နောက်ထပ် စစ်ဆေးရေး ဂိတ်တခု အရောက်တွင် ကုန်သည်က သူ၏ ထရပ်ကား စက်ကို ရပ်လိုက်သည်။ စစ်သားများက သူ့ထံမှ ပိုက်ဆံတောင်းကြပြန်သည်။ သူ့ ထရပ်ကားက မြန်မာနိုင်ငံမှ မီးသွေးများ အပြည့်တင်၍ တရုတ်နိုင်ငံ အနောက် တောင်ပိုင်း တောတောင်ထူထပ်သည့် ယူနန်ပြည်နယ်မှ စက်ရုံများသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ဆီလီကွန် သတ္တု (silicon metal) ထုတ်လုပ်ရန် မီးဖိုများ အတွင်းသို့ မီးသွေးများထည့်ကြမည် ဖြစ်သည်။ ဆီလီကွန် သတ္တုသည် သတ္တုစပ်များမှသည် ဆီလီကွန်ချစ်ပ်များနှင့် ဆိုလာပြားများအထိ ကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် သတ္တု ဖြစ်သည်။ နယ်စပ်ဖြတ်ကျော်၍ မီးသွေးကုန်သွယ်ခြင်းက တရားဝင်မဟုတ်သော်လည်း ထိုသို့ရောင်းချခြင်းက မြန်မာနိုင်ငံ၏ မြစ်ကမ်းဘေးမှ ကျေးရွာများရှိ လယ်သမားများနှင့် ကုန်သည်များ၏ အသက်မွေးမှု အတွက် ကြီးမားသော အထောက်အကူတခု ဖြစ်သည်။
သို့သော်လည်း နှစ်စဉ် ဘောလုံးကွင်း ၁၄၀၀၀ စာခန့် ရှိသော သစ်တောများက သတ္တုကြိုသည့် မီးဖိုများ လည်ပတ်ရန် မီးလောင်ကျွမ်းခံနေရသည်။ ထိုအချိန်တွင် အကျင့်ပျက်ခြစားသည့် အရာရှိများ ရရှိသည့် လာဘ်ငွေက တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၂သန်း ခန့်မှသည် ၁၀ သန်းကျော် အထိ ရှိနေနိုင်ပါသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာနယ်ဇင်းနှင့် ပညာပေး ဝက်ဘ်စိုက် Mongabay ၏ ၁ နှစ်နီးပါးကြာသည့် စုံစမ်းဖော်ထုတ်မှုက မီးသွေးကုန်သွယ်မှုတွင် အသုံးပြုသည့် လမ်းကြောင်းများ၊ အကျိုးအမြတ်များ နှင့် အန္တရာယ်များကို ပထမဆုံး အနေဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
ရွာထွက် မီးသွေး
ဒေသတွင်းတွင် ထင်ရှားသည့် ဧရာဝတီ မြစ်အနီး ကသာမြို့၏ အထက်နားမှ ထူထပ်သော တောအုပ်တခုအတွင်း အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်သော်လည်း လူငယ်တယောက်နှင့် တူသော ကိုမျိုးထွန်းက မီးသွေးဖုတ်သည့် မီးဖိုအနီးတွင် ဆောင့်ကြောင့် ထိုင်နေသည်။ သူ့လက်ထဲတွင် စီးကရက် တလိပ်ရှိနေသည်။ မီးသွေးဖုတ်သည့် ဖိုမှာ လောင်စာသစ်သားများကို ရွှွံ့ဖြင့် မံထားခြင်း ဖြစ်ပြီး ယခုမှ ဖိုကို ဖွင့်ခါစပင် ရှိသေးသည်။ ကိုမျိုးထွန်း၏ ဇနီးသည်က မီးခိုးတလူလူ ထွက်နေဆဲ ဖြစ်သည့် မြေစာပုံအတွင်းမှ အမည်းရောင် မီးသွေးတုန်းများကို ဆွဲထုတ်နေစဉ် သူ၏ ညီဖြစ်သူက ရေဖြင့်လိုက်ဖြန်းနေသည်။ မီးခဲများအတွင်းမှ ထွက်လာသည့် ရေငွေ့ပါသော မီးခိုးများက ထူထပ်စွာ ထွက်လာနေပြီး အလုပ်သမားများကို ဖုံးလွှမ်းထားသည်။
အနားတွင် ထရပ်ကားတစီး ရပ်ထားသည်။ ထိုကားက လွန်ခဲ့သော ဆယ်နှစ်လောက်ကတည်းက ပျက်နေသည် သို့မဟုတ် လောလောလတ်လတ် ရပ်နားထားသည် ဆိုခြင်းကို ပြောရန် ခက်ပါသည်။ ထိုထရပ်ကားကို ကိုမျိုးထွန်း ပိုင်ဆိုင်ပါသည်။ သူက အခြားသူများ၏ မီးသွေးများကို သူတို့ရွာသို့ သယ်ယူရန် ထိုကားကို အသုံးပြုသည်။ သို့သော်လည်း မိုးရာသီ အတွင်းတွင်မူ သူ၏ အိမ်နီးချင်းများက အခြားသော ကိစ္စများနှင့် အလုပ်များနေကြသည်။ “မိုးရာသီမှာ မီးသွေးဖုတ်ရတာ ခက်တယ်။ မိုးရွာပြီဆိုရင် မီးသွေးဖုတ်ဖို့ ကျနော်တို့ စုပုံထားတဲ့ မြေကြီးတွေ ပျော်ကျပြီး မျောကုန်တယ်” ဟု ကိုမျိုးထွန်းက ရှင်းပြသည်။ ယခု မီးသွေးဖုတ်ခြင်းက သူ့အတွက် ပထမဆုံးဖြစ်ပြီး မိုးရာသီတွင် မီးသွေးဖုတ်ကပါ အဖမ်းခံရမည် မဟုတ်ကြောင်းလည်း ပြောသည်။
ကိုမျိုးထွန်းနှင့် သူ၏မိသားစုက သူတို့ ဘိုးဘေးများလက်ထက်က ခုတ်လှဲခဲ့ပြီး ကျန်နေခဲ့သည့် (တမလန်း၊ ပိတောက် အစရှိသော) သစ်မာပင်များ၏ ငုတ်တိုများကို အသုံးပြုသည်။ ကသာမြို့ ပတ်ဝန်းကျင် သစ်တောများအတွင်းရှိ အဖိုးတန်သစ် အားလုံးနီးပါးမှာ ပထမဆုံးအနေဖြင့် ဗြိတိသျှနယ်ချဲ့များနှင့် နောက်ပိုင်းတွင် မြန်မာအစိုးရတို့က ခုတ်လှဲခဲ့ပြီး နိုင်ငံခြားသို့ တင်ပို့ခဲ့ပြီး ဖြစ်သည်။ သစ်ငုတ်တိုများဖြင့် ကိုမျိုးထွန်းက လေးထောင့်ပုံ အောက်ခံကြမ်းခင်းများ ပြုလုပ်ပြီး နောက် သစ်အကြွင်းအကျန်များကို မီးသွေးအဖြစ် ပြန်လည်ထုတ်လုပ်သည်။ သို့သော်လည်း ဒေသတွင်းမှ မီးသွေးဖုတ်သူ အများစုကဲ့သို့သော မခုတ်လှဲရသေးသော အပင်များကို အသုံးပြုကြသည်။
အလုပ်ပြီးသွားလျှင် ကိုမျိုးထွန်း၏ ညီနှင့် သူတိုဇနီးများက သူတို့ရွာမှ ကုန်သည်တဦးထံ သွားရောင်းကြမည် ဖြစ်သည်။ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်ခဲ့ပြီးနောက် မိသားစု ၂ စု အညီအမျှ ခွဲဝေယူလျှက် သူ့ အတွက် အမေရိကန်ဒါ်လာ ၁၅၀ ခန့်နှင့် ညီမျှသော ငွေရလိမ့်မည်ဟု ကိုမျိုးထွန်းက ခန့်မှန်းထားသည်။
ကလေး ၃ ယောက် အတွက် ကျောင်းစရိတ် ပေးရန် လုံလောက်လိမ့်မည်ဟုလည်း ကိုမျိုးထွန်းက မျှော်လင့်နေသည်။ သူ၏ အကြီးဆုံးသမီးမှာ အထက်တန်းစာမေးပွဲ နောက်ဆုံးအကြိမ်ကျရှုံးခဲ့ပြီးနောက် အလှပြင်သင်တန်း တက်ရောက်ရန် အမေရိကန် ဒေါ်လာ ၁၀၀၀ ခန့် သုံးစွဲရန် လိုအပ်နေသည်။ သင်တန်းပြီးသည့်အခါတွင်လည်း သူက အလှပြင်ဆိုင် ဖွင့်ရန် ဆန္ဒရှိ နေသည်။ ထို့ကြောင့် ကိုမျိုးထွန်း ငွေပိုရှာရန် ရှိနေသည့်အတွက် စက်ပြင်ဆရာ၊ ကားဒရိုင်ဘာ အစရှိသဖြင့် ကြုံရာ အလုပ်များ လုပ်ရတော့မည် ဖြစ်သည်။ နောက်တကြိမ် မီးသွေးဖုတ်ချင်လည်း ဖုတ်ရနိုင်ပါသည်။
ကသာနှင့် မြစ်အထက်တကြောရှိ မြစ်ကမ်းဘေးမှ အခြားသော ကျေးရွာများကဲ့သို့ပင် ကိုမျိုးထွန်းတို့ ရွာမှ လူတိုင်းနီးပါးက စပါးစိုက်ခြင်း ကဲ့သို့သော သူတို့၏ အခြားသော အသက်မွေးလုပ်ငန်းများနှင့် အတူ မီးသွေးဖုတ်သည့် လုပ်ငန်းကို လုပ်ကြသည်။ သစ်မှ မီးသွေးထုတ်လုပ်၍ နိုင်ငံခြားသို့ တင်ပို့ခြင်းက တရားမဝင်ပါ။ လယ်သမားအများစုတွင်လည်း မီးသွေးထုတ်လုပ်ရန် အဓိက လိုအပ်သည့် ပါမစ်များ မရှိပါ။ “တကယ်လို့ ရဲတွေက မီးသွေးဖုတ်တဲ့ လူတိုင်းကို ဖမ်းမယ် ဆိုရင် ထောင်ထဲမှာ နေရာဆန့်မှာ မဟုတ်ဘူး” ဟု နောက်ထပ် မီးသွေးဖုတ်သူ တဦးက Mongabay သို့ ပြောသည်။
မီးသွေးကုန်သည် အဖွား
ကိုမျိုးထွန်းတို့ရွာမှ အရေးအပါဆုံး မီးသွေးကုန်သည်များထဲမှ တဦးမှာ ထက်ထက်မြက်မြက် အသွင်ရှိပြီး မျက်နှာတွင် အရေးအကြောင်းတွေ အလွန်များသည့် အဖွားတဦး ဖြစ်သည်။ သူ့က သူ၏ အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သည်။ မြစ်ဘေးတွင် ရှိနေသော သူ၏ ဆိုင်တွင် ဘီစကစ်များနှင့် အခြားသော အသေးစားကုန်ပစ္စည်းများ ရောင်းချသည်။
တနေ့တာ အချိန်အများစုတွင် သူက အိမ်နောက်ဘက်တွင် ထိုင်၍ မိတ်ဆွေတဦးနှင့်အတူ ထိုင်၍ လဘက်ရည်သောက်ရင်း ရွာအကြောင်း အတင်းပြောရင်း သို့မဟုတ် သက်ကြီးရွယ်အို တဦး၏ အသိအမြင်များကို ဝေမျှရင်း ရှိနေတတ်သည်။ ဆိုင်နောက်ဖက်က မြေကွက်တွင် မီးသွေးများဖြင့် ဖောင်းကားနေသော အစိမ်းရောင်ဖျော့ဖျော့ အိတ်များကို မြင့်မားစွာ စီထပ်ထားသည်။
သူက ဓာတ်ဗူးထဲမှ လဘက်ရည်ကြမ်းကို ခွက်တလုံးထဲသို့ လောင်းထည့်လိုက်ပြီး သူ မီးသွေး အရောင်းအဝယ်ကို ပြီးခဲ့သည့် ၁၀ နှစ်လောက်ကတည်းက လုပ်ခဲ့ကြောင်း မျှော်လင့်မထားဘဲ ရောက်လာသည့် ဧည့်သည်များကို ပြောသည်။
“ကျမတို့က အနည်းအကျဉ်းလောက်ပဲ ရောင်းခဲ့ကြတာပါ။ မီးသွေးလှေ တစီးစာလောက်ပဲပေါ့” ဟု သူက ပြောသည်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ အထိ “တရားမဝင် သစ်ကုန်သွယ်ရေးက အရမ်းကြီးမားခဲ့တယ်။ အခု အစိုးရက အရေးယူမှုတွေ လုပ်လာတော့ လူတွေက မီးသွေးလုပ်ငန်းကို ပြောင်းလုပ်လာကြတယ်။” ထိုအချိန်တွင် (၂၀၁၄ ခုနှစ် ဝန်းကျင်) တရုတ်နိုင်ငံမှ မီးသွေး ဝယ်လိုအားက မြင့်တက်လာကြောင်း အခြားကုန်သည်များ ပြောသည်ကို သူက အတည်ပြုသည်။ “အဲဒီနောက်တော့ တရွာလုံး မီးသွေး လုပ်ငန်းထဲ ရောက်လာခဲ့တယ်။”
“ဒီက လူတွေက ဆင်းရဲကြတယ်။ သူတို့ အားလုံး လုပ်နိုင်တာက မီးသွေးဖုတ်တာနဲ့ လယ်လုပ်တာပဲ။ သူတို့ မီးသွေး လုပ်ငန်း မလုပ်ဘူးဆိုရင် သူတို့မှာ သုံးစရာ ပိုက်ဆံ မရှိဘူး” ဟု သူက ပြောသည်။
သို့သော်လည်း အံ့အားသင့်စရာ ကောင်းသည်မှာ မီးသွေး ကုန်သွယ်ခြင်းနှင့် ပတ်သက်၍ သူ့တွင် ရောထွေးသော ခံစားချက်များ ရှိနေခြင်း ဖြစ်သည်။
“အဲဒါကြောင့် သစ်တောပြုန်းတီးမှု ဖြစ်တယ်ဆိုတာ ကျမတို့ သိပါတယ်” ဟု သူက ဆိုသည်။ သစ်ပင်များအားလုံးကို ခုတ်လှဲခြင်းကြောင့် ဖြစ်လာမည့် ပြဿနာများကို သူတို့သိကြောင်းလည်း ထပ်ပြောသည်။“ပိုပြီး ပူပြင်းလာလိမ့်မယ်။ ရာသီ ဥတု ပြောင်းလဲသွားလိမ့်မယ်။”
သို့သော်လည်း အားလုံးက အဆိုးချည်းသာ မဟုတ်ပါ။
“မီးသွေးထုတ်ဖို့ အတွက် သစ်ပင်တွေ ခုတ်လှဲပြီးရင် တချို့သူတွေက အစိုးရက ပေးတဲ့ သစ်စေ့တွေကို သုံးပြီး သစ်ပင်တွေ ပြန်စိုက်တယ်။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းအောင်လို့ သူတို့က အဲဒီမြေပေါ်မှာ ကျွန်းပင် စိုက်တယ်” ဟု သူက ပြောသည်။
ရက်အနည်းငယ်ကြာသောအခါ ပါးပြင်ပေါ်တွင် သနပ်ခါး ကွက်ထားသော အမျိုးသမီးငယ် တဒါဇင်ခန့် လဘက်ရည် ဆိုင်နားသို့ တန်းစီ၍ ရောက်လာသည်။ တယောက်ပြီးတယောက် မီးသွေးအိတ်များ စီထပ်ထားရာဆီသို့သွား၍ ပုခုံးပေါ်တွင် တယောက်တအိတ်စီ ထမ်းလိုက်ကြသည်။ ခပ်ဝဝ ရေယာဉ်မှူး၏ စောင့်ကြည့်မှုအောက်တွင် သူတို့က အနားတွင် ရပ်ထားသော သင်္ဘောပေါ်သို့ ဖြည်းဖြည်းချင်း တင်ကြသည်။ သင်္ဘောနှင့် ကမ်းပါးကို ဆက်သွယ်ထားသည့် လှုပ်လီလှုပ်လဲ့ ကုန်းဘောင်ပေါ်တွင် မီးသွေးအိတ်ထမ်းရင်း ဟန်ချက်ညီမျှအောင် ကျွမ်းကျင်စွာပင် လျှောက်သွားကြသည်။
သင်္ဘောက မြစ်အထက်ပိုင်းရှိ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည်ခဲ့သည်။ ဗန်းမော်တွင် ကုန်သည် အဖွား၏ သမီး ဖြစ်သူနေထိုင်ပြီး မီးသွေးများကို တရုတ်နိုင်ငံသို့ ရောင်းချရန် ဆက်လက်စီစဉ်မည် ဖြစ်သည်။
ရေဆန်လမ်း
သင်္ဘောက အတော်လေးကျယ်ဝန်းသော်လည်း ဖွဲ့စည်းပုံက ရိုးစင်း၍ ခေတ်မီခြင်း မရှိပါ။ သစ်သားဖြင့်လုပ်ထားသည့် စောက်နက်သော သင်္ဘောဧရာ (ကိုယ်ထည်) ကို တာပေါ်လင် အမိုးမိုးထားသည်။ ပဲ့ပိုင်း အင်ဂျင်များ၏ အထက်တွင် ဟင်းလင်းပွင့် စင်မြင့်တခု ရှိပြီး ထိုနေရာက သင်္ဘော၏ ထိန်းချုပ်ခန်း ဖြစ်သလို အိပ်စက်ရန် နေရာလည်း ဖြစ်သည်။
မြစ်ကြောင်း တလျှောက်ရှိ စစ်ဆေးရေး စခန်းများမှ တာဝန်ရှိသူများကို လာဘ်ငွေ အမေရိကန်ဒေါ်လာ ၃၀၀ မှ ၃၅၀ အတွင်း ပေးရမည် ဖြစ်ကြောင်း ရေယာဉ်မှူးက ပြောသည်။ သို့သော်လည်း သင်္ဘော သောင်တင်မည်ကို သူက ပို၍ စိတ် ပူသည်။ ဧရာဝတီ မြစ်ကြောင်း တလျှောက်တွင် သယ်ယူသည့် မီးသွေး တတန်လျှင် ၁၀ ဒေါ်လာမှ ၂၅ ဒေါ်လာခန့် အထိ အကျင့်ပျက်ခြစားသည့် တာဝန်ရှိသူများသို့ ပေးရကြောင်း အထူးသဖြင့် သစ်တောဌာနမှ ပုဂ္ဂိုလ်များသို့ ပေးရကြောင်း ယခု စုံစမ်းမှုတွင် သုတေသန ပြုလုပ်ချက်များ အရ သိရသည်။
နောက်ဆုံးတွင် အမည်းရောင်မီးခိုးလုံးများကို တတိယအကြိမ်မြောက် မှုတ်ထုတ်လိုက်ပြီး သင်္ဘော၏ အင်ဂျင်က အသက် ဝင်လာသည်။ ဗန်းမော်သို့ ဦးတည်သည့် ခရီးက စတင်ခဲ့ပြီ။ ဧရာဝတီမြစ်၏ ရေစီးကြောင်းနှင့် ဝဲငယ်များကို ရင်ဆိုင်ရသည့် တရက်ကြာ ခရီးစဉ် ဖြစ်ပြီး စပါးခင်းများ၊ တောင်စောင်းများနှင့် သစ်တောများရှိသည့် တောင်ကုန်းများကို တလှည့်စီ မြင်နေသည့်ရသည့် မြင်ကွင်းတလျှောက်တွင် ကွေ့ကာဝိုက်ကာ သွားရသည့် ခရီးစဉ် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ သမိုင်းကလည်း ဤမြစ်ကြောင်း တလျှောက်မှာပင် မျောပါခဲ့သည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း ဒေသများကို ကိုလိုနီပြုထားပြီး ဖြစ်သော အင်္ဂလိပ်တို့က ၁၈၈၅ ခုနှစ်တွင် ကုန်းတွင်းပိုင်းမှ အဖိုးတန် ကျွန်းသစ်များကို မျက်စိကျ လာခဲ့သည်။ သူတို့က ဘုရင့်နန်းတော်ရှိရာ မန္တလေးသို့ ဧရာဝတီ မြစ်ကြောင်းအတိုင်း သင်္ဘောများ စေလွှတ်လိုက်ပြီး နောက် တိုင်းပြည်ကို ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် ထိန်းချုပ်လိုက်သည်။ ဘုရင်နှင့် သူ၏ ဝန်ကြီးများကို မြစ်ကြောင်းအတိုင်း အောက်အရပ်သို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အိန္ဒိယ နိုင်ငံသို့ ပို့လိုက်သည်။
နောက်ပိုင်း ဆယ်စုနှစ်များတွင် ဧရာဝတီက ၎င်းသည် ဗြိတိသျှ အင်ပါယာအတွက် တန်ဖိုးရှိကြောင်း ပြသနိုင်ခဲ့သည်။ ကျွန်းသစ်၏ ကြံ့ခိုင်မှုနှင့် ရေဒဏ်ခံနိုင်မှုကြောင့် မီးရထား ဇလီဖားတုံးများ၊ သင်္ဘောများ ပြုလုပ်နိုင်ခဲ့သည်။ ဗြိတိသျှတို့ အတွက်လည်း အမြတ်အစွန်း ကြီးမားစွာ ရရှိခဲ့သည်။ ဝေးလံသည့် သစ်တောများအတွင်းမှ ခုတ်ယူခဲ့သော ကျွန်းသစ်လုံး များကို သစ်စခန်းများမှနေ၍ သစ်စက်များဆီသို့ ယခင်ကထက် ပိုမိုလျှင်မြန်စွာဖြင့် မျှောချထုတ်ယူနိုင်ခဲ့သည်။ ထိုမှတဆင့် နိုင်ငံခြားသို့ ပို့နိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း ကျွန်းသစ်က နိုင်ငံ၏ ဝင်ငွေ အဓိက အရင်းအမြစ်အဖြစ် ဆက်၍ရှိခဲ့ပြီး ဧရာဝတီကလည်း သစ်လုပ်ငန်းတွင် အဓိကလမ်းကြောင်း တခုအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။
ယခုအခါ မီးသွေးက ထိုလမ်းကြောင်းကို ပြောင်းပြန်လှန်၍ ဧရာဝတီ အထက်သို့ ဆန်တက်ပြီး မြန်မာနိုင်ငံမှ သဘာဝ အရင်းအမြစ်များကို ကမ္ဘာ့လူသုံ်းကုန်ပစ္စည်း ဝယ်လိုအားကို ဖြည့်ဆည်းပေးနေသည့် တရုတ်နိုင်ငံဆီသို့ ဦးတည်နေသည်။
နယ်စပ်ကို ဖြတ်ကျော်ခြင်း
Mongabay က တွေ့ဆုံ မေးမြန်းခဲ့သော လူ ဒါဇင် အနည်းငယ်ခန့်၏ အဆိုအရ တရုတ်နိုင်ငံသို့ မီးသွေးတင်ပို့ခြင်းကို တရုတ် နယ်စပ်နှင့် နီးကပ်စွာ ဧရာဝတီမြစ်က ကွေ့ဝိုက်သွားသည့် မြစ်ကမ်းပါးမှ မြို့ ဖြစ်သည့် ဗန်းမော်မှ တဆင့်ပြုလုပ်ခြင်း ဖြစ်သည်။ ယာယီပြုလုပ်ထားသည့် မြစ်ဆိပ်အချို့တွင် သင်္ဘောဖြင့် တင်ဆောင်လာသော ကုန်စည်များ (မီးသွေး၊ ဆန်၊ ပြောင်း) ကို တရုတ်နိုင်ငံသို့ သွားမည့် ကုန်တင်ကားများပေါ်သို့ လွှဲပြောင်းတင်ကြသည်။
ဗန်းမော်က ငြိမ်သက်သော မြို့ ဖြစ်ပါသည်။ သို့သော် ၎င်းတည်ရှိရာ ကချင်ပြည်နယ်မှာမူ မြန်မာအစိုးရတပ်နှင့် ဒေသတွင်း မှ တိုင်းရင်းသားတို့၏ လွတ်လပ်ရေးအတွက် တိုက်ခိုက်နေသော ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြားမှ ကာလကြာရှည်ခဲ့ပြီ ဖြစ်သော ပဋိပက္ခရှိရာ နေရာလည်း ဖြစ်သည်။
ဗန်းမော်မှ တရုတ်နိုင်ငံသို့ လမ်းက စည်ကားသည်။ နိုင်ငံခြားသို့ မီးသွေးတင်ပို့ခြင်းကလည်း များစွာ မလွယ်ကူလှပါ။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှှိ သစ်တောဦးစီးဌာနမှ သဘာဝသစ်တောနှင့် စိုက်ခင်းများဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇောက Mongabay နှင့် အင်တာဗျူးတခုတွင် “ထင်းနဲ့ မီးသွေးသုံးစွဲတာက သစ်တောပြုန်းတီးမှုကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲက တခု ဖြစ်ပါတယ်” ဟု ပြောကြားသည်။
သို့သော် အားလုံးက ပြည်တွင်းသုံးစွဲမှုအတွက် အသုံးပြုခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ ထို့ကြောင့် ဝါးမှ ထုတ်သည့် မီးသွေးနှင့် လွှစာမှုန့်များကို နိုင်ငံခြားသို့ တင်ပို့ခြင်းက တရားဝင်သော်လည်း သစ်မှ ထုတ်သည့် မီးသွေးကို နိုင်ငံခြား တင်ပို့ခြင်းက တရားမဝင်ကြောင်း ဦးကျော်ဇောက ရှင်းပြသည်။
ထိုတားမြစ်ချက်ကို အထောက်အကူ ဖြစ်စေရန် သစ်တောဦးစီးဌာနက လယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဝန်ကြီးဌာန၏ ၁၉၈၆ ခုနှစ်က သတိပေးချက်တခု ကိုသာ ပြနိုင်ခဲ့သည်။ မီးသွေးထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ကြိုးနီစနစ် ကြီးမားစွာ ရှိနေသည့်တိုင် နိုင်ငံခြားတင်ပို့ခြင်းကို တိတိကျကျ တားမြစ်ထားခြင်း မရှိပါ။
ဗန်းမော်တွင် အဖြူရောင် တီရှပ်နှင့် အစိမ်းရောင် ရင့်ရင့် ပုဆိုးကို ဝတ်ဆင်ထားသော ကုန်သည်တဦးက ကျနော်တို့ကို သူ့ အိမ်တွင် ကြိုဆိုနေသည်။ ပလပ်စတစ် ကုလားထိုင်များနှင့် တန်ဆာဆင်ထားသော ဧည့်ခန်းထဲတွင် သူ၏ ကလေးငယ်က သုံးဘီးစက်ဘီးကို ပတ်စီးနေချိန်တွင် သူက တရားမဝင် မီးသွေးကုန်သွယ်မှုတွေ ငွေကြေးက အဓိကနေရာမှ ပါဝင်နေကြောင်း ရှင်းပြသည်။
“တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ သွားဖို့က ပိုက်ဆံပေးတာက အဓိက အဖြေပဲ။ ကုန်တင်ကားတိုင်းက ဌာန အမျိုးမျိုးကို ပိုက်ဆံပေးရတယ်။ ပိုက်ဆံက ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တယ်” ဟု သူက ဆိုသည်။ ကုန်ကျစရိတ် အနည်းငယ် သက်သာစေရန် ယခုကုန်သည်က မီးသွေးများကို ပြောင်းအိတ်များ အောက်တွင် ဝှက်၍ သယ်သည်။ ပြောင်းအတွက် ပေးရသည့် လာဘ်ငွေက ပိုနည်းသောကြောင့် ဖြစ်သည်။ သူက ကုန်သွယ်ရေးကို တရားဝင် ဖြစ်စေချင်သည်။ အစိုးရက အခွန်ကောက်စေချင်သည်။ ထိုသို့ဆိုလျှင် သူ့အနေဖြင့် ငွေပို ရလိမ့်မည် သူက ပြောသည်။ သို့သော်လည်း ယခုအခါ လာဘ်ငွေများက တာဝန်ရှိသူ အချို့ အတွက်သာ ဖြစ်သွားသည်ဟု သူက ထပ်ပြောသည်။
သူ့အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သည့် ဗန်းမော်မှ နောက်ထပ်ကုန်သည် တယောက်ကလည်း မိတ်ဆွေတယောက်၏ အိမ်ရှေ့တွင် အခြားသူ အချို့ နှင့်အတူ ထိုင်နေသည်။ “အရာရှိ အားလုံးကို ကျနော် မီးနဲ့ ရှို့ချင်တယ်။ ဒါပေမယ့် ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ကျနော်တို့ သွားမှ ရမယ်။ ဒါကြောင့် ကျနော်တို့ ပေးရတယ်” ဟု သူက ဒေါသတကြီးနှင့် Mongabay ကို ပြောသည်။
သူက လုပ်ငန်းစဉ်ကို ရှင်းပြသည်။ “ပထမဆုံး ကျနော်တို့က ဇင်လွန်း Zinlum က အရာရှိကို ဖုန်းဆက်ပြီး ကျနော်တို့ ကုန်တွေကို အဲဒီကို ယူလာလို့ ရမလားဆိုတာ မေးဖို့လိုတယ်။ ပြီးတော့ ကျနော်တို့ ဟိုမှာ၊ ဒီမှာ ပိုက်ဆံပေးပြီး လမ်းကြောင်း ရှင်းဖို့ လိုပါတယ်။ တကယ်လို့ သူတို့က မလာနဲ့ လို့ပြောရင် ကျနော်တို့ သွားလို့ မရဘူး” ။ သူသွားခွင့် ရသည်ဆိုလျှင် အဆင့်မြင့်တာဝန်ရှိသူများက ရာထူးငယ်သည့် အရာရှိများကို ငွေကြေးလက်ခံရန် ပြောထားပေးသည်။
ကုန်သည် ၄ ယောက်နှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူးများအရ မီးသွေး တတန်လျှင် အမေရိကန်ဒေါ်လာ ၄၀ မှ ၈၅ ဒေါ်လာ အထိ လာဘ်ငွေပေးရကြောင်း သိရသည်။ အများစုက ဇင်လွန်း Zinlum နှင့် ချောစကကန် Chau sa Kakan ဟုခေါ်သော စစ်ဆေးရေး စခန်းများမှ အဆင့်မြင့် တာဝန်ရှိသူများ ထံသို့ ရောက်ရှိသွားကြသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒီဟုန် Dehong ခရိုင်ကြားရှိ လမ်းတွင် တာဝန်ကျသူများ အတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ သန်းမှ ၁၀ သန်း အထိ လာဘ်ထိုးနေရသည်ဟု ခန့်မှန်းရပါသည်။ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်း၏ မရိုးသားသော သဘာဝနှင့် အခြားသော လာဘ်ငွေများကြောင့် ကိန်းဂဏန်း အတိအကျ ဖော်ပြရန် ခက်ခဲပါလိမ့်မည်။
အဆိုပါ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းမှ အကျိုးအမြတ် ပုံမှန် ရရှိနေသည့် အသွင်ရှိသော မြန်မာ့တပ်မတော်သို့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ထပ်တလဲလဲ တောင်းဆိုခဲ့သော်လည်း တုန့်ပြန်မှု မရရှိခဲ့ပါ။ သစ်တောဦးစီးဌာနက “ကျနော်တို့ ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှု ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပါဝင်ပတ်သက်တာတွေကို ကျနော်တို့ တွေ့ရှိခဲ့တယ်ဆိုရင် ကျနော်တို့ အရေးယူဆောင်ရွက်ပါမယ်” ဟုသာ အသိအမှတ်ပြု ပြောကြားခဲ့သည်။ သို့သော်လည်း အရေးယူခံရသည့် တာဝန်ရှိသူများနှင့် ပတ်သက်သည့် အသေးစိတ်အချက်များ သို့မဟုတ် ၎င်းတို့ အရေအတွက်ကိုပင် ပြောကြားရန် ငြင်းဆန်ခဲ့သည်။
ဗန်းမော်မှနေ၍ နယ်စပ်မြို့ ဖြစ်သည့် လွယ်ဂျယ်သို့သွားရသည့် ခရီးက မတ်စောက်သော တောင်ကုန်းများ တလျှောက်မှ လမ်းဆိုးဆိုး တခုပေါ်တွင် နေ့တဝက်သွားရသည်။ မြန်မာနိုင်ငံအတွင်းမှ လမ်းပေါ်ရှိ စစ်ဆေးရေး ဂိတ်များကို ဖြတ်ကျော် ပြီးပြီဆိုလျှင် တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် အလွန်လွယ်ကူသွားပြီ ဖြစ်သည်။ ကုန်တင်ကားများက တရားဝင် အကောက်ခွန် စခန်းနှင့် မီတာ ရာဂဏန်း အနည်းငယ်မျှသာ ဝေးသည့်နေရာတွင် ရှိသော ရွှံ့နွံ ထူထပ်သည့် လမ်းတခုမှ တဆင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်သွားကြသည်။
ထို့နောက်ပိုင်းတွင်မူ အရောင်းအဝယ်ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြုလုပ်နိုင်မည် ဖြစ်သည်ဟု ယာဉ်မောင်းများက ပြောကြသည်။ မြန်မာ နံပါတ်တပ် ကုန်တင်ကားများက မီးသွေးအိတ်များကို ၁၀ မီတာလောက်အမြင့် အထိ စီထပ်ထားပြီး မြေပြင်က အမည်းရောင် ဖြစ်နေသည့် ခြံဝင်းများထဲမှ တခုတွင် သူတို့၏ ကုန်များကို ချကြသည်။ အဆိုပါ မီးသွေးများကို ဒီဟုန်နှင့် အခြားနေရာများရှိ ဆီလီကွန်ဖိုများထဲမှ တခုတွင် အသုံးပြုကြမည် ဖြစ်သည်။
တရုတ်တွေ လိုသမျှ ထောက်ပံ့ခြင်း
ယူနန်ပြည်နယ်၏ လှပသော တောင်ကုန်းများသစ်တောများက (ခရီးသွားလမ်းညွှန်စာအုပ်များ ထုတ်ဝေသည့် ကုမ္ပဏီ) Lonely Planet က “တရုတ်နိုင်ငံ၏ အလွန်ကြီးထွားလာနေသာ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် နောက်ဆုံးပေါ် နေရာ တခု” ဟု ရည်ညွှန်းအောင် အထောက်အကူ ဖြစ်စေခဲ့သည်။ ထိုနေရာသည် ၉ ရာစုနှစ်ကထဲက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ သို့ သွားသည့် လမ်းပေါက်ဖြစ်ခဲ့သည်။ သူ၏ “Where China Meets India” စာအုပ်တွင် သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက “ မြန်မာနိုင်ငံမှ ဂီတပညာရှင် အဖွဲ့တဖွဲ့ Tang မင်းဆက်၏ နန်းတော်သို့ သွားရောက်ခဲ့ကြပြီး The Victory of the Ram (မြို့ရိုးဖျက်ယန္တယား၏ အောင်မြင်မှု) နှင့် The Peacock King (ဒေါင်းဘုရင်) အမည်ရှိ သီချင်းများကို ဖျော်ဖြေ ခဲ့ကြသည်”ဟု ရေးသည်။
နိုင်ငံ ၂ နိုင်ငံက ယဉ်ကျေးမှုကိုသာ ကုန်သွယ်ခဲ့ကြသည် မဟုတ်ပါ။ ဒေါက်တာ သန့်မြင့်ဦးက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ကြားမှ နယ်စပ်ကို ၁၉၈၀ နှစ်များအတွင်းတွင် ပထမဆုံးဖွင့်ခဲ့သည့်အချိန်တွင် တရုတ်နိုင်ငံသစ်၏ ပထမဆုံး သင်္ကေတမှာ ဈေးချိုသော တရုတ်ကုန်ပစ္စည်းများ လွှမ်းမိုးသွားခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ သစ်တောများသည် အညှာအတာမဲ့စွာ ခုတ်လှဲခံခဲ့ရပြီး ကြီးမားသည့် ကျွန်းနှင့် အခြားသစ်မာ သစ်လုံးများကို တင်ဆောင်ထားသည့် ရာနှင့် ချီသော လော်ရီကားများက ၎င်းတို့ကို စောင့်မျှော်နေသည့် တရုတ် သစ်စက်များဆီသို့ နေ့စဉ်သွားနေခဲ့သည်” ဟုလည်း သူက ရေးသည်။
ထိုအချိန်မှ စ၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ သဘာဝ အရင်းအမြစ်များကို ဖုန်းများ၊ မော်တော်ဆိုင်ကယ်များ၊ ပလပ်စတစ် ပစ္စည်းများနှင့် လဲလှယ်ရာတွင် ချောမွေ့မှု ရှိစေရန် ကောင်းမွန်သော လမ်းများ တည်ဆောက်ခဲ့သည်။
မြန်မာနိုင်ငံမှ မီးသွေးများကို ပစ္စည်း ၂ မျိုးထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ ဖာရိုဆီလီကွန် (ferrosilicon) နှင့် ဆီလီ ကွန် သတ္တုတို့ ဖြစ်သည်။ ပထမတခု (ferrosilicon) ကို သံမဏိ (stainless steel) ထုတ်လုပ်ခြင်း နှင့် သတ္တုစပ်များ ပြုလုပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်။ ဒုတိယ တခု (silicon metal) ကို အလူမီနီယံ သတ္တုစပ်များ၊ အီလက် ထရောနစ် ပစ္စည်းများအတွက် တပိုင်းလျှပ်ကူးပစ္စည်း (semiconductor) များ၊ ဆိုလာပြားများအတွက် အလင်းကို ဗို့အားအဖြစ် ပြောင်းပေးသည့် အခန်းငယ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်ပင် သုံးသည်။
၂ မျိုးလုံးက အလွန်မြင့်အားသည့် အပူချိန်တွင် ဓာတုဗေဒ နည်းအရ ဓာတ်ပြုခြင်းမှ ထုတ်လုပ်ခြင်း ဖြစ်သည့်အတွက် ယူနန်ပြည်နယ်တွင်းရှိ ရေကာတာများမှ ထုတ်လုပ်သည့် ဈေးနှုန်းချိုသာသော လျှပ်စစ် ဓာတ်အားလိုအပ်သည်။ ဆီလီကွန် သတ္တု ထုတ်လုပ်ရန် ကာဗွန် (မီးသွေးပုံစံမျိုး ဖြင့်) ကို မီးဖိုအတွင်းသို့ တွင်းထွက် ဆီလီကာ(silica) သတ္တုရိုင်းနှင့် အတူ ထည့်သွင်း ပေးရသည်။ ဖာရိုဆီလီကွန် ထုတ်လုပ်ရန် အတွက် ကာဗွန်နှင့် ဆီလီကာ ရောစပ်နှောနေသည့်ထဲသို့ သံ အပိုင်းအစများ ထည့်ပေးရသည်။
တရုတ်နိုင်ငံက ကမ္ဘာပေါ်မှ ဖာရိုဆီလီကွန်နှင့် ဆီလီကွန် သတ္တု ၃ ပုံ ၂ ပုံကျော်ကို ထုတ်လုပ်ပေးနေသည်။ ၎င်းတို့ထဲမှ ၄ ပုံ ၁ ပုံမှာ ယူနန်ပြည်နယ်မှ လာခြင်း ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော ဒီဟုန်ခရိုင်မှ ဖြစ်သည်။ ဆီလီကွန် ထုတ်လုပ်ရာတွင် အခြားသော ကာဗွန် အရင်းအမြစ်များကို အသုံးပြုနိုင်သော်လည်း ဒီဟုန်ခရိုင်မှ ထုတ်လုပ် သူများက မီးသွေးကို အဓိကထား အသုံးပြုကြသည့် အသွင်ရှိပါသည်။
၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံမှ Tianjin Binhai Environmental Advisory Service Center ဟု ခေါ်သည့် အစိုးရမဟုတ် သော အဖွဲ့အစည်းတခုက ဒီဟုန်ခရိုင်၏ ဆီလီကွန် လုပ်ငန်းကြောင့် ဖြစ်ရသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လေ့လာ စုံစမ်းခဲ့သည်။ ဆီလီကွန်လုပ်ငန်းကြောင့် သစ်တော အရင်းအမြစ်များကို ကြီးမားစွာ ထိခိုက်မှုဖြစ်စေခဲ့ကြောင်း ၎င်းတို့က တွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် အတွင်းတွင် ဒီဟုန်ခရိုင်မှ ဆီလီကွန်လုပ်ငန်းက မီးသွေး ၁၁၉၇၀၀ တန် အသုံးပြုခဲ့သည်ဟုလည်း ခန့်မှန်းခဲ့သည်။ အဆိုပါ ပမာဏကို ဟက်တာ ၈၀၀၀ (၃၁ စတုရန်းမိုင်) ကျယ်ဝန်းသည့် သစ်တောများ ခုတ်လှဲ ခံခဲ့ရခြင်း ဟု အဓိပ္ပါယ် ကောက်ယူနိုင်ပါသည်။
၂၀၁၆ ခုနှစ်တွင် ဆီလီကွန်လုပ်ငန်းက သုံးစွဲမှု ၂ ဆ နီးပါး တိုးလာပြီး မီးသွေး ၂၁၆၂၇၃ တန် အထိရှိလာကြောင်း Dehong Commission of Industry and Information Technology မှ ပေးသည့် အချက်အလက်များကို အခြေခံ၍ ကျနော်တို့ ခန့်မှန်းတွက်ချက်ပါသည်။
ထို ပမာဏကို ထုတ်လုပ်ရန် ဒီဟုန်မှ လုပ်ငန်းများအနေဖြင့် နှစ်စဉ် ဘောလုံးကွင်း ၁၄၀၀၀ စာနှင့် ညီမျှသော သစ်တောများကို မီးသွေးအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။ သို့သော်လည်း ဒီဟုန်ခရိုင် အတွင်းမှ သစ်တောများက ထိုကိစ္စ စိုးရိမ်ရန် အကြောင်းရှိမနေပါ။
လက်တွေ့တွင် အတော်များသော မီးသွေး ပမာဏ (အားလုံးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်) က မြန်မာနိုင်ငံမှ လာခြင်း ဖြစ်သည်။ ဆီလီကွန်လုပ်ငန်းများအတွက် ထောက်ပံ့ရေး ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီ တခု၏ ဥက္ကဌ တင်ကျန်း Ding Jian က မီဒီယာလုပ်ငန်းတခု ဖြစ်သည့် Asian Metals နှင့် အင်တာဗျူးတွင် မြန်မာနိုင်ငံမှ မီးသွေး အရင်းအမြစ်များက ယူနန်ပြည်နယ်တွင် အရည်အသွေးမြင့် ဆီလီကွန် သတ္တုများ ထုတ်လုပ်နိုင်ရန် အထောက်အကူ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ Dehong State Bureau of Statistics ၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာတစောင်တွင် ဒေသတွင်း မီးသွေး ထုတ်လုပ်ခြင်းကို တားမြစ်ပိတ်ပင်ထားသည့် အတွက် စက်မှုလုပ်ငန်းများအနေဖြင့် နိုင်ငံခြား(မြန်မာနိုင်ငံ)မှ (လျှပ်စစ်၊ ဆီလီကာ သတ္တုရိုင်းနှင့် မီးသွေး အစရှိသဖြင့်) အရင်းအမြစ်များ၏ အားသာချက်ကို အပြည့်အဝ အသုံးပြုသင့်ကြောင်း အကြံပြုထားသည်။
မြန်မာနိုင်ငံ သစ်တော ဦးစီးဌာနက လတ်တလော နှစ်များအတွင်းတွင် နိုင်ငံခြားသို့ မီးသွေးတင်ပို့မှု မရှိခဲ့ကြောင်း Mongabay သို့ ပြောသည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်းတွင် တရုတ်နိုင်ငံသို့ မီးသွေး ၁၁၆၉ တန်သာ တင်ပို့ခဲ့ ကြောင်း ဖော်ပြထားသည့် စာရွက်စာတမ်းတခုကိုလည်း ပေးသည်။ သို့သော်လည်း ထိုနှစ်များ အတွင်းတွင်ပင် ကုလသမဂ္ဂ ၏ Commodity Trade Statistics Database တွင် တရုတ်နိုင်ငံက စုစုပေါင်း မီးသွေး တန်ချိန် ၃၃၀၀၀၀ ကျော် မြန်မာနိုင်ငံမှ တင်သွင်းခဲ့ကြောင်း ကြေညာခဲ့သည်။ အနီးဆုံး ဖြစ်သည့် ၂၀၁၆ ခုနှစ် အတွင်းမှာပင် မြန်မာနိုင်ငံမှ မီးသွေး တန်ချိန် ၃၀၀၀၀ ကျော်တင်သွင်းခဲ့ကြောင်း တရုတ်နိုင်ငံက ကြေညာခဲ့သည်။ မှောင်ခိုတင်သွင်းခြင်းများလည်း ရှိနေသောကြောင့် အစစ်အမှန် ကိန်းဂဏန်းများက ယခုထက် များစွာ မြင့်မားဖွယ်ရာ ရှိပါသည်။
အနာဂတ်သစ်တောများကို ထုတ်ချေးခြင်း
မြန်မာနိုင်ငံက သစ်သားမီးသွေးများ နိုင်ငံခြားသို့တင်ပို့ခြင်းကို တားမြစ်ခြင်းအား တုန့်ဆိုင်းတုန့်ဆိုင်း ဖြင့် အကောင် အထည်ဖော်ခဲ့သည်။ ၂၀၁၆-၁၇ အတွင်းတွင် တရားမဝင် မီးသွေးတင်ပို့သည့် ကား စုစုပေါင်း ၉၁ စီးကို တားမြစ်ခဲ့ကြောင်း သစ်တော ဦးစီးဌာနက ကြေညာခဲ့သည်။ သို့သော်လည်း ၎င်းတို့ထဲမှ ၉ စီးသာ မီးသွေး ထုတ်လုပ်သည့် စစ်ကိုင်းတိုင်း အတွင်းတွင် ဖြစ်သည်။ တရုတ်နိုင်ငံသို့ သွားသည့် မီးသွေးများ ခရီးစဉ်ပြောင်းသည့် နေရာတလျှောက် ဖြစ်သော ကချင် ပြည်နယ် အတွင်းတွင် မဟုတ်ပါ။
သစ်တော ဦးစီးဌာန မှ ဦးကျော်ဇောက တရားမဝင် ကုန်သွယ်မှုက မရှိသလောက် ဖြစ်သည့် အတွက် မီးသွေးက ဦးစားပေး တခု မဟုတ်ကြောင်း အဘယ်ကြောင့် ဆိုသော် တန်းဖိုးကြီးမားခြင်း မရှိ၍ ဖြစ်ကြောင်း ပြောသည်။ “သူတို့က သူတို့နိုင်ငံ မှာ တန်ဖိုးကြီးပြီး ရှားပါးတဲ့ သစ်ကို မှောင်ခို ထုတ်ချင် ထုတ်နိုင်ပါတယ်” ဟု သူက ထပ်ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံမှ သစ်တောများ အပေါ်သို့ သက်ရောက်မှုက အစစ်အမှန် ဖြစ်ပါသည်။ ၂၀၀၀ အစောပိုင်းနှစ် များက စ၍ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ် နိုင်ငံရေး (resource politics) ကို လေ့လာခဲ့သည့် သုတေသီတဦး ဖြစ် သော Kevin Woods က “နယ်စပ်ကို ဖြတ်ကျော်မှောင်ခို ကုန်ကူးနေတဲ့ ကုန်ပစ္စည်းအများစုထက် မီးသွေးက တန်ဖိုးနည်းတာ မှန်ပေမယ့် နှစ်စဉ် လာဘ်ငွေ အဖြစ်ပေးရတဲ့ စုစုပေါင်း ပမာဏက အံ့အားသင့်လောက်စရာ ဖြစ်ပါတယ်။” ဟု Mongabay သို့ အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။
တယ်လီဖုန်း ဖြင့် ဆက်သွယ်သည့်အခါ သူက မီးသွေး ထုတ်လုပ်ခြင်းသည် မိမိနေသော အိမ်ကို ဖျက်၍ မီးသွေးဖြစ်အောင် ဖုတ်ခြင်း သို့မဟုတ် ထင်းအဖြစ် ရောင်းစားခြင်းနှင့် တူတူပင် ဖြစ်ကြောင်း ရှင်းပြသည်။ “အဲဒါက အနာဂတ် မျိုးဆက်ရဲ့ အသက်မွေးမှုကို ထိခိုက်စေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်နေတဲ့ နေရာက သစ်တောတွေကို ခုတ်ထွင်လိုက်တဲ့ အချိန်မှာ ဒေသရဲ့ ဂေဟစနစ်ကို သိသိသာသာ ပြောင်းလဲသွားစေလို့ ဖြစ်ပါတယ်။ မေးစရာ ဖြစ်လာတာက လယ်သမားတွေက တရုတ်နိုင်ငံကို မီးသွေးပို့ဖို့ သူတို့ရဲ့ ကျေးရွာ သစ်တောတွေကို ဘာဖြစ်လို့ ခုတ်လှဲနေကြတာလဲ။ အဲဒီနောက်မှာ ဘယ်လို စေ့ဆော်မှု ရှိသလဲ။ ကျနော့်ရဲ့ သုတေသန (အများစုကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်) အရ စီးပွားရေး ကျယ်ပြန့်လာတာက သူတို့ရဲ့ မြေတွေကို ထပ်မံ ဆုံးရှုံးနေရတဲ့ လယ်သမားတွေအတွက် ကသောင်းကနင်း အခြေအနေမျိုးကို ရောက်စေကြောင်း တွေ့ရှိရပါတယ်” ဟု Kevin Woods က ပြောသည်။
မီးသွေး ကုန်သွယ်ရေးတွင် ပါဝင်နေသူများကပင် သစ်တောများပေါ်သို့ သက်ရောက်မှုများ အတွက် စိုးရိမ်မှုများရှိနေကြ တယ်။ “တကယ်လို့ (မီးသွေး) ကုန်ကူးတာကို ရပ်လို့ရနိုင် ရင် ကျနော် ရပ်လိုက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကချင်ပြည်နယ်က မြေတွေက ပျက်စီးနေပြီ။ ရာသီဥတုကလည်း နှစ်တိုင်း ပြောင်းလာနေတယ်” ဟု မီးသွေး ထုတ်လုပ်သူ တဦးက ပြောသည်။ သို့သော်လည်း တရုတ်ကုမ္ပဏီများက ငွေကြေးထောက်ပံ့သည့် ရေကာတာများကဲ့သို့သော အကြီးစား စီမံကိန်းများအတွက် မြေယာ စွန့်လွှတ်ရမှုများ ပိုများလာနေသည့် အချိန်တွင် သူတို့ အနေဖြင့် သူတို့၏ သစ်ပင်များကို ဆက်လက် ခုတ်လှဲ၍ ဆက်လက်၍ မီးရှို့နေကြရဖွယ်ရာ ရှိနေပါသည်။
(psmag.com ပါ Emmanuel Freudenthal ၏ Inside Myanmar’s Incendiary and Illegal Charcoal Trade ဆောင်းပါးကို ဘာသာပြန်ဆိုသည်)