ဆောင်းပါး

ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လာနေသည့် ပြည်ပစစ်သွေးကြွများ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ မြန်မာနယ်ချဲ့များကို ဘာသာရေးစစ်ပွဲ ဆင်နွဲရန် မွတ်ဆလင်ကမ္ဘာက တောင်းဆိုနေစဉ် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ အများစု ပါဝင်သော ပြည်ပစစ်သွေးကြွ ဆယ်ဂဏန်းများစွာ တို့သည် ARSA အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ရန် ပြင်ဆင်နေသည်။

ARSA အတွက် တိုက်ခိုက်ပေးနေသော စစ်သွေးကြွအချို့က ပါကစ္စတန်ရှိ ခေါင်းဆောင်များနှင့် ဆွေမျိုးများထံ ဖုန်းဖြင့် ဆက်သွယ်စဉ် အိန္ဒိယ ထောက်လှမ်းရေးများက ကြားဖြတ် နားထောင်နိုင်ခဲ့သည် ဟု အိန္ဒိယထောက်လှမ်းရေး အရာရှိများက ပြောသည်။

ထို ကြားဖြတ်နားထောင်မှုများအရ ရခိုင်ပြည်နယ်တွင် တိုက်ခိုက်နေသော ပါကစ္စတန် စစ်သွေးကြွ အရေအတွက်မှာ ၃၀ မှ ၄၀ အထိရှိပြီး ၎င်းတို့၏ ထုံးစံအတိုင်း ထိုသို့ စဉ်ဆက်မပြတ် ဆက်လက် အင်အားစုဆောင်းနေပါက အရေအတွက် လွန်စွာ မြင့်မားလာနိုင်သည်။

မြန်မာ့တပ်မတော်နှင့် စစ်ပွဲများတွင် စစ်တကောင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြားဒေသများမှ ပါဝင်တိုက်ခိုက်သူများ ရှိကြောင်း ကိုလည်း ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးများ အထောက်အထားများ ရရှိထားသည်။

“ဒီ စစ်သွေးကြွတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အစ္စလာမ်မစ်နိုင်ငံထူထောင်ဖို့ လုပ်နေကို ထောက်ခံတဲ့ အုပ်စုတွေကပဲ။ တချို့တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဂျမက် အူလ် မူဂျာဟေဒင် အဖွဲ့ (JMB) လို အကြမ်းဖက်အဖွဲ့ တွေနဲ့ ပတ်သက်နေတယ်။ သူတို့တွေက အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို တိမ်းရှောင်ရင်း ARSA နဲ့ ပူးပေါင်းပြီး အဆင်ပြေနေကြတယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အရာရှိတဦးက ပြောသည်။

“ARSA အပေါ် ထောက်ခံမှု မြင့်တက်လာတဲ့ အတွက် JMB လို အဖွဲ့တွေက လူတွေဟာ ARSA အမည်ခံပြီး ပုန်းအောင်း နေကြတယ်” ဟုလည်း ထိုအရာရှိက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အနည်းဆုံး ၈၀ မှ ၁၀၀ ခန့်သည် ARSA ကို ထောက်ပံ့နေသော အခန်းကဏ္ဍမှ ပါဝင်နေပြီး အချို့သည် တိုက်ပွဲဝင်ရန် အတွက်ပင် လက်နက် တပ်ဆင်ထားပြီး ဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လုံခြုံရေးဌာနများသည် ထိုစစ်သွေးကြွများကို စစ်တကောင်းမြို့တွင်းနှင့် ပတ်ဝန်းကျင်တွင် ပိုက်စိပ်တိုက် ရှာဖွေနေသည်။

ထို စစ်သွေးကြွများသည် တက်နဖ်-ကော့ဘဇားဒေသတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနေပြီး သတင်းသမားများကိုပင် မြန်မာပိုင်နက် အတွင်းသို့ ပို့ဆောင်ပေးနေသည် ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ရှိ ARSA စခန်းများသို့ ရောက်ရှိခဲ့သည့် သတင်းသမားများက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှေ့တောင်ပိုင်းသို့ ရောက်ရှိနေသော ဥဇဘက် နိုင်ငံသားများ၊ အာရပ်များနှင့် အာဖဂန်နိုင်ငံသား အနည်းငယ်စီလည်း ARSA နှင့် ပူးပေါင်းနေကြသည်။

၎င်းတို့ကို ရခိုင်ပြည်နယ်တွင်သာမက မြန်မာနိုင်ငံအနှံ့အပြားတွင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်အောင် ပြင်ဆင်ပေးနေသည် ဟု ထောက်လှမ်းရေး အရာရှိများက ပြောသည်။ အရေအတွက်အားဖြင့် ၃၀ နှင့် ၃၅ ဦးကြား ရှိသည် ဟု ဆိုသည်။

“ဒါဟာ တော်တော် အန္တရာယ်များတယ်။ ရခိုင်ပြည်နယ်ကို အာဖဂန်နစ္စတန်လို မဖြစ်စေဖို့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်ရမယ်” ဟု အိန္ဒိယနိုင်ငံ စစ်ဘက်ထောက်လှမ်းရေး (Defense Intelligence Agency) ဒုတိယအကြီးအကဲ အငြိမ်းစား ဗိုလ်ချုပ် ဂါဂန်ဂျစ်ဆင်းက ပြောသည်။

ARSA အဖွဲ့နှင့် ပါကစ္စတန်မှ လက်ရှကာ အီး တေရာဘာ (LeT) နှင့် ပါကစ္စတန်နိုင်ငံ ထောက်လှမ်းရေးဌာန (ISI) တို့အကြားတွင် နီးကပ်သော ဆက်ဆံရေး ရှိကြောင်း အထောက်အထားများကို အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သတင်းသမားများက အထောက်အထား အများအပြား ပြသခဲ့ပြီးလည်း ဖြစ်သည်။

၁၉၈၀ ခုနှစ်များက အာဖဂန် ဂျီဟတ်စစ်ပွဲ အတွက် လုပ်ခဲ့သည့် အတိုင်း ရခိုင်ပြည်နယ်မှ ဂျီဟတ် ဘာသာရေး စစ်ပွဲကို နိုင်ငံတကာ မွတ်စလင်များ၏ ထောက်ခံမှု ရရှိရေး အတွက် ဝါဒဖြန့် လုပ်ဆောင်နေသော ရိုဟင်ဂျာဆိုသူများ၏ ကွန်ရက်များကို ပါကစ္စတန် ထောက်လှမ်းရေး အဖွဲ့က ၎င်းတို့၏ ပြည်ပ လူထု လှုံ့ဆော်ရေးဌာနမှ တဆင့် ထိန်းချုပ်ထား သည်။

“ဒေသခံလူတွေ ခံစားရတာကို ထည့်မတွက်ဘဲ အဲဒီဒေသမှာ ပိုမို စနစ်ကျတဲ့ အစ္စလာမ်မစ် စစ်သွေးကြွလှုပ်ရှားမှု လုပ်ဖို့ စီစဉ်နေတဲ့ အထောက်အထားတွေ တွေ့နေရတယ်။ စစ်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ အာဏာပိုင်တွေဟာ မီးနဲ့ ကစားနေတာပဲ” ဟု သံတမန်တဦးက မြန်မာ့အရေး လေ့လာသူ ဘာတေးလ်လစ်တနာကို ပြောသည်။

ထို စစ်သွေးကြွများကို မွတ်စလင်လောကက လွန်စွာ ထောက်ခံကြသည်။

ရိုဟင်ဂျာ ဆိုသူများ၏ အုံကြွမှုကို ပြန်လည် အသက်သွင်းပေးရာတွင် အရေးပါသူ တဦးမှာ ပါကစ္စတန် ဘင်္ဂါလီများမှ ဆင်းသက်လာသူ အက်ဗ်ဒပ်စ် ကာဒို့စ် ဘာမီ (Abdus Qadoos Burmi) ဖြစ်သည်။ သူသည် ဟာကက် အူလ် ဂျီဟတ် အစ္စလာမ်မီ အာရကန် (HUJI-A) လှုပ်ရှားမှုကို စတင် လုပ်ဆောင်ပြီးနောက် ထိုလှုပ်ရှားမှုသည် ယခု ARSA တဖြစ်လဲ အာရဗီဘာသာဖြင့် ဟာရာကာ အယ်လ် ယာကင် ဟုခေါ်သော ကွန်ရက်၏ အစိတ်အပိုင်း ဖြစ်လာသည်။

နောင်တွင် သူသည် ထိုအဖွဲ့များ အားလုံးကို ပေါင်းစည်းလိုက်ပြီး ပါကစ္စတန်ဖွား အတာအူလ္လာ အဗ္ဗဒူလာ ဂျူနွန်နီ (Atah Ulla Abdullah Junooni) ဦးဆောင်သော ARSA အဖြစ် ဖွဲ့စည်းလိုက်သည်။ သို့သော် ARSA ၏ စစ်ဘက်ခေါင်းဆောင် ဟာဖစ်ဇ်တိုဟာ (Hafiz Tohar) သည် ရခိုင်ပြည်နယ် ကျေးရွာတခုမှ ဖြစ်ပြီး သူ့ကို လက်ရှ်ကာ အီး တိုင်ဘာ အဖွဲ့ (LeT) နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့ ဖြစ်သော ဂျမက် အွဒ် ဒါဝါ (JuD) နှင့် အချိတ်အဆက်ရှိသူ ဘာမီက စည်းရုံးခဲ့ခြင်းဖြစ်သည်။

ထိုအဖွဲ့ ၂ ခုလုံးကို ပါကစ္စတန်နိုင်ငံတွင် ပိတ်ပင်ထားသော်လည်း ပြောင်ကျကျပင် ဆက်လက် လှုပ်ရှားနေသည်။ ဝီကီလိခ် ကြောင့် ပေါက်ကြားသွားသော ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၀ ရက်ရက်စွဲပါ အမေရိကန် သံတမန်ကြေးနန်းစာ အရ LeT နှင့် JuD တို့သည် နိုင်ငံတကာ အကြမ်းဖက်ကွန်ရက်ဖြစ်သော အယ်လ်ကိုင်ဒါနှင့် အဆက်အစပ် ရှိပြီး ရန်ပုံငွေများကို ဆော်ဒီ အာရေးဗီးယားမှ လှူဒါန်းသည့် အဖွဲ့များထံမှ ရရှိနေသည် ဟု သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် အကြမ်းဖက်မှု ပထမဆုံး စတင် ဖြစ်ပွားပြီးနောက် LeT နှင့် JuD သည် ဒိုင်ဖာ အီး မွတ်ဆယ်မန် အီး အာရကန် ခေါ် ညီလာခံတခုခေါ်ယူပြီး ရိုဟင်ဂျာအရေးကို မီးမောင်းထိုးရန် လုပ်ဆောင်သည်။

ထိုနှစ် သြဂုတ်လတွင် ရှာဟစ် မာမွတ်နှင့် နဒင်းမ် အဝန်ဟု ထောက်လှမ်းရေး သတင်းများက ဖော်ပြသော JuD အဆင့်မြင့်ခေါင်းဆောင် ၂ ဦး တို့သည် မြန်မာနယ်စပ်အနီးရှိ စခန်းများမှ ဘင်္ဂါလီများနှင့် ဆက်သွယ်ရန် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့သည်။

၎င်းတို့သည် ဘာသာရေးနှင့် စစ်ရေး လေ့ကျင့်မှု ပုံစံ သင်တန်းများ ပေးခဲ့သည်ဟုလည်း ဆိုသည်။ တချိန်တည်းမှာပင် LeT နှင့် အဆက်အစပ် ရှိသောသော ခေါင်းဆောင်များသည် ထိုင်းနိုင်ငံ မဲဆောက်ဒေသဘက်သို့ သွားရောက်ခဲ့ပြီး စစ်သွေးကြွများကို သင်တန်းများပေးခဲ့သည်။

ယခုအခါ LeT နှင့် ARSA တို့သည် ရခိုင်ပြည်နယ် ဂျီဟတ်ဘာသာရေးစစ်ပွဲ အတွက် ထောက်ခံမှုရရန် ကြီးမားလှသော လူမှုကွန်ရက် တခုကို ချိတ်ဆက် လုပ်ကိုင်နေသည်။

ထိုဖြစ်စဉ်များကို လေ့လာခဲ့သော ဘာတေးလ်လင့်တနာက “ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ခဲ့တာကို မငြင်းခဲ့ပေမယ့် ဝါရင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေ တောင်မှ အဲဒီဒေသက ဓာတ်ပုံအတုတွေ အလုံးအရင်းနဲ့ ထွက်လာလို့ တော်တော်တုန်လှုပ်ကြရတယ်” ဟုပြောသည်။

ထိုဓာတ်ပုံ အတုများတွင် ဒတ်ချ်လူမျိုးတဦးနှင့် ကမ္ဘောဒီးယား ၂ ဦးတို့က ကမ္ဘောဒီးယားကလေး တဦးကို နှိပ်စက်နေသော ဓာတ်ပုံကို ဗြိတိန်သတင်းစာ ဒေးလီးမေးလ်က ရိုဟင်ဂျာဆိုသူ ကလေးငယ်ကို မြန်မာစစ်သားများက နှိပ်စက်နေပုံ အဖြစ် ဖော်ပြခဲ့ခြင်း၊ ၂၀၀၈ ဆိုင်ကလုန်းနာဂစ်နှင့် တရုတ်နိုင်ငံ ဆီချွမ်ပြည်နယ် ငလျှင်မှ သေဆုံးသူများ၏ ဓာတ်ပုံများကို ရိုဟင်ဂျာ ဆိုသူများ ဖြစ်သည် ဟု ပြောဆိုခဲ့ခြင်း၊ နိုက်ဂျီးရီးယားမှ ခရစ်ယာန်များကို အစ္စလာမ်မစ် စစ်သွေးကြွများက သတ်ပြီး ကွင်းပြင်တွင် ချထားပြီး ရိုဟင်ဂျာ ဆိုသူများ ဖြစ်သည် ဟု ဖော်ပြခြင်းနှင့် ထိုင်းနိုင်ငံ ယာဉ်တိုက်မှုတခုတွင် သေဆုံးသူ၏ ပုံကို ရခိုင်ပြည်နယ်မှ တိုက်ခိုက်မှုများကြောင့် သေဆုံးသည်ဟု ဖော်ပြခြင်းများကို ဘာတေးလ်လင့်တနာက ဥပမာ ပေးသည်။

ရခိုင်ပြည်နယ်မှ မီးရှို့ခံရသော ကျေးရွာမျာ၏ ဓာတ်ပုံအစစ်များနှင့် အတည်ပြုနိုင်သော သတင်းများကိုသာ ထုတ်ပြန်ခဲ့သော လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) သည်လည်း အချက်အလက်မှန်များကို လွန်စွာ ဂရုတစိုက် ရွေးချယ်နေရသည်။

မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို HRW အတွက် ၁၅ နှစ်ကြာ လေ့လာပေးခဲ့သော ဒေးဗစ်မက်သီဆန်က ၎င်းတို့ထံ ပေးပို့ခဲ့သော ဓာတ်ပုံနှင့် ဗီဒီယိုများသည် အတုများ ဖြစ်ကြောင်း ထင်ရှားလှသည် ဟု ပြောသည်။

“ဒီလိုလုပ်ပြီးတော့ ရိုဟင်ဂျာထောက်ခံရေး အုပ်စုတွေက HRW လို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို ထိခိုက်စေတာပေါ့” ဟု ဘာတေးလ်လင့်တနာက ပြောသည်။

“သတင်းတုတွေကြောင့် အစိုးရအနေနဲ့လည်း တကယ့် အခွင့်အရေး ချိုးဖောက်မှု သတင်းတွေကို အယုံအကြည်မဲ့အောင် လုပ်လို့ ရသွားတယ်” ဟု ဒေးဗစ်မက်သီဆန်က ပြောသည်။

“ရှုပ်ထွေးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ သတင်းအချက်အလက် ဖြန့်ချိဖို့ လူမှုကွန်ရက်ကို အလွဲသုံးလို့ ရတယ် ဆိုတာကို ဒါက ပြနေတယ်။ အသုံးပြုသူတွေ အနေနဲ့ ချက်ချင်း စိတ်ခံစားမှုနဲ့ မတုံ့ပြန်ဘဲ သတင်းတိုင်း၊ ပုံတိုင်းကို မေးခွန်း ထုတ်ရမယ်။ အကျပ်အတည်း ဆိုက်လာရင် လူတွေက စိတ်ခံစားမှုကို လွှတ်ပေးကြတယ်။ မျှမျှတတ သတင်းတင်ပြတာကို အားမကိုး ကြဘူး” ဟုလည်း သူက ပြောသည်။

(Subir Bhaumik သည် ဝါရင့် အိန္ဒိယ သတင်းစာဆရာတဦးဖြစ်ပြီး အရှေ့နှင့် အရှေ့မြောက် အိန္ဒိယရေးရာ သုံးသပ်ဝေဖန်သူဖြစ်သည်။ ဧရာဝတီသို့ ၎င်းပေးပို့သော Foreign militants in Rakhine! ကို ဘာသာပြန်ဖော်ပြသည်။)

ဆက်စပ်ဖတ်ရှုရန် – မလေးရှားရှိ ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီအချို့ ARSA ကို ငွေကြေးထောက်ပံ့နေ

Did you find apk for android? You can find new Free Android Games and apps.
Loading