကောက် ၊ ဒါကာ ၊ ကော့ဘဇားနှင့် ဂျနီဗာတို့ကို သွားရောက်ခဲ့ကာ တွေ့ဆုံဆွေးနွေးပွဲပေါင်း ၁၅၅ ကြိမ်၊ ကိုယ်စားလှယ် ၁၁၀၀ ခန့်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ဆိုပါ သည်။
သို့သော် ကော်မရှင် စတင်ဖွဲ့စည်းသည့် စက်တင်ဘာလဆန်းတွင်ပင် ကော်မရှင်ကို လက်မခံကြောင်း ကန့်ကွက်မှုရှိခဲ့ပြီး ကော်မရှင်ကို ဖျက်သိမ်းရန် ပြည်ထောင်စုအဆင့် လွှတ်တော်တွင် တင်ပြမှု ရှိခဲ့သော်လည်း ထိုအဆို အောင်မြင်မှု မရခဲ့ပါ။
ထိုအဆိုအား ရခိုင်အမျိုးသား ပါတီ (ANP)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ် များက ထောက်ခံခဲ့ကြပါသည်။
သို့သော် စက်တင်ဘာလလယ်ပိုင်း ရခိုင်ပြည်နယ် လွှတ်တော်တွင် တင်ပြသည့် အလားတူအဆို အောင်မြင်မှု ရရှိခဲ့ပြီး ရခိုင် ပြည်နယ် လွှတ်တော်၊ ရခိုင် အမျိုးသားပါတီနှင့် အရပ်ဘက် လူ့အဖွဲ့အစည်း တချို့သည် ကော်မရှင်အား လက်ခံ အသိမှတ် မပြုဘဲ သပိတ်မှောက်ခဲ့ကြပါသည်။
ကော်မရှင်အနေနှင့် ထိုအဖွဲ့အစည်း လူပုဂ္ဂိုလ်များအား တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း ထိုပုဂ္ဂိုလ်များ၏ ဆက်လက် သပိတ် မှောက်မှုများကြောင့် ပြည်နယ်တခုလုံး၏ သဘောတူမှု လက်ခံရရှိစေရန် ကော်မရှင်၏ ကြိုးပမ်းမှုကို ခက်ခဲစေခဲ့ သည်ဟု ဆိုပါသည်။
ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်ဦးဆောင်သော်လည်း အစိုးရက သတ်မှတ်ပေးသည့် လုပ်ငန်းတခုကိုသာ ဆောင်ရွက်ရသည့် ပြည်တွင်း အဖွဲ့အစည်းတခုသာ ဖြစ်ပြီး နေပြည်တော်ရှိ နိုင်ငံတော် အာဏာပိုင်များကိုသာ တင်ပြ အစီရင်ခံခြင်း ပြုသည်ဟု ဆိုသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မောင်တောဒေသ၌ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လျင်မြန်စွာ ဆောင်ရွက်ရန် လိုသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာတစောင်ကို ၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အပြီးသတ်အစီရင်ခံစာကို ၂၀၁၇ သြဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
ကော်မရှင်၏ အစီရင်ခံစာပါ ကြည့်မြင်ပုံ အခြေခံ
ကော်မရှင်၏ အစီရင်ခံစာအား ရခိုင်ပြည်နယ် အခြေခံ အကြပ်အတည်း ၃ ခုပေါ်အခြေပြု သုံးသပ်ခဲ့သည်ဟု ဆိုရပါမည်။ ၎င်း အကြပ်အတည်းများမှာ ဖွံ့ဖြိုးမှုဆိုင်ရာ အကြပ်အတည်း၊ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်း၊ လုံခြုံရေး ဆိုင်ရာ အကြပ် အတည်းတို့ ဖြစ်သည်ဟု ဆိုပါသည်။
ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ကော်မရှင်က သုံးသပ်ရာတွင် အဓိက ပါဝင်နေသည့် အချက် ၂ ချက်ရှိသည်ဟုလည်း ဆိုပါ သည်။
ပထမအချက်မှာ ရခိုင်ပြည်နယ် အတွင်းရှိ ပြည်သူများနှင့် ဗဟိုအစိုးရကြား ထိပ်တိုက် ရင်ဆိုင်မှု အသွင်ဆောင်သည့် ဆက်ဆံရေးနှင့် ဒုတိယအချက်မှာ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းနှစ်ခုကြားရှိ တင်းမာမှုများနှင့် ရံဖန်ရံခါ၌ အကြမ်းဖက်မှု အသွင်ဆောင်နေသည့် ဆက်ဆံရေးတို့ ဖြစ်သည်။
ကော်မရှင်သည် နောက်ခံ သမိုင်းကြောင်းနှင့် ပတ်သက်၍ ရခိုင်တို့ လွတ်လပ်သည့် ဘုရင့်နိုင်ငံ ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ဗမာဘုရင် လက်အောက်သို့ လည်းကောင်း၊ အင်္ဂလိပ် လက်အောက်သို့ လည်းကောင်း ရောက်ရှိခဲ့သည့် သမိုင်းကို အသိမှတ်ပြု ဖော်ပြသည်။
ထို့အပြင် ဗမာတို့ မသိမ်းပိုက်မီကပင် ရခိုင်တွင် မွတ်စလင် လူ့အဖွဲ့အစည်းတရပ် ရှိနေကြောင်း ဖော်ပြပြီး ၎င်းတို့၏ လူဦးရေ အချိုးအစားသည် ကိုလိုနီခေတ်တွင် လျင်မြန်စွာ တိုးတက်လာကြောင်းလည်း ဖော်ပြထားသည်။
အင်္ဂလိပ်တို့၏ ရခိုင်ပြည်နယ်တွင် ဆန်စပါးတိုးချဲ့ ထုတ်လုပ်ရေးမူဝါဒကြောင့် လုပ်သားအင်အားကို ဘင်္ဂလားဒေသမှ ခေါ်ယူ ဖြည့်တင်းရာမှ ၁၈၈၀ ခုနှစ်မှ ၁၉၃၀ ခုနှစ်ကြားတွင် မွတ်စလင်လူဦးရေ တိုးပွားလာသည်ဟု အသိမှတ်ပြု ဖော်ပြပါ သည်။
ရခိုင်နှင့် မွတ်စလင်တို့သည် အချိန်ကာလရှည်ကြာစွာ အတူယှဉ်တွဲနေထိုင်ရာမှ ၁၉၄၂-၄၃ ခုနှစ် အင်္ဂလိပ်-ဂျပန် စစ်ပွဲ အတွင်း နှစ်ဖက် လူ့အဖွဲ့အစည်းကြား အကြမ်းဖက်မှုနှင့် နေရပ်စွန့်ခွာမှု ဒဏ်ခံခဲ့ရသည်ဟု ကော်မရှင်က ဖော်ပြသည်။
တဖန် ၂၀၁၂ ခုနှစ် ဇွန်လမှ အောက်တိုဘာလအတွင်း နှစ်ဖက် လူ့အဖွဲ့အစည်းတွင်း အကြမ်းဖက်မှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားပြီး ၁၉၂ ဦးသေဆုံး (ရခိုင် ၅၈ + မွတ်စလင် ၁၃၄) ပြီး လူနေအိမ် ၈၆၂၄ လုံး (မွတ်စလင်အိမ် ၇၄၂၂ လုံး) ဖျက်ဆီးခံရသည်။
ဒုက္ခသည် ၁၄၀၀၀၀ ခန့်ရှိခဲ့ပြီး ၉၅ ရာခိုင်နှုန်း မှာ မွတ်စလင်များဖြစ်သည်ဟု ဆိုပါသည်။
ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း ၂ ရပ်လုံးသည် ၎င်းတို့၏ နိုင်ငံရေးလိုလား ချက်များ တရားဝင်ရရှိရန် နှစ်ရှည်လများ အကြမ်းဖက်ခံရမှု၏ သားကောင်များ ဖြစ်ခဲ့ခြင်းနှင့် သမိုင်းတလျှောက် တရားမျှတမှု မရခဲ့ခြင်းအား ပေါ်လွင်စေရန် မိမိတို့ ၏ သမိုင်းအကြောင်းအရာ အချက်အလက်ကို စွဲကိုင်ပြောဆိုနေသော်လည်း တဖက်၏ ကြောက်ရွံ့စိတ်နှင့် နစ်နာမှုများကို ထည့်သွင်း ပြောဆိုခြင်းမရှိဘဲ မိမိအသိုင်းအဝိုင်း တဖက်တည်းကိုသာ ဖော်ပြပြောဆို နေသည်ကိုသာ ဝမ်းနည်းစွာ တွေ့ရသည်ဟု ကော်မရှင်က ဆိုပါသည်။
အစီရင်ခံစာပါ အဓိကတွေ့ရှိချက်နှင့် အကြံပြုချက်များ
၎င်းအပိုင်းတွင် အချက် ၁၇ ချက် ခွဲခြား ဖော်ပြထားသည်ကို တွေ့ရသည်။
၁။ ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးမှု
၂။ နိုင်ငံသားဖြစ်မှု
၃။ လွတ်လပ်စွာ သွားလာခွင့်
၄။ IDP ကိစ္စရပ်များ
၅။ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးနိုင်မှု
၆။ သတင်းယူခွင့်
၇။ ပညာရေး
၈။ ကျန်းမာရေး
၉။ မူးယစ်ဆေးဝါးများ
၁၀။ နိုင်ငံရေးကဏ္ဍနှင့် လူ့အဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြု မှု
၁၁။ လူ့အဖွဲ့အစည်းများကြား ပေါင်းစည်းရေး
၁၂။ လုံခြုံရေး ကဏ္ဍ
၁၃။ တရားမျှတမှု ရရှိရေး
၁၄။ ယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ဖြိုးမှု
၁၅။ နယ်စပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဆက်ဆံရေး
၁၆။ ဒေသတွင်းရှိ နိုင်ငံများနှင့် ဆက်ဆံရေး
၁၇။ ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ ဖြစ်ပါသည်။
အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)