ဆောင်းပါး

စနစ်သစ်ပညာရေး နဲ့ ပူးပေါင်းမယ့်သူတွေ

Want create site? Find Free WordPress Themes and plugins.

ကျမတို့ ပညာရေးမှာ ဆရာ၊ဆရာမက သင်ပေးတဲ့အတိုင်း၊ အလွတ်ကျက်မယ်၊ ရလာတဲ့စာတွေကို စာမေးပွဲမှာ ချရေး မယ်။ “၏”၊ “သည်” မရွေး ရေးနိုင်ရင် အမှတ်ရမယ်၊ “၏”၊ “သည်” လွှဲသွားရင် အမှတ်လျော့မယ်။

အမှတ်များများရရင် လူတွေ အထင်ကြီးခံရမယ့် တက္ကသိုလ်တွေ ရောက်မယ်၊ အမှတ်နည်းရင် လူတွေအထင်မကြီးတဲ့ တက္ကသိုလ်တွေ ရောက်မယ်၊ ဒါနဲ့ပဲ ပညာရေးဟာ အင်မတန် ကျဉ်းမြောင်းလှတဲ့ ဘောင်တခုထဲမှာ တန်ဖိုး သတ်မှတ် ခြင်း ခံရတဲ့အခါ ပညာရေးရဲ့ ကျယ်ဝန်းလှတဲ့ တန်ဖိုးများနဲ့ ဝေးကွာ သွားရပါတော့တယ်။

ယခုလက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကြပ်အတည်းများဟာ ပညာရေးနိမ့်ကျခဲ့မှုရဲ့ ရလဒ်များ တစိတ်တပိုင်း ပါဝင် နေတယ်ဆိုရင် မငြင်းနိုင်ပါဘူး။

စနစ်ဟောင်းပညာရေးမှာ ကျောင်းများရဲ့ ပညာရည်တိုးတက်မှု တန်ဖိုးသတ်မှတ်ချက်ကို စာမေးပွဲအောင်ချက် ရာခိုင်နှုန်းနဲ့ သတ်မှတ်ပြီး ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းကိုတော့ ကလေးတွေကို အမှတ်များများ ရအောင် သင်ပြနိုင်မှု စံနှုန်းနဲ့ သတ်မှတ်ကြပါတယ်။

စာမေးပွဲနဲ့ ရမှတ်ဟာ အထူးအရေးပါလေတော့ နောက်ဆုံး သင်္ချာဘာသာကိုတောင် အလွတ်ကျက်လာကြပါ တော့ တယ်။ အဲဒီအခါ သင်ကြားသူ ဆရာ၊ ဆရာမတွေက ဘယ်လို သင်ကြားနည်းကို သုံးရင် ကလေးတွေ အမှတ်များများ ရနိုင်မလဲ။

ဥပမာ သူငယ်တန်းမှာ ဆိုရင် “ဝ” လုံးကို ဝိုင်းနေအောင် ၁၀ မျက်နှာ၊ ဒါမှမဟုတ် ၁၅ မျက်နှာရေး၊ “ညအခါ၊ လသာ သာ” တပုဒ်ကို ကြည့်ပြီး ၁၀ ခါရေး၊ ၁၅ခါရေး၊ ပြီးရင် အလွတ် ၅ခါရေး စသည်ဖြင့်။

ဒါမှ စာမေးပွဲမှာ အလွတ်ရေးတက်ပြီး အမှတ်များများရကြမှာပါ။ အဲဒီအခါ မိဘတွေက ဆရာမက စာအရမ်း သင်တာပဲ၊ ကလေးက စာတွေ ရေးလာလိုက်တာ မနည်းမနော၊ ဖတ်တတ်လိုက်တာလည်း မွှတ်နေတာပဲ၊ အဲဒီအခါ သိပ်မရေး တတ် တဲ့၊ သိပ်မဖတ်တတ်တဲ့ ကလေးတွေရဲ့ မိဘတွေက ဆရာမကို အိမ်မှာ ထပ်ဆောင်းပြီး အပိုသင် ပေးဖို့ ကျူရှင် အပ်ကြ ရပါတယ်။

စာရတဲ့ ရေးတတ်၊ ဖတ်တတ်တဲ့ မိဘများကလည်း ရသည်ထက် ပိုရအောင် အပိုထပ်ဆောင်း သင်ပေးနိုင်ဖို့ ကျူရှင် အပ်ကြ ပြန်ပါတယ်။

အဲဒီအခါ ရှယ်မိဘများကြောင့် ရှယ်ကျူရှင်ဝိုင်းများ ပေါ်လာရပြန်ပါတယ်၊ အဲဒီအခါ တွေ များလာပြီး ကျူရှင်ယဉ်ကျေး မှုကြီးဟာ သူငယ်တန်းမှ ဘွဲရ၊ လုပ်ငန်းခွင် ဝင်တဲ့အထိ ရာထူးတိုး ဖြေဖို့အထိ၊ နိုင်ငံခြား သွားရဖို့ အထိ၊ “ကျူရှင် ယဉ်ကျေးမှု” နဲ့ ပညာရေး ချိတ်ဆက်မှု အားကောင်း လာလိုက်ကြတာ နှစ်ပေါင်း ဘယ်လောက်ထိ ကြာအောင် ကျူရှင် ယဉ်ကျေးမှု အမြစ်တွယ်ခဲ့ပြီလဲ။ နောက်ထပ်လည်း နှစ်ပေါင်းဘယ် လောက် ကြာအောင် ကျူရှင်ယဉ်ကျေးမှု သက်ဆိုး ရှည်နေ ဦးမှာလဲ။

ယခုတခါ စတင်လိုက်တဲ့ ပညာရေး စနစ်သစ်မှာ KG (သူငယ်တန်း) နဲ့ G1 (ပထမတန်း) တို့မှာ ကလေး တဦးချင်း ဆီ ရဲ့ အတန်းထဲမှာ နေ့စဉ်ဆောင်ရွက်နိုင်မှု Performance နဲ့ Activity တွေကို ကြည့်ပြီး မှတ်တမ်းတင် အမှတ်ပေးသွား မှာ ဖြစ်လို့ စာမေးပွဲ စစ်ဖို့မလိုပါ။ KG နဲ့ G1 သင် ဆရာ၊ ဆရာမတွေ ကျူရှင် လုံးဝမသင်ရပါ။

ကျူရှင်သင်တဲ့ ဆရာ၊ ဆရာမတွေကို မြို့နယ်ပညာရေးမှူး ကတဆင့် အရေးယူဖို့လို့ ဆိုထားပါတယ်၊ အဲဒီအခါ မိဘ တွေ က ဆရာ၊ ဆရာမတွေ ကျူရှင်မသင်ရင်၊ သင်မယ့်သူကို အပြင်လောကမှာ ရှာပြီးကို ကျူရှင်ထားကြပါတော့ တယ်။

ကျူရှင်ယဉ်ကျေးမှုကို အခြားအတန်းတွေအတွက် လက်ရှိအချိန်မှာ မပြောလိုပေမယ့်လည်း ပညာရေး စနစ်ဟောင်းနဲ့ စနစ်သစ်ရဲ့ ကွဲပြားမှုတွေကို KG နဲ့ G1 ကလေးမိဘတွေ သိရှိပါဝင်နိုင်အောင် ကျမသိရှိထားတဲ့ စနစ်သစ် ပညာရေး အကြောင်း ကို အတွေ့အကြုံလေးတွေနဲ့ မျှဝေချင်ပါတယ်။

ကလေးတွေ ကျောင်းစာ သင်ယူရာမှာ အောင်မြင်ဖို့ဆိုရင် အထွေထွေ ဉာ ဏ်ရည် အပြင်၊ အထောက်အကူ များစွာ ပြုနေ တဲ့ ပေါင်းသင်း ဆက်ဆံရေး ဉာဏ်ရည်တွေကိုပါ လိုအပ်ကြောင်း အမေရိကန် နိုင်ငံ ယေးလ် တက္ကသိုလ်က စိတ်ပညာရှင် Sandra Scarr က ဆို ထားပါတယ်။

အထွေထွေ ဉာ ဏ်ရည်က ကျောင်းသားတွေရဲ့ ကျောင်းမှာရလာနိုင်တဲ့ ပညာရည် အဆင့်ကိုသာ ခန့်မှန်းနိုင်ပြီး ပေါင်းသင်း ဆက်ဆံရေး ဉာဏ်ရည်ကတော့ ပညာရည် အဆင့်ကိုသာမက၊ ဘဝမှာ ရရှိလာမယ့် အပြုအမူတွေကိုပါ ကြိုတင်ခန့်မှန်းနိုင်တဲ့ “ဘဝ” အတွက် လိုအပ်တဲ့ ဉာဏ်ရည်တွေကိုပါ တပါတည်း ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။ အထွေထွေ ဉာဏ်ရည်ကို ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းသင်းဆက်ဆံရေး ဉာဏ်ရည်ကို ၇၅ ရာခိုင်နှုန်းလို့ သတ်မှတ်ပါတယ်။

လေ့လာသင်ယူလိုမှု၊ ကျန်းမာရေး ကောင်းမွန်မှု၊ ပေါင်းသင်းဆက်ဆံတတ်မှု၊ သင်ယူနိုင်သည့် အရည်အသွေး၊ ယခင် ရှိပြီးသား အသိ၊ စိတ်တည်ငြိမ် ရင့်ကျက်မှု။ မိသားစုထောက်ပံ့မှု စတဲ့ အချက်တွေကို ပညာရှင် Sandra Scarr က ပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှု ဉာဏ်ရည်ထဲမှာ ထည့်သွင်းထားပါတယ်။

စနစ်ဟောင်း ပညာရေးမှာ စာမေးပွဲနဲ့ ရမှတ်ကိုသာ အဓိက ထားတာမို့ အထွေထွေ ဉာဏ်ရည် အသုံးချနိုင်မှုက အားသာပြီး ဒါသင်၊ ဒါကျက်၊ ဒါဖြေ စနစ်နဲ့ အဆင့်သတ်မှတ်ပြီး စာမေးပွဲ အောင်ခဲ့ကြရတာပါ။

ပေါင်းသင်းဆက်ဆံရေး ဉာဏ်ရည်ရရှိဖို့ အတွက် ကျောင်းတွေမှာ ဖွံ့ဖြိုးရေး ဘာသာရပ်များ အဖြစ် ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တနှင့် ပြည့်သူ့နီတိ၊ ပန်းချီ၊ ဂီတ၊ ကာယ၊ အိမ်တွင်းမှု၊ စိုက်ပျိုးရေး စသဖြင့် သင်ကြားနိုင်ဖို့ ညွှန်ကြားချက်တွေ ရှိပါတယ်။

မြေပြင်ပေါ်မှာ တွေ့ရှိရတဲ့ အခြေအနေမှန်ကတော့ လက်တွေ့မသင်နိုင်တဲ့ ကျောင်းတွေ ရှိနေပါတယ်။ အစီရင်ခံစာ အရတော့ ကျောင်းတိုင်းက ဖွံ့ဖြိုးရေး ဘာသာရပ်တွေကို မပျက်မကွက် သင်ကြားပေးနေကြပါတယ်။

ယခု စနစ်သစ် ပညာရေးမှာတော့ KG နဲ့ G1 တန်းတွေမှာ ပေါင်းသင်း ဆက်ဆံရေး ဉာဏ်ရည်ကို ကလေးများ ခိုင်မာစွာ၊ အားကောင်းစွာ ရရှိနိုင်ဖို့ အထက်ပါ ဘာသာရပ်တွေကို Main Subject အနေနဲ့ အချိန်ဇယားထဲမှာ ထည့်သွင်း ရေးဆွဲ ပြီး လက်တွေ့သင်ကြား ပေးနေတာကို တွေ့ရမှာပါ။

ကျမက စနစ်သစ်ပညာရေးကို စိတ်ပါဝင်စားတာမို့ ကျမရဲ့ ပတ်ဝန်းကျင်မှာ ကလေးငယ်လေးများနဲ့ ထိတွေ့ခွင့်ရတဲ့ အခါ အလေးထားပြီး လေ့လာမိပါတယ်။
မိတ်ဆွေ အိမ်တအိမ်ကို ကိစ္စတခုနဲ့ ကျောင်းပိတ်ရက် ရောက်သွားပါတယ်။

အိမ်ထဲ ဝင်လိုက်တဲ့အခါ အိမ်ရှင်မေမေ က “တီချယ်ကြီးရေ လာပါ ထိုင်ပါရှင့်” လို့ ခရီးဦးကြို ပြုပါတယ်။

တဆက်တည်း သူ့နားက သားသားလေးကို “သားသား၊ ဒါ ဘွားဘွား တီချယ်ကြီးနော်၊ စာသင်တဲ့ တီချယ်ကြီး” လို့ မိတ်ဆက် ပေးပါတယ်။

ကလေးက ကျမကို သေသေချာချာ ကြည့်ပါတယ်၊ ပြီးတော့ –

“ဘွားဘွား တီချယ်ကြီးဆိုတော့ မေမေ့ကို သင်တဲ့ တီချယ်ပေါ့နော်”

“ဟုတ်တယ်၊ မေမေ့ကို သင်ပေးတဲ့တီချယ်”

“ဟင် ဟိုတခါကလည်း မေမေ့ကို သင်ပေးတဲ့ တီချယ်တယောက်တွေ့သေးတယ်လေ”

“ဟုတ်တယ် ဒါက နောက်ထပ် တီချယ်တယောက်”

“အော် ဒါဆို ဒီ ဘွားဘွား တီချယ်ကြီးက မေမေ့ကို ဘယ်ဘာသာ သင်ပေးတာလဲ”

“အင်း မြန်မာစာ သင်ပေးတာပေါ့ သားသား”

“သြော် ဟိုတခါတွေ့တဲ့ မေမေ့ တီချယ် တယောက်ကရော ဘယ်ဘာသာ သင်ပေးတာလဲ”

“အဲဒီ တီချယ်က အင်္ဂလိပ် စာ သင်ပေးတာ”

“သြော် အဲဒီလိုလား”တဲ့ ။

အသက် ၃ နှစ်ကျော် သားလေးနဲ့ မေမေတို့ ကျမကို နေရာထိုင်ခင်း ပေးရင်းနဲ့ ပြောကြတဲ့ စကားတွေပါ။

အဲဒီ မူကြိုတက်နေတဲ့ သားလေးက သူ့ကျောင်းမှာ သူ့ကိုသင်ပေးနေတဲ့ ဆရာမတွေ တယောက်မက ရှိတော့၊ သူ့ မေမေရဲ့ ဆရာမတွေလည်း တယောက်မက ရှိပြီး၊ ဘယ်သူက ဘယ်ဘာသာ သင်ပေးတာလဲ ဆိုတာကိုပါ တဆက်တည်း မေးနိုင်တာကို တွေ့ရပါတယ်။

ပေါင်းသင်း ဆက်ဆံရေး ဉာဏ်ရည်ထဲမှာပါတဲ့ လေ့လာသင်ယူလိုမှုနဲ့ ယခင် ရှိပြီးသားအသိကို သင်ယူနိုင်တဲ့ အရည် အသွေးတွေ ပေါင်းစပ်ပြီး မေးခွန်းတွေ တဆက်တည်း မေးသွားနိုင်တာ၊ မိသားစုရဲ့ထောက်ပံ့မှု ရရှိပြီး မေမေက လက် တွဲ ခေါ်ဆောင် သွားတာကိုလည်း တွေ့ရပါတယ်။

ကလေးငယ်လေးရဲ့ လေ့လာသင်ယူလိုမှုက မပြီးသေးပါဘူး။ ကျမကို ဝင်လာ ကတည်းက သေချာကြည့်တာ အကြည့် မလွှဲသေးဘဲ ကျမဘေးမှာ ဝင်ထိုင်ပါတယ်။
ပြီးတော့ –

“ဘွားဘွား တီချယ်ကြီး ဘာလို့ အနွေးထည် ဝတ်ထားတာလဲ”

“သြော် သားသားရေ ဘွားဘွား တီချယ်ကြီးက အသက်ကြီးလာတော့ အအေးဒဏ်မခံနိုင်လို့ ဝတ်ထားရတာပေါ့”

“ဟင် အသက်ကြီးလာလို့ ဟုတ်လား၊ ဘယ်မှာ အသက်ကြီးလို့လဲ၊ အသက်ကြီးလာရင် ဆံပင်ဖြူရတယ်လေ၊ ဆံပင် လည်း မဖြူသေးပါဘူး၊ ပြီးတော့ သားသားတို့ အိမ်က Air-con လည်း ပိတ်ထားတယ်လေ” တဲ့။

အိမ်ရှင် မိသားစုတွေရော ကျမရော အားလုံး သဘောကျလှတာမို့ တသောသောနဲ့ ရယ်လို့ မဆုံးကြပါဘူး။

သူ့အိမ်က ဘွားဘွားကြီးက အသက် ၆၀ ကျော်မို့ ဆံပင်ဖြူနေတာ၊ Air-con ပိတ်ထားလို့ အအေးဓာတ် မရှိတာကို၊ သူ သိထားပြီးသား အသိနဲ့ လေ့လာသင်ယူနိုင်မှု အရည်အသွေးကို ပေါင်းပြီး စနစ်ကျစွာ မေးဖြေ လုပ်သွားနိုင်တာ ကျမက သဘောကျလို့ မဆုံးပါဘူး။

ကျမကို ရင်းရင်းနှီးနှီးနဲ့ သေချာကြည့်ပြန်ပါတယ်။

ပြီးတော့မှ “ဘွားဘွား တီချယ်ကြီး ဟိုဘက်က ဆိုဖာပေါ် သွားထိုင်ပေးပါလား၊ သားသား ဒီမှာ အိပ်လိုက် ဦးမယ် လေ” တဲ့။

“ဟုတ်ပါပြီ ကဲကဲ အိပ်ပါ၊ အိပ်ပါ၊ ဘွားဘွား တီချယ်ကြီး ဟိုဘက်ကို သွားထိုင်ပေးပါ့မယ်”ဆိုပြီး နေရာရွေ့ပေးရ ပါတယ်။

စိတ်တည်ငြိမ် ရင့်ကျက်မှုနဲ့ ပေါင်းသင်း ဆက်ဆံတတ်မှုကိုလည်း တဖက်သား စိတ်မဆိုးရအောင် ပေါင်းသင်း တတ်မှု လေးကိုပါ မြင်ခဲ့ကြားခဲ့ရတာပါ။

မူကြိုမှာ ကလေးတွေကို သင်ပေးနေတာက အထွေထွေ ဉာဏ်ရည် (ကျောင်းမှာ ရလာနိုင်မယ့် ပညာရည် အဆင့်) အတွက် တခုမှ မပါသေးတာကို တွေ့ခဲ့ရမှာပါ။
ဒီလိုမူကြိုမျိုးကနေ ကျမတို့ရဲ့ အခြေခံပညာ မူလတန်း ကျောင်းတွေကို ရောက်လာမယ့် ကလေးများ ရာခိုင်နှုန်းများ ပါစေ လို့လည်း ဆန္ဒပြုရပါတယ်။ ဒါမှသာ KG ၊ G1 တန်းများရဲ့ စနစ်သစ် သင်ကြားမှုနဲ့ ချိတ်ဆက်မိပြီး အံဝင်ခွင်ကျ ဖြစ်သွားနိုင်မှာ ဖြစ်ပါတယ်။

ကျမတို့ ငယ်စဉ်ကဆို၊ အိမ်ကို ဧည့်သည်လာတာနဲ့ “ကဲ ဆိုပြလိုက်ပါဦး” လို့ မိဘများက ခိုင်းတဲ့အခါ၊ ကလေးက သူ ကြားဖူးထားသမျှ က၊ ခ၊ ဂ၊ ဃ၊ င အစအဆုံး ဆိုပြမယ်။ ညအခါ လသာသာ ဆိုပြမယ်၊ A.B.C.D.E အစ အဆုံး ဆိုပြ မယ်။ သူငယ်တန်း ဖတ်စာအုပ်ထဲက ရှိသမျှကဗျာတွေ အားလုံးနီးပါး ဆိုပြမယ်။

ကလေးက သူကြားသိထားသမျှ ကြက်တူရွေး စာရသလို စဉ်းစားတွေးခေါ်နိုင်မှု၊ တခုမှမပါဘဲ တောက်လျှောက် ဆိုနိုင် တဲ့ အခါ မိဘများနဲ့ ပတ်ဝန်းကျင်က “တော်လိုက်တာ” ဆိုပြီး ဂုဏ်ယူခဲ့ကြတာပါ။

အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် ကျမတို့ရဲ့ ကျောင်းတွေမှာ ပညာရေးစနစ်ဟောင်း အတိုင်းသွားတဲ့ အခါ အမှတ် များများရဖို့၊ အဆင့်ကောင်းဖို့ အတွက် အထွေထွေ ဉာဏ်ရည် ၂၅ ရာခိုင်နှုန်း ရရှိမှုကိုသာ ဦးတည်ပြီး သင်ကြား၊ သင်ယူမှု ပြုနေကြတာပါ။ နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့ကြတာနဲ့ အမျှ၊ ပြုပြင် ပြောင်းလဲမှုကို လိုအပ်လာ တဲ့ အခြေအနေတခုကို ရောက်ရှိ လာခဲ့ရပါပြီ။

ယခု ပြောင်းလဲလိုက်တဲ့ ပညာရေးစနစ်သစ်မှာ ပေါင်းသင်း ဆက်ဆံရေး ဉာဏ်ရည် ၇၅ ရာခိုင်နှုန်း ပါဝင်နိုင်မှုကို အပြည့်အဝ ထည့်သွင်းထားတာမို့ “စနစ်သစ် ပညာရေး” နှင့်အတူ အတန်းတက်သွားကြမယ့် ကလေးတွေဟာ “မိမိဘဝ၊ မိမိ မိသားစု ၊ မိမိနိုင်ငံကိုသာမက ကမ္ဘာတဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးကိုပါ စွမ်းဆောင်နိုင်မယ်၊ နိုင်ငံ့ သားကောင်း ရတနာများ ဖြစ်လာစေရေး” ကို အာမခံနိုင်ပါတယ်။

KG (သူငယ်တန်း) နဲ့ G1 (ပထမတန်း) သင် ဆရာ၊ ဆရာမတွေဟာ ဒီအာမခံမှုကို ပေးနိုင်တဲ့ သူများ ဖြစ်ကြရပါမယ်။ ဒီအာမခံမှုကို ပေးနိုင်ဖို့၊ လွယ်လွယ်နဲ့တော့ မဖြစ်နိုင်ပါဘူး။ စိန်ခေါ်မှုတွေ အများကြီးကို ကျမတို့ ရင်ဆိုင်ကြရမှာပါ။

KG နဲ့ G1 တန်းသင် ဆရာ၊ ဆရာမတွေဟာ သင်တန်းပို့ချမှုတွေ အတိုင်း၊ ညွှန်ကြားချက်တွေ အတိုင်း လိုက်နာပေးကြ ဖို့နဲ့ မိမိထင်မြင်ချက် အတိုင်း မှန်းပြီး ကလေးတွေကို မသင်မိစေဖို့ အထူးဂရုပြု ကြရပါမယ်။

ကျောင်းသားမိဘတွေရဲ့ ပညာရေးစနစ်သစ် အပေါ်မှာ ယုံကြည်မှု၊ စိတ်ပါဝင်စားမှု၊ လိုက်နာနိုင်မှု၊ ပူးပေါင်းပါဝင်မှု ရရှိ နိုင်ဖို့ အတွက် KG နဲ့ G1 သင် ဆရာ၊ ဆရာမတွေရဲ့ နည်းစနစ်ကျန မှန်ကန်မှု၊ ကြိုးစားအားထုတ်မှုတွေဟာ အရေးကြီး လှပါတယ်။ အရေးကြီးရင် သွေးနီရမှာမို့၊ မိဘတွေ ဘက်ကလည်း ပူးပေါင်းပါဝင်လို့ လက်တွဲညီညာ အောင်ကြောင်း ဖြာနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။ ။

စာရေးသူ ခင်မေထက် (ပညာရေး) သည် ပညာရေးဝန်ကြီး ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် လုပ်ငန်း အတွေ့အကြုံ ၃၅ နှစ်ခန့်ရှိသော အရာရှိတဦး ဖြစ်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading