ဆောင်းပါး

ကမ္ဘာ့ အပူချိန်လျော့ချရေး ကတိပြုသော်လည်း ကျောက်မီးသွေးစွမ်းအင် မြန်မာ စိုင်းပြင်း

Want create site? Find Free WordPress Themes and plugins.

အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဂျာမဏီနိုင်ငံဘွန်းမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်သော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂမူဘောင် သဘာတူညီချက် ညီလာခံ – UNFCCC သို့တက်ရောက်ကြသည့်တိုင် ၎င်းတို့အစိုးရသည် ပြည်တွင်းတွင် ဆိုးရွားသည့် လျှပ်စစ်ဓါတ်အားမလုံလောက်မှုကို ဖြေရှင်းရန်အတွက် နိုင်ငံရှိကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံများ တည်ဆောက်ရေးကို အရှိန်မြှင့်တင်လျှက်ရှိသည်။

၂၃ ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ညီလာခံသို့- The 23rd Conference of Parties (COP23) နိုင်ငံပေါင်း ၂၀၀ ဝန်းကျင်မှ အစိုးရအရာရှိများ၊ သိပ္ပံပညာရှင်များ၊ ပညာရှင်အရာရှိများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများပါဝင်ပြီး အဖွဲ့ဝင်စုစုပေါင်း ၃ သောင်းခန့်တက်ရောက်ကြသည်။ ထိုအဖွဲ့၏ အန္တိမ ရည်ရွယ်ချက်မှာ ကမ္ဘာကြီး၏ အပူချိန်ကို ၂ ဒီဂရီ ဆဲလ်စီးယပ်အောက်တွင် ထိန်းထားနိုင်ရေးဖြစ်သည်။ ဘွန်းညီလာခံ၏ ရည်မှန်းချက်များအနက်တခုမှာ ၂၀၂၀ ခုနှစ်တွင် စတင်မည့် လိုက်လျှေညီထွေပြောင်းလဲရေးနှင့် လေထုညစ်ညမ်းမှု လျှော့ချရေးစီမံကိန်းများအတွက် ရန်ပုံငွေ ဒေါ်လာ ဘီလျှံ ၁၀၀ ရရှိရေးဖြစ်သည်။

မြန်မာနိုင်ငံသည် German Watch ၏ ၂၀၁၇ ခုနှစ် အညွန်းကိန်းအရ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်သော ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် မပါဝင်သော်လည်း အစိုးရ၏ စွမ်းအင်ဆိုင်ရာမူဝါဒသည် ဓါတ်ငွေ့များထုတ်လွှင့်မှုလျှော့ချရေးကို ဦးစားပေးသည်ဟု မဆိုနိုင်ပေ။

ကရင်ပြည်နယ်လွှတ်တော် ဥက္ကဌ စောချစ်ခင်သည် ၎င်းတို့ ပြည်နယ်အစိုးရ၏ ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံ မူဝါကို လွန်ခဲ့သော အပါတ်က ထပ်မံပြောကြားလိုက်သည်။ ပြည်နယ်အတွင်းတွင် သန့်စင်သော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံများထူထောင်ပြီး ရွာများကို လျှပ်စစ်ဓါတ်အားပေး မည်ဖြစ်သောကြောင့် ယခင်ကဲ့သို့ ကျေးရွာသားများသည် တောတွင်းသွားရောက်ကာ သစ်ခုတ် ထင်းရှာရန် မလိုအပ်တော့ ကြောင်းဆိုပြန်သည်။ ပြည်နယ်အစိုးရသည် ဖားအံမြို့နယ်တွင် ၁၂၈၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံတည်ဆောက်ရန် တိုယိုထိုင်းကုမ္ပဏီကို ခွင့်ပြုထားပြီးဖြစ်သည်။

“ထင်းနဲ့ ထမင်းချက်စရာ မလိုတော့ဘူး၊ ထင်းအတွက် သစ်ပင်ခုတ်စရာ မလိုတော့ဘူး” ဟု စောချစ်ခင်ကပြောသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်

စင်စစ်မှာမူ လျှပ်စစ်မီးလင်းရေးမဟာစီမံကိန်းကို ယခင်သမ္မတ ဦးသိန်းစိန် သက်တမ်းအတွင်း စတင်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအနက် တနိုင်ငံလုံး တွင် ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံ ၁၀ ရုံ တည်ဆောက်ရန်လျာထားခဲ့သည်။ ယင်းအနက် ရှမ်းပြည်နယ်တွင်တည်ရှိပြီး လက်ရှိဓါတ်အား ထုတ်လုပ်နေသော တီကျစ် ကျောက်မီးသွေးသုံးစက်ရုံကဲ့သို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။ ၂၀၁၅ ခုနှစ်ဧပြီလတွင် အစိုးရသည် မြန်မာနိုင်ငံအရှေ့ပိုင်း မွန်ပြည်နယ်တွင် ဒေါ်လာ ၂.၈ ဘီလျှံတန် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ရန် နားလည်မှုစာချွန်လွှာ တစောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

မွန်ပြည်နယ်ဒေသခံ ထောင်ပေါင်းများစွာက ယမန်နှစ်များက ထိုကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံစီမံကိန်းကို အကြိမ်ကြိမ် ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။ သို့သော် COP23 ညီလာခံကိုယ်စားလှယ်များအနက် တဦးဖြစ်သူ လျှပ်စစ်စွမ်းအားနှင့်စွမ်းအင်ဝန်ကြီးဌာန ဒု ညွုန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က ကရင်ပြည်နယ်မှ ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံမှ အပ ကျန် နားလည်မှု စာချွန်လွှာများကို ဆိုင်းငံ့ထားသည်ဟုပြောသည်။

တနိုင်ငံလုံးလျှပ်စစ်ဓါတ်အားရရှိရေးမဟာဗျူဟာ (၂၀၁၅-၁၆) အရ အစိုးရသည် နိုင်ငံ၏မဟာဓါတ်အားလိုင်းစနစ်ကို ပံ့ပိုးရန်အတွက် ကဏ္ဍအသီးသီဖြင့် ပေါင်းစပ်ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။ ယင်းစီမံကိန်းအရ နိုင်ငံ၏လျှပ်စစ်လိုအပ်ချက် ၆၃ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှထုတ်ယူပြီး ၃၂ ရာခိုင်နှုန်းကို သဘာဝဓါတ်ငွေ့မှ ထုတ်ယူကာ ၃ ရာခိုင်နှုန်းကို ကျောက်မီးသွေးနှင့် ၂ ရာခိုင်နှုန်းကို ဒီဇယ်မှ ထုတ်ယူရန်ရည်မှန်းထားသည်။

ထို အတိုင်းအတာထက်ပိုသော စွမ်းအင်လိုအပ်ချက်ပြည့်မီရေးအတွက် အစိုးရသည် ၂၀၂၀-၂၁ တွင် ကျောက်မီးသွေးမှ ဓါတ်အားထုတ်လုပ်မှုကို ၂၂ ရာခိုင်နှုန်းအထိတိုးမြှင့်ပြီး ရေအားမှထုတ်လုပ်ခြင်းကို ၅၄ ရာခိုင်နှုန်းနှင့် သဘာဝဓါတ်ငွေ့မှ ထုတ်လုပ်မှုကို ၂၂ ရာခိုင်နှုန်း သို့ အသီးသီးလျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်မှုကို ၂ ရာခိုင်နှုန်းမျှသာထားရန် ရည်ရွယ်လာသည်။ ၂၀၃၀ ခုနှစ်တွင်မူ ကျောက်မီးသွေးမှ ဓါတ်အားထုတ်လုပ်မှုကို ၂၀၂၀-၂၁ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းတိုးပြီး ဓါတ်အားထုတ်လုပ်မှုစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်း၊ ရေအားမှ ထုတ်လုပ်မှုကို ၃၈ ရာခိုင်နှုန်း၊ သဘာဝဓါတ်ငွေ့မှ ၂၀ ရာခိုင်နှုန်းနှင့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ၉ ရာခိုင်နှုန်း ထုတ်လုပ်မည်ဖြစ်ကြောင်း အထက်ပါ မဟာဗျူဟာအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် ယခင်အစိုးရကရေးဆွဲခဲ့သည့် စွမ်းအင်ဆိုင်ရာ မဟာစီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၆ ခုနှစ်တွင် အာဏာရလာသော အခါ ဓါတ်အားရင်းမြစ်လျာထားချက် အချိုးအစားကို ကဏ္ဍတခုချင်းစီ ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ဦးဟိန်းထက်က ပြောသည်။ အစိုးရသည် အနာဂတ်တွင် ရေအား သဘာဝဓါတ်ငွေ့နှင့် ကျောက်မီးသွေးတို့မှ ဓါတ်အားထုတ်ယူခြင်းကို ပိုမိုမြှင့်တင်ရန်ရှိကြောင်း ပြောဆို သော်လည်း အသေးစိတ ်ထုတ်ပြောခြင်းမရှိပါ။ ရေးဆွဲထားပြီးဖြစ်သည့် မဟာစီမံကိန်း အပြီးသတ်ကို ၂၀၁၈ ခုနှစ်အစောပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သူကဆိုသည်။

စီးပွားရေးဖွံ့ဖြိုးမှု ဦးစားပေးခြင်း

COP23 ညီလာခံတက်ရောက်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ၂၀၁၈ အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အန္တရာယ် ကျရောက်နိုင်ခြေ အမြင့်ဆုံးနိုင်ငံများထဲတွင် သတ်မှတ်ခံထားရကြောင်း ပြောသည်။ မြန်မာနိုင်ငံ၏ သဘာဝဘေး အန္တရာယ်ကြောင့် ထိုခိုက်လွယ်မှုကို ပြသရမည်ဆိုလျှင်၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဖြစ်ပြီး လူ ၁၄၀၀၀၀ သေဆုံးကာ လူ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ အထူးသဖြင့် ဧရာဝတီ တိုင်းဒေသကြီးတွင် ဆုံးရှုံးမှု များပြားခဲ့သည်။

နာဂစ်မုန်တိုင်းအပြီးတွင် မြန်မာနိုင်ငံသည် စစ်အစိုးရအုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ ကူးပြောင်းခဲ့သောကြောင့် တိုင်းပြည်၏ စီးပွားရေး စတင်တိုးတက်လာပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တိုးတက်မှုနှုန်း (GDP) သည် ၂၀၁၅ ခုနှစ်တွင် ၈.၅ အထိရှိမည်ဟု ကမ္ဘာကဘဏ်က ခန့်မှန်းခဲ့သည်။ သို့သော် ၂၀၁၅ ခုနှစ်တွင် နိုင်ငံအဝှမ်းရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည်။

ကမ္ဘာ့ဘဏ်၏ စာရင်အင်းများအရ မြန်မာနိုင်ငံ၏စုစုပေါင်း ပြည်တွင်းထုတ်ကုန် တိုးတက်မှုသည် ၂၀၁၅ ခုနှစ်တွင် ၇.၃ ရာခိုင်နှုန်းရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၅.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးစွမ်းဆောင်ချက်များသည် ယခုနှစ်နှင့် လာမည့်နှစ်များတွင် တိုးတက်လာနိုင်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၂၀၁၇ တွင် ၇.၇ ရာခိုင်နှုန်း ၂၀၁၈ တွင် ၈.၀ ရာခိုင်နှုန်းအထိသာ ခန့်မှန်းထားသည်။

“ကျနော်တို့ နိုင်ငံက ဆင်းရဲတယ်။ စီးပွားရေး တိုးတက်ဖို့ လိုတယ်။ စွမ်းအင်ကဏ္ဍ အနေနဲ့ပြောရရင် ခင်များတို့သိတဲ့အတိုင်းပဲ တိုင်းပြည်လူဦးရေးရဲ့ ၃၇ ရာခိုင်နှုန်းပဲ မီးရတယ်။ ဒီပြဿနာကို မဖြေရှင်းဘဲ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး’ ဟု ဦးလှမောင်သိန်းကပြောသည်။

အစိုးရတရပ်အနေဖြင့် စွမ်းအင်လုံလောက်ရေးအတွက် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့၊ ရေအား၊ နေရောင်ခြည်စွမ်းအင်နှင် လေအားလျှပ်စစ် ထုတ်လုပ်သည့်နည်းများကို ဘက်စုံနည်းလမ်းဖြင့်ဖြေရှင်းရန် စဉ်းစားရကြောင်း ပြောသည်။ ထိုရင်းမြစ်များနှင့်အနက် အစိုးရသည် စီးပွားရေးတိုးတက်မှု အကူအပြောင်းကာလအတွက် နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာဖြင့် တည်ဆောက်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံများ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့၂၀၃၀ မှာ လူတိုင်းကို လျှပ်စစ်မီးရစေချင်တယ်” ဟု သူက ပြောသည်။ ။

အင်ဒိုနီးရှားနိုင်ငံမှာ ကျောက်မီးသွေးကြောင့် လူတွေသေနေ

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို နောက်ဆုံးပေါ်နည်းပညာ အသုံးပြုကာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မည် ဆိုသောကိစ္စနှင့် ပတ်သတ်ပြီး အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတခုဖြစ်သည့် WAHLI Friends of Earth International (Indonesia)၏ အမှုဆောင်ဒါရိုက်တာ နာဟစ်ရတီက မိမိတို့၏ နိုင်ငံတွင် ကျောက်မီးသွေးစက်ရုံ ၁၀၀ ကျော်ဝန်းကျင်ရှိပြီး လျှပ်စစ်ဓါတ်အား ၃၅၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ကြောင်း ငွေကြေးရင်းနှီးမြှပ်နှံမှု အများစုမှာလည်း ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း ပြောသည်။

“သန့်စင်တဲ့ ကျောက်မီးသွေးနည်းပညာဆိုတာ မရှိပါဘူး။ ဓါတ်ငွေ့ထုတ်လွှင့်မှုမရှိဘဲ ကျောက်မီးသွေးကို မီးရှို့လို့ရတယ်ဆိုတာ မရှိပါဘူး။ အဲဒါက ဆိုးရွားတဲ့ လေထုညစ်နွမ်းမှုကို ဖြစ်စေတယ်။ ကျောက်မီးသွေးဟာ ညစ်နွမ်းပါတယ်။ ကျောက်မီးသွေးက လူတွေကို သေစေတယ်။ ကျမတို့နိုင်ငံမှာ ကလေးတွေအများကြီး သေကုန်ကြပြီ” ဟု သူရှင်းပြသည်။

သူက မြန်မာအစိုးရကို အင်ဒိုနီးရှားနိုင်ငံ၏ သင်ခန်းစာများကို လေ့လာသင်ယူသင့်ကြောင်း တိုက်တွန်းသည်။ ကျောက်မီးသွေးက ိုမီးရှို့သည့် အခါ မမြင်နိုင်သော အမှုန့်များ လေထုအတွင်းပျံ့နှံ့စေပြီး စက်ရုံအနီးတွင် နေထိုင်သူများက ထိုလေကို ရှူရှိုက်ရကြောင်း ရှင်းပြသည်။ စက်ရုံအနီး နေထိုင် သူများက မသန့်စင်သောလေကို ရှုရှိုက်ရသည့်အတွက် ကာလအတန်ကြာ သောအခါ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသည်။ ယင်းအပြင် ၎င်းအမှုန်များသည် အက်စစ်မိုးကိုလည်းဖြစ်စေပြီး လယ်သမားများ၏ အသက်မွေးဝမ်းကြောင်းကိုလည်း ဆုံးရှုံးစေကြောင်း ပြောသည်။ ထိုသို့အမှုန်များနှင့် ဓါတ်ငွေ့များ အကြီးအကျယ်ထုတ်လွှင့်မှုသည် တကမ္ဘာလုံး အတိုင်းအတာ ဖြစ်လာသောအခါ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်ပေါ် စေကြောင်း ရှင်းပြသည်။

“မြန်မာအစိုးရက ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ ဆောက်မယ်ဆိုရင် အခု အင်ဒိုနီးရှားဖြစ်နေတဲ့ ပြသနာတွေပဲ ထပ်ကြုံရလိမ့်မယ်။ အခု ဒီက လူတွေခံစားနေကြရပြီ။ အင်ဒိုနီးရှား လယ်သမားအများစုက ရာသီဥတုအပေါ် မှီခိုပြီးတော့ ရိုးရာနည်းနဲ့ပဲ လယ်တွေစိုက်ကြတယ်။ ရာသီဥတု ပြောင်းလဲမှုတွေကို သူတို့ကြုံတွေ့နေကြရပြီ။ ကျောက်မီးသွေးသုံးရာကနေ ရေထုညစ်ညမ်းမှုဖြစ်လို့ သမားရိုးကျ ငါးဖမ်းတဲ့သူတွေလည်း ငါးရှာစရာ နေရာ မရှိတော့ဘူး” ဟု သူ ရှင်းပြသည်။

တခြားနိုင်ငံတွေ

ကျောက်မီးသွေးကို အားကိုးပြီး စွမ်းအင်မလုံလောက်မှုကို ဖြေရှင်းရန် ကြိုးစားသည်မှာ မြန်မာနိုင်ငံ တနိုင်ငံတည်းတော့ မဟုတ်ပေ။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအပါအဝင် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများသည်ပင် လက်ရှိအခြေအနေတွင် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံများ တည်ဆောက်လည်ပတ်လျှက်ရှိကြပြီး ဓါတ်ငွေ့ထုတ်လွှင့်မှု လျှော့ချရန် လိုအပ်ချက်အတွက် ၎င်းတို့၏ စီးပွားရေးအစီအစဉ်များကို လျှော့ချရန် စိတ်အားထက်သန်မှု နည်းပါးလှသည်။

လွန်ခဲ့သောနှစ်က လက်မှတ်ရေးထိုးခဲ့သည့် ပဲရစ် ရာသီဥတုပြောင်းလဲမှုတ ားဆီးရေးဆိုင်ရာ သဘောတူညီချက်အရ အချမ်းသာဆုံးနိုင်ငံများသည် ဖွံဖြိုးမှု အနည်းဆုံးနိုင်ငံများမှ လျှော့ချရေးနှင့် လိုအပ်သလို ချိန်ညှိပြောင်းလဲရေးစီမံကိန်းများကို ငွေကြေးထောက်ပံ့ရန် သဘောတူကြရသည်။ ဓနအင်အား တောင့်တင်းမှုနည်းသော နိုင်ငံများကိုမူ ၎င်းတို့၏ ဆန္ဒ ပါဝင်ကူညီရန် အားပေးသည်။ သို့သော် မည်သည့်ဖွံ့ဖြိုးပြီးနိုင်ငံကမျှ နောက်ဆုံးသဘောတူညီချက် တွင် ကတိကဝတ်ပြုထားသော ပမာဏလောက် ငွေကြေးထောက်ပံ့ခြင်း မရှိသေးပေ။ လက်တွေ့တွင် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုသည် ထရမ့်အစိုးရ တက်လာသောအခါ ထိုစာချုပ်မှ နှုတ်ထွက်မည်ဟု ခြိမ်းခြောက်လိုက်သေးသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအရာရှိ ဦးဟိန်းထက်က ကမ္ဘာ့ကာဗွန်ထုတ်လွှင့်မှု အများဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည်လည်း ၎င်း၏ အမျိုးသားအကျိုးစီးပွား၊ အထူးသဖြင့် အာရှပိုးလမ်းမကြီး OBOR နှင့် ၎င်း၏ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးစီမံကိန်း ကိုသာ အာရုံစိုက်ကြောင်း ထောက်ပြသည်။ တရုတ်နိုင်ငံသည် လျှပ်စစ်ဓါတ်အားအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ရင်းမြစ်များ အသုံးပြုရေးကို အားပေးသော်လည်း ကျောက်မီးသွေးစက်ရုံ အသုံးပြုခြင်းကို အပြီးတိုင် ဖျက်သိမ်းမည် မဟုတ်ပေ။ နောက်ဆုံးပေါ်နည်းပညာများ အသုံးပြုမည့် ကျောက်မီးသွေးစက်ရုံသစ်များ တည်ဆောက်ကာ အဟောင်းများနေရာတွင် အစားထိုးမည်ဟု သူက ဆိုသည်။

“ကျနော်တို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် ကျနော်တို့ အမျိုးသားအကျိုးစီးပွားကို အလေးထားရမယ်။ တခြားနိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွားကို လုပ်နေတဲ့အချိန်မှာ ကျနော်တို့လည်း ကိုယ့်ရဲ့အမျိုးသား အကျိုးစီးပွားကို အာရုံစိုက်ရမယ်” ဟု ပြောသည်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ငွေကြေးအထောက်အပံ့

မြန်မာနိုင်ငံသည် UNFCCC ကို လက်မှတ်ရေးထိုးပြီး ပဲရစ် သဘောတူညီချက်ကို အတည်ပြုသော အဆင်းရဲဆုံးနိုင်ငံ ၄၈ နိုင်ငံတွင် ပါဝင်သည်။ ထို့အပြင် ပဲရစ်သဘောတူညီချက်အရ ရည်ရွယ်ထာသော တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆုံးဖြတ်သည့် ပါဝင်ဆောင်ရွက်မှု – Intended Nationally Determined Contribution ကိုလည်း တင်သွင်းထားပြီးဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ရာသီဥတုနှင့် ချိန်ညှိပြုပြင်ပြောင်းလဲရေးနှင့် လျှော့ချရေး လုပ်ဆောင်မှု များနှင့်ပတ်သက်သော ကတိကဝတ်များကို လိုက်နာရန်လိုသည်။ မြန်မာနိုင်ငံ၏ လက်ရှိကာဗွန်ထုတ်လွှင့်မှုသည် တကမ္ဘာလုံး စုစုပေါင်း၏ ဝ.၁၀ ရာခိုင်နှုန်းသာ ရှိသည်။

“ခင်များတို့သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံဟာ မိုးသည်းထန်မှုတွေ၊ ဆိုင်ကလုန်း မုန်တိုင်းတွေ၊ မြေပြိုမှုတွေ၊ မိုးခေါင်ရေရှားမှုတွေကို နှစ်တိုင်း ရင်ဆိုင် နေရတယ်။ ရာသီဥတု အလိုက် ချိန်ညှိပြောင်လဲနေထိုင်ရေး အစီအစဉ်တွေကတဆင့် ခံနိုင်ရည်ရှိအောင်လုပ်ဖို့ဆိုတာဟာ ကျနော်တို့အတွက် အသင့်တော်ဆုံးနည်းလမ်းပဲ။ လျှော့ချရေးပဲဖြစ်စေ ချိန်ညှိပြောင်းလဲရေး စီမံကိန်းလုပ်တာပဲဖြစ်စေ နှစ်ခုလုံးက ငွေလိုတယ်” ဟု သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ညွုန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် Global Environmental Facilities (GEF) က မြန်မာနိုင်ငံရှိ ငါးလုပ်ငန်း ချိန်ညှိပြောင်းလဲခြင်း၊ ဇီဝမျိုးကွဲစုံလင်မှု (သန္တာကျောက်တန်း) နှင့် ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်စသည့် စီမံကိန်း ၃ ခုအတွက် ဒေါ်လာ ၅ သန်း အတည်ပြုခဲ့သည်။ အစိုးရက ထိုစီမံကိန်းများကို ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ကျေးလက်ဒေသများတွင် အကောင်အထည်ဖေါ်ရန် ရည်ရွယ်ထားသည်။ GEF က နောက်ထပ်စီမံကိန်း ၈ ခု အတွက် ဒေါ်လာ သန်း ၃၀ ကူညီရန် ကတိပေးထားကြောင်း ညွှန်ကြားရေးမှုချုပ်ကပြောသည်။

လွန်ခဲ့သော အပတ်ကလည်း Green Climate Fund အစီအစဉ်အရ Nationally Designated Authority (NDA) အဖြစ် အရည်အသွေးမြှင့်တင်ရေး အမေရိကန်ဒေါ်လာ ၃ သိန်းကို အတည်ပြုပေးခဲ့သည်။ နောက်ထပ် အတည်ပြုချက်ရယူရမည့် စီမံကိန်းမူကြမ်းများကိုလည်း ရေးဆွဲလျှက်ရှိ ကြောင်း သိရသည်။ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်အပါအဝင် အိမ်နီးချင်းနိုင်ငံများသည် GCF အစီအစဉ်အရ စီမံကိန်းကြိုတင် ပြင်ဆင်မှုအဆင့်များအတွက် GCF fund များ ရရှိထားကြပြီးဖြစ်သည်။

မြန်ာမနိုင်ငံသည် ကိုရီးယားနိုင်ငံ၏ အစိမ်းရောင်နည်းပညာဌာန Green Technology Center ၏ နည်းပညာ အကူအညီဖြင့် စီမံကိန်းအပြည့်အစုံ (ပြင်ဆင်ခြင်းအဆင့်မဟုတ်) အဆိုပြုချက်အဆင့်ကို ရေးဆွဲမည်ဖြစ်ပြီး လာမည့် ၆ လအတွင်း တင်သွင်းရန် မျှော်မှန်းထားသည်။ COP23 ညီလာခံ တက်ရောက်နေစဉ်ကာလအတွင်း အစိုးရနှင့် GTC တို့သည် မြန်မာနိုင်ငံအတွက် နည်းပညာ အထောက်အကူရရှိရေးအတွက် နားလည်မှုစာချွန်လွှာ များ လက်မှတ်ရေးထိုးခဲ့ကြသည်။

“မြန်မာနိုင်ငံကိုပြန်ရောက်တာနဲ့ GCF အဆိုပြုချက်ကို စဆွဲမယ်” ဟု ဦးလှမောင်သိန်းက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် မိုးမြင့်၏ Analysis: Government Commits to Global Climate Effort but Pushes Coal at Home ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading