ဆောင်းပါး

ကိန်းဂဏန်းများထက် ပို၍ (သို့မဟုတ်) ထရမ့်မှသည် ဒူတာတေးသို့

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီက ကွာလာလမ်ပူတွင် ပြုလုပ်သော အာဆီယံ ဆက်သွယ်ရေး ထိပ်သီး Communications ASEAN Summit ၌ ကျနော် စကားပြောခဲ့ပါသည်။ နည်းပညာသမားများ၊ လုပ်ငန်းသစ်တည်ထောင်သူများ နှင့် သတင်းအချက်အလက် စုစည်း ဖြန့်ဝေသူများ ကြားတွင် ကျနော်က ပုံပြောသူတယောက် ဖြစ်သည်။

ထိုအခန်းအနားတွင် စကားပြောခဲ့သူ အမျိုးမျိုးတို့၏ သတင်း စကားက ကျယ်လောင်၍ ရှင်းလင်းပါသည်။

သူတို့က ပုဂ္ဂလဓိဌာန်ဖြင့် မျက်မှောက်ခေတ်ကို နှုတ်ဆက်လိုက်ကြသည်။ ၂၁ ရာစုသည် ဘီလီယံပေါင်း ဘီလီယံချီ၍ ရှိသည့် များပြားသော သတင်း အချက်အလက်(Data) byte များကို ကိုင်တွယ် အသုံးပြုနိုင်စွမ်းရှိသော Big Data (ကြီးမားများပြားသော သတင်းအချက်အလက်များကို စုစည်းခြင်း၊ တွက်ချက်ခြင်း၊ လေ့လာဆန်းစစ်ခြင်းများ ပြုလုပ်၍ လမ်းကြောင်းများ၊ ပုံစံများနှင့် ဆက်နွယ်ပတ်သက်မှုများ ထုတ်ဖော်ခြင်း) ခေတ် ဖြစ်ပါသည်။

သို့သော် ယင်းသည် အမှန်တရားလား။

ပြီးခဲ့သည့် နှစ်အတွင်း အမေရိကန် ရွေးကောက်ပွဲ အရှိန်မြင့်တက်နေစဉ်ကာလက တက္ကဆက် Texas ပြည်နယ် ဟူစတန် Houston မြို့ တွင် ကျနော် ရောက်ရှိနေခဲ့ပါသည်။ တခါတရံတွင် ရေနံပေါသည့် ဟူစတန်မြို့ ဆင်ခြေဖုံးတွင် နေထိုင်သော မက္ကဆီကန်-အမေရိကန် ညီအစ်ကို ၂ ယောက် နှင့် အတူ အချိန်ဖြုန်းခဲ့ပါသည်။ သေနတ်များကို သဘောကျသည့် ရှေးရိုးစွဲဆန်သူများ ဖြစ်ကြသည့် သူတို့က လက်တင်နွယ်ဖွားများ ဖြစ်သည့်တိုင် ဒေါ်နယ်ထရမ့်ကို အခိုင်အမာ ထောက်ခံသူများ ဖြစ်ကြခြင်းက ကျနော့်အတွက် နားလည်ရ ခက်သည်။ ဒေါ်နယ်ထရမ့်က တံတိုင်းတခု တည်ဆောက်ရန် နှင့် သူတို့ကဲ့သို့ သူများကို မောင်းထုတ်ရန် ခြိမ်းခြောက်ခဲ့သူ ဖြစ်သည်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ရလဒ်များကို ကြည့်ရင်း မက္ကဆီကန်-အမေရိကန် ညီအစ်ကို ၂ ယောက် နှင့် အတူ အချိန်ဖြုန်းခဲ့သည်/Karim Raslan

သူတို့ နှင့် အတူ ဒေသတွင်းမှ မက္ကဆီကန် စားသောက်ဆိုင်များသို့ သွားခြင်း၊ သူတို့၏ သေနတ်ဆိုင်ငယ်လေးသို့ သွားလည်ခြင်း၊ သူတို့၏ မိဘများ (ဝမ်းကွဲများ အဖိုးအဖွားများ အစရှိသဖြင့်) စကားစမြည် ပြောဆိုခြင်းများဖြင့် ရက်အနည်းငယ်မျှ အချိန်ဖြုန်းခဲ့ပြီး နောက် သူတို့ ဘာကြောင့် ဒေါ်နယ်ထရမ့်ကို အထင်ကြီးကြသည် ဆိုသည်ကို ကျနော် ခံစား၍ ရခဲ့သည်။

မူးယစ်ဆေးရောင်းသူတယောက်ကြောင့် ကျည်ဆံပေါက်များ ဖြစ်နေသည့် ခြံစည်းရိုးရှိရာ သူတို့ အိမ်နောက်ဖက်တွင် ထိုင်ရင်း လက်ရှိ အခြေအနေအပေါ် သူတို့ မကျေမချမ်း ဖြစ်နေခြင်းနှင့် သူတို့၏ စိတ်ပျက်မှုကို စစ်တမ်းကောက်ခဲ့လျှင် အဆင့် ၁ မှ ၁၀ အတွင်း အမှန်တကယ် ရနိုင်ခြင်းကြောင့် သူတို့ကို ကျနော် ခံစားနိုင်ခဲ့သည်။

ရွေးကောက်ပွဲ နေ့တွင် နယူးယောက်တိုင်းမ် New York Times သတင်းစာက ကလင်တန် အနိုင်ရရန် ၈၅ ရာခိုင်နှုန်း ရှိကြောင်း ကြိုတင်ခန့်မှန်း ရေးသားခဲ့သည်။ ရက်သတ္တပတ်နှင့် ချီ၍ အမေရိကန် တနိုင်ငံလုံးရှိ ဘဝ အမျိုးမျိုး အဖုံဖုံရှိသော သာမန်ပြည်သူများနှင့် မျက်နှာချင်းဆိုင် စကားပြောပြီးခဲ့သည့် နောက်တွင် ကျနော့်အတွက် ကလင်တန် အနိုင်ရရှိရေးက သိပ်မသေချာတော့ပါ။

ထိုည (ဒေါ်နယ်ထရမ့်ကို ထောက်ခံမှုလှိုင်း၏ ဗဟိုချက်လည်း ဖြစ်သော) မီချီဂန် Michigan ပြည်နယ် တောမကျ မြို့မကျ ဒေသတခု ရှိ ဟိုတယ်တလုံးတွင် ထိုင်ရင်း တီဗီစတားဟောင်းတယောက် ထိပ်ဆုံးသို့ ရောက်သွားတော့မည် ဆိုသည့် ခံစားမှုတွင် နစ်မြုပ်နေခဲ့သည်။

သူနိုင်ခဲ့သည့်အတွက် ကျနော် များစွာ စိတ်ပျက်ရသည်။ ကြိုတင် ဟောကိန်းထုတ်သူများလည်း ယူကျုံးမရ ဖြစ်ခဲ့ ကြသည်။ ပြန်၍ နာလံထူနိုင်ကောင်းမှ ထူနိုင်ကြဦးမည်။ နောက်ဆုံးတွင် အချက်အလက်အပေါ်သာ မှီခိုခြင်းက ကျနော်တို့ကို ကျဆုံးစေခဲ့သည်။

ကျနော့်ကို အထင်မလွဲပါနှင့်။ ထိုအချက်က အရေးကြီးပါသည်။

ဒူတာတေးနှင့် သူ၏ ထောက်ခံသူများ/Reuters

GDP တိုးတက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ နှုန်း၊ အသားတင် ဝင်ငွေ … ထိုအချက်တို့က လေ့လာဆန်းစစ်မှု မှန်သမျှ၏ ပင်မ ကျောရိုး ဖြစ်သည်။ သို့သော်လည်း အချက်အလက်များတွင် နစ်မြုပ်နေသော ကမ္ဘာ၌ ကိန်းဂဏန်းများကို သိရုံသက်သက်က မလုံလောက်ပါ။

Facebook က သင် Like လုပ်သမျှ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းသည်။ Google က သင်ရှာသမျှတိုင်းကို မှတ်တမ်းတင်သည်။ Instagram က သင်တင်သမျှ ဓာတ်ပုံ အားလုံးကို မှတ်မိနေသည်။ ကျနော် တို့က ကျနော်တို့၏ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို စွန့်လွှတ်၍ အကိုကြီး (Big Brother) သို့မဟုတ် အစိုးရကို ကျနော်တို့ ဘဝ၏ အသေးစိတ်ကို သိခွင့်ပြုနေသည်။

တခါတရံတွင် အရင်းနှီးဆုံးသူငယ်ချင်းများနှင့် မိသားစုထက်ပင် ပိုနေသေး၏။ Apple ၏ Siri (iPhone ၊ iPad နှင့် iPod တို့တွင် ပါဝင်သော နှုတ်ဖြင့် အမိန့်ပေးစေခိုင်းနိုင်သည့် program) ကဲ့သို့ အသုံးပြုသူ အဆင်ပြေစေရန် ပြုလုပ်ထားသည့် ပစ္စည်းများက သတင်းအချက်အလက် တပုံတပင်ကို သယ်ဆောင်ခဲ့ကြသည်။

မကြာသေးမီက မလေးရှား နိုင်ငံမှ မိုဘိုင်းဖုန်း အသုံးပြုသူ ၄၆ သန်း၏ သတင်းအချက်အလက်များ ပေါက်ကြားခဲ့သည့် အဖြစ်အပျက်ပေါ်ပေါက်ခဲ့သည်။ အိမ်လိပ်စာများ၊ အမျိုးသား မှတ်ပုံတင် နံပတ်များနှင့် အချို့ ကိစ္စများတွင် ဆေးမှတ်တမ်းများပါ အပါအဝင် ဖြစ်သည်။ အချို့မှာ သူတို့မသိသည့် ဖုန်းနံပါတ်များက သူတို့ကိုယ်စား စာရင်းသွင်း ထားသည်ကို တွေ့ကြရသည်။ ထိုအဖြစ်အပျက်က သတင်းအချက်အလက်၏ အမှောင်ဖက်ခြမ်း (သတင်းအချက် အလက် ပိုများလေ အန္တရာယ် ပိုရှိနိုင်လေဟု ယူဆနိုင်ကြောင်း) ကို ဖော်ပြခဲ့သည်။

တချိန်တည်းမှာပင် အချက်အလက်များကို အလွန်အကျွံ အားကိုးခြင်းသို့ ရောက်မသွားအောင်လည်း ကျနော်တို့ သတိ ပြုရမည် ဖြစ်သည်။

လွန်ခဲ့သော နှစ် အနည်းငယ်အတွင်းက လူထုသဘောထား မေးမြန်းကောက်ခံသူများ Big Data အပေါ် စိတ်အားထက်သန်မှု လှိုင်းကို စီးရင်း နိုင်ငံရေး လေ့လာသုံးသပ်မှု နယ်ပယ်အတွင်း ထင်ရှားသူများ ဖြစ်လာအပြီး သူတို့၏ ဟောကိန်းများ တက်တက်စင်အောင် လွဲသောအခါ အရှက်ကွဲဖို့ သက်သက် ဖြစ်သွားခဲ့ရသည်။

ဒေါ်နယ်ထရမ့်၏ အောင်မြင်မှု၊ ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ခြင်းနှင့် ဥရောပတလွှား လူမျိုးရေးကို အခြေခံသည့် အမျိုးသားရေး ဝါဒ လှုပ်ရှားမှုများ ပေါ်ထွက်လာခြင်းတို့ကို လူထုသဘောထား စစ်တမ်း အများအပြားတွင် ဖော်ပြနိုင်ခဲ့ခြင်း မရှိပါ။

ဟားဗတ် Harvard တက္ကသိုလ်ထွက် သင်္ချာပညာရှင် တဦးဖြစ်သော ကေသီအိုနေးလ် Cathy O’Neil က သူမ၏ သင်္ချာ ဖျက်ဆီးရေး လက်နက်ကြီးများ “Weapons of Math Destruction” အမည်ရှိ စာအုပ်တွင် big data အပေါ် မျက်စိမှိတ် ယုံကြည်ခြင်း၏ အန္တရာယ်များကို သတိပေးခဲ့သည်။

ပုဂ္ဂလဓိဌာန်ဖြင့် ရှုမြင်ခြင်းသည် မှားယွင်းသော ယူဆချက်များ ရောနှောနေသော၊ လူသား၏ ဘက်လိုက်မှုကို အားဖြည့်ပေးသော နားလည်ရန် ခက်ခဲသည့် စနစ်များကို ဖော်ပြနေသော “ဈေးကွက်မြှင့်တင်ရေး လှည့်စားချက်တခု” ဟု သူက ခုခံချေပခဲ့သည်။

တခါတရံတွင် ကျနော်တို့သိသော အချက်အလက်များ အပေါ်တွင် တွယ်ကပ်နေခြင်းက ကျနော်တို့ကို သမိုင်းအတွင်းတွင် ပိတ်မိစေပါသည်။ အသစ်ဖြစ်သော၊ မစမ်းသပ်ရသေးသော စိတ်ကူးအယူအဆများ အတွက် အချက်အလက် မရှိပါ။

ထိုအကြောင်း အားလုံးက အချက်အလက်ဆိုသည်မှာ ကံကြမ္မာ မဟုတ်သည်ကို ဖော်ပြေနေသည်။ သို့သော် ကျနော်တို့ အနေဖြင့် ကျနော်တို့၏ ဗီဇစိတ် နောက်သို့လည်း မျက်စိမှိတ်၍ မလိုက်သင့်ပါ။ ထိုသို့လိုက်ခြင်းအစား လူသား၏ အသိဉာဏ်က သတင်းအချက်အလက်နှင့် အတူရှိနေခြင်းသည် ရှေ့ဆက်သွားရမည့် လမ်းဖြစ်ပါသည်။

ကျနော်တို့ သတင်းအချက်အလက်များ ရရှိနိုင်ရန် လိုအပ်ပါသည်။ သို့သော်လည်း သတင်းအချက်အလက်များ၏ မောင်းနှင်ခြင်းကို ခံယူရန် မဟုတ်ပါ။ ကွဲပြားခြားနားပါသည်။

စက်တင်ဘာလအတွင်း သုတေသန အဖွဲ့တခု Social Weather Stations (SWS) က ဖိလစ်ပိုင် နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး Rodrigo Duterte အပေါ် ပြည်သူတို့၏ ယုံကြည်မှုက ၁၅ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အတိုက်အခံများနှင့် မီဒီယာက အလျှင်အမြန်ပင် သံယောင်လိုက်၍ အငြင်းပွားဖွယ်ရာ ခေါင်းဆောင်၏ ပျားရည်ဆမ်းကာလ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ရေးသား ပြောဆိုလာကြသည်။

မည်သည့် အတွက်ကြောင့် ထိုသို့ ပြောင်းလဲသွားသည်ကို ကြည့်ရန် ဖိလစ်ပိုင်နိုင်ငံသို့ သွား၍ ဒူတာတေးကို ထောက်ခံသူများနှင့် ကျနော် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

သူတို့ထဲမှ တဦးမှာ မနီလာတွင် နေထိုင်သော အသက် ၄၉ နှစ် အရွယ် အရောင်းမန်နေဂျာ မန်နျူယဲလ် အဘတ် Manuel S. Abad ဖြစ်ပါသည်။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး စစ်ပွဲအတွင်းမှ အသက်ဆုံးရှုံးမှုများကို သူက အသိအမှတ်ပြုသော်လည်း သမ္မတအပေါ် ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံနေဆဲ ဖြစ်ပါသည်။

“ဒူတာတေးက သိသာမြင်သာတဲ့ ရလဒ်တွေ ယူဆောင်ပေးခဲ့တယ်။ သူ အာဏာရတဲ့ အချိန်က စလို့ ကျနော့် ဘဝလည်း အလွန်ကို အရေးကြီးတဲ့ နေရာတွေမှာ တိုးတက်မှု ရှိခဲ့တယ်။ ပြည်သူတွေ အဲဒါကို ခံစားနိုင်ပါတယ်။”

Social Weather Stations (SWS) ၏ စစ်တမ်းထွက်လာပြီး ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခဲ့သည့် ပြိုင်ဘက်ကုမ္ပဏီ Pulse Asia ၏ လေ့လာမှုတွင်မူ သမ္မတအပေါ် ယုံကြည်မှုက (အမှားအယွင်းရှိသည့်တိုင် လက်ခံနိုင် သော အတိုင်းအတာ အတွင်းတွင် ရှိသည့်) ၁ ရာခိုင်နှုန်းသာ ကျဆင်းသွားကြောင်း ဖော်ပြသည်။

အချက်အလက်များက ထိပ်တိုက် ဆန့်ကျင်ဖက်ဖြစ်နေသော်လည်း လက်တွေ့မြေပြင်မှ လူများအတွက် အစားထိုးစရာ မရှိပါ။

ရိုးစင်းသယောင် ထင်ရသော်လည်း တကယ်တွင် ရှုပ်ထွေးပါသည်။ တခါတရံတွင် ကိန်းဂဏန်းများက လူသားတို့၏ စိတ်နေသဘောထား သိမ်မွေ့စွာ ကွဲပြားမှုကို ဖမ်းယူနိုင်ခြင်း မရှိပါ။

သဘောထားစစ်တမ်းများတွင် မဲဆန္ဒရှင်များက သူတို့၏ အတွင်းစိတ် ပဋိပက္ခကို ဖော်ပြလိုခြင်း မရှိပါ။ သူတို့၏ ရှုပ်ထွေးသော ခံစားမှုများကို ဟုတ်တယ်(Yes) သို့မဟုတ် မဟုတ်ဘူး (No) စသည့် ရိုးစင်းသော ဆန့်ကျင်ဖက်များ အဖြစ်သို့ လျှော့ချရန် ကြိုးစားကြသည်။

“ဟုတ်တယ်(Yes)” နှင့် “မဟုတ်ဘူး (No)” ကြားနေရာက ဘုရင်များ(အုပ်ချုပ်သူများ) ကို ဖြစ်စေသည်။

နောက်ဆုံးတွင် အချက်အလက်ဆိုသည်မှာ မည်သည့် စာပေတွင် မဆို စကားလုံးများ ဖြစ်ပါသည်။ သင်က သူတို့ကို ဘာသာပြန်ဖို့ လိုပါသည်။

ကျနော်တို့ကြားမှ သိပ္ပံပညာရှင်များက ဘက်လိုက်ခြင်းများ မရှိသည့် ကမ္ဘာတခုကို လိုချင်နေသော်လည်း ကျနော်တို့ က လူသားများ ဖြစ်နေကြဆဲ ဖြစ်သည်။ ကြိုတင်မှန်းဆ၍ မရနိုင်ဟု ဆိုနိုင်ပါသည်။

တခါတရံတွင် ဆင်ခြင်တုံတရား မရှိခြင်း အပေါ် ကျနော် တဖျစ်တောက်တောက် ပြောကောင်းပြောနိုင်သော်လည်း ဝိရောဓိများနှင့် ပရမ်းပတာဖြစ်ခြင်းများက လူသား၏ သဘာဝဖြစ်သည်။ ကျနော်ကိုယ်တိုင်လည်း နောက်ဆုံးတွင် တခုမှ မပြောင်းမလဲဘဲ ဖြစ်နိုင်သည်။

ထို့ကြောင့်ပင် အရှေ့တောင်အာရှအပါအဝင် ကမ္ဘာပေါ်ရှိ လူသားများက ကိန်းဂဏန်းများအပါအဝင် အားလုံးထက် ပို၍ စိတ်ဝင်စားစရာ ကောင်းနေခြင်း ဖြစ်ပါတော့သည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading