ဆောင်းပါး

တပ်ကို ဆန်ရှင် လုပ်ရင်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသက မွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ့ တပ်မတော်ကို အမေရိကန် လွှတ်တော် အမတ်တချို့က ဆန်ရှင် (Sanction) ပိတ်ဆို့ အရေးယူ မှု လုပ်ဖို့ ကြိုးစားနေစဉ်မှာ မြန်မာပြည်ကို လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန်က အမေရိကန်အနေနဲ့ တာဝန်ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် တဦးချင်း ပိတ်ဆို့မှုတွေ ပြုလုပ်သွားဖို့ စဉ်းစားနေတယ်လို့ ပြောသွားပါသေးတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလုပ်တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရတ်စ်တေလာဆန်က ရခိုင်ပြည် မြောက်ပိုင်းက အကြမ်းဖက်နှိမ်နှင်းရေး စစ်ဆင်ရေးမှာ လက်လွန်ခြေလွန် လုပ်ခဲ့တာတွေ ရှိရင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့၊ ဒါကို မြန်မာအစိုးရက ဦးဆောင်ပြီး လုပ်ဖို့နဲ့ မြန်မာ့တပ်မတော်ကလည်း ဒါကို ပူးပေါင်းပြီး လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အချက်အလက် ရှာဖွေဖို့ ကုလသမဂ္ဂကလည်း တောင်းဆိုထားတာ ရှိပေမယ့် မြန်မာ့တပ်မတော်အနေနဲ့ လက်ခံမယ့်အနေအထား မရှိဘဲ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း မွတ်ဆလင် အရပ်သားများအပေါ် ရက်စက်စွာ ပြုမူခြင်း၊ အင်အား အလွန်အကျွံ သုံးစွဲခြင်း မရှိဘဲ မိမိကိုယ်ကိုယ်နဲ့ အခြားနယ်မြေခံတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်တာလို့ ဆက်လက်ငြင်းဆန်ထားပါတယ်။

တကယ်လို့သာ ပြဿနာ မပြေလည်ဘဲ အမေရိကန် ကွန်ဂရက်က ပြောနေသလို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာခဲ့ရင် လက်ရှိ အာဏာရ NLD အစိုးရနဲ့ တပ်မတော်ကြား ဆက်ဆံရေး ပိုဆိုးလာပြီး မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ထိခိုက်မှာကို နေပြည်တော်မှာ စိတ်ပူနေကြပါတယ်။

တပ်မတော်အပေါ် အရေးယူပိတ်ဆို့မှု ပြုလုပ်ရင် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အကူအညီ မဖြစ်နိုင်တဲ့အပြင် လက်ရှိ အစိုးရသွားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေကိုပါ ထိခိုက်နိုင်တယ်လို့ မြန်မာ အစိုးရက သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်နီးစပ်သူ မြန်မာအစိုးရရဲ့ စီးပွားရေး အကြံပေး မစ္စတာ ရှောင်တာနဲလ်ကလည်း အမေရိကန် အမတ်တွေဆီကို သွားပြီး မြန်မာကို ပိတ်ဆို့ အရေးယူတာတွေ မလုပ်ဖို့ ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

တပ်မတော်ကလည်း ရခိုင်မြောက်ပိုင်းက တပ်တွေကို ပြန်ဆုတ်တာ၊ ရခိုင် စစ်တိုင်းမှူးကို တာဝန်ကနေ အနားပေးထား တာ၊ တပ်မတော် စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံစာတွေ ထုတ်ပြန်တာ၊ အဲဒီဒေသမှာ မီဒီယာတွေ သတင်းရယူတဲ့ အခါ လိုက်ပါ ကူညီခဲ့တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အရေးမှာ တပ်မတော်ကို နားလည်မှု လွဲမှားနေကြပြီး အခြေအနေမှန်ကို နိုင်ငံတကာက သိရှိဖို့ လိုတယ်လို့ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန် ကို နိုဝင်ဘာလ ၁၅ ရက် နေ့က နေပြည်တော်မှာ ရှင်းပြခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်က နယ်မြေလုံခြုံရေး လုပ်ငန်းတွေကို အချိန်မီဆောင်ရွက်နိုင်ခဲ့လို့ နိုင်ငံ့ဝန်ထမ်းတွေ၊ ဒေသခံ တိုင်းရင်းသား ပြည်သူတွေနဲ့ ဘင်္ဂါလီတွေရဲ့ အသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်ခဲ့တာလို့လည်း ဗိုလ်ချုပ်မှူးကြီး က ပြောဆိုပါတယ်။

အမေရိကန် အစိုးရရဲ့နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆန် ကတော့ “တကယ်လို့ တစုံတယောက်က ကျနော်တို့ လက်မခံနိုင်တဲ့ အပြုအမှုတွေကို ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရလောက်တဲ့ ခိုင်မာတဲ့ အချက်အလက်တွေ ရှိခဲ့မယ် ဆိုရင် တော့ တဦးတယောက်ချင်းကို ပစ်မှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု ချမှတ်ဖို့ သင့်တော်တယ်လို့ ထင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တပ်မတော်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် မွတ်စလင် သိန်းချီပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးနေရတာ၊ မွတ်စလင် အမျိုးသမီးတွေ အဓမ္မပြုကျင့် ခံရတာ၊ ကလေးတွေ မီးပုံထဲ ပစ်သွင်းခံရတာတွေနဲ့ ရွာတွေ မီးရှို့ခံရတဲ့ သတင်း တွေကပဲ နိုင်ငံတကာမှာ ပျံ့နှံံ့နေပြီး ဒီစွပ်စွဲချက်တွေကို အကြောင်းပြုလို့ ကုလသမဂ္ဂ ကပါ မြန်မာကို ဖိအားပေးတာတွေ ပြုလုပ်နေပါတယ်။

အမေရိကန် လွှတ်တော် အမတ်တွေကတော့ လူသိန်းပေါင်းများစွာ ထွက်ပြေးနေရတဲ့ ဖြစ်စဉ်တခု ဖြစ်နေတာကို မျက်ကွယ် ပြုလိုက်ရင် သမိုင်းမှာ အမေရိကန်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တာကြောင့် မမြင်ချင်ယောင်ဆောင်ပြီး နေဖို့ လုံးဝ မဖြစ်နိုင် လို့ ဒီဖြစ်စဉ်တွေမှာ အဓိက တာဝန်ရှိတဲ့ တပ်မတော်ကို တတ်နိုင်သလောက် အရေးယူဖို့ စဉ်းစားရတာ ဖြစ်တယ်လို့ ပြောဆို ကြတာကို သိရပါတယ်။

ဥရောပ သမဂ္ဂ (EU) ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြောင်း ပြု ပြီး တပ်မတော်နဲ့ အဆက်အသွယ် ဖြတ်ဖို့ ဆုံးဖြတ်ထားသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား စစ်ဘက် အရာရှိကြီးတွေကို ဖိတ်ခေါ်မှု ရွှေ့ဆိုင်းထားဖို့ ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလထဲမှာ ဗြိတိန် အစိုးရကလည်း မြန်မာ့တပ်မတော်နဲ့ အတူပြုလုပ်နေတဲ့ လေ့ကျင့် သင်တန်း ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ကြောင်း ကြေညာခဲ့ပါသေးတယ်။

တပ်မတော်မှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကွဲရေးမှူး ရာထူးကို ထမ်းဆောင်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း ကတော့ “အမေရိကန်ရဲ့ ဆန်ရှင်ကြောင့် အစိုးရ ပြုတ်ကျသွားတာတို့၊ နိုင်ငံမှာ စီးပွားပျက်သွားတာတို့ ဘယ်သမိုင်းမှာမှ မရှိခဲ့ဘူး။ ဒါကြောင့် စီးပွားရေး ပိတ်ဆို့ဖို့ ပြောတဲ့ ပါလီမန် အမတ်တွေက သူတို့ကိုယ် သူတို့ Clown (လူပြက်) ဖြစ်လို့ ဖြစ်မှန်း မသိဘူး။ အမေရိကန်ရဲ့ Training Program ကို မရတဲ့အတွက် တို့နိုင်ငံရဲ့ ကာကွယ်ရေးကိုလည်း မထိခိုက်နိုင် ဘူး။ တို့နိုင်ငံကို တို့ ဒီလိုပဲ ကာကွယ်နိုင်တယ်”လို့ ဧရာဝတီကို ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းက ဆက်လက်ပြီးတော့လည်း “တို့နိုင်ငံကိုပဲ ဖြစ်ဖြစ်၊ တို့တပ်မတော်ကိုပဲ ဖြစ်ဖြစ် ဒီလိုမျိုး ဆန်ရှင် လုပ်ခြင်းအားဖြင့် တရုတ်တို့ ရုရှားတို့ ဘက်ကိုပဲ တွန်းပို့သလိုပဲ ဖြစ်မှာပဲ။ အရင်လည်း ဖြစ်ခဲ့ပြီးပြီ”လို့ ပြောပါ သေးတယ်။

လက်ရှိ အမေရိကန်ရဲ့ လုပ်ရပ်ဟာ မြန်မာစစ်ဘက် ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထားပြီး မြန်မာ့ တပ်မတော်ရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတာကြောင့် တပ်မတော်က သူ့ရဲ့ ပုံရိပ်ထိခိုက်မှုကို ကာကွယ်ဖို့ ကြိုးစားလိမ့်မယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးကလည်း ပြောပါတယ်။

“သူတို့(တပ်မတော်)ရဲ့ပုံရိပ်ကို ထိခိုက်မယ့်ဟာမျိုးကို သူတို့က တတ်နိုင်သမျှ ကာကွယ်သွားမှာပဲ။ ဒီဆုံးဖြတ်ချက်က အပြစ်တင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တော့ ပုံရိပ်ထိခိုက်ပြီး နာမည်ပျက်တာပေါ့။ အဲဒါကိုပဲ ဒီဘက်ကနေ ကာကွယ်သွားမယ်လို့ ထင်တယ်။ ဘဏ္ဍာရေးအရ မြန်မာစစ်ဘက် ခေါင်းဆောင်တချို့ကို ကန့်သတ်ပြီးတော့ ငွေရေးကြေးရေး အရ ပိတ်တာမျိုး တွေလည်း ရှိလာနိုင်တယ်”လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို တပ်မတော်ကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိနေလို့ အရပ်သား အစိုးရမှာ စစ်ဘက်အာဏာ မရှိဘူးလို့ ယုံကြည်တဲ့ အမေရိကန် လွှတ်တော်အမတ် တချို့ကတော့ မြန်မာ စစ်ဘက်ကို ပိတ်ဆို့ဖို့ အတွက် ဥပဒေကြမ်းတခုကို စတင် ရေးဆွဲ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကလည်း ကြာလေ့ရှိပြီး မူကြမ်းထွက်လာပြီးရင် အဲဒီမူကြမ်းနဲ့ ပတ်သက်လို့ ကြားနာမှုတွေမှာ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အခြား လွတ်လပ်သော ပညာရှင်တွေ၊ အရပ် ဘက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီးတော့ ကြားနာမှုတွေ အကြိမ်ကြိမ်အခါခါ လုပ်ပြီးမှ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ မြန်မာ့အရေးမှာ နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့သူ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဘယ်လိုပုံစံမျိုးကို ဆန်ရှင်လုပ်လဲ ဆိုတာကတော့ အမေရိကန် ကွန်ဂရက်ရဲ့ သဘောထားပဲ။ လူ့အခွင့်အရေး ချိုးဖောက် မှုမှာ ပါဝင်တယ်၊ တာဝန်ရှိတယ်လို့ ယူဆရသော သူများကို ဥပဒေပြုပြီးတော့မှ ဒါကို State Department (နိုင်ငံခြားရေး ဝန်ကြီး ဌာန) ကနေ ပြီးတော့ ဘယ်လိုလူတွေကို ဆန်ရှင်ထဲမှာ သွင်းမယ်ဆိုတာကို ဆုံးဖြတ်တာပါ”လို့လည်း ဒေါက်တာ သောင်းထွန်းက ပြောဆိုပါတယ်။

လက်ရှိ တပ်မတော်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော (ယခု အပြောင်းခံရ)၊ စစ်ဦးစီး အရာရှိ ချုပ် (ကြည်း) ဗိုလ်ချုပ် မိုးမြင့်ထွန်း နဲ့ ရခိုင်ဒေသမှာ တာဝန်ယူနေတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေ အမေရိကန် ဆန်ရှင် မှာ ပါဝင်နိုင်တယ်လို့ ခန့်မှန်းထားမှုတွေ ရှိနေပါတယ်။

ရန်ကုန်မြို့က သတင်းစာဆရာ ဦးသီဟသွေး ကတော့ “တပ်ကို ဆန်ရှင်လုပ်ရင် ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရလိ့မ်မယ်။ အခု ပြောရရင် အမေရိကန်က ဒါကို ခြောက်နေတယ်လို့ပဲ ထင်တယ်။ လုပ်လိုက်ရင်လည်း အသံပဲ ထွက်သွားမယ်။ ဘာမှ ထိရောက်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေးမူအရ တပ်မတော်ကို ကာကွယ်ပေးရမှာ ဖြစ်ပြီး တကယ်လို့ မကာကွယ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်နဲ့ ကြားမှာ ကွဲပြားမှု ပိုကြီးသွားနိုင်တယ်လို့ သူက ဆိုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့ ဆိုရင် တပ်မတော်ရဲ့ အကူအညီ လိုအပ်တယ်လို့လည်း ဦးသီဟသွေး က ပြောပါတယ်။

ဦးသီဟသွေးက ဆက်လက်ပြီး “နိုင်ငံတကာနဲ့ တပ်ကို သူရွေးမယ်ဆိုရင် တပ်ကိုပဲ ရွေးလိမ့်မယ်လို့ ထင်တယ်။ လက်ရှိ ရခိုင်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက ဒီအဖွဲ့အစည်းတွေ (စစ်ဘက်ဆိုင်ရာ) မကူညီရင် အောင်မြင်မှာ မဟုတ်ဘူး။ မကူညီရင် ပိုဆိုးသွားလိမ့်မယ်”လို့လည်း ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရပ်ဘက်နဲ့ စစ်ဘက်ကြားမှာ ယုံကြည်မှု တည်ဆောက်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်နေရတာကြောင့် ဒီလို အခြေအနေမျိုးမှာ အမေရိကန် အနေနဲ့ တပ်မတော် အပေါ် ဆန်ရှင် လုပ်တာမျိုးကို သတိ ကြီးကြီး ထားပြီး လုပ်သင့်တယ်လို့ မြင်ကြောင်း ရန်ကုန်မြို့က နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်း ကလည်း ပြောပါတယ်။

“တကယ်တန်း လိုချင်တဲ့ အကျိုးမျိုး ဖြစ်မလာဘဲနဲ့ Side Effect ပေါ့။ တန်ပြန် သက်ရောက်မှုတွေ ဖြစ်လာမယ်ဆိုရင် ဒါဟာ မြန်မာပြည် ဒီမိုကရေစီ အပြောင်းလဲ အတွက်လည်း အကျိုးလျော့နိုင်တယ်။ အမေရိကန် – မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့လည်း အကျိုးလျော့နိုင်တယ်”လို့လည်း သူက ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading