အာဆီယံက ဒေါ်နယ်ထရမ့်နှင့် တွေ့သည်။ ဒေါ်နယ်ထရမ့်က အာဆီယံ နှင့်တွေ့သည်။ မဟာ အမွှေစိန်ကြီးနှင့် ကမ္ဘာပေါ်တွင် ငြီးငွေ့စရာ အကောင်းဆုံး၊ သံခင်းတမန်ခင်း ကျင့်ဝတ်များကို သတိအထားဆုံး ဒေသတွင်း အဖွဲ့အစည်းတခုတို့ တွေ့ဆုံမှုတွင် မည်သူက အနိုင်ရရှိလိမ့်မည်နည်း။
ဒေါ်နယ်ထရမ့်ဘက်က ကျနော် မလောင်းပါ။
အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ (ASEAN) ၏ အစည်းအဝေးတခုကို တက်ရောက်ခြင်းက ပျစ်ခဲနေသော သကာရည်ထဲတွင် နောက်ပြန် လမ်းလျှောက်ရန် ကြိုးစားခြင်းနှင့် တူပါသည်။ ခဏလေးနှင့် အရှုံးပေးပြီး မျှောလိုက်သွားမိမည် ဖြစ်သည်။ လူကြမ်းလူရမ်းကြီး ဒူတာတေးပင်လျှင် အာဆီယံ၏ အဆုံးမရှိသော အိပ်ငိုက်ချင်စရာ အစည်းအဝေးပွဲများတွင် ထိန်းထိန်းသိမ်းသိမ်း နေရသည်။
လွန်ခဲ့သည့် ၁ နှစ်ကျော်လောက်က (ယခု စာဖတ်သူများ ဖတ်ရှုနေကြသော) ကျနော်၏ ပင်တိုင် စာမျက်နှာကို Ceritalah ASEAN (ကျနော့်ကို ဇာတ်လမ်းတခု ပြောပြပါ အာဆီယံ) ဟု စတင်ရန် စိတ်ကူးတခု ရရှိခဲ့ပါသည်။ လူဦးရေ သန်း ၆၅၀ ရှိသည့် ဒေသတလွှားမှ သာမန်ပြည်သူများနှင့် တွေ့ဆုံခြင်းနှင့် အင်တာဗျူးခြင်းတို့က အမှန်ပင် စိတ်လှုပ်ရှားစရာ ကောင်းမည့် အသွင်ရှိသည်။
သို့သော်လည်း ပုသိမ် မှသည် နမ်ဒင်း Nam Dinh (ဗီယက်နမ်)၊ မနာဒို Manado(အင်ဒိုနီးရှား) နှင့် ဘာကိုလော့ Bacolod (ဖိလစ်ပိုင်) အထိ လယ်သမားများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဧည့်လမ်းညွှန်များ၊ နေ့စား အလုပ်သမားများ၊ ကျောင်းဆရာ/ဆရာမ များ၏ စကားများကို လိုက်လံနားထောင်မှတ်သားရင်း လက်တွေ့လုပ်ကြည့်သောအခါ ကျနော် အမှားအယွင်း အနည်းငယ် လုပ်ခဲ့မိကြောင်း စတင် သဘောပေါက်လာခဲ့သည်။
အရှေ့တောင်အာရှက တက်ကြွ၍ ဆွဲဆောင်မှုရှိသည်။ သက်ဝင်လှုပ်ရှားနေသည်။ နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်သည့် အာဆီယံကမူ ငြီးငွေ့ဖွယ်ကောင်းလောက်အောင် ဟိတ်ဟန်များပြီး အသက်မဲ့နေသည်။
အခြေခံအားဖြင့် အာဆီယံက အရှေ့တောင် အာရှကို စိတ်ဝင်စားစရာ ဖြစ်အောင် လုပ်ပေးမည့် အရာအားလုံး နှင့် ပြောင်းပြန် ဖြစ်နေသည်။
အရှေ့တောင် အာရှ၏ လမ်းများက ဆူညံလှုပ်ရှားနေပြီး ခန့်မှန်း၍ မရနိုင်ပါ။
သို့သော်လည်း အာဆီယံက လက်ရွေးစင် ထိပ်တန်းများကို ဦးစားပေးသည်။ အဆင့်မြင့် ဇိမ်ခံ ဟိုတယ်များ၊ အပန်းဖြေ စခန်းများနှင့် ညီလာခံခန်းမများတွင် သက်တောင့်သက်သာ အရှိဆုံးဖြစ်သည်။ အစည်းအဝေးပွဲများက စနစ်တကျ ထိန်းကျောင်းထားသော စကားပြောပွဲများ ဖြစ်သည်။
ထို့ကြောင့် ကျနော်တို့ဒေသ၊ ပြည်သူများနှင့် သူတို့၏ ဇာတ်ကြောင်းများက ကျနော့်ကို နက်ရှိုင်းစွာ ညို့ယူထားဆဲ ဖြစ်သော်လည်း ယခု အစည်းအဝေး၏ ခန်းလုံးပြည့် ဗျူရိုကရက်များ အတွက် စိတ်အားထက်သန်မှု ထားရှိရန် အလွန်ပင်ခက်ခဲကြောင်း ကျနော် တွေ့ရှိခဲ့ရပါသည်။
စီးပွားရေး အတိုင်ပင်ခံ ကုမ္ပဏီတခု ဖြစ်သည့် McKinsey က ၂၀၅၀ ခုနှစ်၌ ကမ္ဘာ့ပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး ဖြစ်လာမည်ဟု ခန့်မှန်းခဲ့သော အရှေ့တောင် အာရှ၏ ကြီးမားသော၊ ဖွံ့ဖြိုးလာနေသော စီးပွားရေး (၂၀၁၃ ခုနှစ်တွင် စုစုပေါင်း GDP အမေရိကန် ဒေါ်လာ ၂.၄ ထရီလီယံ ရှိခဲ့သည်) က အကန့်အသတ်မဲ့ အလားအလာများ ရှိသည်ဟု ကျ နော် တွေးနေဆဲ ဖြစ်ပါသည်။
သို့သော်လည်း ရိုးသားစွာ ပြောရလျှင် အာဆီယံတွင် ရင်ခုန်စရာ မရှိ။ လုံးဝမရှိ သုညဖြစ်သည်။ ဒူးရင်းသီး စားသည့် အလေ့အထကို တူညီသော ပုံစံဟု သတ်မှတ်လိုက သတ်မှတ်နိုင်မှုမှ လွဲလျှင် စိတ်ခံစားချက်ချင်း ဆက်သွယ်မှု မရှိပါ။
ကျနော်တို့၏ သဘောမတိုက်ဆိုင်မှုဟု ဆိုနိုင်သည့် အကြောင်းများ (များသောအားဖြင့် တောင်တရုတ်ပင်လယ် ကိစ္စနှင့် ပတ်သက်၍) ကပင်လျှင် ကျနော်တို့၏ ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ပထဝီ နိုင်ငံရေးနှင့် စီးပွားရေးသြဇာ လွှမ်းမိုးမှု တိုးလာသည်နှင့် အမျှ ကြိုတင်ခန့်မှန်းနိုင်သော အရာများ ဖြစ်ပါသည်။
ထို့ကြောင့် အာဆီယံနှင့် ပတ်သက်သည့် (မဟာဆောင်းပါး အများအပြားများ အပါအဝင်) မည်သည့်စာအုပ်ကိုမဆို အိပ်မပျော်သည့်ရောဂါကို ပျောက်ကင်းစေမှာ သေချာသည့် ဆေးဝါးအဖြစ် ကျနော် ထောက်ခံချက်ပေးရပါလိမ့်မည်။
ပို၍ အလေးထားရမည်များ ရှိသည်။ အာဆီယံအနေဖြင့် အခြေခံ အဆောက်အဦးနှင့် သန်းပေါင်း ၆၅၀ သော ပြည်သူများထဲမှ အများစုအတွက် အရေးတကြီး လိုအပ်နေသည့် အလုပ်အကိုင်နေရာများ အမှန်တကယ် မပံ့ပိုးပေးနိုင်ခဲ့ပါ။ အဆိုပါ တာဝန်က နိုင်ငံတခုချင်းစီ၏ ပုခုံးပေါ်မှာ ကြီးလေးစွာ ရှိနေဆဲ ဖြစ်ပါသည်။
ထို့ပြင် လူဦးရေ သန်း ၆၅၀ ထဲမှ အင်အား အနည်းဆုံးသူများ (အတော်များများကို ကျနော်၏ ဆောင်းပါးများမှ တဆင့် စာဖတ်သူများ တွေ့ခဲ့ပြီး ဖြစ်ပါသည်) အထူးသဖြင့် ဒေသတွင်းမှ ရွှေ့ပြောင်းလုပ်သားများကို နှိပ်စက်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ တရားဥပဒေမဲ့ ပြုမူနေခြင်းတို့မှ ကာကွယ်ပေးရန်ကိုပင် အနည်းငယ်မျှသာ လုပ်နိုင်ခဲ့သည်။
နောက်တကြိမ် သုည ဖြစ်ပါသည်။
ထို့ကြောင့် မနီလာတွင် ကျင်းပရန် ရှိသည့် အစည်းအဝေးများသည် အာဆီယံ နှစ် ၅၀ ပြည့်ဖြစ်ပြီး ဒေါ်နယ်ထရမ့်က လည်း အခမ်းအနား တလျှောက်လုံးနီးပါး ရှိနေသည့်တိုင် ကျနော့်စိတ်ကို လှုပ်ရှားအောင် မစွမ်းနိုင်ပါ။
ဝါးကနဲ သန်းမိသည်။
ဟောက်သံများ မြိုင်ဆိုင်လှသော ဤအာဆီယံ အစည်းအဝေးပွဲများကြောင့် အာရှခေါင်းဆောင်များနှင့်အတူ အာဆီယံ မိတ်ဖက်များနှင့်လည်း တွေ့ဆုံရမည့် အရှေ့အာရှထိပ်သီး အစည်းအဝေးတက်ရန် လာမိသူအတွက် လုံးလုံးလျားလျား နောင်တများ ခံစားသွားရပါလိမ့်မည်။
ပွင့်လင်းစွာ ပြောရလျှင် ခမ်းနားစွာ ပြင်ဆင်ထားသည့် အစီအစဉ်များ အတွင်း ဒေါ်နယ်ထရမ့် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ အကြောင်းမဟုတ်ပါ။
နိုင်ငံခြားရေး မူဝါဒ ပညာရှင်များကမူ ဒေါ်နယ်ထရမ့် တက်ရောက်ခြင်းက အမေရိကန်သည် အာရှ-ပစိဖိတ် ဒေသတွင်းမှ ပြန်လည်ဆုတ်ခွာနေခြင်း မဟုတ်ကြောင်း သေချာစေရန် ဖြစ်သည်ဟု ငြင်းချက်ထုတ်ကြပါလိမ့်မည်။ သို့သော် ယင်းသည် တကယ်ပင် အရေးကြီးပါသလား။
ဒေသတွင်းတွင် အမေရိကန် (ထိုနည်းတူ တရုတ်) ၏ အာဏာနှင့် သြဇာလွှမ်းမိုးမှုကို တိုင်းတာသော ဘာရိုမီတာက ပျင်းရိစရာ စကားပြောပွဲများသို့ ၎င်း ခေါင်းဆောင်များ တက်ရောက်ခြင်း ရှိ မရှိ နှင့် အိမ်ရှင်နိုင်ငံ၏ ရိုးရာ အဝတ်အစားများဖြင့် ကိုးယို့ကားယား “မိသားစု ဓာတ်ပုံ” ရိုက်ကြခြင်းတို့ပေါ်တွင် မူတည် မနေပါ။
“ဒါပေမယ့် အဲဒါက လူတွေရဲ့ အမြင်နဲ့ ဆိုင်တယ်” ဟု လူတွေက ပြောကြသည်။
ကျနော့်ကို ယုံပါ။ ယခုကိစ္စသည် အမှန်တကယ်ပင် လူများ၏ အမြင်နှင့် (အနည်းဆုံး ရေရှည်တွင်) လုံးဝ မဆိုင်သည့် ကိစ္စတခု ဖြစ်ပါသည်။
ဒေသ၏ ငြိမ်းချမ်းရေး၊ တိုးတက်အောင်မြင်ရေးနှင့် ဂုဏ်သိက္ခာရှိရေးက ထိပ်သီးအစည်း အဝေးတိုင်းတွင် အရေးအပါဆုံး ဖြစ်သည်ဟု ကျနော်တို့ ယုံကြည်နေမှုများ ရပ်တန့်သွားသည့် အချိန်တွင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
အာဆီယံ အပေါ်တွင် ကျနော် ပြင်းပြင်းထန်ထန် ဝေဖန်နေမိခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
အဆုံးတွင်မူ အာဆီယံက ဆယ်စုနှစ်များစွာအတွင်း ၁၉၆၇ ခုနှစ် ဘန်ကောက်ကြေညာချက်မှ တဆင့် စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက ရည်ရွယ်ချက်အတိုင်း အရှေ့တောင်အာရှကို ယခင်က ထက်စာလျှင် ငြိမ်းချမ်းအောင်၊ ဘက်လိုက်မှု မရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။
ထို့ပြင် အနည်းဆုံးတော့ အာဆီယံ၏ သံတမန်ရေးရာ အစီအစဉ်များနှင့် ပတ်သက်၍ ပျင်းရိဖွယ်ရာ ဖြစ်ခြင်းက ကောင်းခြင်းတခုလည်း ဖြစ်နေနိုင်ပါသည်။
အာဆီယံ အဖွဲ့ ပထမဆုံး သန္ဓေတည်ခဲ့သော စစ်အေးတိုက်ပွဲ မြင့်မားနေသည့်အချိန်တွင် အရှေ့တောင်အာရှသည် ဗီယက်နမ်မှသည် ကမ္ဘောဒီးယား၊ မလေးရှားနှင့် အင်ဒိုနီးရှား အထိ နေရာတိုင်းတွင် မယုံကြည်မှုများ၊ သံသယများ၊ ပဋိပက္ခများနှင့် မတည်မငြိမ် ရှိနေခဲ့သည်။
အာဆီယံက နိုင်ငံများကို အတူတကွရှိစေရန်၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်စေရန် ကြားနေသော ပလက်ဖောင်းတခုကို ပေးခဲ့သည်။
အဖွဲ့၏ အဓိက လုပ်ငန်းစဉ်တွင် အင်ဒိုနီးရှားနှင့် အင်ဒိုချိုင်းနား နိုင်ငံများ ပုံမှန် အနေအထား ဖြစ်လာစေရေးက ခက်ခဲ၍ ရှည်ကြာပြီး ငြင်းခုံရသော ဖြစ်စဉ်တခု ဖြစ်ခဲ့သည်။
ငြီးငွေ့ဖွယ်ကောင်းသော၊ ပြင်ဆင်ရန် မလွယ်ကူသော (ကြေညာချက်များ၊ ကြိုတင် ပြင်ဆင်ထားသည့် မိန့်ခွန်းများ ကဲ့သို့သော) အာဆီယံ၏ လုပ်ငန်းစဉ်များက ကျနော်တို့၏ ခေါင်းဆောင်များကို အတိုင်းအတာ တခုအထိ ပင်ပန်းနွမ်း နယ်စေပြီး သူတို့တွင် စွမ်းအင်မရှိတော့ခြင်း သို့မဟုတ် အစီအစဉ်များနှင့် ပတ်သက်၍ တယောက်ကို တယောက် ဆန့်ကျင်ရန် စိတ်ဝင်စားမှုများ မရှိတော့ခြင်းများပင် ဖြစ်တတ်သည်။
ထိုအစား သူတို့ လုပ်ချင်သည်မှာ (အစည်းအဝေးခန်းထဲမှ) လွတ်မြောက်ရေး ဖြစ်ပါသည်။
ထိုမျှဖြင့် ဒေသတွင်းမှ ကျနော်တို့အတွက် လုံလောက်နေပုံရသည်။
ကျနော်တို့ အနေဖြင့် အာဆီယံ အတွင်းတွင် မည်သို့ ရှိနေသည်ဖြစ်စေ စီးပွားရေးလုပ်ငန်းချင်း၊ မီဒီယာချင်း၊ ပြည်သူချင်း ဆက်သွယ်မှု၊ ဆက်ဆံမှုများ တည်ဆောက်ခြင်းကို အလေးပေးနိုင်ပါသည်။ အလေးပေးသင့်ပါသည်။
ဒေသတွင်း (အထူးသဖြင့် အရှေ့တောင် အာရှအတွင်း) ပေါင်းစည်းရေးကို အောက်ခြေက စ၍ မောင်းနှင်ရမည် ဖြစ်သည်။
ထို့ကြောင့် အလွန် လိမ္မာပါးနပ်အောင် ကြိုးစားနေရန် မလိုပါ ဒေါ်နယ်ထရမ့်ခင်ဗျား။
အောင်ပွဲကို ဆွတ်ခူးခြင်း၊ အများ၏ အားပေးချီးမြှောက်မှု ရယူခြင်းနှင့် အမှတ်ရယူခြင်းတို့အတွက် အာဆီယံက ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်ပါသည်။
ဒူးရင်းသီး တလုံးကို ယူပြီး ထောင့်က ထိုင်ခုံသို့ သွားနေလိုက်ရုံသာ။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)