ဆောင်းပါး

ကိုဖီအာနန်ကော်မရှင်နှင့် နောက်ဆက်တွဲ ပြဿနာ

Want create site? Find Free WordPress Themes and plugins.

ကိုဖီအာနန်ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာထွက်သည့် နောက်နေ့မှစ၍ ရခိုင်ပြည်နယ် အခြေအနေသည် ကြီးမားစွာ ပြောင်းလဲသွားပေရာ အစီရင်ခံစာတွင် မပါဝင်သည့် နောက်ဆက်တွဲ ပြဿနာများကို ထည့်သွင်း စဉ်းစားရန် လိုအပ်လာပါ သည်။

ကော်မရှင်အစီရင်ခံစာ ထွက်သည့်ညမှစ၍ အစွန်းရောက် ဘင်္ဂါလီမွတ်စလင် အဖွဲ့အစည်း တခုဖြစ်သည့် ARSA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများသည် မောင်တောဒေသအနှံ့ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုများကို တန်ပြန်သည့် အစိုးရလုံခြုံရေး တပ်ဖွဲ့များ၏ တုံ့ပြန် တိုက်ခိုက်မှုများသည် ၂၀၁၇ ခုနှစ် စက်တင်ဘာ လ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟု အစိုးရက တရားဝင် ထုတ်ပြန်သည်။

ထိုအကြမ်းဖက် တိုက်ခိုက်မှုများနှင့်အတူ လျင်မြန်စွာ ထွက်ပေါ်လာသည်မှာ ဒုက္ခသည်ပြဿနာဖြစ်သည်။

မြန်မာလုံခြုံရေး တပ်ဖွဲ့များက အင်အား အလွန်အကျွံ အသုံးပြုသည်ဟူသော စွပ်စွဲချက်များနှင့်အတူ ကျေးရွာ အိုးအိမ်များ မီးရှို့ခံရ၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်ဟု ဘင်္ဂါလီများဘက်က ဆိုသည်။

အစိုးရနှင့် တပ်မတော်ဘက်ကမူ ဘင်္ဂါလီမွတ်စလင်များသည် အကြမ်းဖက် တိုက်ခိုက်မှုများပြု လုပ်ပြီးနောက် ကိုယ့်အိမ်ကို ကိုယ်မီးရှို့၍ ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

ဤသို့အပြန်အလှန် စွပ်စွဲပြောဆိုမှုကြားမှ ရက်ပိုင်းအတွင်း ဒုက္ခသည် သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်သို့ ရောက်သွားတော့ သည်။ အံ့သြဖွယ်ရာ တွေ့ရှိရသည်မှ စက်တင်ဘာလဆန်း တိုက်ခိုက်မှုများ ရပ်ဆိုင်းထားသည့် အချိန် နောက်ပိုင်းတွင် လည်း ဘင်္ဂလီမွတ်စလင်များသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးနေကြဆဲ ဖြစ်သည်။ တပ်မတော်နှင့် ရခိုင်တို့၏ ခြိမ်းခြောက်မှုကြောင့်ဟု ဘင်္ဂါလီတို့က အကြောင်းပြကြ၏။

သို့သော် အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ခင် ၂၀၁၇ ခုနှစ် မိုးရာသီ အစမှာပင် ၎င်းတို့အနေနှင့် အကြမ်းဖက် တိုက်ခိုက် မှုများ ပြုလုပ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရန် ကြိုတင်ကြံစည်ထားပုံရသည်ဟု ယူဆဖွယ်ရာ ဖြစ်သည်။

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားခြင်းလည်း မရှိ အိုးအိမ်များလည်း မီးလောင်ခြင်း မရှိသည့်ရွာများမှ ထွက်မပြေးဘဲ ကျန်နေသူများအား ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေသော ARSA နှင့် မော်လဝီဆရာများက ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေးကြရန် ခြိမ်း ခြောက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သို့ဖြစ်ရာ တိုက်ပွဲငြိမ်သက်နေသည့် စက်တင်ဘာ လလယ်ပိုင်းမှ အောက်တိုဘာ လလယ်ပိုင်းအထိ မောင်တော၊ ဘူးသီး တောင်ဒေသမှ ဘင်္ဂါလီမွတ်စလင်များ တဖွဲဖွဲထွက်ပြေးကြရာ ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီဒုက္ခသည် ၅ သိန်းခန့် ရောက်ရှိ နေပြီဟု ကုလသမဂ္ဂ သတင်းများအရ သိရှိရသည်။

သို့နှင့် ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာတွင်မပါသည့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် ဒုက္ခသည် ၅ သိန်း ပြဿနာ သည် မြန်မာအစိုးရ ဖြေရှင်းရမည့် နောက်ဆက်တွဲ ပြဿနာ ဖြစ်လာတော့သည်။

မြန်မာအစိုးရသည် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် ဒုက္ခသည်ပြဿနာအား ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် အတိုင်း ဖြေရှင်းသွားမည်ဟု ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွက် လုပ်ဆောင် မည့် လုပ်ငန်းစဉ် ၃ ရပ်ကိုလည်း ချပြခဲ့သည်။

လုပ်ငန်းစဉ် ၃ ရပ်၏ ပထမအချက်မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး နှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ဒုတိယအချက်မှာ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ တတိယ အချက်မှာ ဒေသတည်ငြိမ်ရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေးတို့ ဖြစ်သည်ဟု ဖော်ပြသည်။

ထို့အပြင် ထိုလုပ်ငန်းစဉ် ၃ ရပ်ကို အကောင်အထည် ဖော်ရန် ယန္တရားတရပ်အဖြစ် “ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာ မှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) အား ဖွဲ့စည်းပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ဒုဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြတ်အေး (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး) တို့က တာဝန်ယူသည်ဟု ဆိုပါသည်။

လက်ရှိ မြန်မာအစိုးရ ကိုင်စွဲထားသည့် ဒုက္ခသည် ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက်တွင် မြန်မာနိုင်ငံ၌ မွေးဖွားသူဖြစ်ရမည်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားရှိရမည်၊ မိမိဆန္ဒအရ ပြန်လာချင်သူ ဖြစ်ရမည်၊ မြန်မာအစိုးရအား ဆန့်ကျင်သူ မဖြစ်ရ ဟူသည့် အချက်များ ပါဝင်သည်ဟု ဆိုပါ သည်။

အခြေခံအား ဘင်္ဂါလီများကို ပြန်လည်လက်ခံမှုနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံသားဖြစ်မှု နှင့် ပတ်သက်၍ လည်းကောင်း မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းပုံသည် အင်္ဂလိပ်ကိုလိုနီ ခေတ်၌ မြန်မာပြည်သို့ ပြောင်းရွှေ့အခြေချ သူများ အဖြစ် သဘောထား စဉ်းစားပေးခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဒုက္ခသည်ပြဿနာကို အစိုးရနှစ်ရပ် ညှိနှိုင်းပြီး နှစ်ကြိမ်တိုင် ဖြေရှင်းနိုင် သကဲ့သို့ တတိယ အကြိမ်မြောက် အောင်မြင်စွာ ဖြေရှင်းနိုင်မည် ဟူသော မျှော်လင့်ယုံကြည်မှုနှင့် ဆောင်ရွက်ခြင်း ဖြစ်သည်။

ထို့အပြင် ကိုဖီအာနန်ကော်မရှင် အပြီးသတ်အစီရင်ခံစာ၌လည်း ဥပဒေအား ပြန်လည်သုံးသပ်ရန် တောင်းဆိုသော်လည်း ၁၉၈၂ ခုနှစ် ဥပဒေအခြေခံပေါ်မှ နိုင်ငံသားဖြစ်မှုပြဿနာကို ဖြေရှင်းရန်ဖြစ်သည်။ မြန်မာအစိုးရ အနေနှင့်လည်း ပြည်တွင်းရေး ပြဿနာအဖြစ် သဘောထား ဖြေရှင်းနေသည် ဖြစ်သည်။

သို့သော် ARSA အကြမ်းဖက် တိုက်ခိုက်မှုသည် သာမန်အကြမ်းဖက် တိုက်ခိုက်မှုအပြင် နိုင်ငံရေး ရည်ရွယ်ချက်များ ပါရှိ သည်ကို သတိပြုရန် လိုအပ်ပါသည်။

မောင်တောဒေသတခွင် အနှံ့အပြား တိုက်ခိုက်ခိုက်မှုများတွင် ARSA အဖွဲ့သည် ခြိမ်းခြောက် အကြပ်ကိုင်၍ဖြစ်စေ၊ စည်းရုံးသိမ်းသွင်း၍ဖြစ်စေ ဘင်္ဂါလီ အရပ်သား အများအပြားကို တိုက်ခိုက်မှုအတွင်း ပါဝင်စေခဲ့သည်။

၎င်းတို့ ဖော်ပြလိုသည့်ပုံစံမှာ ဘင်္ဂါလီမွတ်စလင် အရပ်သားများက မခံမရပ်နိုင်၍ ရရာလက်နက် စွဲကိုင် ပုန်ကန်ရသည် ဟူသော ပုံစံဖြစ်ပုံရသည်။ သို့သော် ARSA အကြမ်းဖက်အဖွဲ့အနေနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် မတူသည်မှာ လက်နက်ကိုင်တပ်ဖွဲ့ သီးသန့်ထူထောင်ပြီး လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမျိုး မဟုတ်ပေ။

သူတို့၏ ဘင်္ဂါမွတ်စလင် အရပ်သားများကို ချကြွေးသည့် ပုံစံဖြစ်သည်။ မိမိတိုင်းရင်းသား ပြည်သူများကို အကာကွယ်ပေး သည့် တိုင်းရင်းသား တပ်ဖွဲ့များနှင့် အခြေခံအားဖြင့် ကွာခြားသည်။

ARSA အကြမ်းဖက် အဖွဲ့သည် သတင်းများအရ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည် ဆိုသော်လည်း ၎င်းတို့သုံးစွဲသည့် လက်နက်များသည် ကောင်းမွန်ခြင်း မရှိလှပေ။ ၎င်းတို့သည် လက်လုပ် မိုင်းများ၊ ဗုံးများ ကို အဓိက အားပြု တိုက်ခိုက်သွားသည်ကို တွေ့ရသည်။

စက်တင်ဘာ ၁၀ ရက်ဝန်းကျင်မှစ၍ ဒုက္ခသည်များ လုံခြုံစွာ ပြောင်းရွှေ့နိုင်ရန် တလမျှ အပစ်အခတ် ရပ်သည်ဟူသည့် ARSA အဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာသည်။

ထို့နောက် တလပြည့်သော်လည်း ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို မမြင်ရပေ။ တိုက်ခိုက်ခိုက်မှုများအစား ဘင်္ဂါလီ ဒုက္ခသည် ပြဿနာ ဖြေရှင်းရန် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဖြေရှင်းမည် ဆိုသည့် ကြေညာချက် ထွက်လာသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ ၎င်းတို့သည် ပြဿနာကို ဘယ်သို့ဘယ်ပုံ သယ်ဆောင်သွားလိုသည်ကို ထည့်သွင်း စဉ်းစားတွက်ချက် ထားရန် လိုအပ်ပေလိမ့်မည်။

ပထမ အချက်အနေနှင့် ဘင်္ဂါလီမွတ်စလင် ကိုယ်စားပြု အဖွဲ့အစည်းများသည် ပြီးခဲ့သော ၅ နှစ်အတွင်း ၎င်းတို့သည် ရခိုင် ပြည်နယ်တွင် ၇ ရာစုခန့် ကတည်းက ရောက်ရှိ အခြေချနေသော “ရိုဟင်ဂျာ လူမျိုး” ဖြစ်သည် ဆိုသည်ကို နိုင်ငံတကာ မီဒီယာ၊ နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံကို အသုံးပြု၍ ကောင်းမွန်စွာ ဝါဒ ဖြန့်ထားနိုင်ခဲ့သည်။

သမိုင်းဆိုင်ရာ အထောက်အထားများ အရ ရိုဟင်ဂျာဆိုသည်မှာ ရခိုင်တွင် ရှေးပဝေသဏီ ကတည်းက အခြေချနေထိုင် ခဲ့သည့် လူမျိုးဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများ အဖြစ် ၎င်းတို့အား အသိမှတ် ပြုခဲ့ကြသည်။

ရိုဟင်ဂျာဟု သုံးနှုန်းမှသာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဘက်မှ ရပ်တည်သူဖြစ်သည်ဟူသော ထင်မြင်ယူဆမှုမျိုး နိုင်ငံတကာ အဝန်းအဝိုင်းတွင် ထင်မှတ် မှားစေနိုင်ခဲ့သည်။

ဒုတိယအချက် အနေနှင့် ARSA သည် အကြမ်းဖက် တိုက်ခိုက်မှုများ အပြီး ဒုက္ခသည် ၅ သိန်းခန့်အား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး စုပုံစေခဲ့ခြင်းသည် သာမန်ဖြစ်ရပ်ဟု ယူဆ၍ မရပေ။

ပြီးခဲ့သော နှစ်ပိုင်းများအတွင်း ရရှိလာခဲ့သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို အသုံးပြု၍ နိုင်ငံတကာက ပါဝင်ဖြေရှင်းရမည့် နိုင်ငံတကာ ပြဿနာအဖြစ် ပုံဖော်လိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်ရသည်။

တတိယ အချက်အနေနှင့် အနောက်နိုင်ငံများ၊ OIC အစ္စလမ္မစ် နိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် ARSA တို့၏ အကြမ်းဖက်မှုကို ရှုတ်ချသည်ဟု ဆိုသော်လည်း ဘင်္ဂါလီဒုက္ခသည် ပြဿနာနှင့် ပတ်သက်၍ မြန်မာ အစိုးရနှင့် တပ်မတော် ကို ဇောင်းပေးပြစ်တင် ရှုတ်ချပြီး ဘင်္ဂါလီတို့ဘက်မှ ရပ်ခံလျက် ရှိကြသည်။

ပြည်တွင်းလုံခြုံရေး ကိစ္စများ ကိုင်တွယ်ရာတွင် လည်းကောင်း၊ တိုင်းရင်းသားဒေသ စစ်ဆင်ရေးများတွင် လည်းကောင်း နာမည်ပျက် ရှိသည့် တပ်မတော်၏ အားနည်းချက်အပေါ် အခြေခံသည့် ပြစ်တင်ရှုတ်ချမှုများ ပြုကြသည်။ သတင်း လွတ်လပ်မှု မရှိသည့်အပေါ်တွင် အခြေခံသည့် ပြစ်တင်ရှုတ်ချမှုများ ပြုကြသည်။

နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရသည်ပင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဘက်က မရပ်တည်ဟူ၍ ပြစ်တင် ရှုတ်ချမှုများပြု ခဲ့ကြသည်။

ဤသို့ မြန်မာအစိုးရနှင့် တပ်မတော်အား နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှု ရှိနေခြင်းသည် ၎င်းတို့အတွက် အသာစီးရသည့် အနေအထားအဖြစ် ယူဆပြီး နိုင်ငံတကာအားကို ပိုမိုအသုံးချဖွယ် ရှိသည်။

စတုတ္ထ အချက်အနေနှင့် ဤသို့ နိုင်ငံတကာ ပြဿနာအဖြစ် ပုံဖော်ဖြေရှင်းရန် ကြိုးစားနေသော်လည်း ARSA အဖွဲ့သည် အစိုးရ၏ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည်ဖြစ်ရာ ၎င်းတို့၏ အစိုးရနှင့် ဆွေးနွေးဖြေရှင်းမည် ဟူသော တောင်းဆိုချက်ကို အစိုးရဘက်က လိုက်လျောခြင်း မရှိပေ။

ထို့အပြင် ဒေသခံ တိုင်းရင်းသားများ၊ ဟိန္ဒူ ဘာသာဝင်များကို အစုလိုက်အပုံလိုက် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ARSA အဖွဲ့တွင် တာဝန်ရှိပေရာ ARSA သည် နိုင်ငံရေး နည်းလမ်းများကို ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း ဖြစ်လာမည် မဟုတ် ပေ။

၎င်းတို့အနေနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက်လည်း နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များထံမှ အကူ အညီ ရရန် စောင့်စားရမည့် အခြေအနေတွင်ရှိနေပြီး လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်လာ နိုင်ဖွယ်မရှိဟု သုံးသပ်ရသည်။ သို့သော် သတိကြီးစွာ ထားရမည့် အကြမ်းဖက် အဖွဲ့အစည်းတခုတော့ ဖြစ်ပေသည်။

ပဉ္စမ အချက်အနေနှင့် တွေ့ရသည်မှာ ARSA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်များ၌ ဖော်ပြသော အင်္ဂလိပ်စာ အရေး အသားသည် အံ့သြဖွယ်ရာ ကောင်းမွန်နေသည်ကို တွေ့ရသည်။ ၎င်းတို့သည် နိုင်ငံတကာရှိ အခြားဘင်္ဂါလီ အဖွဲ့အစည်း များနှင့် ဆက်စပ်ပတ်သက်မှု ရှိမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ထို့အပြင် လက်ရှိ တရားဝင် ထောက်ခံနေသော နိုင်ငံတကာအဖွဲ့အစည်းများ အနေနှင့်လည်း အကြမ်းဖက် တိုက်ခိုက်မှုကို ထောက်ခံ အားပေးကြမည် မဟုတ်သော်လည်း နိုင်ငံရေးအရ ဖိအားပေး ဖြေရှင်းခြင်းကို ထောက်ခံ အားပေးကြမည်သာ ဖြစ်သည်။

ထိုသို့သော အခြေအနေ အောက်တွင် ARSA အဖွဲ့အစည်းအား နောက်ပို့ပြီး နိုင်ငံရေးအရ နိုင်ငံတကာ ပြဿနာ အဖြစ် ပုံဖော်လှုပ်ရှားမည့် အဖွဲ့များ ရှေ့ထွက်လာမည်မှာ သေချာသလောက် ဖြစ်ပေသည်။

လက်ရှိအချိန်တွင် အမေရိကန် အခြေစိုက် ဝါကာအူဒင် ခေါင်းဆောင်သည့် ARU (Arakan Rohinja Union) သည် အမေရိကန် အစိုးရ တာဝန်ရှိသူများနှင့် လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်စပ်၍လည်းကောင်း လှုပ်ရှား နေသည်ကို တွေ့ရသည်။

ဆဌမ အချက်အနေနှင့် ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနည်းသည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း လက်ရှိ ဘင်္ဂါလီမွတ်စလင် ကိုယ်စားပြုသည် ဆိုသည့်အဖွဲ့များ၏ နိုင်ငံရေးပြဿနာ တင်လာပုံနှင့် အစိုးရ ပြင်ဆင်ထားပုံ မတူပေ။

အစိုးရဘက်မှ ပြင်ဆင်ထားသည်မှာ ဒုက္ခသည် ပြန်လည် လက်ခံ နေရာချထားရေး၊ နိုင်ငံသားပြုမှု ပြဿနာ ဖြေရှင်းရေး၊ လူ့အခွင့်အရေးပြသနာအဖြစ် ဖြေရှင်းရန်ဖြစ်သည်။ ပြည်တွင်းရေးပြသနာအဖြစ် ဖြေရှင်းရန်ဖြစ်သည်။

ဘင်္ဂါလီမွတ်စလင် ကိုယ်စားပြုအဖွဲ့များ ဖြေရှင်းလိုပုံမှာ ၎င်းတို့သည် “ရိုဟင်ဂျာတိုင်းရင်းသား” များ ဖြစ်သည့် ရပ်ခံချက် ဖြင့် တိုင်းရင်းသား အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်တို့ကို တောင်းဆိုရန် ပြင်ဆင် ဆောင်ရွက်နေသည် ဟု ယူဆရသည်။

ထို့အပြင် ၎င်းပြဿနာကို နိုင်ငံတကာ၏ အားယူ၍ ကိုဆိုဗိုကဲ့သို့ နိုင်ငံတကာ ပြဿနာ အဖြစ် ဖြေရှင်းရန် ကြိုးပမ်း နေပုံရ ပေသည်။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် ဘင်္ဂါလီ ဒုက္ခသည်များအား နှစ်နိုင်ငံကြား ညှိနှိုင်း၍ တတိယ အကြိမ် ပြန်လည် လက်ခံရေး သည် လွယ်ကူ မြန်ဆန်ဖွယ်မရှိပေ။

အဆိုပါ ဒုက္ခသည် အစုအဝေးဖြင့် ၎င်းတို့၏ နိုင်ငံရေး တောင်းဆိုချက်များကို နိုင်ငံတကာ၏ အားယူ၍ လုပ်ဆောင်သွားရန် ပြင်ဆင်နေသည်ကို ဦးစွာ ရင်ဆိုင်ရဖွယ် ရှိပေသည်။

အစိုးရအနေနှင့်လည်း ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း၊ မွတ်စလင် အသိုင်းအဝိုင်းဟု ကြားချနေ၍ မရနိုင်တော့ ဘဲ ၎င်းပြဿနာသည် နိုင်ငံရပ်ခြားမှ ပြောင်းရွှေ့အခြေချများအား နိုင်ငံသားပြုမှု ပြဿနာလော သို့မဟုတ် ဌာနေ တိုင်းရင်း သား ပြဿနာလော ဆိုသည်ကို ရှင်းလင်းစွာ ပြောဆို ရပ်ခံလုပ်ကိုင်ရန် လိုအပ်ပေလိမ့်မည်။

သို့မဟုတ် မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည့် ပြဿနာတရပ် ဖြစ်လာလိမ့်မည်။ သို့မဟုတ် ဘင်္ဂါလီပြဿနာကို ဖြေရှင်းရ မည့် အခြေခံ ပြဿနာတရပ် ဖြစ်လာဖွယ် ရှိသည်ဟု သုံးသပ်ရပါသည်။

ဗြိတိသျှ ကိုလိုနီခေတ်ကာလ ဗြိတိသျှတိ့ုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား အတွက် အိန္ဒိယ တိုက်ငယ်မှ လုပ်သား အများ အပြား အား မြန်မာပြည်ထဲသို့ တင်သွင်းလာရာမှ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဘာသာရေး မတူသော လူမျိုးများကြား ပဋိပက္ခများ ပေါက်ဖွားလာခဲ့သည်ဖြစ်ရာ ဘင်္ဂါလီပြဿနာသည် ဗြိတိသျှ ကိုလိုနီခေတ် ဆိုးမွေဟု ဆိုရမည်။

ဒုတိယ ကမ္ဘာစစ်အတွင်း အုပ်ချုပ်ရေး ပျက်ပြားနေစဉ်ကာလ ဖြစ်ပွားခဲ့သည့် ၁၉၄၂ ခုနှစ် ရခိုင်-ဘင်္ဂါလီ အရေးအခင်းသည် ကိုလိုနီခေတ် ဆိုးမွေပေါ်မှ နက်ရှိုင်းသော ဒဏ်ရာကို ပေးထားခဲ့သည်။

ထို့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာကို သမာသမတ်ကျ သည့် နည်းလမ်းဖြင့် တသမတ်တည်း တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့၍ ပြဿနာသည် ပို၍ ဆိုးဝါးသည့် ဖြေရှင်း ရန် ခက်ခဲသည့် အခြေအနေကို ရင်ဆိုင်နေရသည်ဟု ဆိုရမည်။

သို့သော် ပြောင်းရွှေ့အခြေချသည့် မွတ်စလင် ဘာသာဝင်များသည် ရခိုင်တွင်သာ ရှိနေသည် မဟုတ်ပေ။ ပြည်မတွင်လည်း သန်းနှင့်ချီ၍ ရှိသည်ဟု ဆိုကြသည်။

အဆိုပါပြဿနာကို နိုင်ငံသားပြုမှုပြဿနာ၊ နိုင်ငံသား အခွင့်အရေး ပြဿနာအဖြစ် ကောင်းမွန်စွာ ဖြေရှင်းထားနိုင်ခဲ့သည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာကိုလည်း ထိုအခြေခံပေါ်မှ ဖြေရှင်းသွားရန် လိုသည်။ ရခိုင်ပြည်နယ် ဘင်္ဂါလီ ပြဿနာတွင် ထူးခြားချက်မှာ နယ်စပ်ချင်း ဆက်လျက်ရှိသည့် အတွက် ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်သူများ ရှိနေသည် ဆိုသည့် အချက်အား စိစစ်ရန် လိုအပ်ပေလိမ့်မည်။

ထို့အပြင် ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် အကြမ်းဖက်ဝါဒ အန္တရာယ်ကို ထည့်သွင်း စဉ်းစားရန် လိုအပ် သည်။ လက်ရှိ ARSA အကြမ်းဖက်အဖွဲ့အပြင် နိုင်ငံတကာ မွတ်စလင်အစွန်းရောက် အကြမ်းဖက်သမားများ ပါဝင် ပတ်သက် လာမှုအား ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။

အာဖဂန်နစ္စတန်မှ ဆီးရီးယားအထိ ထိုမွတ်စလင် လူ့အဖွဲ့အစည်းများ ပြဿနာကို ကြည့်မြင်ရာတွင် ဒီမိုကရေစီ၊ လူ့ အခွင့် အရေး၊ ဖိနှိပ်ခံရမှုတို့ဘက်က ကြည့်မြင် ဖြေရှင်းရန် ကြိုးပမ်းလေ့ရှိကြသည်။

သို့သော် ထိုလူ့အဖွဲ့အစည်းများတွင် တာလီဘန်မှသည် ISIS အထိ အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းများသာ အားကောင်း သွားလေ့ရှိကြသည် ဆိုသည်ကို အထူးသတိပြုရန် လိုအပ်ပေသည်။

ဤတွင် ပြီး၏။

(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန် – ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၁ 

ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၂ 

ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၃ 

ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာအား လေ့လာသုံးသပ်ချက် အပိုင်း – ၄ 

Did you find apk for android? You can find new Free Android Games and apps.
Loading