၁။ ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု
ရခိုင်ပြည်နယ်သည် မြေဆီမြေသြဇာ ကောင်းမွန်ပြီး အခြားပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ကြွယ်ဝသော အရင်းအမြစ် များ ရှိသော်လည်း ပြည်နယ်၏ စီးပွားရေး ရပ်တန့်နေကာ ဖွံ့ဖြိုးမှု အားနည်းသော အခြေအနေတွင်ရှိနေသည်။
ကမ္ဘာ့ဘဏ် ကိန်းဂဏန်းများ အရ ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၇၈ ရာခိုင်နှုန်း ရှိပြီး တိုင်းပြည် ဆင်းရဲနွမ်းပါးမှု နှုန်း ၃၇ ဒသမ ၅၄ ရာခိုင်နှုန်း ၏ ၂ ဆဖြစ်သည်ဟု ဆိုပါသည်။
(အစိုးရ ကိန်းဂဏန်းများ အရ ရခိုင်ပြည်နယ်၏ ဆင်းရဲနွမ်းပါးနှုန်းသည် ၄၃ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး တိုင်းပြည် ဆင်းရဲ နွမ်းပါးမှု နှုန်းမှာ ၂၅ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်ဟု ဆိုပါသည်။)
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အိမ်ထောင်စု စုစုပေါင်း ၆၀ ရာခိုင်နှုန်း သည် မြေမဲ့ယာမဲ့များ ဖြစ်သည်ဟု ထောက်ပြပါ သည်။
လွန်ခဲ့သော နှစ်များအတွင်း မြန်မာနိုင်ငံ အခြားဒေသများ၌ လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း ရခိုင်ပြည်နယ်၏ စီးပွားရေး အခြေအနေသည် နောက်ကျ ကျန်နေခဲ့သည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ရခိုင်ပြည်နယ် စီးပွားရေး ဖြစ်ထွန်း တိုးတက်ရေး အတွက် လုပ်ဆောင်ရန် ဘက်စုံမှ ထောက်ပြထားခဲ့ပါသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများမှ နိုင်ငံခြား ရင်းနှီးမြုပ်နှံများ ရှိသည်ကို မှတ်ချက်ပြုခဲ့ပြီး ထိုစီမံကိန်းကြီးများ ဆောင်ရွက်ရာတွင် ဒေသခံများ ပါဝင်ခွင့်မရဘဲ ဘေးဖယ်ထားခံရခြင်း၊ ဒေသခံလူ့အဖွဲ့အစည်းများ အား မျှတသောခွဲဝေမှုမပြုခြင်း စသည့်ဒေသခံတိ့ု၏ ခံစားရမှုများကြောင့် ဒေသခံများအနေနှင့် ဗဟိုအစိုးရကို မကျေနပ်မှုများ ရှိနေသည်ကိုလည်း ထောက်ပြခဲ့ပါသည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင်း ပြည်နယ်ဖွံ့ဖြိုးရေး အပေါ် အကျိုးသက်ရောက်မှုရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဒေသခံ လူထု ပါဝင်မှု တိုးမြှင့်ပေးရန်နှင့် ရခိုင်ပြည်နယ်တွင်း သယံဇာတ ထုတ်ယူသုံးစွဲမှု အပါအဝင် အခြားသော ရင်းနှီး မြှုပ်နှံမှုများမှ ရလာသော အကျိုးအမြတ်များအား ဒေသခံလူထု ကောင်းမွန်စွာ ရရှိ ခံစားနိုင်ရေး ဆောင်ရွက် ပေးသွားရန် လိုအပ်သည်ဟု အကြံပြုထားသည်။
ထို့အပြင် ဗဟိုနှင့်ပြည်နယ်ကြား ဆွေးနွေးရမည့် အရင်းအမြစ် ခွဲဝေခြင်းနှင့်ပတ်သက်၍ အမျိုးသား ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နှင့် ဖွဲ့စည်းစည်းပုံ ပြင်ဆင်ရေးတွင် ထည့်သွင်း စဉ်းစားရန်လိုသည်ဟု ထောက်ပြခဲ့ပါသည်။
ကိုဖီအာနန် ကော်မရှင်၏ ထောက်ပြချက်သည် ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရန် အဓိကကျသည့် ပြဿနာမှာ စီးပွားရေး၊ လူမှုရေး အခြေအနေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရေးသည် အခြေခံကျသည်ဟု ဆိုလိုပုံ ရပါသည်။
၂။ နိုင်ငံသားဖြစ်မှု
နိုင်ငံသားဖြစ်မှု ပြဿနာသည် ရခိုင်ပြည်နယ် ကြီးပွားရေးနှင့် ငြိမ်းချမ်းရေး အတွက် အဓိက အဟန့်အတား ဖြစ်သည့် ကိစ္စရပ်အဖြစ် ထောက်ပြထားပါသည်။
နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် စိစစ် သွားရန် ကော်မရှင်က အသိမှတ်ပြု လက်ခံထားပါသည်။ သို့သော် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်လည်လေ့လာ သုံးသပ်ရန် လိုမည်ဟု ထောက်ပြထားပါသည်။
လက်ရှိ ဘင်္ဂါလီမွတ်စလင် များအား နိုင်ငံသား စိစစ်ရာတွင် ဘင်္ဂါလီမွတ်စလင် ၄၀၀၀ နီးပါးနှင့် ကမန် ၉၀၀၀ တို့ကို နိုင်ငံသားနှင့် ပြု နိုင်ငံသား အဖြစ် လက်ခံခဲ့ပါသည်။ မွတ်စလင် ၁၀၀၀၀ ခန့်သည်လည်း နိုင်ငံသားစိစစ် ခံရမည့်သူ၏ သက်သေခံကတ်ပြားများ (National Verification Card) ရရှိပြီး ဖြစ်သည်။
အဆိုပါလုပ်ငန်းကို ၂၀၁၄ ခုနှစ်၌ ရှေ့ပြေး စမ်းသပ်ချက်အဖြစ် မြေပုံ မြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယာယီ နေထိုင်ခွင့် ကတ်ပြား (Temporary Resident Card – TRC) ကိုင်ဆောင်သူများအား လူမျိုးနေရာတွင် ဘင်္ဂါလီ ဟူသော ဖော်ပြချက်ဖြင့် နိုင်ငံသား လျှောက်ထားခွင့်ပြုခဲ့သည်။
သို့သော် နှစ်ဖက် လူ့အဖွဲ့အစည်းများ၏ ကန့်ကွက်မှု ဆန္ဒပြမှုများကြောင့် ထိုလုပ်ငန်းစဉ် ရပ်ဆိုင်းခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဇန္နဝါရီလတွင် ရခိုင်ပြည်နယ် ဒေသအားလုံး၌ ပြန်လည်တိုးချဲ့ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ် ဖေဖဝါရီလတွင် TRC များကို ဖျက်သိမ်းပြီး ယင်းနေရာတွင် နိုင်ငံသား စိစစ်ခံမည့်သူ၏ သက်သေခံ ကတ် ပြား (Idenity Cards of National Verification- ICNV) ဖြင့် အစားထိုးပြီး ၂၀၁၅ ခုနှစ်ဇွန်လတွင် ပြန်လည် ထုတ်ပေး ခဲ့သည်။
ICNV ကတ် လျှောက်ထားရာတွင် လူမျိုးနေရာ၌ ဘင်္ဂါလီဟု ဖော်ပြရပါသည်။ တနှစ်အကြာ NLD အစိုးရ လက်ထက် လုပ်ငန်းများ ပြန်စသောအခါ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card-NVC) ထုတ်ဝေပေးခဲ့ပါသည်။
NVC သည် ICNV ကို အမည်ပြောင်းထားခြင်းသာ ဖြစ်သည်။ NVC လျှောက်ထားရာတွင် လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာ ဖြည့်စွက်ရန် မလိုတော့ပါ။
သို့ရာတွင် ထိုလုပ်ငန်းစဉ်အား တစိုက်မတ်မတ် အကောင်အထည်ဖော်နိုင်မှု မရှိခြင်း၊ လိုအပ်သည့် သတင်း အချက် အလက် များကို နှစ်ဖက် လူ့အဖွဲ့အစည်း လက်ခံရရှိအောင် ဆောင်ရွက်ခြင်းနှင့် ညှိနှိုင်း ဆွေးနွေးခြင်းတို့ မလုပ်ဆောင် နိုင်ခြင်းတို့ကြောင့် နှစ်ဖက် လူ့အဖွဲ့အစည်းများကြား ထိုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သံသယရှိကြ၍ ဆန့်ကျင် ကန့်ကွက်မှုများ ဖြစ်ပေါ်ပြီး ထိုလုပ်ငန်းစဉ်ပေါ် ယုံကြည်မှု လျော့နည်းနေသည်ဟု ကော်မရှင်က ဆိုပါသည်။
ထို့ကြောင့် ထိုလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှင်းလင်း တိကျသည့် မဟာဗျူဟာ နှင့် အချိန်ကာလ သတ်မှတ်ခြင်း၊ နှစ်ဖက် လူ့အဖွဲ့အစည်းဝင်များနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်သင့်ပြီး အများပြည်သူ သိရှိစေရန် လူထုလှုပ်ရှားမှု ပြုလုပ် အသိပေးသင့်သည်ဟုလည်း ကော်မရှင်က ထောက်ပြပါသည်။
အဆိုပါနိုင်ငံသားဖြစ်မှု လုပ်ငန်းစဉ်တွင် ကော်မရှင်က ထောက်ပြသည်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် အခြေခံ ရမည့် ဥပဒေဖြစ်သော်လည်း ထိုဥပဒေကို ပြန်လည် သုံးသပ်ရန် လိုအပ်မည်ဟု အကြံပြုသည်ကို တွေ့ရသည်။
နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေးအရ မြန်မာပြည်တွင် မွေးဖွားသော ကလေးတိုင်းအား နိုင်ငံသားပေးရန် အကြံပြုထားသည်ကို တွေ့ရသည်။
လက်ရှိနိုင်ငံသားဖြစ်မှုနှင့် တိုင်းရင်းသား လူမျိုးစုဖြစ်ခြင်းကို ဆန်းစစ်ခြင်း၊ မြန်မာနိုင်ငံတွင် ကာလရှည် အခြေချ နေထိုင်ခဲ့သူများ နိုင်ငံမဲ့ မဖြစ်စေရေး နိုင်ငံသား လျှောက်ထားနိုင်ရန် ပြဌာန်းချက် သတ်မှတ်ခြင်းတို့ ပြုလုပ်ရန် အကြံ ပြုထားသည်ကို တွေ့ရသည်။
ထို့အပြင် ၁၉၈၉ ခုနှစ် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အား တနိုင်ငံလုံးတွင် ဆောင်ရွက်ခဲ့ပြီး အမျိုးသား မှတ်ပုံတင် ကတ် (National Registration Card- NRC) ရှိသော်လည်း ပြဌာန်းချက်အသစ်နှင့် ကိုက်ညီမှု ရှိသောသူများအား ယင်း ကတ်များအစား နိုင်ငံသားစိစစ်ရေး ကတ် (Citizenship Scrutiny Cards – CSC) များကို အစားထိုး ထုတ်ပေးခဲ့ သည်။
NRC ကိုင်ဆောင်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင် အများစုသည် ၎င်းတို့ကိုင်ဆောင်သော NRC ကတ်များ ပြန်လည် အပ်နှံခဲ့ရသော်လည်း အစားထိုး ထုတ်ပေးသော CSC ကတ်များလည်း မရရှိဘဲ နိုင်ငံမဲ့အသွင် ဖြစ်လာခဲ့ သည် ဟု ကော်မရှင်က ထောက်ပြပါသည်။
ကော်မရှင်၏ အနေဖြင့် မြန်မာနိုင်ငံအတွင်း နိုင်ငံမဲ့ဖြစ်နေသော လူတသန်းခန့်၏ ပြဿနာသည် အရေးပါသည့် ပြဿနာတရပ် ဖြစ်နေကြောင်းလည်း ထောက်ပြထားပါသည်။
၃။ လွတ်လပ်စွာသွားလာခွင့်
ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များ လွတ်လပ်စွာ သွားလာခွင့် မရှိခြင်းသည် ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း များကြား သဟဇာတ ဖြစ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဖွံ့ဖြိုး တိုးတက်မှုတို့အား အတားအဆီး ဖြစ်စေနိုင်သည်ဟု ကော်မရှင်က ရှုမြင်သည်။
ထိုကန့်သတ်ချက်ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် ဝန်ဆောင်မှုများ ရရှိရေး လျော့ကျလာခြင်းကဲ့သို့ မကောင်းသော အကျိုးဆက်များ ဒေသတွင်း ခံစားရပြီး လူ့အဖွဲ့အစည်းများကြား တဖက်နှင့်တဖက် သီးခြားတည်ရှိခြင်းကို ပိုမိုခိုင်မာ စေသည် ဟုလည်း ကော်မရှင်က ရှုမြင်ပါသည်။
ထို့ကြောင့် အစိုးရ၏ ချမှတ်ထားသည့် တရားဝင် ကန့်သတ်ချက်များရော လူ့အဖွဲ့အစည်းများ အတွင်း အလွတ် သဘော ကျင့်သုံးသည့် ကန့်သတ်ချက်များပါ လွတ်လပ်စွာ သွားလာခွင့်အား အတားအဆီးများ ဖြစ်နေသည်ဟု ကော်မရှင် က ဆိုပါသည်။
ကော်မရှင်၏အလိုအရ ရခိုင်ပြည်နယ်တွင်း နေသူအားလုံးသည် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် သို့မဟုတ် နိုင်ငံသား စိစစ်ရေးကတ်ရှိမှုတို့အပေါ် အခြေမခံဘဲ လွတ်လပ်စွာ သွားလာ ခွင့်ပြုသင့်သည်ဟု ကော်မရှင်က ဆိုပါသည်။ လွတ်လပ်စွာ သွားလာခွင့်သည် လူသားတိုင်း၏ အခြေခံရပိုင်ခွင့် ဖြစ် သည် ဟုလည်း ကော်မရှင်က ဆိုပါသည်။
၄။ IDP ကိစ္စရပ်များ
၂၀၁၂ ကတည်းက ရှိနေသော IDP စခန်းများတွင် နေထိုင်ကြရသည့် လူဦးရေ ၁၂၀၀၀၀ ခန့်အား မူရင်းနေရာများတွင် ပြန်လည် နေရာချထားရန်၊ IDP စခန်းများ ပိတ်သိမ်းရန် ရှင်းလင်းသည့် အချိန်ဇယား လိုအပ်သည်ဟု ကော်မရှင်က ရှုမြင်ပါသည်။
ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာ ထွက်ပြီးနောက် ကညင်တောရှိ ရခိုင် IDP များအား သတ်မှတ်နေရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းခြင်း၊ ရမ်းဗြဲရှိ ကမန် IDP များအား ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရွှေ့ပြောင်း နေရာချ ထားခြင်းအား အစိုးရအနေနှင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း မင်းသားရွာတွင် ယခင်က နေထိုင်ခဲ့ကြ သည့် မွတ်စလင် IDP များအား ပြန်လည် နေရာချထားရေးသည် ဒေသတွင်း ရခိုင်လူမျိုးများ၏ ကန့်သတ်မှုကြောင့် ရပ်ဆိုင်း ထားခဲ့ရသည်ဟု ဆိုပါသည်။
ကော်မရှင်အနေနှင့် IDP စခန်းများ ပိတ်သိမ်းရေးအတွက် မဟာဗျူဟာတရပ် ရေးဆွဲရန် အကြံပြု ထားပါသည်။
ထို့အပြင် ပြန်လည် နေရာချထားရာတွင် မူလနေရာများတွင် ပြန်လည်နေရာချထားရေး ဦးစားပေး ဆောင်ရွက်ရန်နှင့် ပြန်လည် နေရာချထားရာတွင် အခြေခံ ဝန်ဆောင်မှု၊ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းနှင့် လုံခြုံရေးတို့အား ထည့်သွင်း စဉ်းစားရန် လိုအပ်သည်ဟု ကော်မရှင်က ဆိုပါသည်။
နေရာသစ်သို့ ပြောင်းရွှေ့ နေရာချထားခံရသည့် IDP များသည် အခြေအနေ ပေးသည့်အခါ မူလနေထိုင်ရာ ဒေသများသို့ ပြန်လည်ပြောင်းရွှေ့ နေခွင့်ရှိရမည်ဟု ကော်မရှင်က ဆိုသည်။
လက်ရှိ မဖြစ်မနေ IDP စခန်းများတွင် ထားနေရသူများအတွက် နေရာထိုင်ခင်း၊ ရေနှင့်သန့်ရှင်းရေး၊ ပညာရေးကဏ္ဏ တိုးတက်လာမှု၊ အသက်မွေးဝမ်းကျောင်း အခြေအနေ တိုးတက်လာမှုတို့အား နိုင်ငံတကာ စံနှုန်းများနှင့် အညီ ဖြေရှင်း ပေးရန် လိုအပ်သည်ဟုလည်း ကော်မရှင်က ဆိုပါသည်။
၅။ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးနိုင်မှု
၂၀၁၆ ခုနှစ် အောက်တိုဘာ တိုက်ခိုက်မှုများအပြီး အကူအညီပေးသော အဖွဲ့များသည် မောင်တောဒေသ တချို့ နေရာ များတွင် အကူအညီပေးနိုင်ခြင်း မရှိတော့ဟု ကော်မရှင်က ဆိုပါသည်။
ကော်မရှင်၏ မတ်လ ကြားဖြတ် အကြံပြုချက်များအပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း အကူအညီပေးနိုင်မှု အခြေအနေ တိုးတက်မှုရှိလာသည်ဟုလည်း ကော်မရှင်က ဆိုထားသည်။
သို့ရာတွင် အကူအညီပေးသည့် အဖွဲ့အစည်းများသည် ကူညီမှု၊ ခရီးသွားလာမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၏ ကန့်သတ်မှု ခံနေရသည်ဟု ကော်မရှင်က ဆိုပါသည်။
အကူအညီပေးရေး အစီအစဉ်များအား အချိန်တိုင်း အပြည့်အဝပေးနိုင်ရေး အစိုးရက စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ကော်မရှင်က ဆိုသည်။
အကူအညီပေးသည့် နိုင်ငံတကာ ဝန်ထမ်းများ၏ သွားလာခွင့်အား သိပ်မတိုတောင်းသော အချိန်ကာလတခု သတ်မှတ် ပေးသင့်သည်ဟု ကော်မရှင်က အကြံပြုပြီး နိုင်ငံတကာ အဖွဲ့အစည်းများကလည်း အစိုးရနှင့် တိုင်ပင် ဆွေးနွေးခြင်း သတင်းပေးပို့ခြင်းကို အချိန်နှင့်တပြေးညီ ဆောင်ရွက်သင့်သည်ဟုလည်း ကော်မရှင်က ဆိုပါသည်။
၆။ သတင်းယူခွင့်
ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်း သတင်းရယူခွင့် ကန့်သတ်မှုများ ရှိနေဆဲဟု ကော်မရှင်က ထောက်ပြထားပါသည်။ ရခိုင် မြောက်ပိုင်းရှိ ပဋိပက္ခများ၏ ထိလွယ်ရှလွယ် အနေအထားနှင့် အခြေအမြစ် မရှိသည့် ကောလာဟလများ၊ ဘက်လိုက်မှု ရှိသည့် သတင်းပေးပိ့ုမှုများအား တားမြစ်လိုသည့် အစိုးရ၏ သဘောထားကို ကော်မရှင်အနေနှင့် နားလည် သော်လည်း သတင်းမီဒီယာအား ကန့်သတ်သည့် မူဝါဒသည် သတင်းစီးဆင်းမှုကို အဟန့်အတား ဖြစ်စေသည့် အတွက် မလိုလားအပ်သည့် ရလဒ်များ ဖြစ်ပေါ်လာစေသည်။
အထူးသဖြင့် အစိုးရပေါ် အယုံအကြည် လျော့ကျစေသည်ဟု ကော်မရှင်က ထောက်ပြပါသည်။ ပွင့်လင်းမြင်သာမှု အပြည့်အဝ ရှိခြင်းသည် အခြေအနေအား မှားယွင်းစွာ ပုံဖော်မှုကို ပယ်ဖျက်ရန် အထိရောက်ဆုံး နည်းလမ်း ဖြစ်သည် ဟု ကော်မရှင်က ဆိုပါသည်။
၇။ ပညာရေး
ရခိုင်ပြည်နယ် ပညာရေးသည် တနိုင်ငံလုံး အတိုင်းအတာထက် နိမ့်ကျနေပြီး တပြည်လုံး စာမတတ်သူ ပျမ်းမျှနှုန်းထက် ၅၀ ရာခိုင်နှုန်း ပိုမြင့်နေသည်ဟု ဆိုပါသည်။ မူလတန်းအဆင့် ပြီးဆုံးအောင် သင်ယူသည့် ရာခိုင်နှုန်းသည်လည်း တနိုင်ငံလုံးတွင် အနိမ့်ဆုံး အဆင့်တွင် ပါဝင်နေသည်။
၂၀၁၂ ပဋိပက္ခဖြစ်ပွားပြီး အစိုးရခန့် ဆရာ၊ ဆရာမသည် ထိုဒေသများတွင် တာဝန် ထမ်းဆောင်လိုစိတ် မရှိတော့၍ ထို ဒေသများတွင် ဆရာ မလုံလောက်မှု ပို၍ တိုးလာသည်။
ကျောင်းသားများသည် ပညာသင်ကြားရေး အတွက် ကိုယ်ထူကိုယ်ထကျောင်း၊ ဘုန်းကြီးကျောင်းနှင့် NGO များမှ ဖွင့်လှစ်သော ကျောင်းများကို အားကိုးနေရသည်ဟု ထောက်ပြပါသည်။
ဤသို့ရခိုင်ပြည်နယ် ပညာရေးနိမ့်ပါးခြင်းသည် ပဋိပက္ခများကြောင့်သာမကဘဲ ပညာရေး ကဏ္ဍ အထောက်အကူပြုမှု အားနည်းပြီး လုံလောက်မှု မရှိခြင်းနှင့် ပြည်နယ်အတွင်း ဆင်းရဲမွဲတေမှု မြင့်မားခြင်းကြောင့်ဟု ဆိုပါသည်။
ပညာရေး အဆင့်အတန်း နိမ့်ပါးခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များအား မြန်မာ့ လူဘောင် အစိတ် အပိုင်း တခု ပါဝင်လာနိုင်ရန် လိုအပ်ချက်တခုဖြစ်သည့် မြန်မာစာ မြန်မာစကားဖြင့် မွတ်စလင် လူငယ်များအား စာသင် ကြားရေးကို အာနည်းစေသည်ဟု ဆိုပါသည်။
ကော်မရှင်အနေနှင့် မွတ်စလင်လူငယ်များ တက္ကသိုလ်ပညာ သင်ခွင့် မရခြင်းသည် စိုးရိမ်ကြောင့်ကျ ဖွယ်အရာအဖြစ် ရှုမြင်ပြီး ရခိုင်ပြည်နယ်ရှိ လူမျိုးတိုင်းအတွက် ပညာရေးကဏ္ဏ တိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်သည်ဟု ထောက်ပြ ထားပါသည်။
၈။ ကျန်းမာရေး
ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုသည် လွန်စွာနိမ့်ကျလျက် ရှိသည်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ၏ သတ်မှှတ်ချက်အရ ထိရောက်သည့် ကျန်းမာရေး စနစ်တရပ် အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်သား လူတသောင်းလျှင် အနည်းဆုံး ၂၂ ဦးရှိရန် လိုအပ်သည်ဟု သတ်မှတ်ထားပြီး မြန်မာပြည်တွင် ပျမ်းမျှအား ဖြင့် လူတသောင်းလျှင် ၁၆ ဦးခန့် ရှိသည်။ ရခိုင်ပြည်နယ်တွင် လူတသောင်း၌ ၅ ဦးသာရှိသည်။
ရခိုင်ပြည်နယ်ရှိ ကလေး သေနှုန်းသည်လည်း တပြည်လုံး ပျမ်းမျှ သေနှုန်းထက် မြင့်သည်။ အမျိုးသမီး ၁၉ ရာခိုင်နှုန်း သာ ကျန်းမာရေး ဝန်ထမ်းများရှိသည့် ဆေးရုံ ဆေးပေးခန်းများတွင် မွေးဖွားနိုင်ကြသည်။
တပြည်လုံး ပျမ်းမျှနှုန်း ၃၇ ရာခိုင်နှုန်းအောက် များစွာနိမ့်ကျနေသည်။ ကာကွယ်ဆေး ထိုးနိုင်မှုတွင် အနိမ့်ဆုံးဖြစ်ပြီး ကာကွယ်ဆေး ထိုးရုံဖြင့် ကာကွယ်နိုင်သည့် ရောဂေါအများအပြား ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ထောက်ပြပါသည်။
၂၀၁၆ ခုနှစ်တွင် ပြုလုပ်သော သုတေသနတခုအရ ဖြေဆိုသူ ၅၂ ရာခိုင်နှုန်းသည် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရဟု ဖြေကြားခဲ့ကြောင်း ကော်မရှင်က ဆိုပါသည်။
ရခိုင်ပြည်နယ်တွင်း ကလေးသူငယ်များ အာဟာရ ပြည့်ဝမှုနှုန်းမှာ တပြည်လုံးတွင် အနိမ့်ဆုံး အခြေအနေတွင် ရှိနေပြီး ကလေး သူငယ်များ၏ ၃၈ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးမှု နိမ့်ကျကာ ၃၄ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန် ရှိသင့်သည်ထက် နိမ့်ကျနေသည်ဟု ဆိုပါသည်။
ဤသို့ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးအခြေနိမ့်ပါးမှု ထဲတွင် မွတ်စလင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေသည် ပို၍ ဆိုးဝါးသော အခြေအနေတွင် ရှိနေသည်ဟု ကော်မရှင်က ဆိုပါသည်။
ထိုသို့သော အခြေအနေတွင် ရခိုင်ပြည်နယ် ကျန်းမားရေး စောင့်ရှောက်မှု အခြေအနေ တိုးတက်ရေး၊ ဘာသာ-လူမျိုး နှင့် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုပေါ် မူမတည်ဘဲ ရခိုင်ပြည်နယ်တွင်းရှိ လူအားလုံး ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ပေး ရန်လည်း ကော်မရှင်က အဆိုပြု ထားပါသည်။
အပိုင်း ၃ ကို ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် – ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၁