လွန်ခဲ့သော ၄ လက ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ သူ၏ ကျေးရွာရှိ ဗလီမှ အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ဒေသတွင်း ဘာသာရေးကျောင်း (madrassa) မှ ဆရာ(mullah) တဦးက ရာရှစ်အလီ Rasheed Ali ထံ သို့ ညင်းပယ်ရန် သူလုံးဝ မတတ်နိုင်သည့် ကမ်းလှမ်းမှုနှင့် အတူ ချဉ်းကပ်လာခဲ့သည်။ သူကလေး ဘဝက ကိုရမ်ကျမ်းစာကို ရွတ်ဆိုတတ်ရန် သင်ပေးခဲ့သည်မှာ ဤဆရာပင် ဖြစ်သည်။
အဆိုပါ ဘာသာရေးဆရာက ရာရှစ်အလီကို ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော် (ARSA) သို့ဝင်ရန် တိုက်တွန်းခဲ့သည်။ ARSA သည် ယခင်က ယုံကြည်ချက်လှုပ်ရှားမှု ခေါ် Harakah Al-Yakin ဟု သိကြသည့် အဖွဲ့ ဖြစ်ပြီး ယမန်နှစ် အောက်တိုဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် အများပြည်သူ မြင်ကွင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
“သူက ကျနော်တို့ နိုင်ငံ အတွင်းမှာ တိုက်ခိုက်ခံနေရတဲ့ ကျနော်တို့ရဲ့ ဘာသာကို ကာကွယ်ဖို့ ARSA ကို ဝင်ရမယ်၊ ARSA က ကျနော်တို့ အခွင့်အရေးအတွက် တိုက်ခိုက်နေတယ်။ အဲဒါမှ ကျနော်တို့ နိုင်ငံသားဖြစ်ခွင့် ပြန်ရနိုင်မယ်လို့ ကျနော့်ကို ပြောပါတယ်” ဟု ရာရှစ်အလီက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည် စခန်းတခုမှနေ၍ Asia Times သို့ ပြောကြားခဲ့သည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA က လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကို တုန့်ပြန်သည့် အနေဖြင့် တပ်မတော်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ပြင်းထန်သော နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် အခြားသော ရိုဟင်ဂျာ ၆၀၀၀၀၀ ကျော်နှင့် အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရာရှစ်အလီ ထွက်ပြေး ရောက်ရှိလာခဲ့သည်။
ARSA အဖွဲ့ကို ဝင်ရောက်ရန်မှ အပ သူ့ကို ရွေးချယ်စရာ အနည်းငယ်သာ ပေးခဲ့သည်ဟု ရှက်တတ်ပုံရသည့် အသက် ၂၁ နှစ် အရွယ် ရာရှစ်အလီက ပြောသည်။ “တကယ်လို့ ကျနော်က ARSA အဖွဲ့ထဲ ဝင်ဖို့ ငြင်းမယ်ဆိုရင် ကျနော့်ကို သစ္စာဖောက်လို့ တံဆိပ်တပ်တာ ခံရမယ်။ အသိုင်းအဝိုင်းက ကျနော့်ကို ကျဉ်အောင် သူက လုပ်မယ်။ ကျနော် အသတ်တောင်ခံရနိုင်တယ်လို့ သူ (mullah) က ကျနော့်ကို ပြောတယ်” ဟု သူက ပြန်ပြောပြသည်။
သို့သော်လည်း သူ့အနေဖြင့် စစ်သင်တန်း တက်ရောက်ခဲ့ရခြင်း မရှိသလို ARSA အဖွဲ့၏ လက်နက်ကိုင် တော်လှန်ရေး ဗျုဟာနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြမှုများလည်း မရရှိခဲ့ကြောင်း ရာရှစ်အလီက ပြောသည်။ အခြားသော ARSA အဖွဲ့ဝင် ၇ ဦးကိုသာ သူသိပြီး အားလုံးက သူတို့ရွာမှ ဖြစ်သည်။ ဘာသာရေးဆရာထံမှသာ အမိန့်များ ရရှိပြီး သူ၏ နောက်ကွယ်မှ ဦးဆောင်သူများကို မသိရှိကြောင်းလည်း သူက ပြောသည်။
သူ့ကို တာဝန်တခုပေးခဲ့သည်။ ဒေသတွင်းမှ အစိုးရ သတင်းပေး ၄ ဦးကို စောင့်ကြည့်ရန်နှင့် သူတို့၏ တွေ့ဆုံမှုများ နှင့် လှုပ်ရှားမှုများကို အချိန် အပိုင်းအခြားအလိုက် သတင်းပို့ရန် ဖြစ်သည်။ “ဘုရားသခင်အတွက် မင်း ဒါကို လုပ်ရမယ်” ဟု ဘာသာရေးဆရာက ပြောကြောင်း သူက ပြောပြသည်။
အင်အားနည်းပါးသော လက်နက်ကိုင် ပုန်ကန်မှုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပထမဆုံး စတင်ခဲ့ချိန်မှ စ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဒါဇင်ပေါင်းများစွာနှင့် အစိုးရသတင်းပေးဟု သံသယရှိခြင်း ခံရသူများ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုကိစ္စများအတွက် အများစုက ARSA ကို လက်ညိုးထိုးခဲ့ကြသည်။ သူစောင့်ကြည့်ရသည့် သတင်းပေး ၄ ဦး လုံး အသတ်ခံခဲ့ရခြင်း မရှိဘဲ ယခုအခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည်စခန်း တခုတည်းတွင် နေထိုင်နေကြကြောင်း ရာရှစ်အလီက ပြောသည်။
ARSA အဖွဲ့အတွင်းသို့ ရာရှစ်အလီ အတင်းအကျပ် ခေါ်ယူခြင်းမခံရမီ ၁ လ အလိုခန့်တွင် အသက် ၂၅ နှစ် အရွယ် ဈေးဆိုင်ပိုင်ရှင် တဦး ဖြစ်သော အာမက်ဂျာမဲ Ahmad Jarmal သည်လည်း မောင်တောမြောက်ပိုင်းရှိ သူ၏ ကျေးရွာတွင် ARSA အဖွဲ့ အတွင်းသို့ ဝင်ရောက်ခဲ့သည်။ “Al-Yakin က လူတွေ ကျနော်တို့ ရွာကို ရောက်လာပြီး သူတို့ အဖွဲ့ထဲကို ဝင်ဖို့ ကျနော်တို့ကို ပြောတယ်။ ကျနော်တို့က သူတို့ကို သဘောကျတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံသား ဖြစ်ဖို့နဲ့ ကျနော် တို့ အတွက် အခွင့်အရေးတွေ ယူပေးမယ်လို့ သူတို့က အခိုင်အမာ ပြောတယ်။ ရွာက သက်ကြီးပိုင်းတွေက အဖွဲ့ထဲက လူတွေကို သိတယ်။ ကျနော်တို့ကိုလည်း ဝင်ဖို့ ပြောကြတယ်” ဟု အာမက်ဂျာမဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေ၍ Asia Times သို့ ပြောသည်။
သူတို့ ရွာမှ လူ ၁၀၀ ခန့် ARSA အဖွဲ့သို့ ဝင်ခဲ့သည်ဟု အာမက်ဂျာမဲက ခန့်မှန်းသည်။ အများစုမှ သူ၏ သူငယ်ချင်းများ သို့မဟုတ် သူနှင့် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ သူသည်လည်း ရာရှစ်အလီကဲ့သို့ပင် မည်သည့် စစ်သင်တန်းမျှ မတက်ခဲ့ရပါ။ အခြားအဖွဲ့ဝင်အချို့ နှင့် အဖွဲ့၏ တပ်မှူးများထံမှ အမိန့်များ ရရှိသည်ဟု သူ့ကို ပြောသော သူ၏ အထက် လူကြီး အမျိုးသားတဦးနှင့်သာ ထိတွေ့ခဲ့ရသည်။
“ရွာမှာ လူသိများတဲ့ ဘာသာရေးဆရာတယောက်ကလည်း အဲဒါက ဝင်သင့်တဲ့ အဖွဲ့လို့ ကျနော်တို့ကို ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ဘာသာရေး အလေ့အထတွေကို ထိန်းသိမ်းတယ်၊ တမန်တော်တွေရဲ့အဆုံးအမကို လိုက်နာတယ်တဲ့” ဟု အာမက်ဂျာမဲက ရှင်းပြသည်။
“ကျနော်အဖွဲ့ထဲ ဝင်လိုက်တဲ့အခါ ကျနော့် တာဝန်က ရွာထဲမှာ အစောင့်အနေနဲ့ စစ်တပ်သို့မဟုတ် နယ်ခြားစောင့် တပ်တွေ ရွာကို ချဉ်းကပ်လာရင် လူတွေကို သတိပေးဖို့ပါ။ နောက်ထပ် တာဝန်ကတော့ လူတွေ သူတို့ရဲ့ ဘာသာရေး တာဝန်တွေ ပြည့်စုံအောင် လုပ်တာ သေချာစေဖို့ပါ။ ဒါကြောင့် တကယ်လို့ သူတို့ လမ်းမှာ လျှောက်သွားနေတာ ကျနော်တို့ တွေ့ရင် ဝတ်ပြုချိန် မတိုင်မီ ဗလီကို သွားဖို့ သူတို့ကို ကျနော်တို့က ပြောရတယ်” ဟု သူက ပြောသည်။
ARSA အဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာလုံခြုံရေး တပ်ဖွဲ့ စခန်းများကို တိုက်ခိုက်မည် ဆိုသည်ကို ကြိုတင် သိရှိခဲ့ခြင်း မရှိကြောင်း ရာရှစ်အလီနှင့် အာမက်ဂျာမဲတို့ ၂ ယောက်လုံးက ပြောသည်။ သူတို့ ရွာများအနီးမှ နယ်ခြားစောင့် ရဲစခန်းများမှာ ပစ်မှတ်ထားခြင်း မခံခဲ့ရပါ။ နောက်ပိုင်းတွင် တပ်မတော်နှင့် နယ်ခြားစောင့် တပ်ဖွဲ့တို့က လက်တုန့်ပြန်သည့် အနေဖြင့် သူတို့ ရွာကို လာရောက်တိုက်ခိုက်သည့် အချိန်ကျမှသာ သိရှိခဲ့ရသည်။ ထိုသို့ တိုက်ခိုက်ခြင်းက လတ်တလောတွင် အကြီးမားဆုံး ဒုက္ခသည်ရွှေ့ပြောင်းမှု တခုကို ဖြစ်စေခဲ့သည်။
“တိုက်ခိုက်မှုတွေအပြီး နောက်တနေ့မှာ နယ်ခြားစောင့်ရဲအဖွဲ့က ကျနော်တို့ ရွာကို ရောက်လာတယ်။ ရခိုင် တိုင်းရင်းသား အချို့လည်း အတူလိုက်လာတယ်။ ကျနော်တို့ သူတို့ကို တိုက်ခိုက်ချင်တယ်။ ဒါပေမယ့် ကျနော်တို့မှာက တုတ်တွေနဲ့ ဓားတွေပဲ ရှိတယ်။ ကျနော်တို့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ ထွက်ပြေးခဲ့ပါတယ်” ဟု အာမက်ဂျာမဲက ပြောသည်။
“ကျနော့် ညီကို ရဲက သေနတ်နဲ့ ပစ်တာ ခံလိုက်ရတော့ ကျနော် သူ့ကို သယ်ပြေးခဲ့ပေမယ့် ကျနော်တို့ နယ်စပ် ရောက်တဲ့ အချိန်မှာ သေသွားတယ်။ လူ ၄ ယောက်ကို ရဲက ပစ်တာ ကျနော်မြင်ခဲ့တယ်။ ရွာက လူတွေ အားလုံး ထွက်ပြေးတဲ့ အချိန်မှာ ရဲနဲ့ ရခိုင်တွေက ကျနော်တို့ အိမ်တွေကို မီးရှို့ခဲ့တယ်။”
ရာရှစ်အလီ၏ ကျေးရွာကိုလည်း မြန်မာ လုံခြုံရေးတပ်ဖွဲ့များက သြဂုတ်လ ၂၆ ရက်နေ့ မနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့သည်။ သူတယောက်တည်း ထွက်ပြေးခဲ့ရသည်ဟု ရာရှစ်အလီက ပြောသည်။ နောက်တရက်ကြာသည့်အခါ အနီးအနားမှ ရေကန်တခုတွင် ပုန်းအောင်းနေသည့် သူ့မိသားစုကို တွေ့ရှိခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတူ ထွက်လာခဲ့ကြသည်။ ခက်ခဲပင်ပန်းသော ခရီးစဉ်တခုကို ကျော်ဖြတ်၍ သူတို့နယ်စပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် Cox Bazar တွင် အနှံအပြား ပြန့်ကျဲနေသော ဒုက္ခသည်စခန်းများထဲမှ တခုသို့ ရောက်ကြသည်။
ARSA အဖွဲ့ဝင် ၂ ယောက်လုံးက အဖွဲ့ခေါင်းဆောင်များက တိုက်ခိုက်ရေး အစီအစဉ်ကို အသိမပေးခဲ့ခြင်းနှင့် ပတ်သက်၍ အလွန် နာကျည်းမိကြောင်း ပြောကြသည်။ “တကယ်လို့ ခေါင်းဆောင်တွေနဲ့ ကျနော် စကားပြော နိုင်မယ်ဆိုရင် ဘာ ကြောင့် ခင်ဗျားတို့ ဒီလိုလုပ်တာလဲ။ ကျနော်တို့ နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ကို တပ်နဲ့ ရဲက သတ်မယ်ဆိုတာ ခင်ဗျားတို့သိတယ်။ ကျနော်တို့ကို ခင်ဗျားတို့ကပဲ သတ်လိုက်ပါတော့လားလို့ ကျနော် သူတို့ကို မေးမယ်” ဟု ရာရှစ်အလီက ပြောသည်။
ARSA အကြောင်းနှင့် ၎င်း၏ ဗျူဟာ အလုံးစုံကို အနည်းငယ်သာ သိရသည်။ ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့ အစည်းတခု ဖြစ် သည့် International Crisis Group(ICG) ၏ အဆိုအရ အဖွဲ့၏ ခေါင်းဆောင်မှုပိုင်းမှာ ဆော်ဒီအာရေးဗီးယားတွင် ဖွဲ့စည်း ထားသည့် ကော်မတီတခု ဖြစ်သည်။ မြေပြင် ခေါင်းဆောင်မှာ ပါကစ္စတန်နိုင်ငံတွင် မွေးဖွား၍ ဆော်ဒီအာရေးဗီးယားတွင် ကြီးပြင်းခဲ့သော ရိုဟင်ဂျာနွယ်ဖွား အမျိုးသားတယောက် ဖြစ်သည့် အတ်တာ အူလာ Attah Ullah ဖြစ်သည်။
မကြာခဏ ထုတ်ပြန်တတ်သည့် ကြေညာချက်များထဲတွင် ARSA က ၎င်းတို့သည် ရိုဟင်ဂျာများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် လူမျိုးစု အခြေပြု အမျိုးသားရေး အဖွဲ့အစည်းတခုဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အဖွဲ့ ၏ အမည်ကိုလည်း အကြောင်းပြ ရှင်းလင်းခြင်းမရှိဘဲ Harakah Al-Yakin(ယုံကြည်ချက်လှုပ်ရှားမှု) မှ ARSA အဖြစ်သို့ ရုတ်တရက် ပြောင်းလဲခဲ့သည်။ ၎င်းတို့က ဘာသာရေးဆန်သည့် အနက်အဓိပ္ပါယ်မှ ကွဲပြားအောင် ( အနည်းဆုံး နိုင်ငံတကာ၏ အမြင်တွင်) ပြသလိုသည့် ဆန္ဒကို ဖော်ပြနေသည်။
သို့သော်လည်း ရာရှစ်အလီနှင့် အာမက်ဂျာမဲ တို့၏ ပြောဆိုချက်များက ယခု ပုန်ကန်တိုက်ခိုက်မှုတွင် ဘာသာရေးက ARSA က ပြောဆိုဝန်ခံခဲ့သည်ထက် ပို၍ကြီးမားသည့် အခန်းကဏ္ဍ တခုတွင် ပါဝင်နေကြောင်း ဖော်ပြနေသည်။ တချိန်တည်းမှာပင် ဘာသာရေးစစ်ပွဲ ဂျီဟတ်အယူဝါဒ လှုပ်ရှားမှုတခုဟု သေချာပေါက် ရည်ညွှန်းခဲ့ခြင်းလည်း မရှိပါ။ ၎င်းတို့၏ ထုတ်ပြန် ကြေညာချက်များထဲတွင် ARSA က နိုင်ငံတကာ ဘာသာရေးစစ်ပွဲဝါဒီ ကွန်ရက်များနှင့် ပတ်သက်မှုကို ရည်ရွယ်ချက် ရှိရှိနှင့် ရှောင်ရှားခဲ့သည်။ အဆိုပါ ဆက်သွယ်မှုများ နှင့် ပတ်သက်၍ ခိုင်မာသော အထောက်အထား မရှိသော်လည်း မြန်မာအစိုးရက ARSA အဖွဲ့ကို အစွန်းရောက် အကြမ်းဖက်များအဖြစ် မြန်မြန်ဆန်ဆန်ပင် သတ်မှတ်ခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်းတွင် ရိုဟင်ဂျာများက လက်နက်ကိုင် တိုက်ခိုက်မှုနှင့် ပတ်သက်၍ တိမ်းညွှတ်မှု အနည်းငယ်သာ ပြခဲ့သည့်အချိန်တွင် ARSA ပေါ်ပေါက်လာခြင်းက ကာလရှည်ကြာစွာ ခံစားခဲ့ရသော ဖိနှိပ်မှုများ၏ တိုက်ရိုက် အကျိုးဆက်ဖြစ်သည်။ အဆိုပါ ဖိနှိပ်မှုက ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် လူမျိုးရေး ပဋိပက္ခများ နောက်ပိုင်းတွင် ပိုမို ဆိုးဝါးလာခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ မြန်မာနိုင်ငံက လမ်းဖွင့်လာခြင်းက ၎င်းတို့အတွက် နောက်ထပ် အခွင့်အရေးများ ထပ်မံ ဆုံးရှုံးခြင်းကိုသာ ဖြစ်စေခဲ့သည်။
၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်းမှစ၍ လူ ၁၂၀၀၀၀ ခန့်မှာ အကျဉ်းထောင်သဖွယ် ဒုက္ခသည်စခန်းများသို့ ရောက်ရှိ သွားခဲ့သည်။ ထိုအချိန်မှာပင် ၎င်းတို့ကို လူမျိုးရေး ခွဲခြားဆန့်ကျင်မှုများ ပင်မမီဒီယာတွင်ရော ဆိုရှယ်မီဒီယာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် သူတို့ မပါဝင်ခဲ့ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တဝက်တပျက် ဒီမိုကရေစီ အစိုးရတခု၏ အရပ်သားဖက်အခြမ်းကို ဦးဆောင်ခွင့် ရစေခဲ့သော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူတို့ မဲပေးခွင့် မရရှိခဲ့ပါ။
သို့သော်လည်း ARSA ၏ လက်နက်ကိုင် တိုက်ခိုက်မှုက သူတို့၏ အခြေအနေများကို ပိုဆိုးသွားရုံသာ ဖြစ်စေခဲ့သည်ဟု ရာရှစ်အလီနှင့် အာမက်ဂျာမဲတို့ ၂ ဦးလုံးက အခိုင်အမာ ပြောကြားခဲ့ကြသည်။ သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှု အပေါ် မြန်မာ့တပ်မတော်၏ တုန့်ပြန်မှုက ကြိုတင်မျှော်လင့်ထားသည့် အတိုင်း ပြင်းထန်ခဲ့ပြီး ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက “လူမျိုးဖြုတ် ရှင်းလင်းမှု”ဟု ပြောခဲ့ကြသည်။
ARSA က မြန်မာ့တပ်မတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြင့် သွားရောက် ရန်စခဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် သို့မဟုတ် ခုခံရန် လက်နက်မရှိသော ၎င်းတို့၏ပြည်သူများ အပေါ် တပ်မတော်က တုန့်ပြန်လာအောင် အစဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်း ရာရှစ်အလီက ပြောသည်။ ပြန်လည် သုံးသပ်ကြည့်သည့်အခါ ARSA ခေါင်းဆောင်များက ရည်ရွယ်ခဲ့သည်မှာ ထိုအတိုင်းပင် အတိအကျ ဖြစ်နိုင်သည်ဟုလည်း သူက ဆိုသည်။
ဘင်္ဂလားဒေ့ရှ် သတင်းစာတစောင် ဖြစ်သည့် The Dhaka Tribune ၏ လတ်တလော စုံစမ်းမှုတခုတွင် ARSA တပ်မှူး တဦးက “တခုခုကို ရဖို့အတွင် တခုခုကို ဆုံးရှုံးရမှာပဲ။ ကျနော်တို့ နှစ် ပေါင်း ၇၀ လောက် သေဆုံးနေခဲ့ ပါတယ်။ အနည်းဆုံးတော့ အခုဆိုရင် ကျနော်တို့ရဲ့ သေဆုံးမှုတွေကို ကမ္ဘာက သတိထားမိနေပါပြီ” ဟု ပြောဆိုခဲ့သည်။
သြဂုတ်လမှ စ၍ ARSA က မည်သည့် အဓိက တိုက်ခိုက်မှုကိုမျှ မလုပ်ခဲ့သေးပါ။ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြီးဆုံးခဲ့သည့် ၎င်းတို့၏ တလကြာ တဖက်သတ် အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းတွင်ပင် မရှိခဲ့ပါ။ ၎င်းတို့ အဖွဲ့၏ နောက်ထပ်လှုပ်ရှားမှုကို ခန့်မှန်းရန် သို့မဟုတ် နောက်ထပ် အကွက်ချ တိုက်ခိုက်မှုများ ပြုလုပ်နိုင်စွမ်းကို တိုင်းတာရန် မဖြစ်နိုင်သလို ၎င်းတို့ အဖွဲ့ကို ထောက်ခံမှု မည်မျှရရှိနေသည် ဆိုသည်ကိုလည်း သိရှိနိုင်ရန် ခက်ခဲပါသည်။
Asia Times က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် တွေ့ဆုံမေးမြန်းခဲ့သည့် ဒုက္ခသည် အချို့က သူတို့၏ အခြေအနေများ ပိုမို ဆိုးရွားသွားခြင်းအတွက် ARSA အဖွဲ့ကို အပြစ်တင်ခဲ့သော်လည်း အခြားသူများက ARSA ကို သူတို့၏ လွတ်လပ်ရေး အတွက် တိုက်ခိုက်နေသူများ ဖြစ်သည်ဟု သဘောထားကြဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ အခြေအနေ ဆိုးရွားသည့် ဒုက္ခသည် စခန်းများက ARSA အကာအကွယ်ယူရန်နှင့် ဒေါသထွက်၍ စိတ်ပျက်နေကြသော လူငယ် အမျိုးသား အမြောက်အများကို စည်းရုံးသိမ်းသွင်းရန် ရေခံမြေခံကောင်း ဖြစ်နေသည်။
“သူတို့က ကျမတို့ ပြည်သူတွေပါ။ သူတို့က ကျမတို့ ရိုဟင်ဂျာတွေရဲ့ မိခင်မြေနဲ့ ကျမတို့ရဲ့ အခွင့်အရေးတွေအတွက် တိုက်ခိုက်နေကြပါတယ်။ ကျမတို့ရဲ့ အနာဂတ် မျိုးဆက်တွေအတွက် တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ကျမတို့ သေဖို့ အဆင်သင့်ပါပဲ” ဟု ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ရောက်လာသည့် အသက် ၅၀ အရွယ် အမျိုးသမီးတယောက် ဖြစ်သော ဖာတီမာ Fateemah က ပြောသည်။
အာမတ်ဂျာမဲအတွက်မှာမူ သူ့ကို ဆိုးရွားစွာ သစ္စာဖောက်ခြင်း ခံခဲ့ရသလို ခံစားနေရသည်။ ရွာမှာ ရှိစဉ်က တပ်မတော်ကို တိုက်ခိုက်ရန် လက်နက်များ သူတို့ မည်သည့်အချိန်တွင် ရရှိမည်နည်းဟု သူ့ကို ARSA အဖွဲ့တွင်းသို့ ခေါ်ဆောင်ခဲ့သူကို မေးမြန်းခဲ့သည်။ “သူတို့က ကျနော်တို့ စိတ်ပူစရာ မလိုဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့် ကျနော်တို့က တချိန်မှာတော့ လက်နက်တွေ ရလာမှာပဲလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်တုန်းကမှ မရခဲ့ဘူး။”
နာကျည်း စိတ်ပျက်လျှက် ရှိသော အာမတ်ဂျာမဲက အဖွဲ့မှ ထွက်ခွာခြင်းကြောင့် မည်သည့် အန္တရာယ်မျိုး ရှိလာသည် ဖြစ်စေ သူ့ အနေဖြင့် သူ့ကိုယ်သူ ARSA အဖွဲ့ဝင် အဖြစ် သဘောထားခြင်း မရှိတော့ကြောင်း ပြောသည်။ သို့သော်လည်း မြန်မာ့တပ်မတော်ကို ပြန်လည်တိုက်ခိုက်လိုသည့် သူ့စိတ်ဆန္ဒကို မေးသည့် အခါ “တကယ်လို့ ဘယ်ကပဲ ဖြစ်ဖြစ် ကျနော်တို့ လက်နက်တွေ ရခဲ့မယ်ဆိုရင် တိုက်ပွဲမှာ ကျနော် ပြန်ပါမယ်” ဟု သူက ပြန်ဖြေသည်။
Asia Times မှတ်ချက်။ ။ လုံခြုံရေး အရ အင်တာဗျူး ဖြေကြားသူများ၏ အမည် များကို ပြောင်းလဲ၍ ကျေးရွာ အမည်များကို ချန်လှပ်ထားခဲ့ပါသည်။
(Asia Times အွန်လိုင်းသတင်းဌာနတွင် ဖော်ပြထားသော Carlos Sardiña Galache ၏ Inside view of Myanmar’s Rohingya insurgency ကို ဘာသာပြန်ဆိုသည်။)