၉။ မူးယစ်ဆေးဝါးများ
မောင်တော ဒေသမှ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်သို့ မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှုသည် များမကြာမီ နှစ်များ အတွင်း မြင့်တက်လာသည်ဟု ဆိုပါသည်။
၂၀၁၆ ခုနှစ်အတွင်း နယ်စပ်တလျှောက် မူယစ်ဆေးဝါး မက်သာဖီတမင်း ခေါ် ရာဘဆေးပြား အမြောက်အများ ဖမ်းဆီးရမိ နေသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့် တပ်မတော် (AA) နှင့် ARSA (Arakan Rohinja Salvation Army ) တို့သည် ၎င်းတို့လှုပ်ရှားမှု များကို မူးယစ်ဆေးဝါးမှ ရသည့် ငွေကြေးများဖြင့် ဆောင်ရွက်နေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ကော်မရှင်က ဆိုပါသည်။
အစိုးရ ဝန်ထမ်းများသည်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ပါဝင်မှုများရှိသည်ဟူသည့် စွပ်စွဲချက်များ ရှိနေသည်ဟု ဆိုပါသည်။
ထိုအခြေအနေ အောက်တွင် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုကို အလေးထား တိုက်ဖျက်ရန် ကော်မရှင်က တိုက်တွန်း ထားပါသည်။
၁၀။ နိုင်ငံရေးကဏ္ဍနှင့် လူမှုအဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှု နှင့် ကိုယ်စားပြုမှု
ရခိုင်ပြည်နယ်ရှိ လူမျိုးစုအားလုံးသည် နိုင်ငံရေးကဏ္ဍတွင် ကိုယ်စားပြုနိုင်ခြင်းမရှိဟု ကော်မရှင်က သုံးသပ်ပါသည်။ ဒေသ အတွင်းရှိ လူ့အဖွဲ့အစည်းများအနေနှင့် မိမိတို့ဘဝများအပေါ် သက်ရောက်မှုရှိသည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို လွှမ်းမိုးမှု တစုံတရာ မပြုနိုင်သည့်အပြင် မိမိတို့ မကျေနပ်ချက်များအား ထုတ်ဖော် ပြောနိုင်ရန် နည်းလမ်းအနည်းငယ်သာ ရှိသည်။
အဓိကအားဖြင့် ဤစိန်ခေါ်မှုသည် ၂၀၀၈ အခြေခံဥပဒေ အရ ပြည်ထောင်စုနှင့် ပြည်နယ်များကြား ဆက်ဆံရေးပုံစံကြောင့် ဖြစ်လာခြင်းဖြစ်သည်ဟု ကော်မရှင်က ဆိုပါသည်။
အရေးကြီးသည့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စများတွင် ပြည်နယ်လွှတ်တော်တွင် ဆုံးဖြတ်ခွင့်မရှိဘဲ ပြည်ထောင်စု အဆင့်တွင်သာ ဆုံးဖြတ်ခွင့်ရှိပါသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင် အမျိုးသား ပါတီ (ANP) ပါတီသည် ရခိုင်ပြည်နယ် လွှတ်တော်တွင် အနိုင်ရရှိခဲ့သော် လည်း ဝန်ကြီးချုပ် ခန့်အပ်ခြင်းသည် ဗဟိုအစိုးရ လုပ်ပိုင်ခွင့်ဖြစ်ပြီး အများစုနိုင်သည့် ပါတီမှ မဟုတ်၍ နိုင်ငံရေးကဏ္ဍတွင် အရေးပါသောနေရာတွင် ရခိုင်တို့အား ပါဝင်ခွင့်မပြုဟူသော အမြင်မျိုး ပိုရစေသည်ဟု ကော်မရှင်က ဆိုပါသည်။
၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သည် အရေးပါသော ဝန်ကြီးဌာန တချို့နှင့် ပြည်နယ် အုပ်ချုပ်ရေးကို တာဝန်ယူ သည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ချုပ်ကိုင်ထားပါသည်။
တပ်မတော်က ခန့်အပ်သော ဝန်ကြီးများသည် သမ္မတလက်အောက် ဗဟိုအစိုးရ အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ရသော်လည်း အရပ်ဘက်နှင့် တပ်မတော်ကြား အာဏာ အဆင့်ဆင့် ခွဲဝေကျင့်သုံးမှု ရှိပါသည်။
သို့သော် လုပ်ပိုင်ခွင့်များ ရှင်းလင်းမှု မရှိသဖြင့် ရခိုင်ပြည်နယ်ရှိ အလွန်ရှုပ်ထွေးသည့် ပြဿနာများကို ဖြေရှင်းရန် အခက် အခဲများ ရှိလာသည်ဟု ကော်မရှင်က ဆိုပါသည်။
ထို့အတူ မွတ်စလင် လူ့အဖွဲ့အစည်းကလည်း နိုင်ငံရေး၊ လူမှုရေး ကဏ္ဍများတွင် ကိုယ်စားပြုမှု ရှိရန်လိုသည်ဟု ထောက်ပြ ပါသည်။
ရခိုင်ပြည်နယ်ရှိ အရပ်ဘက် လူ့အဖွဲ့အစည်း တချို့သာ အချိန်ပြည့်ဝန်ထမ်း၊ ရုံးခန်း၊ လိုအပ်သည့် ရန်ပုံငွေနှင့် ရည်ရွယ် ထားသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် အနေထားရှိသည်ဟုဆိုပါသည်။
ထို့အပြင် သင်တန်း အခွင့်အလမ်းနည်းပါးပြီး နည်းပညာနှင့် ကျွမ်းကျင်မှု မရှိဟု ကော်မရှင်က ဆိုပါသည်။
၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေခုံရုံးမှ ယာယီသက်သေခံကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မရှိဟု ဆုံးဖြတ် ပြီးနောက် ရခိုင်ပြည်နယ်ရှိ မွတ်စလင်များ အနေနှင့် ပြည်နယ်နှင့် ပြည်ထောင်စု အဆင့်တွင် နိုင်ငံရေးအရ ကိုယ်စားလှယ် ထားနိုင်ခြင်းမရှိဟုလည်း ကော်မရှင်က ဆိုပါသည်။
ထို့အပြင် နိုင်ငံသားများသာ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်သဖြင့် ရခိုင်ပြည်နယ်မှ မွတ်စလင်များ အစိုးရ ယန္တရားတွင် ပါဝင်ခွင့်မရှိပါ။ မကြာသေးခင်က မွတ်စလင် ရွာများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများအား မွတ်စလင်များကို စတင် ခန့်အပ်ထားသော်လည်း အရေအတွက် နည်းသေးသည်။
အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မွတ်စလင်များအား ARSA အကြမ်းဖက်သမားများက သတ်ဖြတ်မှုများ ပြုလုပ် ခြိမ်းခြောက်မှုများ ရှိနေကြောင်းလည်း ကော်မရှင်က ဆိုပါသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် မွတ်စလင် အရပ်ဘက် လူ့အဖွဲ့အစည်းများ မရှိဟု ကော်မရှင်က ထောက်ပြပြီး ပြည်သူများ၏ နိုင်ငံရေးနှင့် လူမှုရေးကဏ္ဍတွင် ပါဝင်မှု ကန့်သတ်ခံထားရသည်ဟုလည်း ဆိုပါသည်။
မြန်မာ တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုထားသည့် ကမန်လူမျိုးပင် ရခိုင်ပြည်နယ်တွင်း အရပ်ဘက် လူ့အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်နိုင်ခြင်းမရှိဟု ကော်မရှင်က ဆိုသည်။
အခြားတိုင်းရင်းသား မျိုးနွယ်စုနှင့် ဘာသာရေး အုပ်စုများဖြစ်သည့် ချင်း၊ ဒိုင်းနက်၊ မြို ၊ မရမာကြီး၊ ခမီ၊ သက်နှင့် ဟိန္ဒူ ဘာသာဝင်များသည် အလေးထား ဆက်ဆံခံရခြင်းမရှိဘဲ အပယ်ခံများအဖြစ် ရှိနေသည်ဟုလည်း ကော်မရှင်က ဆိုပါ သည်။
အစိုးရဝန်ထမ်း အတွင်းတွင်လည်း ကိုယ်စားပြုမှု အလွန်နိမ့်ကျလျက်ရှိသည်ဟု ဆိုပါသည်။ ထိုမညီမျှမှုကို ဖြေရှှင်းသည့် နည်းလမ်းတခုမှာ ပြည်နယ် လူဦးရေ၏ ဝ.၁ ရာခိုင်နှုန်း အထက်ရှိပါက တိုင်းရင်းသားရေးရာ ဝန်ကြီး ရွေးချယ်ခွင့် ပေးခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ် အမြောက်အများမှ ထိုသတ်မှတ်ချက်ကို ကျော်လွန်သော်လည်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တွင် ချင်းလူမျိုးကို ကိုယ်စားပြုသည့် တိုင်းရင်းသားရေးရာ ဝန်ကြီး တဦးသာ ခန့်အပ်နိုင်သည်ဟု ကော်မရှင်က ထောက်ပြပါသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံရေးကဏ္ဍနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများတွင် အမျိုးသမီး ကိုယ်စားပြုမှုလည်း အားနည်း သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလည် ၃ ဦးသာ ပါဝင်နိုင်သည်ကို တွေ့ရသည်။ အုပ်ချုပ်ရေးပိုင်းတွင် ကျေးရွာအုပ်စုမှ ခရိုင်အဆင့်ထိ အမျိုးသမီးတဦးမှ မရှိပါ။ ရခိုင်ပြည်နယ် အမျိုးသမီး အခွင့်အရေး ဦးစားပေး ဆောင်ရွက်သည့် အမျိုးသမီး အရပ်ဘက် အဖွဲ့အစည်းများအနေနှင့် အမျိုးသမီးများအကျိုးကို အတိုင်းအတာ တခုထိ ဆောင်ရွက်နိုင်သော်လည်း မူဝါဒချမှတ်သည့် အပိုင်းတွင် ထိရောက်စွာ ပါဝင်နိုင်ခြင်းမရှိဟု ကော်မရှင်က ထောက်ပြပါသည်။
၁၁။ လူ့အဖွဲ့အစည်းများကြား ပေါင်းစည်းရေး
ရခိုင်ပြည်နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းအတွင်း လူမျိုးရေးကို အခြေခံသည့် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်မည်ကို စိုးရိမ် လျက်ရှိပြီး အပြန်အလှန် မယုံကြည်မှုများ တိုးပွားနေသည်ဟု ကော်မရှင်က ထောက်ပြပါသည်။
အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ပို၍ ထိုအခြေအနေကို တွေ့ရသည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ် က ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုများအပြီး ဆယ်စုနှစ်များစွာ တည်ဆောက်ထားသော စီးပွားရေး၊ လူမှုရေး ဆက်ဆံမှုများ ပျက်ပြားသွားခဲ့သည်။ နှစ်အနည်းငယ်အကြာတွင် တဖန်ပြန်၍ တိုးတက်လာသော်လည်း ၂၀၁၆ အကြမ်းဖက် တိုက်ခိုက်မှုများအပြီး ပြန်လည် ပျက်စီးသွားသည်ဟု ကော်မရှင်က ထောက်ပြပါသည်။
ထို့ပြင် အစိုးရကလည်း ထိုလူ့အဖွဲ့အစည်းနှစ်ရပ်အား သီးခြားစီထားမှ လုံခြုံမှု နှင့် တည်ငြိမ်မှု ရှိမည်ဟူသည့် ယူဆချက် အား လက်ကိုင်ထား၍ သီးခြားစီထားရေးကို အားပေးခဲ့သည်ဟု ဆိုသည်။
သို့သော် ၂၀၁၆ ခုနှစ် ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော်လည်း ၂၀၁၂ ကဲ့သို့ ရခိုင်ပြည်နယ် အခြားဒေသများသို့ ကူးစက်ခြင်းမရှိပါ။ လူ့အဖွဲ့အစည်း အပြန်အလှန်ဆက်ဆံမှုကို တချို့နေရာများတွင် စတင်လျက်ရှိသော်လည်း ထိုကြိုးပမ်းမှုများသည် ပဋိပက္ခများ ချုပ်ငြိမ်း၍ ငြိမ်းချမ်းမှုရှိအောင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်၏ လမ်းအစတွင်သာ ရှိနေသေးသည်ဟု ကော်မရှင်က ဆိုပါသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တင်းမာမှုများသည် တနိုင်ငံလုံးတွင် ဖြစ်ပေါ်နေသည့် ဗုဒ္ဓဘာသာနှင့် မွတ်စလင် များကြား တင်းမာမှုနှင့် လည်းကောင်း၊ အမုန်းစကားပြောဆိုမှု များနှင့် လည်းကောင်း ဆက်စပ်နေသည်ဟု ကော်မရှင်က ထောက်ပြပါသည်။
၁၂။ လုံခြုံရေးကဏ္ဍ
ရခိုင်ပြည်နယ် လုံခြုံ ရေးကဏ္ဍတွင် ရှုပ်ထွေးမှုများရှိနေပြီး ပထမအချက်မှာ လူမျိုးစု နှစ်စုကြား အချိန်ကြာမြင့်စွာ ရှိနေသည့် သဘောထား တင်းမာမှုများ ဖြစ်ပြီး ဒုတိယအချက်မှာ လူ့အဖွဲ့အစည်း ၂ ခုလုံးတွင် အစိုးရအား လက်နက်ကိုင် ပုန်ကန် တိုက်ခိုက်သူများ ရှိနေခြင်းဖြစ်သည်ဟု ကော်မရှင်က ဆိုပါသည်။
ယခုအချိန်တွင် ပိုမိုပြင်းထန်သည့် အကြမ်းဖက်ပဋိပက္ခများ ဖြစ်စေနိုင်သည့် အဓိက အချက်အားလုံးဖြစ်သည့် လူ့ အဖွဲ့ အစည်း များအတွင်း ကျယ်ကျယ်ပြန့်ပြန့် ကြောက်ရွံ့နေမှုများ၊ ကျယ်ကျယ်ပြန့်ပြန့် ဒေါသထွက်နေမှုများနှင့် မတရားသော နည်းလမ်းများဖြင့် ထိခိုက်နစ်နာအောင် အလုပ်ခံနေရသည်ဟူသော အချက်များ ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်းများ အတွင်း ရှိနေသည်ဟု ကော်မရှင်က ဆိုပါသည်။
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်များ ပေါ်ထွက်ခြင်း၊ အစိုးရနှင့် ဆက် စပ် နေသည့် မွတ်စလင်များ အသတ်ခံရနေမှုများသည် မွတ်စလင် စစ်သွေးကြွများ လက်ချက်ကြောင့် ဖြစ်သည် ဆိုသည့် စွပ်စွဲချက်ကြောင့် မွတ်စလင် လူ့အဖွဲ့အစည်းအတွင်း စုစည်းမှု ပြိုကွဲခြင်းတို့ ဖြစ်ပေါ်နေသည်ဟု ဆိုပါသည်။
မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်း၏ ကြားစခန်းဖြစ်နေ၍ ဥပဒေမဲ့ လုံခြုံမှုမဲ့ ဒေသဟု အများက ပို၍ ထင်မြင်လာကြသည်ဟု လည်း ကော်မရှင်က ဆိုပါသည်။
ရခိုင်ပြည်နယ်ရှိ ပြည်သူများသည် လုံခြုံရေး တပ်ဖွဲ့များအပေါ် ယုံကြည်မှု နည်းပါးကြပြီး အကြမ်းဖက်မှုများကို လုံလောက် သည့် ကာကွယ်မှု မပေးနိုင်ဟု ယူဆကြပါသည်။
စစ်တမ်းတခုတွင် “ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေ ဆုတ်ယုတ်လာခြင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိသည့် အတွက်ကြောင့်”ဟု ဖြေဆိုသူမှာ ၂၀၁၅ ခုနှစ်တွင် ၂၄ ရာခိုင်နှုန် ရှိရာမှာ ၂၀၁၆ ခုနှစ်တွင် ၄၁ ရာခိုင်နှုန်း အထိ တိုးမြင့် လာခဲ့သည်ဟု ကော်မရှင်က ဆိုပါသည်။
ကော်မရှင်က လုံခြုံရေးအဖွဲ့အစည်းများ အမြောက်အများ ရှိနေသည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် ဖွဲ့စည်းပုံများ ရှုပ်ထွေးနေပြီး ပြည်သူများကြား မလိုလားအပ်သော ပြသနာများ ပေါ်စေသည်ဟု ဆိုပါသည်။
ရှုပ်ထွေးစေခြင်း၏ ပထမအချက်မှာ ပြည်နယ် လုံခြုံရေးဆိုင်ရာ တာဝန်များကို တပ်မတော်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးတွဲ တာဝန်ယူထားခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှာ နယ်စပ်ဒေသ တွင်သာ တာဝန်ယူထားခြင်း မဟုတ်ဘဲ နယ်စပ်မဟုတ်သည့် ရသေ့တောင်မြို့နယ်တွင်လည်း တာဝန်ယူထားသည်။
တတိယအချက်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အစိတ်အပိုင်းအဖြစ် ပါဝင်နေရသော လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများသည် တာဝန်အပိုများ ထမ်းဆောင်နေရသည်။
စတုတ္ထအချက်အနေနှင့် အစိုးရ မူဝါဒချမှတ်သူများ အနေနှင့် ထိုရဲတပ်ဖွဲ့နှစ်ခုသည် သီးခြားလွတ်လပ်မှု ရှိမရှိ ရှင်းလင်းခြင်း မရှိခြင်း ဖြစ်သည်။
ပဉ္စမနှင့် နောက်ဆုံးအချက် အဖြစ် ရဲတပ်ဖွဲ့များသည် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ စံနှုန်း သတ်မှတ်ချက်များ နှင့် အညီ လုပ်ဆောင်ခြင်း ရှိမရှိ စိစစ်စောင့်ကြည့်သည့် ပွင့်လင်း မြင်သာသော စနစ်တရပ် မရှိခြင်း ဖြစ်သည်ဟု ကော်မရှင်က ထောက်ပြပါသည်။
၁၃။ တရားမျှတမှု ရှိရေး
လူ့အဖွဲ့အစည်းအားလုံး တရားမျှတမှု ရှိစေရန် တရားစီရင်ရေး ကဏ္ဏရှိ နည်းလမ်းများ အသုံးပြုရန် အကန့်အသတ်များ ရှိနေ သည်။
ဥပဒေ အကောင်အထည်ဖော်မှု လုပ်ငန်းတွင် အကျင့်ပျက်မှုနှင့် လုပ်ပိုင်ခွင့် အလွဲသုံးမှုများ ဒေသတခုလုံး ပျံ့နှံ့နေပြီး အစိုးရ အရာရှိများ မတရား နိုင့်ထက်စီးနင်း ပြုမှုများ မကြာခဏကြုံတွေ့နေရပြီး အထူးသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ယူရသည့် ဒေသများတွင် ပို၍ များပြားသည်ဟု ကော်မရှင်က ထောက်ပြပါသည်။
အစိုးရ အဆက်ဆက်သည် လူအဖွဲ့အစည်း အသီးသီးအား ၎င်းတို့ ရပိုင်ခွင့်ရှိသည်များကို ရှင်းပြခဲ့ခြင်း မရှိ၍ ဒေသတွင်း ဥပဒေအား နားလည် သဘောပေါက်ကြခြင်း မရှိသည်ကို တွေ့ရသည်ဟု ဆိုသည်။
ကော်မရှင်အနေနှင့် ပြည်နယ်အတွင်း အပြုသဘောဖြစ်ပေါ် ပြောင်းလဲမှုများအတွက် တရားဥပဒေ စိုးမိုးမှု အားကောင်း လာအောင် ဆောင်ရွက်သင့်သည်ဟု ကော်မရှင်က ထောက်ပြပါသည်။
