ဆောင်းပါး

ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း - ၄

Want create site? Find Free WordPress Themes and plugins.

ကိုဖီအာနန် အစီရင်ခံစာကို ကြည့်ပါက အပိုင်း ၄ ပိုင်း ခွဲခြား ကြည့်မြင်နိုင်သည်။

ပထမအပိုင်း ရခိုင်ပြည်နယ် အခြေခံပြဿနာများ၊ ဒုတိယပိုင်း နိုင်ငံသားပြဿနာ၊ တတိယပိုင်း နောက်ဆက်တွဲပြဿနာ နှင့် စတုတ္ထပိုင်း ပြဿနာ ဖြေရှင်းသည့်နည်းနာနှင့် အထူးပြဿနာဟူ၍ တွေ့မြင်နိုင်ပါသည်။

ပထမ အခြေခံပြဿနာမှာ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ ဖြစ်သည်။ ရခိုင်ပြည်နယ် လူမျိုးစု အားလုံး သည် နိုင်ငံရေးကဏ္ဏ၌ ကိုယ်စားပြုခွင့် မရှိခြင်းသည် အဓိက ပြဿနာအဖြစ် ကော်မရှင်က ထောက်ပြထားသည်။

၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်တွင် အများစုအနိုင်ရသည့် ရခိုင်အမျိုးသား ပါတီ (ANP) ပြည်နယ်အစိုးရ ဖွဲ့ခွင့် မရခြင်းသည် ရခိုင်တို့အား အရေးပါသော နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ခွင့်မပြု ဟူသော အမြင်မျိုး ပိုရစေသည်ဟု လည်း ကော်မရှင်က ထောက်ပြသည်။

ထို့အပြင် တိုင်းရင်းသား လူနည်းစုများဖြစ်သည့် မြို ၊ ခမီ၊ ဒိုင်းနက်၊ သက်၊ ကမန်၊ မရမာကြီး၊ ချင်းလူမျိုးတို့ သည်လည်း နိုင်ငံရေးအရ ကိုယ်စားပြုနိုင်မှု မရှိသလောက် နည်းသည်ဟု ထောက်ပြထားသည်။

တချိန်တည်းတွင် ရခိုင်ပြည်နယ်တွင်း သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ရာတွင် ဒေသခံများ ပါဝင်ခွင့်မရဘဲ ဘေးဖယ်ထားခံရခြင်း၊ မျှတစွာခွဲဝေခြင်း မပြုဟု ဒေသခံများ ခံစားနေရခြင်းတို့ကို လည်း ထောက်ပြထားခဲ့သည်။

အလားတူပင် မွတ်စလင် လူ့အဖွဲ့အစည်းမှ ကိုယ်စားပြုမှု ရှိရန်လိုသည်ဟု ကော်မရှင်က ထောက်ပြသည်။ ပြဿနာမှာ နိုင်ငံသား ပြဿနာ ဖြစ်နေသည်။

နိုင်ငံသားဖြစ်နေသော မွတ်စလင်များ ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ ရှိနေပြီး ဖြစ်သည်။ သို့သော် မွတ်စလင် အများစု မှာ နိုင်ငံသားပြုမှု မပြီး၍ မဲပေးခွင့် မရှိခဲ့ပေ။ လောလောဆယ် နိုင်ငံရေးအရ ကိုယ်စားပြုမှု မရှိသေးချိန်တွင် လူမှုရေး ကဏ္ဏအရ ကိုယ်စားပြုမှုအား စဉ်းစားပေးရန် လိုပါမည်။

ဤအခြေခံ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများကို အမျိုးသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖွဲ့စည်း အုပ်ချုပ်ပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ထည့်သွင်း စဉ်းစားသင့်သည့် ပြဿနာအဖြစ် ထောက်ပြထားခဲ့သည်။

သို့ဖြစ်ရာ မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်၏ အခြေခံပြဿနာသည် နိုင်ငံရေးပြဿနာ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဿနာ ဖြစ်သည်ဟု ကော်မရှင်က ရည်ညွှန်းခဲ့သည်။

ထိုအခြေခံပြဿနာအား အရင်းအမြစ်မှ ဖြေရှင်းနိုင်မှသာ အောင်မြင်စွာ ဖြေရှင်းနိုင်မည်ကို ထောက်ပြထားခဲ့သည်။ ထို့ အတူ ထိုအခြေခံပြဿနာကို ဖြေရှင်းရန်မှာ ခက်ခဲလိမ့်မည်ကို ကော်မရှင်က အသိမှတ်ပြု ထားခဲ့သည်ဟု ဆိုရပါမည်။

ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ဒုတိယပိုင်းမှာ နိုင်ငံသားပြဿနာ ဖြစ်သည်။ ကော်မရှင်၏ ရည်ညွှန်းသည့် နိုင်ငံမဲ့ ဖြစ်နေသော ဘင်္ဂါလီမွတ်စလင် တသန်းခန့်၏ ပြဿနာဖြေရှင်းရေး ဖြစ်သည်။

ရခိုင်ပြည်နယ် မွတ်စလင် လူ့အဖွဲ့ အစည်း သည် ရခိုင်ဘုရင် လက်ထက်ကတည်းက ရှိနေသော်လည်း အင်္ဂလိပ် ကိုလိုနီ ခေတ်တွင် တိုးပွားလားသည်ဟု ကော်မရှင်က လက်ခံသည်။

၁၈၈၀ ခုနှစ် နှင့် ၁၉၃၀ ကြားတွင် မွတ်စလင် လူဦးရေ အချိုးအစားသည် ရခိုင်ပြည်နယ် လူဦးရေ၏ ၁၃ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်း အထိ နှစ်ဆတိုးလာခဲ့သည်။ ထိုအချိန်မှစ၍ မွတ်စလင် လူဦးရေတိုးနှုန်းသည် သိသာစွာ နှေးကွေးလာပြီး ပြည်နယ် လူဦးရေ၏ သုံးပုံတပုံသာ ရှိသည်ဟု ကော်မရှင်က ဆိုပါသည်။

ဤအချက်ကို ရှုမြင်ရာတွင် ရခိုင်တိုင်းရင်းသားများ ရှုမြင်ပုံနှင့် ကွာခြားသည်။

သို့သော် အဆိုပါ မွတ်စလင်များနှင့် ပတ်သက်၍ အစိုးရ၏ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်သည် တဆက်စပ်တည်း မလုပ် ကိုင်နိုင်မှုနှင့် ပတ်သက်၍ ကော်မရှင်၏ ထောက်ပြမှုသည် အမှန်ပင်ဖြစ်သည်။

နိုင်ငံသားစိစစ်မှုနှင့် ပတ်သက်၍ မဟာဗျူဟာ ကျသည့် လုပ်ဆောင်မှုနှင့် အချိန်ကာလ ကန့်သတ်ချက်သည် ကော်မရှင်က ထောက်ပြ ထားသကဲ့သို့ပင် အမှန်တကယ် လိုအပ်နေပါသည်။ ဤပြဿနာကို ဖြေရှင်းရန် အချိန်ကာလ တာရှည်လေ ရခိုင် ပြည်နယ်တွင်းရှိ မွတ်စလင် ပြဿနာသည် ပိုကြီးထွားလေသာ ဖြစ်မည်။

သို့ဖြစ်ရာ ကော်မရှင်က ထောက်ပြသည့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အား နှစ်ဖက် လူ့အဖွဲ့အစည်း လက်ခံနိုင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး အကောင်အထည်ဖော်ရန် လိုအပ်နေပေသည်။

သို့ရာတွင် ကော်မရှင်က အကြံပြုသည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအား ပြန်လည်သုံးသပ် စိစစ်ရန်သည် ခက်ခဲသည့် လုပ်ငန်း တရပ် ဖြစ်သည်။ အဆိုပါနိုင်ငံသား ဥပဒေအား ပြင်ဆင်ဖြည့်စွက်ရန် တပ်မတော်က လည်းကောင်း၊ ရခိုင် တိုင်းရင်းသားများက လည်းကောင်း လက်ခံနိုင်ဖွယ်ရာ မရှိဘဲ အပြင်းအထန် ကန့်ကွက်ဖွယ်ရာ ရှိပါသည်။

ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ တတိယပိုင်း ဖြစ်သည့် နောက်ဆက်တွဲ ပြဿနာများသည် ပထမပိုင်း ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အခြေခံပြဿနာများနှင့် ဒုတိယပိုင်း နိုင်ငံသားဖြစ်မှု ပြဿနာ၏ နောက်ဆက်တွဲ ပြဿနာများ ဖြစ်သည်။

ပထမပိုင်း အခြေခံ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ၏ နောက်ဆက်တွဲ ပြဿနာအဖြစ် ပညာရေး၊ ကျန်းမာရေး၊ တရား မျှတမှု၊ လုံခြုံရေး ကဏ္ဍ၊ နိုင်ငံရေးနှင့်လူမှုရေး ကဏ္ဍများတွင် ကိုယ်စားပြုမှု၊ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု စသည့် ကဏ္ဍ အလိုက် ရှိနေသော ပြဿနာများကို ဖြေရှင်းရန် ဖော်ပြထားသည်။

အခြေခံပြဿနာကို မဖြေရှင်းနိုင်သေးသော်လည်း ရခိုင်၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေများ မြင့်တက် အောင် ပြုလုပ်ပေးရန် လိုအပ်နေပေသည်။

တရားမျှတမှု အတွက် အစိုးရ ဝန်ထမ်းများ၏ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်မှု များကို ဖော်ထုတ် အရေးယူရန်လည်း လိုအပ်သည်။

ရခိုင်ပြဿနာကို ဖြေရှင်းရန် စုစည်းကိုင်တွယ်ရန် လိုအပ်သည်ကို လည်းကောင်း၊ လုံခြုံရေး တပ်ဖွဲ့များ သုံးစွဲမှု ပြဿနာ ကို လည်းကောင်း ထောက်ပြထားသည်ကို သတိပြုရန် လိုအပ်ပါသည်။ အခြေခံအားဖြင့် မဖြေရှင်းနိုင်သေးသော်လည်း တစုံတရာ ကုစားနိုင်သည့် နည်းလမ်းများဟု ဆိုရပေမည်။

ဒုတိယပိုင်း နိုင်ငံသားဖြစ်မှု နောက်ဆက်တွဲအဖြစ် တွေ့မြင်ရသည်မှာ လွတ်လပ်စွာသွားလာခွင့်၊ IDP ကိစ္စရပ်များ၊ လူသား ချင်း စာနာထောက်ထားမှု အကူအညီများ ပေးနိုင်မှု၊ လူ့အဖွဲ့အစည်းများကြား ပေါင်းစည်းရေးတို့ ဖြစ်သည်။

ဤပြသနာများသည် အခြေခံနိုင်ငံသားဖြစ်မှု ပြဿနာနှင့် ဆက်နွယ်သည့်ပြဿနာများ ဖြစ်သည်။ ထို့အပြင် အဆိုပါ မွတ်စလင်များအား နိုင်ငံသား စိစစ်မှုပြဿနာ မပြီးခင် IDP ပြဿနာ၊ သူတို့၏ ကျန်းမာရေး ပညာရေး ပြဿနာများကို လည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပေသည်။

လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးအပ်မှုနှင့်ပတ်သက်၍ နှစ်ဖက် လူ့အဖွဲ့အစည်း ကြည့်မြင်ပုံ မတူ ကြပေ။ ကော်မရှင်၏ အစီရင်စာတွင် မွတ်စလင် လူ့အဖွဲ့အစည်းဘက်သို့ အကူအညီများ မရောက်သည့် အခြေအနေကို ဇောင်းပေး ပြောသွားသော်လည်း ရခိုင် လူ့အဖွဲ့အစည်းဘက်ကမူ အကူအညီများသည် မျှတမှုမရှိ ရခိုင်များအား ကူညီမှု မရှိဟု ဆိုကြသည်။ အကူအညီပေးမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ၍ မျှတသည့် အစီအစဉ်တရပ် လိုအပ်ပါသည်။

နိုင်ငံသား စိစစ်ခြင်း လုပ်ငန်း မပြီးခင် လွတ်လပ်စွာ သွားလာခွင့်နှင့် ပတ်သက်ပြီး ကော်မရှင်၏ အကြံပြုချက်မှာ အကောင် အထည် ဖော်ရန် ဖြစ်နိုင်ခြေ နည်းပါးသည်။

ကော်မရှင်၏ အဆိုရ နိုင်ငံသားကတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လွတ်လပ်စွာသွားလာခွင့် ပြုရန်နှင့် မွတ်စလင်များနှင့် ပတ်သက်၍ လူ့အဖွဲ့အစည်းများ၏ ဒေသအလိုက် အလွတ်သဘော ကျင့်သုံးသည့် ကန့်သတ်ချက်များကို ပယ်ဖျက်ပေးရန် ဖြစ်သည်။

နိုင်ငံသားကတ် ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ လွတ်လပ်စွာသွားလာခွင့် ပြုရန် ကော်မရှင်၏ အဆိုပြုချက်မှာ ဖြစ်နိုင်ရန် ခဲယဉ်းသည်။

“လွတ်လပ်စွာသွားလာခွင့်သည် လူသားတိုင်း၏ အခြေခံရပိုင်ခွင့်” ဟု ကော်မရှင်က ဆိုသော်လည်း သက်သေခံ အထောက် အထား မရှိသူများအား လွတ်လပ်စွာ သွားလာခွင့်ပြုသော နိုင်ငံဟူ၍ မရှိပေ။ နိုင်ငံသား ပြဿနာသည် ဦးစွာ ဖြေရှင်းရမည့် ပြဿနာဖြစ်ပြီး ထိုပြဿနာ ဖြေရှင်းမပြီးမချင်း လွတ်လပ်စွာ သွားလာခွင့်သည် အကန့်အသတ် ရှိပေလိမ့် မည်။

ကော်မရှင်က အဆိုပြုသော ဒေသအလိုက် အလွတ်သဘောကျင့်သုံးသည့် ကန့်သတ်ချက်များ ဖျက်သိမ်းရေးအား အကောင် အထည် ဖော်ရန် လွယ်ကူလှမည် မဟုတ်ပေ။ ကော်မရှင်က ဤအချက်နှင့် ပတ်သက်၍ တိုက်ရိုက် ထောက်ပြ ခြင်း မရှိ သော်လည်း ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ အခြေအနေမျိုးကို ဆိုလိုပုံရသည်။

တောင်ကုတ်မြို့၌ ၁၉၈၂ ၊ ၈၃ ခန့်တွင် အတိုင်းအတာ သေးငယ်သော ရခိုင်-ဘင်္ဂါလီ ပြဿနာ ဖြစ်ပွားပြီးနောက် မြို့ခံများ၊ မြို့မိမြိုဖများ သတ်မှတ်ထားသော စည်းကမ်းတခုပေါ်ခဲ့သည်။

ထိုစည်းမျဉ်းစည်းကမ်းမှာ တောင်ကုတ်မြို့တွင်းသို့ ဘင်္ဂါလီများ မွတ်စလင်များ ဝင်ရောက်ခွင့် မပြုခြင်း ဖြစ်သည်။ တောင်ကုတ်မြို့သို့ ဝင်ရောက်လာသော သင်္ဘော၊ ကားတို့၌ လိုက်ပါလာသော မွတ်စလင်များအား မြို့တွင်းအဝင်မခံဘဲ လိုက်ပါလာသော ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစေခြင်း ဖြစ်သည်။

သို့သော် ဤကဲ့သို့ သတ်မှတ်ချက်အား ရခိုင်တွင်သာ တွေ့ရသည်မဟုတ်ပေ။ မြန်မာပြည်တွင်းရှိ တချို့မြို့နှင့် ဒေသများ တွင် လည်း ပုံစံအမျိုးမျိုးဖြင့် တွေ့ရသည်။

ရှမ်းပြည်နယ် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ တချို့ ကျေးရွာအုပ်စုများတွင် မွတ်စလင်များအား နေ့ပိုင်းတွင် အလာ ခံသော်လည်း ညပိုင်း၌ ၎င်းတို့ကျေးရွာများတွင် လုံးဝ ညအိပ်ခွင့်မပြုပေ။ မွတ်စလင် ဘာသာဝင်များ၏ ရွှေ့ပြောင်း အခြေချ မှုနှင့် လွှမ်းမိုးလာနိုင်မှုကို ဒေသဆိုင်ရာ တန်ပြန် အံတုမှုများဟု ဆိုနိုင်သည်။

ထိုသို့ ဒေသအလိုက် ဒေသခံလူထု၏ သတ်မှတ်မှုများသည် လူ့အခွင့်အရေးစံနှုန်းနှင့် မကိုက်ညီဟု ဆိုနိုင်သော်လည်း ဒေသခံ လူထုအများစု၏ သဘောထားဖြစ်နေရာ အစိုးရက ထိုကန့်သတ်ချက်များ ချက်ချင်းပယ်ဖျက်ရန် ခဲယဉ်းပေလိမ့် မည်။

ထို့အတူ ပြဿနာ ထပ်မံမဖြစ်ပွားအောင် လူ့အဖွဲ့အစည်းနှစ်ခုအား ခွဲခြားထားသည့် ပေါ်လစီကို အစိုးရက ကျင့်သုံးနေမှု အား ကော်မရှင်က ထောက်ပြပြီး လူ့အဖွဲ့အစည်းများကြား ပေါင်းစည်းရေးကို ကော်မရှင်က အကြံပြုခဲ့သည်။

သို့သော် ကော်မရှင်က ဖော်ပြသကဲ့သို့ပင် ၂၀၁၂ ပဋိပက္ခအပြီး လူ့အဖွဲ့အစည်းနှစ်ခု အပြန်အလှန်မယုံကြည်မှုများ တိုးပွား ခဲ့သည်။ အချိန်ကာလတချို့ ကြာပြီးနောက် အပြန်အလှန်နားလည်မှု တည်ဆောက်နေဆဲတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ လ ဘင်္ဂါလီမွတ်စလင် တချို့၏ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့ပြီးနောက် တဖန်ပြန်၍ မယုံကြည်များ တိုးပွားလာခဲ့သည်။

၂၀၁၇ ခုနှစ်သြဂုတ်လ အကြမ်းဖက်တိုင်ခိုက်မှုများ အပြီးတွင် ထိုအခြေအနေသည် ပို၍ ဆိုးဝါးလာခဲ့ပြီး လူ့အဖွဲ့အစည်း များကြား ပေါင်းစည်းရေးသည် အလွန်တရာ ခက်ခဲသည့် ပြဿနာတရပ် ဖြစ်သွားခဲ့ပေတော့သည်။ နှစ်ဖက်အကြား မယုံကြည်မှု ရှိနေကြသည် ဆိုသည်ထက် ပိုသော အခြေအနေသို့ ဆိုက်ရောက်နေပေသည်။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် နိုင်ငံသားဖြစ်မှုပြဿနာကို ဦးစွာဖြေရှင်းပြီး နောက်ဆက်တွဲ ပြဿနာများကို အချိန်ယူ ဖြေရှင်းရမည့် အခြေအနေဟု သုံးသပ်ရပေသည်။

အစီရင်ခံစာ၏ စတုတ္ထပိုင်းဖြစ်သည့် ပြဿနာဖြေရှင်းပုံ နည်းနာသည် ပြဿနာ ဖြေရှင်းရာတွင် အထူးဂရုစိုက်ရမည့် အကြောင်းအရာဖြစ်သည်။

ကော်မရှင်က ပြဿနာဖြေရှင်းရမည့် နည်းနာနှင့် ပတ်သက်၍ အစီရင်ခံစာ နိဒါန်းမှစ၍ အဆုံးသတ်အထိ ကြိမ်ဖန်များစွာ ဖော်ပြခဲ့သည်။

ပြဿနာဖြေရှင်းရာတွင် နှစ်ဖက် လူ့အဖွဲ့အစည်းဝင်များ နားလည်သဘောပေါက်မှု ရှိအောင် ဆွေးနွေး အသိပေးရေးနှင့် ဆွေးနွေး တိုင်ပင်မှုများလုပ်ရန် အရေးကြီးကြောင်းကို လည်းကောင်း၊ ပြဿနာဖြေရှင်းရာတွင် ရခိုင်ပြည်နယ်တွင်းရှိ လူထု အားလုံး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် အစိုးရတို့ အတူ ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားရန် ထောက်ပြခဲ့သည်။

သို့ဖြစ်ရာ ရခိုင်ပြဿနာကို လက်တွေ့ခေါင်းဆောင် ဖြေရှင်းမည့်သူများ အနေနှင့် ကော်မရှင်၏ အလေးပေးမှုအား အထူး ဂရုပြုရန် လိုအပ်ပါသည်။

ထို့အပြင် သတင်းလွတ်လပ်ခွင့်၏ အရေးပါမှုကို ဖော်ပြပြီး သတင်းလွတ်လပ်မှု မရှိပါက အစိုးရအပေါ် ယုံကြည်မှု ကျဆင်း စေမှုအား အလေးထား ဖော်ပြခဲ့သည်ကို အထူးဂရုပြုသင့်သည်။

စတုတ္ထပိုင်းအနေနှင့် ထပ်မံအလေးထား ဖော်ပြသည်မှာ ဤပြဿနာကို ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရေးသည် အရေးကြီးသည်ကို ထောက်ပြသည့်အပြင် ဤပြဿနာအား ဒေသတွင်း အာဆီယံ နိုင်ငံများ၏ အလေးထားမှု ရှိသည်ကို သတိပြု၍ ဒေသတွင်း နိုင်ငံများအား မိမိ၏ လုပ်ဆောင်ချက်များ ရှင်းလင်း၍ ထောက်ခံမှု ရယူရန် အကြံပြုထားသည်ကို သတိပြုရန် လိုအပ်ပါသည်။

အထူးပြဿနာ အနေနှင့် မောင်တောဒေသကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်သို့ မူးယစ်ဆေးဝါး မှောင်ခိုမှု လုပ်ငန်း ကြီးထွား နေမှု အား နှိမ်နင်းရန် လိုအပ်ကြောင်း ဤမူးယစ်ဆေးဝါး မှောင်ခိုမှုသည် ဒေသတွင်း လူငယ်များအား အတိဒုက္ခ ရောက်စေသည့် အပြင် အကြမ်းဖက်အဖွဲ့များ ငွေကြေးရရှိရာ လမ်းကြောင်းဖြစ်နေခြင်း၊ အစိုးရ ဝန်ထမ်းနှင့်လုံခြုံရေး ဝန်ထမ်းများအား လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု အများဆုံးဖြစ်စေသည့် လမ်းကြောင်းဖြစ်နေခြင်းကို အထူးဂရုပြု အလေးထား ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင် အပြီးသတ် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ အခြေခံပြဿနာများကို ထောက်ပြ ထားသကဲ့သို့ လတ်တလော ကုစားနိုင်သည့် နည်းလမ်းများကိုလည်း တွေ့ရသည်ဟု ဆိုရပါမည်။

ထို့အတူ လက်တွေ့လက်ငင်း လုပ်ဆောင်ရန် မဖြစ်နိုင်သေးသည် ကိစ္စရပ်များကိုလည်း တွေ့ရသည်ဟု သုံးသပ်ရပါသည်။

ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာအပေါ် တုံ့ပြန်ချက်များ

ကိုဖီအာနန်၏ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထွက်လာပြီးနောက် NLD အစိုးရက ထို အစီရင်ခံစာကို ကြိုဆိုခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ၂၀၁၇ ခုနှစ် ရက်စွဲဖြင့် ၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် ကော်မရှင်၏ အကြံပြုချက်များအား အလေးအနက်ထား ကြိုဆိုပြီး မြေပြင်အခြေအနေပေါ် မူတည်၍ အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည် ဖော်မည့် ပြည်ထောင်စုအဆင့် ဝန်ကြီးတဦး ခေါင်းဆောင်သည့် ကော်မတီတရပ်နှင့် ယင်းကော်မတီအား အထောက်အကူ ပြုမည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့တခု ဖွဲ့စည်းမည်ဟု ဖော်ပြပါသည်။

ထို့အပြင် ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အချက်များအား ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု တချို့ရနေသည်ဟု ဆိုပါ သည်။ ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရာတွင် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အချိန်လိုအပ်မည် ဟုလည်း ဖော်ပြပါရှိပါသည်။

ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းစဉ်က ကန့်ကွက်ခဲ့သူများသည် ကော်မရှင်၏ အစီရင်ခံစာတခုလုံးအား ကန့်ကွက်ခြင်းမျိုး မတွေ့ရပါ။

သို့သော် တပ်မတော်၊ ANP နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့အနေနှင့် အစီရင်ခံစာပါ ၁၉၈၂ နိုင်ငံသား ဥပဒေအား ပြန်လည်သုံးသပ် ပြင်ဆင်ရေးကို လက်မခံကြောင်း သဘောထား ဖော်ပြကြသည်ဟု ဆိုရပါမည်။

ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာအား ပြင်းပြင်ထန်ထန် ဆန့်ကျင်သူများသည် ဘင်္ဂါလီမွတ်စလင်များကို စည်းရုံး၍ သော် လည်းကောင်း၊ ခြိမ်းခြောက်၍ သော်လည်းကောင်း သိမ်းသွင်းထားနိုင်သည့် ARSA (Arakan Rohinja Salvation Army ) ဟူသော အဖွဲ့ဖြစ်သည်ဟု ဆိုရပါမည်။

ကိုဖီအာနန်ကော်မရှင် အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်ညနှင့် ၂၅ ရက်နေ့ နံနက် အစောပိုင်းတွင် မောင်တော၊ ဘူးသီးတောင် ဒေသရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ခန့်နှင့် ခြေမြန်တပ်ရင်း ဌာနချုပ် တခုအား အင်အားသုံး ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခဲ့ကြခြင်းဖြင့် ကိုဖီအာနန်အစီရင်ခံစာပါ အကြံပြုချက်များနှင့် ဖြေရှင်းခြင်း ကို စောင့်ဆိုင်းမည် မဟုတ်ကြောင်း လက်မခံကြောင်း ပြသခဲ့သည်ဟု ဆိုရပါမည်။

အပိုင်း ၅ ကို ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန် – ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၁ 

ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၂ 

ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၃

Did you find apk for android? You can find new Free Android Games and apps.
Loading