နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူ တာဝန်ယူခဲ့သည့် အစိုးရသက်တမ်းကာလ ၂ နှစ်အတွင်း အစိုးရအဖွဲ့ဝင်များအနက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ စွမ်းဆောင်ချက်များက ကျေနပ်ဖွယ်ရာရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောခဲ့ဖူးသည်။
ယင်းကဲ့သို့ ချီးကျူးခံရသော်လည်း အများပြည်သူဝန်ဆောင်မှုဆိုင်ရာ အဖွဲ့အစည်းများကို ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့သည့် အာဏာရှင်စစ်အစိုးရလက်ထက်ကို ကျော်လွန်ပြီးနောက် ပြည်သူ့ကျန်းမာရေးကဏ္ဍသည် ဝန်ထမ်းမလုံလောက်မှုနှင့် စံညွှန်းမမီသော စောင့်ရှောက်မှုတို့ကြောင့် ပြည်သူများကြား ဝေဖန်မှုဒဏ်ကို ပုံမှန် ခံနေရဆဲဖြစ်သည်။
“မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ ကျန်းမာရေးအခြေအနေသည် နိမ့်ကျဆဲ၊ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်သာနိုင်စွမ်း နည်းပါးဆဲ ဖြစ်သည်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၎င်း၏ အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) တွင် ဝန်ခံထားသည်။
အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူသားအရင်းအမြစ်သည် အဓိက အရေးပါသော အချက်တခုဖြစ်သည့်အတွက် လူသားအရင်းအမြစ် ချို့တဲ့ခြင်း၊ ကျွမ်းကျင်မှု မညီမျှခြင်း၊ မမျှတသော ကျန်းမာရေးဝန်ဆောင်မှု ဖြန့်ကျက်ထားမှုနှင့် ကျန်းမာရေးဝန်ထမ်းများကို ကျေးလက်ဒေသများတွင် တာဝန်ချထားနိုင်မှု အခက်အခဲ စသည်တို့ကို အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ဝန်ကြီးဌာန၏ အဓိက စိန်ခေါ်မှုများအဖြစ် ဖော်ပြထားသည်။
ကျန်းမာရေးစောင့်ရှောက်မှု အညွှန်းကိန်းများဖြစ်သည့် မိခင်သေဆုံးမှုနှုန်း (Maternal Mortality Ratio- MMR) နှင့် မျှော်မှန်းလူ့သက်တမ်းသည် အရှေ့တောင်အာရှနိုင်ငံများအနက် အဆိုးဆုံးထဲတွင် ပါဝင်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။
မိခင်သေဆုံးမှုနှုန်း MMR ဆိုသည်မှာ အရှင်မွေးဖွားမှုတသိန်းတွင် မတော်တဆနှင့် နောက်ဆက်တွဲသဘာဝ အကြောင်းအရာများ မပါဝင်ဘဲ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ်နှင့် ကိုယ်ဝန်ဖျက်ချပြီး ၄၂ ရက်အတွင်း မိခင် သေဆုံးမှုအရေအတွက်ကို ဆိုလိုခြင်းဖြစ်သည်။ အောက်ဖော်ပြပါပုံသည် အာဆီယံနိုင်ငံများ၏ ၂၀၁၅ ခုနှစ်အတွက် မိခင်သေဆုံးမှုနှုန်းကို ပြထားပြီး မြန်မာနိုင်ငံသည် ဒေသတွင်းတွင် ဒုတိယအမြင့်ဆုံး ဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။
နည်းပါးသော ကျန်းမာရေးဘတ်ဂျက်
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အစိုးရအသုံးစရိတ်စုစုပေါင်း၏ ၅.၂၃ ရာခိုင်နှုန်း ရရှိထားပြီး လွန်ခဲ့သော်နှစ်များနှင့် နှိုင်းယှဉ်ပါက တိုးတက်လာသော်လည်း နိုင်ငံတကာနှင့် ဒေသတွင်း စံညွှန်းများနှင့် နှိုင်းယှဉ်လိုက်ပါက အလွန်အမင်း နည်းနေသေးသည်။ အောက်ဖော်ပြပါပုံက အာဆီယံနိုင်ငံများ၏ ကျန်းမာရေးအသုံးစရိတ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ အသုံးစရိတ်ခွဲတမ်းများကို နှိုင်းယှဉ်ပြထားသည်။
ကျန်းမာရေးဝန်ထမ်းများကို နိုင်ငံတဝှမ်း ညီမျှစွာ မဖြန့်ကျက်နိုင်ခြင်း
ဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံ၏ လူဦးရေ ၁၀၀၀ လျှင် ပျမ်းမျှအားဖြင့် ကျန်းမာရေးဝန်ထမ်း ၁.၃၃ ဦး (ဆရာဝန်၊ သူနာပြုနှင့် သားဖွား) ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်အရ အနိမ့်ဆုံး ၂.၃ ဦးထက် နိမ့်ကျစွာ ရှိနေကြောင်း သိရသည်။ ဖြန့်ကျက်မှုကို ကြည့်မည်ဆိုပါကလည်း ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ပြနေရာများတွင်သာ ကျန်းမာရေးဝန်ထမ်းများ စုပြုံနေသည်ကို တွေ့ရသည်။
အောက်ဖော်ပြပါ မြေပုံသည် ဝန်ကြီးဌာန၏ အချက်အလက်များကို အသုံးပြုကာ မြန်မာတနိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးအဆောက်အအုံများ ဖြန့်ကျက်ထားမှုကို ဖော်ပြထားသည်။ ပြည်နယ်နှင့် တိုင်းအသီးသီး၏ လူဦးရေအချက်အလက်များအရ မြေပုံရှိ အရောင့်ရင့်လာလေလေ ဆေးရုံကုတင်တလုံးလျှင် စောင့်ရှောက်ရမည့် လူနာအရေအတွက် ပိုများလာလေလေ ဖြစ်သည်။
အောက်ဖော်ပြပါပုံသည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုစလုံး၏ မြန်မာတနိုင်ငံလုံးတွင် ဆရာဝန်အရေအတွက် ဖြန့်ကျက်ထားနိုင်မှု မညီညာမှုကို ပြထားသည်။
ကျန်းမာရေးဝန်ထမ်းအများအပြား ဝေးလံခေါင်သီသည့် ကျေးလက်ဒေသများတွင် သွားရောက်မလုပ်ကိုင်လိုသည့် အဓိကအကြောင်းအရင်းများမှာ လစာအလွန်နည်းပါးခြင်းအပါအဝင် ကျန်းမာရေးအဆောက်အအုံများနှင့် လိုအပ်သည့် ကျန်းမာရေးကိရိယာများ မရှိခြင်း၊ လူနာနှင့် ကျန်းမာရေးဝန်ထမ်းအချိုးအစား မမျှတခြင်းတို့ကြောင့် ဖြစ်ကြောင်း အစိုးရဆေးရုံများတွင် လက်ရှိလုပ်ကိုင်နေသည့် အမည်မဖော်လိုသူ ဆရာဝန်အချို့က ဧရာဝတီကို ပြောသည်။
အစိုးရဆေးရုံများတွင် လက်ရှိလုပ်ကိုင်နေကြသော လက်ထောက်ဆရာဝန် အများစုသည် အထူးကုဖြစ်လိုသော ရည်မှန်းချက်ဖြင့် လိုအပ်သောလုပ်သက်ကို တာဝန်ထမ်းဆောင်ရင်း ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြသူများဖြစ်ပြီး ဖော်ပြပါ စိန်ခေါ်မှုများနှင့် ကျေးလက်ဒေသများတွင် သွားရောက်တာဝန်ထမ်းဆောင်ရပါက စာမေးပွဲအတွက် ပြင်ဆင်ရန် အခွင့်မသာ ဖြစ်ရကြောင်း ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၅ နှစ် အရွယ်ရှိ လက်ထောက်ဆရာဝန်တဦးက ဧရာဝတီကို ပြောသည်။
“MSc အောင်ပြီး အထူးကု Specialist တခုခုဖြစ်မှသာ သွားချင်ရင် သွားချင်ကြမယ်။ သမီးတို့လို Assistant Surgeon လို့ခေါ်တဲ့ လက်ထောက်ဆရာဝန်ဘဝမှာ ပိုပြီး နယ်တွေမသွားချင်ကြဘူး။ အလုပ်အရမ်းများတော့ MSc ဝင်ခွင့် ဖြေဖို့ စာကျက်ဖို့ မလွယ်ဘူး။ အဲ့တော့ နှစ်တွေ ပိုကြာကြာစောင့်ရတယ်” ဟု ယင်း လက်ထောက်ဆရာဝန် အမျိုးသမီးက ဧရာဝတီကို ပြောသည်။
အစိုးရဆေးရုံတွင် အလုပ်လုပ်နေရသည့် သူမ၏ တခုတည်းသော အကြောင်းအရင်းမှာ ဘွဲ့လွန်တက်ရန်အတွက် လုပ်သက်လိုအပ်ချက်ကို ပြည့်မီအောင် လုပ်နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။
ဘွဲ့ရဦးရေ တိုးပွားလာသော်လည်း မလုံမလောက် ဖြစ်နေသေးသော ဝန်ထမ်းအင်အား
တနိုင်ငံလုံးရှိ ဆေးတက္ကသိုလ် ၅ ခုတွင် နှစ်စဉ် ပထမနှစ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၀၀ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးပြီး ရန်ကုန်နှင့် မန္တလေးရှိ သူနာပြု တက္ကသိုလ် ၂ ခုတို့က နှစ်စဉ် ပထမနှစ်ကျောင်းသား၊ ကျောင်းသူ ၄၀၀ ခန့် လက်ခံလျက်ရှိကြောင်း သိရသည်။ အောက်ပါပုံသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးပညာနှင့် သက်ဆိုင်သော တက္ကသိုလ်ကျောင်းများမှ မွေးထုတ်ပေးခဲ့သည့် ဘွဲ့ရဦးရေကို ဖော်ပြသည်။
အစိုးရဆေးရုံများ၏ မကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေနှင့် လုပ်ခလစာ အင်မတန်နည်းပါးမှုတို့ကြောင့် အလုပ်အကိုင်အပေါ် စိတ်ကျေနပ်မှု နည်းပါးခြင်းက ဆရာဝန်အများစုကို အစိုးရဆေးရုံများမှ ပုဂ္ဂလိကကဏ္ဍသို့ ရောက်သွားစေသည်ဟု အများပြည်သူကျန်းမာရေးဆိုင်ရာကဏ္ဍတွင် လုပ်ကိုင်နေသော အစိုးရမဟုတ်သော နိုင်ငံခြားအဖွဲ့အစည်းတခုတွင် မကြာသေးမီက အလုပ်ဝင်သွားသော အသက် ၂၈ နှစ်အရွယ် ဆရာဝန်တဦးက ဧရာဝတီကို ပြောပြသည်။
“လူအင်အားမလောက်တော့ Quality of care မကောင်းတော့ဘူး။ အဲဒီတော့ ဆရာဝန်တွေရဲ့ Image ထိလာတယ်။ အဲဒီတော့ ရှိတဲ့လူတွေပါ ထွက်ချင်လာတယ်” ဟု ယင်းဆရာဝန်က ပြောသည်။
“ခုခေတ်မှာ ဆရာဝန်အလုပ်အကိုင်ရဲ့ ပုံရိပ်က အရင်ခေတ်ကလို ပြည်သူတွေရဲ့ လေးစားမှု မရနိုင်တော့တာ သိသာလာတယ်။ တိုက်ခိုက်တာတွေ၊ တရားစွဲတာတွေ လုပ်လာတယ်။ ဖေ့စဘွတ်ပေါ်တင်ရင် ဆရာဝန်အကြောင်းဆို ဆဲတဲ့ ကွန့်မန့်တွေ အများဆုံးတွေ့ရတယ်။ အစိုးရအနေနဲ့ မကာကွယ်ပေးနိုင်သေးဘူး။ ဒါကြောင့် အစိုးရအလုပ်မဝင်ခဲ့တာ” ဟု ၎င်းက အစိုးရဆေးရုံတွင် အလုပ်မဝင်ဖြစ်ခဲ့ပုံကို ရှင်းပြသည်။
အောက်ပါပုံသည် ဘွဲ့ရပြီးသော်လည်း အစိုးရ၏ အများပြည်သူဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍတွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်လုပ်ကိုင်ခြင်း မရှိသော ရာခိုင်နှုန်းကို ပြထားသည်။
ဝန်ကြီးဌာန၏ အဆိုအရ တနိုင်ငံလုံးရှိ အစိုးရဆေးရုံတထောင်ကျော်တွင် သူနာပြုဆရာမဦးရေ အနည်းဆုံး ၃၅၀၀၀ ခန့် လိုအပ်သော်လည်း ထိုနေရာများ၏ ၄၃ ရာခိုင်နှုန်းခန့် ၂၀၀၀၀ ဝန်းကျင်ကိုသာ အစိုးရဆေးရုံ၊ ဆေးပေးခန်းများတွင် အလုပ်ခန့်ထားနိုင်ကြောင်း သိရသည်။
အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ၏ လုပ်ခလုပ်စာ ကွာခြားချက်
ဆေးတက္ကသိုလ်ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများသည် ဆေးတက္ကသိုလ်တွင် အလုပ်သင် ၆ လ အပါအဝင် ၇ နှစ်တိတိ သင်ကြားကြရပြီး သူနာပြုကျောင်းသား၊ ကျောင်းသူများက ၄ နှစ် ပညာသင်ကြရသည်။ ဘွဲ့ရဆရာဝန်တဦးက ကျန်းမာရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများတွင် အလုပ်ဝင်ပါက ယေဘုယျအားဖြင့် အနည်းဆုံး မြန်မာငွေကျပ် ၁၀ သိန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၈၀၀ ဝန်းကျင် မျှော်မှန်းနိုင်သော်လည်း အစိုးရအလုပ်ဝင်ပါက တရားဝင်သတ်မှတ်ထားသော လစာမှာ ၂ သိန်းခွဲသာ ရှိသည်။ အောက်ဖော်ပြပါပုံသည် အစိုးရဆေးရုံ၊ ဆေးပေးခန်းများတွင် လုပ်ကိုင်လျက်ရှိသော ဆရာဝန်၊ သူနာပြုနှင့် သားဖွားများ၏ သတ်မှတ်လုပ်ခလစာကို ဖော်ပြထားသည်။