၁၄။ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု
မြန်မာအစိုးရအနေနှင့် မြောက်ဦးမြို့အား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် ဒေသတခုအဖြစ် သတ်မှတ်ပေးရေး လျှောက် ထား သည့် ဒေသတခု ဖြစ်ကြောင်း ကြေညာရန် ကော်မရှင်က ထပ်မံတိုက်တွန်းပြီး ကမ္ဘာ့အမွေအနှစ် အဖြစ် အသိအမှတ် ပြုခံရရေး လုပ်ငန်းစဉ် ဆက်သွားရန် ယူနက်စကို၊ အခြား မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကော်မရှင်က အကြံ ပြုပါသည်။
ထိ့ုအပြင် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း အားလုံး၏ သမိုင်းဆိုင်ရာ၊ ဘာသာရေး ဆိုင်ရာနှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ် အားလုံးအား ထိမ်းသိမ်းရန် ကော်မရှင်က တိုက်တွန်းထားပါသည်။
၁၅။ နယ်စပ်ဆိုင်ရာ ကိစ္စများနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး
ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းသွားနိုင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ခိုင်မာ ကောင်းမွန်သော ဆက်ဆံရေးရှိရန် လိုအပ်သည်ဟု ကော်မရှင်က ထောက်ပြပါသည်။
နှစ်နိုင်ငံကြားတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းများ၊ ကုန်သွယ်ရေး မြှင့်တင်မှု၊ တရားမဝင် နယ်စပ် ဖြတ် ကျော် မှုများ အား စီမံခန့်ခွဲခြင်း၊ IDP နှင့် ဒုက္ခသည်စာရင်းများ ပြုစုခြင်း၊ ဒုက္ခသည်များ မိမိဆန္ဒ အလျောက် နေရပ်ပြန်လာ ခြင်း၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုမှုများ ကာကွယ် တားဆီးခြင်း၊ အကြမ်းဖက် အစွန်းရောက်များ ကာကွယ် တားဆီးရေး အတွက် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များစွာရှိသည်ဟု ဆိုပါသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကြားတွင် ရခိုင်ပြည်နယ်တွင်းရှိ မွတ်စလင်များ၏ မူလဇစ်မြစ်၊ လူဦးရေတိုးနှုန်းတို့နှင့် ပတ်သက် သည့် သမိုင်းကြောင်းများကို မတူညီသော အမြင်များဖြင့် ရေးသားထားခြင်းများ ရှိသည်။ နှစ်နိုင်ငံကြား အပြန်အလှန် နားလည်မှု ရှိရေး ဆွေးနွေးညှိနှိုင်း၍ ကွဲပြားမှုများ လျော့နည်းသွားအောင် ဆောင်ရွက်သွားရန် လိုအပ်သည်ဟုလည်း ကော်မရှင် က ထောက်ပြပါသည်။
၁၆။ ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေး
မြန်မာအစိုးရ အနေနှင့် ရခိုင်ပြည်နယ်တွင်းမှ ပြဿနာအား ပြည်တွင်းရေးအဖြစ် သဘောထားသော်လည်း အိမ်နီးချင်း နိုင်ငံ များသည် ရခိုင်ပြည်နယ်မှ လူအများအပြားကို လက်ခံထားရ၍ ရခိုင်ပြည်နယ် အရေးကို စိတ်ဝင်စားမှု ရှိကြသည်။
ထိုအခြေအနေအောက်တွင် ဒေသတွင်း အာဆီယံ နိုင်ငံများအား မြန်မာအစိုးရ၏ မူဝါဒနှင့် လုပ်ဆောင်ချက်များကို နားလည် သဘောပေါက်စေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားရန် လိုအပ်သည်ဟု ကော်မရှင်က ထောက်ပြပါ သည်။
၁၇။ ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှု
မြန်မာပြည် ယခင်အစိုးရသည် ရခိုင်ပြည်နယ် စီမံချက်တရပ် အချိန်ယူ ဖော်ဆောင်ခဲ့ပါသည်။
၂၀၁၆ ခုနှစ် မေလတွင် NLD အစိုးရသည် ကော်မတီ ၄ ရပ်ပါဝင်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။
ယခင်အစိုးရရော ယခုအစိုးရပါ ဝန်ကြီးဌာနများ စုပေါင်းဖွဲ့စည်းထားသည့် ကော်မတီများကို ဖွဲ့စည်းခဲ့သည်။ သို့သော် ရခိုင် ပြည်နယ် ရှိ ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်မည့် ဝန်ကြီးအဆင့် တာဝန်ခံတဦး လိုအပ်ပြီး ပြည်ထောင်စု အဆင့် ဆုံးဖြတ်ချက်နှင် ပြည်နယ်အတွင်း အကောင်အထည်ဖော်မှုကြား ကွာဟမှုကို ဖြေရှင်းနိုင်ရန် အထောက်အကူပြု အဖွဲ့ တရပ် လိုအပ်သည်ဟု ကော်မရှင်က ထောက်ပြပါသည်။
ထို့အပြင် ရခိုင်ပြည်နယ် အတွင်းရှိ အကြီးဆုံး လူ့အဖွဲ့အစည်း နှစ်ရပ်မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေး တိုင်ပင်မှုများ ဆက်လက်ပြုလုပ်ရန် အရေးကြီးပြီး ပြည်သူနှင့် လူ့အဖွဲ့အစည်းများ၏ ထောက်ခံမှုမရလျှင် ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည် ဖော်ရာတွင် ပြင်းထန်သည့် အတားအဆီးများ ဆက်လက်ကြုံတွေ့ နေရလိမ့်မည်ဟု ကော်မရှင်က ဆို ပါသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ နိဒါန်းတွင် အလေးထား ဖော်ပြထားသည်မှာ “ယခု အစီရင်ခံစာတွင် ဖော်ပြထားသော အကြံပြုချက်များသည် ရခိုင်ပြည်နယ်အတွက် ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်း အစီအစဉ်များ ရေးဆွဲရာတွင် သင့်တင့်သည့် အထောက်အပံ့ကို ပေးနိုင်လိမ့်မည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါသည်။
သို့ရာတွင် ဖော်ပြပါ အကြံပြုချက်များသည် ရခိုင်ပြည်နယ် အတွင်းရှိ ပြည်သူလူထု အားလုံး၊ အရပ်ဘက် လူ့အဖွဲ့ အစည်း များ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် အစိုးရတို့ အတူ ပူးပေါင်း လက်တွဲဆောင်ရွက်သွားရ မည့် လုပ်ငန်း တာဝန်ဖြစ်ပါသည်” ဟူ၍ ဖြစ်ပါသည်။
အထက်ပါအချက် ၁၇ ချက်သည် ကော်မရှင်၏ အဓိကသုံးသပ် အကြံပြုသည့် အချက်များ ဖြစ်သည်။
အပိုင်း ၄ ကို ဆက်လက်ဖော်ပြပါမည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် – ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၁
ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၂