ဆောင်းပါး

အရှေ့တောင်အာရှက ဗုဒ္ဓဘာသာ သွေးဆူ လာရခြင်းအကြောင်း

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သည့် ဆယ်နှစ်ပတ်လုံး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ စိတ်ထဲတွင် ပထမဆုံးပေါ်လာသည့် ပုံရိပ်မှာ ၂၀၀၇ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ၏ ရွှေဝါရောင် တော်လှန်ရေး ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ စစ်တွေ နှင့် အခြားမြို့များ၏ လမ်းများပေါ်တွင် ထောင်နှင့် ချီသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက စစ်အစိုးရကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒုပြခဲ့ကြသည်။ အများစုက ပုန်းအောင်းနေခြင်း သို့မဟုတ် နိုင်ငံခြားသို့ ထွက်ပြေး ခြင်းများ ရှိခဲ့သော်လည်း အဆိုပါ ငြိမ်းချမ်းသော ဘုန်းတော်ကြီးများ ရှိနေဆဲ ဖြစ်ပါသည်။ သို့သော်လည်း ယနေ့ သတင်း ခေါင်းစဉ်များထဲမှ ဘုန်းတော်ကြီးများက ငြိမ်းချမ်းရေးအစား ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဟောပြောနေကြသည်။ တရားဘာဝနာ ရှုမှတ် ပွားများခြင်းအစား ပြတ်ပြတ်သားသား အရေးယူမှုကို ဟောပြောနေကြသည်။

ဗုဒ္ဓဘာသာ သွေးဆူလာသည်မှာ မြန်မာတနိုင်ငံတည်း မဟုတ်ပါ။ အခြားသော ထေရဝါဒ ဦးဆောင်သော နိုင်ငံများ ဖြစ်သည့် သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတွင်လည်း ပေါ်ထွက်လာနေသည်။ ထို ၃ နိုင်ငံလုံးတွင် ဗုဒ္ဓဘာသာဝင်များ က လူဦးရေ၌ လူများစု ဖြစ်ကြပြီး သီရိလင်္ကာတွင် ၇၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၈၈ ရာခိုင်နှုန်း နှင့် ထိုင်းနိုင်ငံတွင် ၉၃ ရာ ခိုင်နှုန်း ရှိသည်။ လူဦးရေတွင် လူများစုအဖြစ် လွှမ်းမိုး ထားနိုင်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သူတို့၏ သက်ဆိုင်ရာ နိုင်ငံများတွင် အတိုင်းအတာတခု အထိ လုံခြုံ စိတ်ချစွာ ရှိနေကြမည်ဟု တွေးပါက တွေး၍ ရနိုင်လောက်ပါသည်။

သို့သော်လည်း သွေးဆူ ဘုန်းတော်ကြီးများက ထိုသို့ မမြင်ပါ။ သူတို့က ဗုဒ္ဓဘာသာသည် ဝိုင်းရံ ပိတ်ဆို့ထားခြင်း ခံနေရပြီး ဖယ်ရှားခံရတော့မည့် အန္တရာယ်ရှိသည်ဟု ယုံကြည်နေကြသည်။ ထိုအချက်ကို ရှင်းပြနိုင်ရန် သူတို့က မွတ်ဆလင်များ သို့မဟုတ် (သီရိလင်္ကာ ကိစ္စတွင်) ဟိန္ဒူ တမီလ်များ သည် အဆိုပါနိုင်ငံများတွင် လူနည်းစုများ ဖြစ်ကြသော်လည်း နိုင်ငံ နယ်နိမိတ် အပြင်ဖက်မှ သိသာထင်ရှားသော အထောက်အပံ့များ ရရှိနေသည်ကို ထောက်ပြကြသည်။

သီရိလင်္ကာနှင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ မဟုတ်သည့် လူနည်းစုသည် ကျရောက်လာတော့မည့် ကျူးကျော်မှု၏ ရှေ့ပြေးတပ်များ ဖြစ်သည်ဆိုသည့် သဘောထားက အလွန်အားကောင်းနေသည်။ ဗုဒ္ဓဘာသာဝင်တို့၏ မြေများကို ယူဆောင်ခြင်းနှင့် ဗုဒ္ဓဘာသာကို ရှင်းလင်းဖယ်ရှားခြင်း မှ ကာကွယ်ရန် အတွက် ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရမည်ဟု ယုံကြည်ထားသည်။ အခြေခံအားဖြင့် သွေးဆူ ဘုန်းတော်ကြီးများက သူတို့၏ အသိုင်းအဝိုင်းများကို အညှာအတာ ကင်းမဲ့သော မြင့်မြတ်သည့် စစ်ပွဲ (ဘာသာရေးစစ်ပွဲ) ၏ ပစ်မှတ်များ အဖြစ် မြင်ကြသည်။ ကွဲပြားသည့် ကိုယ်ပိုင် မြင့်မြတ်သော စစ်ပွဲ ပုံစံမျိုးဖြင့် တုန့်ပြန်ရေးမှာ သူတို့၏ တာဝန် ဖြစ်သည်ဟု မြင်ကြသည်။

အကြမ်းဖက်မှုကို အကာအကွယ်ပေးခြင်း

ဗုဒ္ဓဘာသာက ခြိမ်းခြောက်မှုအောက်သို့ ရောက်နေသည်ဆိုသည့် ယူဆချက်က အဆိုပါခေါင်းဆောင်များကို အကြမ်းဖက်မှုကို အသုံးပြုခြင်းက မှန်ကန်ကြောင်း ပြသရန်လည်း အခွင့်အရေး ဖြစ်လာစေသည်။ စစ်သွေးကြွ ဘုန်းတော်ကြီးများက ဗုဒ္ဓကိုယ်တိုင်ကပင်လျှင် သူ၏ ဒကာဖြစ်သူ ပသေနဒီ ကောသလမင်း တိုက်ခိုက်ခဲ့သော စစ်ပွဲများကို ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ နားလည်မှု အနည်းငယ် ပေးခဲ့ကြောင်း ထောက်ပြခြင်းဖြင့် သူတို့၏ အကြောင်းပြမှုကို စတင်လေ့ရှိသည်။ ဗုဒ္ဓက ပသေနဒီ ကောသလမင်းကို “သူတပါးကို သတ်ဖြတ် ညှဉ်းဆဲတတ်သောသူသည် မိမိအား သူတပါး သတ်ဖြတ် ညှဉ်းဆဲခြင်းကို ခံရ၏။ သူတပါးကို အောင်နိုင်သောသူသည် မိမိအား သူတပါး အနိုင်ခံရ၏ (သံယုတ္တနိကာယ်၊ သဂါထာ ဝဂ္ဂ သံယုတ်၊ ဒုတိယ သင်္ဂါမသုတ်)” ဟု အကြမ်းဖက်ခြင်းကြောင့် အကြမ်းဖက်ခြင်းကို ဖြစ်စေနိုင်ကြောင်းသာ သတင်းစကားဖြင့် သတိပေးခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်း သီရိလင်္ကာရှိ ဆန္ဒပြပွဲတခုတွင် တွေ့ရသော ဘုန်းတော်ကြီးများ/Reuters

ယနေ့ ခေတ် သွေးဆူ ဘုန်းတော်ကြီး အများစုအတွက်မူ ဗုဒ္ဓအတွက် အကြမ်းမဖက်ခြင်းက မရှိမဖြစ် လိုအပ်သော အကြွင်းမဲ့တန်ဖိုးတခု မဟုတ် ဆိုသည့် ရှုထောင့်ကို အမိအရ ဖမ်းဆုပ်ခဲ့ကြသည်။ ရန်လို တိုက်ခိုက် အကြမ်းဖက်ခြင်းကို အသုံးပြုရန် မည်သည့်အခါတွင်မျှ ခွင့်မပြုသင့်ကြောင်း သူတို့က လက်ခံသဘောတူရန် အသင့်ရှိခဲ့သော်လည်း ငြိမ်းချမ်း၍ အကြမ်းမဖက်သော ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းတွင် ကိုယ့်ကိုယ်ကို ကာကွယ်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်ကြောင်း သူတို့က ထောက်ပြကြသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာက ရှင်သန် ရပ်တည်ရန် အန္တရာယ်ရှိနေသည့် အခြေအနေမျိုးတွင် ဖြစ်သည်။

ထိုအမြင်မျိုးက ကြာခဲ့ပြီ ဖြစ်သည်။ ဗုဒ္ဓဘာသာ လူများစု နိုင်ငံများ ပေါ်ပေါက်လာသည့် အချိန်တွင် သံဃာများ အနေဖြင့် စစ်ပွဲ အပါအဝင် အကြမ်းဖက်မှုများကို တရားမျှတကြောင်း ပြသနိုင်မည့် နည်းလမ်းများ ရှာဖွေလာခဲ့သည်။ အထူးသဖြင့် သူတို့၏ နိုင်ငံက ပြိုင်ဖက်တဦး အပေါ် ကျူးလွန်သည့်အခါတွင် ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် သက်ဦးဆံပိုင် ဘုရင်တို့၏ စေတနာ သဒ္ဒါတရားကြောင်း ဖြစ်သည်။ ဘုရင် ဖန်တီးသော ဥပဒေနှင့် အမိန့်များအောက်တွင် သာသနာက ဆက်လက်ရှင်သန်နိုင်ရန် ဖြစ်သည်။

ထိုကဲ့သို့သော တရားမျှတကြောင်း ပြသမှုမျိုး၏ အစောပိုင်း ဥပမာတခုကို သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) မှ မဟာဝံသ ကျမ်းတွင် တွေ့ရသည်။ ဟိန္ဒူတမီလ် တပ်များနှင့် တိုက်ခိုက်သည့် တိုက်ပွဲတခု အပြီးတွင် ဗုဒ္ဓဘာသာဝင် ဒုဌဂါမဏိ မင်းသည် သူကြောင့် အသက်များ သေဆုံးခဲ့ရခြင်း အတွက် နောင်တကြီးစွာ ခံစားရပြီးနောက် ဘုန်းတော်ကြီးများထံတွင် အကြံဉာဏ် တောင်းခံခဲ့သည်။ ဘုန်းတော်ကြီးများက သူ့ကြောင့် လူတယောက်နှင့် တပိုင်းသာ သေဆုံးခဲ့ရသည့်အတွက် စိုးရိမ်ခြင်း မရှိရန် ဒုဌဂါမဏိ မင်းကြီးကို ပြောခဲ့ကြသည်။ တယောက်နှင့် တပိုင်းဆိုသည်မှာ ၅ ပါး သီလတည်သူ တဦးနှင့် သရဏဂုံ ၃ ပါးတည်သူ တဦး သေဆုံးခဲ့ရသည်ကို ဆိုလိုခြင်း ဖြစ်သည်။ ကျန်သည့်သူများမှာ မိစ ္ဆာအယူရှိများ ဖြစ်သည့် အတွက် သားရဲ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း အပြစ်ထက် မပိုကြောင်း နှစ်သိမ့်ခဲ့ကြသည်။

ထိုမှတ်သားလောက်စရာ စီရင်ဆုံးဖြတ်ချက်က နောက်ကွယ်မှ ရည်ရွယ်ချက်သည် ဘာသာရေးကို ကာကွယ်ရန် ဖြစ်နေသမျှ ကာလပတ်လုံး သတ်ဖြတ်ခြင်းက ခွင့်လွှတ်နိုင်စရာ ဖြစ်ကြောင်း သွယ်ဝိုက်၍ ဖော်ပြနေသည်။ အကြမ်းဖက်မှု အသုံးပြုခြင်းကို ခွင့်လွှတ်ပေးရန် အဆိုပါ ကောက်နုတ်ချက်ကို အသုံးပြုနေကြဆဲ ဖြစ်သည်။ လတ်တလော အဖြစ်ဆုံး ကိစ္စမှာ မြန်မာနိုင်ငံတွင် ကြည်ညိုလေးစားမှုခံရသော ဦးဆောင်သံဃာတပါး ဖြစ်သည့် သီတဂူ ဆရာတော်က နိုင်ငံနှင့် ဘာသာရေးအတွက် ရန်သူများဟု ယူခြင်းခံရသူများအပေါ် လက်ရှိ ဖိနှိပ်နေမှုများကို တရားမျှတကြောင်း ပြသရန် ယင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယခုကိစ္စတွင် ရခိုင်ပြည် မြောက်ပိုင်းရှိ မွတ်ဆလင် ရိုဟင်ဂျာများကို ရည်ညွှန်းခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အတွင်း ဟောပြောပွဲတခုတွင် တွေ့ရသော ဦးဝီရသူ/ဧရာဝတီ

အုပ်ချုပ်သူတဦး သို့မဟုတ် အစိုးရတခု၏ အကြမ်းဖက်လုပ်ရပ်များကို ခွင့်လွှတ်ခြင်းက ကိစ္စတခု၊ ဘာသာတရားကို ကာကွယ်ရန် ယုံကြည်ကိုးကွယ်သူများကို တက်ကြွစွာ လှုံ့ဆော်တိုက်တွန်းခြင်းက ကွဲပြားသော ကိစ္စတခု ဖြစ်ပါသည်။ Abrahamic ဘာသာများ (ဂျူး၊ ခရစ်ယာန် နှင့် အစ္စလာမ်) မှ အမုန်းတရား ဟောပြောသူများနှင့် ယှဉ်ကြည့်လျှင် ယနေ့ခေတ် သွေးဆူ ဘုန်းတော်ကြီးများက ကြိုးတန်းလမ်းလျှောက်သလို ခက်ခဲသော အနေအထားတွင် ရှိသည်။ လူသတ်ရန် လှုံ့ဆော်ခြင်းက ဗုဒ္ဓဘာသာတွင် ရဟန်းဘဝကို ဆုံးရှုံးစေသော ပါရာဇိက ၄ ပါးတွင် ပါဝင်နေသောကြောင့် ဖြစ်သည်။ ကျူးလွန်ပါက အလိုအလျောက် ရဟန်းအဖြစ် ဆုံးရှုံးမည် ဖြစ်သည်။ ဥပမာပြရလျှင် ထိုင်းဘုန်းတော်ကြီးတပါးက ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဘုန်းတော်ကြီးတပါး အသတ်ခံရတိုင်း ဗလီတခုကို မီးရှို့သင့်ကြောင်း လူသိရှင်ကြား တောင်းဆိုခဲ့သည့် အတွက် စက်တင်ဘာလအတွင်းတွင် လူဝတ်လဲခဲ့ရသည်။

ထို့ကြောင့် သွေးဆူ ဘုန်းတော်ကြီး အများစုက အကြမ်းဖက်မှုကို ပွင့်ပွင့်လင်းလင်း တောင်းဆိုခြင်းကို သတိပြု ရှောင်ကျဉ်ကြသည်။ ယင်းအစား သူတို့က မွတ်ဆလင်ဆန့်ကျင်ရေး သဘောထားများကို မီးထိုးရန်နှင့် ခုခံကာကွယ်ခြင်း သို့မဟုတ် ဗုဒ္ဓဘာသာ ကိုးကွယ်သူကို ဦးစားပေးရေး (မွတ်ဆလင်များထံမှ ဈေးမဝယ်ရန်၊ မွတ်ဆလင်များသို့ ဈေးမရောင်းရန်၊ မွတ်ဆလင်များနှင့် မပေါင်းသင်းရန်၊ မိမိတို့ရင်သွေးများကို မွတ်ဆလင်များနှင့် လက်ထပ်ခွင့် မပြုရန်) တို့ကို ဟောပြောရန် လူထုချီတက်ပွဲများနှင့် ဆန္ဒပြပွဲများသို့ တက်ရောက်ကြသည်။ သူတို့၏ နောက်လိုက်များ အထူးသဖြင့် နိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်သူများအဖြစ် ကိုယ့်ကိုယ်ကို ခန့်အပ်ထားသည့် အဖွဲ့အစည်းများ သို့မဟုတ် ဗုဒ္ဓဘာသာ စစ်သွေးကြွများက ဟောပြောချက်များအပေါ် ကောက်ချက်ချမှုများ ပြုလုပ်နိုင်စေခဲ့သည်။

ဘုန်းတော်ကြီးများက အကြမ်းဖက်လုပ်ရပ်များ (ဥပမာ မိထ္တီလာ အရေးအခင်း) တွင် တက်ကြွစွာ ပါဝင်သည့် ပုံပြင်ဆန်ဆန် သက်သေ အထောက်အထား ရှိသော်လည်း သွေးဆူ ဘုန်းတော်ကြီး အများစုက တိုက်ရိုက် ပါဝင်ပတ်သက်မှု ဖြစ်မလာအောင် ရှောင်ရှားကြသည်။ ပါဝင်ပါက သံဃာ့ဘောင်၏ စည်းမျဉ်းများကို အလေးအနက် ချိုးဖောက်ခြင်း ဖြစ်သွားပါလိမ့်မည်။ မြန်မာနိုင်ငံမှ မွတ်ဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဦးဆောင်သည့် ဘုန်းတော်ကြီး တပါးဖြစ်သော အရှင်ဝီရသူက သိမ်မွေ့သော ထိုကဏ္ဍကို (၂၀၁၇ ခုနှစ် မေလ ၁၂ ရက်တွင် ဖော်ပြခဲ့သော The Guardian သတင်းစာတွင်) ပါးနပ်စွာ ရှင်းပြသည်။ “ဘုန်းကြီးက လူတွေကို မွတ်ဆလင်တွေရဲ့ အကြောင်း သတိပေးရုံပဲ ပေးတာပါ။ တကယ်လို့ ခင်ဗျားမှာ ခွေးတကောင် ရှိတယ်ဆိုပါတော့၊ ခင်ဗျား အိမ်နားကို လူစိမ်းလာရင် သူက ဟောင်လိမ့်မယ်။ အဲဒါ ခင်ဗျားကို သတိပေးတာပဲ။ ဘုန်းကြီးက အဲဒီခွေးလိုပါပဲ။ ဘုန်းကြီး ဟောင်တယ်။”

၂၀၁၅ ခုနှစ် သံဃာအစည်းအဝေးတခုတွင် တွေ့ရသော သီတဂူဆရာတော်/ဧရာဝတီ

ယခုုကဲ့သို့ စစ်သွေးကြွ ထေရဝါဒ ဗုဒ္ဓဘာသာ ပေါ်ထွက်လာခြင်းကို လူမျိုးရေး၊ လူမှုရေးနှင့် စီးပွားရေး အကြောင်းများအရ ရှင်းပြနိုင်သော်လည်း သွေးဆူ ဘုန်းတော်ကြီးများက မြင်သည့် အမြင်အရမူ ဘာသာရေးကြောင့် ဖြစ်သည်။ သဘာဝအရင်းအမြစ်များ သို့မဟုတ် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန် မဟုတ်ပါ။ သို့သော်လည်း ခုခံကာကွယ်သော မြင့် မြတ်သည့် စစ်ပွဲတခု သို့မဟုတ် ဓမ္မ ယုဒ္ဓယ က ၁၂ ရာစုတွင် အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် နာလန္ဒတက္ကသိုလ်မှ ဗုဒ္ဓစာကြည့်တိုက် ဖျက်ဆီးခံရခြင်းမှသည် ၂၀၀၁ ခုနှစ်တွင် အာဖဂန် နစ္စတန်မှ ထင်ရှားသော ဘာမီယန် ဗုဒ္ဓဆင်းတုတော်များကို တာလီဘန်တို့က ဖျက်ဆီးလိုက်ခြင်းအထိ ရာစုနှစ်များစွာအတွင်း ဗုဒ္ဓဘာသာကို ရန်လိုသော ဘာသာရေးစစ်ပွဲ (jihad) တခုအား တုန့်ပြန်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ သမိုင်းကို ရိုးရှင်းစွာ လေ့လာခြင်းက အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင် ဆမ်မြူယယ်လ် ဟန်တင်တန် Samuel P. Huntington ၏ “ယဉ်ကျေးမှုများ တိုက်ခိုက်ကြခြင်း” “clash of civilizations” သီအိုရီကို အမှတ်ရဖွယ် ဖြစ်သလို ယခုအချိန်သည် ငြိမ်းချမ်းစွာ တရားရှုမှတ်ရမည့် အချိန်မဟုတ်ဘဲ ပြတ်ပြတ်သားသား လှုပ်ရှားရမည့် အချိန် ဖြစ်သည်ဆိုသော စစ်သွေးကြွ ဘုန်းတော်ကြီးတို့၏ ယုံကြည်မှုကို အားဖြည့်ပေးနေသည်။ လက်ရှိ အချိန်တွင် အကြမ်းဖက်မှုက အကြမ်းဖက်မှုကိုသာ ဖြစ်စေသည်ဆိုသော ဗုဒ္ဓ၏ သတိပေး စကားကို မကြားကြတော့သည့် အသွင်ရှိပါသည်။

(Peter Lehr သည် စကော့တလန်နိုင်ငံ၊ St Andrews တက္ကသိုလ်၊ အကြမ်းဖက်ဝါဒလေ့လာရေး ဌာနမှ ကထိက ဖြစ်ပါသည်။ theconversation.com ပါ ၎င်း၏ Militant Buddhism is on the march in South-East Asia – where did it come from? ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading