ဆောင်းပါး

ရှမ်းမြောက်ပိုင်း စစ်ရှောင်ဒုက္ခသည်စခန်းများဆီက ငြိမ်းချမ်းရေးဆုတောင်းသံ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ရဲ့ နိုဝင်ဘာလ လဆန်းပိုင်းရဲ့ နှင်းတွေဖုံးနေတဲ့ မနက်ခင်းမှာ အမျိုးသမီးတချို့ ခပ်သုတ်သုတ် သွားလာနေကြတယ်။ ဒီအမျိုးသမီးတွေဟာ ကွတ်ခိုင်မြို့တွင်းထဲက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘော်ဒါဆောင်တွေမှာ ထမင်းချက်ဖို့နဲ့ အဝတ်လျှော်ဖို့ အပြေးသွားနေကြတဲ့ စစ်ရှောင်ဒုက္ခသည်စခန်းက သားသည်မိခင် တွေပဲ ဖြစ်ပါတယ်။

မနက် ၆ နာရီ မှာ ကျွေးမွေးရမည့် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ နံနက်စာအမှီ ချက်ပြုတ်နိုင်ဖို့ ဘော်ဒါကျောင်းက စားဖိုဆောင်ကို မနက် ၅ နာရီမထိုးခင် အရောက်သွားနေကြတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။

အဲဒီအမျိုးသမီးတွေကတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နားချန်ဒေသကနေ ကွတ်ခိုင်မြို့ KBC- Camp 1 ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်းက စစ်ရှောင်ဒုက္ခသည်စခန်းမှာ နှစ်ရှည်လများ ခိုလှုံနေကြတဲ့ သားသည်မိခင် ကချင်အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်ကနေစတင်ကာ ကွတ်ခိုင်မြို့နယ်အတွင်း တပ်စွဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KIA၊ TNLA နဲ့ RCSS/SSA တပ်တွေနဲ့ တပ်မတော်တို့ကြား စစ်ရေးအရ တင်းမာမှုတွေ ဖြစ်လာပြီး ဒေသတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားခဲ့ကြသလို တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြားမှာလည်း နယ်မြေ၊ နယ်နမိတ် အငြင်းပွားမှုတွေကြောင့် မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေဟာ ဒုက္ခသည်စခန်းတွေကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြတာပါ။

ကွတ်ခိုင် KBC- Camp 1 ဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကွတ်ခိုင်မြို့နဲ့ မိုင် ၂၀ ကျော်လောက်ဝေးတဲ့ နားချန် ဒေသက ကချင်အိမ်ထောင်စုတွေ အပါအဝင် ကျေးရွာ ၉ ရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၅၇ စု နေထိုင်ကြပြီး လူဦးရေ ၂၇၇ ယောက်မှာ ကျောင်းသူ၊ ကျောင်းသား ၁၃၂ ယောက် ယာယီခိုလှုံနေထိုင်ကြတဲ့ စစ်ရှောင်စခန်း တခုပါ။

“ပထမဆုံးဘော်ဒါဆောင်မှာ ထမင်းသွားချက်တဲ့နေ့ကဆို တလမ်းလုံး ငိုမိတယ်။ အရမ်းချမ်းနေတာလည်း ပါသလို ဘဝမှာ ဒီလို ထမင်းချက် အလုပ်လုပ်ရမယ်လို့ တခါမှ မစဉ်းစားဖူးဘူး။ ဒီအထဲမှာပေးတဲ့ ရိက္ခာလည်း မလောက် သားသမီး ၇ ယောက်နဲ့ဆိုတော့ ကျမတို့မှာ ရွေးစရာလမ်းမရှိဘူး။” လို့ အသက် ၃၈ နှစ်အရွယ် ကချင်အမျိုးသမီး ဒေါ်ဇေနန်းက သူအပြင်မှာ ထွက်အလုပ်လုပ်ရတဲ့အကြောင်းကိုပြောပြပါတယ်။

KBC 2 စစ်ဘေးရှောင်ဒုက္ခသည်စခန်း

ကွတ်ခိုင်မြို့ပေါ်က ကျောင်းသူ၊ ကျောင်းသား လူ ၃၀ စာကို မနက် ၅ နာရီကနေ ညနေ ၆ နာရီအထိ တရက်မှာ ၃ ကြိမ် ချက်ပြုတ်ပေးတဲ့အလုပ်ကို သွားရောက်လုပ်ကိုင်ခဲ့ရတာဖြစ်ပြီး တလကို ကျပ် ၅ သောင်းကျပ်သာ လစာအနေနဲ့ ခံစားခွင့်ရတယ်လို့ သိရပါတယ်။ အဲဒီလို ထမင်းချက်အလုပ်တင်မဟုတ်ပဲ ဘော်ဒါနေကျောင်းသူ၊ ကျောင်းသားတွေရဲ့ အဝတ်အစားတွေကို လျှော်ဖွတ်မီးပူတိုက်ရတဲ့ အလုပ်ဟာလည်း စစ်ရှောင်ဒုက္ခသည်စခန်းထဲက အမျိုးသမီးတွေအတွက် ရတောင့်ရခဲ အလုပ်တခုပါ။

“သူတို့က အဝတ်အထည်ပေါ်မှာ ပေးတာမဟုတ်ဘူး၊ ကျောင်းသားတယောက်ကို တလကို ၁၅၀၀၊ ၂၀၀၀ ကျပ် လောက်ပဲပေးတာ။ အရမ်းချမ်းလွန်းလို့ လက်တွေကိုက်ခဲနေလည်း လျှော်ရတာပဲ။ ဒီအလုပ်တောင် လူတိုင်းလုပ်ရတာ မဟုတ်ဘူး။ မြို့မှာက အစစအရာရာ အကုန်ဝယ်သုံးရတာ ထင်း ၁၀ ချောင်းလောက်ဆို ၁၅၀၀ ပဲ။ သူများခြံ ထင်းသွားကောက်ရင်လည်း ပိုင်ရှင်တွေ့ရင် ပလိုင်းတွေ ဓားတွေ အသိမ်းခံရတယ်။ ငွေမရှိရင် ဘာမှလုပ်မရဘူး အခုဆို အပြင်အလုပ်မရှိတာ ကြာပြီ။” လို့ အသက် ၃၁ နှစ်အရွယ် ကလေး ၂ ယောက်မိခင် ဒေါ်ခွန်ဂျာက ဆိုပါတယ်။

ဒေါ်ဇေနန်းနဲ့ ဒေါ်ခွန်ဂျာတို့လိုပဲ KBC- Camp 1 မှာ ကချင်အမျိုးသမီး ၇၀ ကျော်လောက်ရှိပါသေးတယ်။ အဲဒီလို ကျောင်းဘော်ဒါဆောင်တွေမှာ ထမင်းချက်၊ အဝတ်လျော်အလုပ်မျိုးတွေဟာ ဒုက္ခသည်စခန်းအတွင်းက အနည်းငယ်သော အမျိုးသမီးတွေသာ လုပ်ခွင့်ရရှိတာဖြစ်ပြီး ကျန်တဲ့အမျိုးသမီးတွေကတော့ ဒုက္ခသည်စခန်းအတွင်းက အမျိုးတွေနဲ့အတူ ကြုံရာကျပန်း၊ ခြံရှင်း၊ လက်သမားနဲ့ ပန်းရံအလုပ်တွေ ထွက်လုပ်ကြရပါတယ်။

ဒီလိုအလုပ်မျိုးတွေက အမြဲတမ်းမရှိလို့ အလုပ်လာခေါ်တဲ့ အခါမှာလည်း အလုပ်လုပ်ချင်တဲ့သူများနေတာကြောင့် အလှည့်ကျ စနစ်နဲ့ စခန်းတာဝန်ခံတွေက စီစဉ်ဆောင်ရွက်ပေးရတယ်လို့ သိရပါတယ်။

စစ်ရှောင်ဒုက္ခသည်စခန်းက လူတွေကို အပြင်အလုပ်ထွက်လုပ်တဲ့အခါ အပြင်ကလူတွေထက် ဈေးနှိမ်ပေးကြပါတယ်။ အပြင်မှာ အလုပ်ကြမ်းလုပ်တဲ့ အမျိုးသားတဦး တနေ့လုပ်အားခ ၆ ထောင်နဲ့ ၈ ထောင်ကြားပေးရပေမယ့် စခန်းတွင်းက လူဆိုရင် ၄ ထောင်နဲ့ ၅ ထောင်ကြားသာပေးသလို၊ ထမင်းချက်နဲ့ အဝတ်လျှော်အလုပ်တွေမှာလည်း အပြင်ကလူတွေထက် ဈေးနှိမ်ခံရပါတယ်။

အများအားဖြင့် အမျိုးသမီးတွေရဲ့ လုပ်အားခကို ပိုပြီးဈေးနှိမ် ပေးကြသလို တချို့အလုပ်ရှင်တွေက အလုပ်ပေးချင်ပေမယ့် စစ်ရှောင်ထွက်ပြေးလာသူတွေ ဖြစ်နေလို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မလွတ်ကင်းမှာကိုလည်း စိုးရိမ်တာကြောင့် အလုပ်မပေးရဲလို့ လုပ်ငန်းခွင်နည်းပါးတာလည်း ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းသား စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦး

စစ်ရှောင်စခန်းအတွင်း နှစ်ရှည်လများ နေထိုင်ခဲ့တာဖြစ်လို့ ထောက်ပံ့ပေးတဲ့ အလှူရှင်အဖွဲ့အစည်းတွေ နည်းပါး လာတဲ့အပြင် အလုပ်အကိုင်မရှိတဲ့အတွက် စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မကြာခဏဆိုသလို လင်မယားချင်း စကားများရာကနေ အိမ်တွင်း အကြမ်းဖက်မှု ကိစ္စတွေကိုလည်း ဖြေရှင်းပေးရတယ်လို့ ကွတ်ခိုင်မြို့ ရိုမန်ကသလစ် ဘုရားရှိခိုးကျောင်းအတွင်း ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်း တာဝန်ခံ ဆရာနောင်လတ်က ရှင်းပြပါတယ်။

“ကျနော်တို့ထင်တာ ၃ လ၊ ၄ လ လောက်ပဲ နေရမယ်ထင်တာ အခု ၅ နှစ်ပြည့်တော့မယ်။ စားဝတ်နေရေးကလည်း အဆင်မပြေ၊ အလုပ်အကိုင်ကလည်း မရှိဆိုတော့ ကြာတော့ ဒီထဲမှာ ချောင်ပိတ်အရိုက်ခံနေရသလို ဖြစ်လာကြပြီ။ ကျနော်ကိုယ်တိုင်တောင် အိမ်ထောင်ထဲမှာ အရမ်းပေါက်ကွဲချင်တဲ့ အချိန်တွေရှိတယ်။ ကိုယ်က ဦးဆောင်သူဖြစ်နေတော့ တခြားလူတွေကိုပါ ထိန်းရသိမ်းရတာကြောင့် မပေါက်ကွဲရဲဘူး။ တချို့အိမ်ထောင်သည် အမျိုးသားတွေကတော့ အဲဒီဒဏ်တွေ မခံနိုင်တော့ စိတ်ရှုပ်လာပြီးဆိုရင် မိန်းမနဲ့ ကလေးတွေကို ရိုက်တာမျိုးတွေလုပ်ရင် သွားသတိပေးရတယ်။” လို့ ဆရာနောင်လတ်က ဆက်ပြောပါတယ်။

ကွတ်ခိုင်မြို့ပေါ်က အကြီးဆုံးဒုက္ခသည်စခန်း တခုဖြစ်တဲ့ ရိုမန်ကသလစ်ဘုရားရှိခိုးကျောင်းက ဒုက္ခသည်စခန်းမှာလည်း ၂၀၁၂ ဒီဇင်ဘာလအတွင်းက တပ်မတော်နဲ့ KIA တို့ နောင်ဖန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နောင်ဖန်း(နမ့်ဟူး)၊ နောင်ပါ(ကြိမ်မွန်)နဲ့ ဖာတေး(နမ့်ဇလပ်)ရွာကနေ ပြောင်းရွှေ့လာကြတဲ့ ဒုက္ခသည် အိမ်ထောင်စု ၂၉ စုက လူဦးရေ ၁၃၉ ယောက်နေထိုင်ကြပါတယ်။

နောင်ဖန်းရွာမှာရှိတဲ့ ဒေသခံတွေ ရွာလုံးကျွတ် အိမ်ခြေ ၅၀ ကျော် ထွက်ပြေး တိမ်းရှောင်လာတာဖြစ်လို့ နောင်ဖန်းရွာက အစိုးရမူလတန်းကျောင်းက ဆရာမတွေကိုပါ ရိုမန်ကသစ်လစ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းအတွင်း ပြောင်းရွှေ့ပြီး ပညာသင်ကြားပေးနေ ရပါတယ်။

ရိုမန်ကက်သလစ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ စာသင်ကြားနေမှု မြင်ကွင်း

ကွတ်ခိုင်မြို့ပေါ်မှာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကြီးတွေအတွင်းမှာ KBC Camp 1၊ KBC Camp 2၊ နဲ့ ရိုမန်ကက်သလစ်အသင်းတော်မှာတော့ RC IDP Camp ဆိုပြီး စစ်ရှောင်ဒုက္ခသည်စခန်း ၃ ခုပါတယ်။ အဲဒီအထဲမှာ KBC Camp 1 နဲ့ RC IDP Camp တို့ဟာ ၂၀၁၂ ခုနှစ်ကနေ ယနေ့ချိန်အထိ နှစ်ရှည်လများ ပြောင်းရွှေ့နေထိုင် ခဲ့ကြသူတွေဖြစ်ပြီး၊ KBC Camp 2 ကတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကမှ မန်လုံနဲ့ ကောင်းလိန်ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၃၈ စု လူဦးရေ ၁၄၅ ယောက် ပြောင်းရွှေ့နေထိုင်ကြတဲ့ စခန်းဖြစ်ပါတယ်။

စစ်ရှောင်းဒုက္ခသည်စခန်းတိုင်းတိုင်းရဲ့ လူဦးရေ ၅ ပုံ ၄ ပုံဟာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့အမျိုးသမီးတွေဖြစ်ပြီး၊ စခန်းအတွင်း အများသုံးအိမ်သာတွေနဲ့ ကြော်ငြာဘုတ်တွေပေါ်မှာတော့ လူကုန်ကူးခံမှုတိုက်ဖျက်ရေး ကြော်ငြာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ တဦးနဲ့တဦးကြား အကြမ်းဖက်မှုတွေမပြုလုပ်ကြဖို့နဲ့ ပြုလုပ်ပါက တိုင်းကြားနိုင်တဲ့ဖုန်းနံပတ်တွေ အများအပြားတွေ့မြင်ရပါတယ်။

ကွတ်ခိုင်မြို့ပေါ်က ဒုက္ခသည်စခန်းတွင်း နေထိုင်ကြသူတွေကို အသက် ၁၈ နဲ့ ၅၀ ကြား လူတဦးကို ၇၅၀၀ ကျပ်နဲ့ အသက် ၁၈ နှစ်အောက်နဲ့ ၅၀ နှစ်အထက် လူတဦးကို ၁၅၀၀၀ ကျပ်သာ ကုလသမဂ္ဂ ကမ္ဘာ့စာနပ်ရိက္ခာအဖွဲ့(WFP)က လစဉ်ထောက်ပံ့ပေးထားနိုင်ပါတယ်။

မိသားစုဝင် ၅ ဦးရှိတဲ့ အိမ်ထောင်တစုကို အများဆုံး ကျပ် ၆ သောင်းခန့် ထောက်ပံ့ကြေးရရှိသော်လည်း နေ့စဉ် မိသားစုငါးဦး၏ ကုန်ကျစရိတ်မှာ ကျပ် ၅ ထောင်နဲ့ ၇ ထောင်ကြား အနည်းဆုံး ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။ မြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်ရတာဖြစ်လို့ ထင်းကအစ အစစအရာရာ ငွေနဲ့ ဝယ်နေတဲ့အတွက် အခုလိုရရှိတဲ့ ထောက်ပံ့တဲ့ ငွေကြေးဟာ လုံလောက်မှုမရှိတာကြောင့် ဝင်ငွေရမယ့် အလုပ်အကိုင်တွေ အများကြီးလိုအပ်နေပါတယ်။

“ရွာမှာတုန်းက ကုန်စုံဆိုင်လေးရှိတယ်။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတော့ ဘာမှမသယ်နိုင်ဘူး ရှိတဲ့ရွှေလေးရောင်းပြီး Camp(စခန်း)ထဲမှာ ကုန်စုံဆိုင်လေးရောင်းဖူးတယ်။ အားလုံးကမပြေလည်ကျတော့ လက်ငင်းမရောင်းရဘူး အကြွေး တွေလည်း ပြန်မဆပ်နိုင်ကြတော့ အရင်းပြုတ်တာပါပဲ။ ကျမယောက်ျားလည်း မရှိတော့ဘူး။ ကလေး ၂ ယောက်နဲ့ ဘာလုပ်ရမှန်းမသိတော့ဘူး။ ပြန်ချင်တာပဲသိတယ်။ တိုက်ပွဲကြားမှာ သေချင်လည်း သေပါစေတော့ ဒီနှစ်ကုန်ရင် ပြန်တော့မယ်။” လို့ ရိုမန်ကက်သလစ် စစ်ရှောင်စခန်းက ဒေါ်မာနန်ကပြောပါတယ်။

ကွတ်ခိုင်မြို့ပေါ်ရပ်ကွက်တွေက စစ်ရှောင်ဒုက္ခသည်စခန်း တွေထက်ပိုပြီး အခြေအနေဆိုးတာကတော့ ကွတ်ခိုင်မြို့နဲ့ ၁၃ မိုင်လောက်ဝေးတဲ့ ကုန်းချမ်းဒုက္ခသည်စခန်းပါပဲ။ ဒီစခန်းကတော့ ၂၀၁၁ ခုနှစ်ကနေစတင်ပြီး ပြောင်းရွှေ့လာကြတဲ့ တအောင်း (ပလောင်)လူမျိုးတွေရဲ့ ဒုက္ခသည်စခန်း ဖြစ်ပါတယ်။

အဲဒီစခန်းမှာ ကွတ်ခိုင်မြို့နယ်ထဲက တအောင်း(ပလောင်)လူမျိုးတွေ အများစုနေထိုင်တဲ့ မန်သုံ၊ ဘွန်ကျူး၊ နောင်ဟွန်၊ ဟင်မွန် နဲ့ ပန်ကန်ကျေးရွာတွေက ရွှေ့ပြောင်းလာတဲ့ တအောင်း(ပလောင်)လူမျိုး အိမ်ထောင်စုပေါင်း ၆၀ ကျော် လူဦးရေ ၂၀၀ ကျော်နေထိုင်ကြတဲ့ စခန်းဖြစ်ပါတယ်။

စတင်ပြောင်းရွှေ့လာတုန်းကတော့ လူဦးရေ ၄၀၀ နီးပါးရှိပြီး ကိုယ့်နေရပ်ဒေသကု ိမပြန်ကြပဲ တနယ်တကျေးမှာ အလုပ်သွားရောက်လုပ်ကိုင်သူ များပြားလာတာကြောင့် စခန်းအတွင်းမှာ လူတဖြည်းဖြည်း လျော့နည်းလာတာဖြစ်တယ်လို့ ကုန်းချမ်းစခန်းအုပ်ချုပ်ရေးမှူး ကိုမန်ဆာက ဆိုပါတယ်။

“တရုတ်ပြည်မှာ အလုပ်ကောင်းတယ်ဆိုပြီး လာခေါ်လို့ လိုက်သွားတဲ့လူတွေလည်း များတယ်။ ဘာအဆက်အသွယ်မှ လည်း ပြန်မရဘူး။ လူကုန်ကူးခံရတဲ့လူတွေရှိတယ်။ ဒီစခန်းမှာဘာလုပ်မလဲ ဘာထောက်ပံ့ကြေးမှလည်းမရှိ လုပ်စားစရာ မြေလည်းမရှိ စခန်းထဲ အငတ်ခံလို့ မဖြစ်ဘူးလေ။ အဲဒီတော့ အလုပ်လုပ်ရပြီးရောဆိုပြီး လိုက်သွားကြတာ။ ၆ နှစ်ကျော်ပြီ ပြန်ရမလား မပြန်ရဘူးလား မသိတော့ပါဘူး။” လို့ အုပ်ချုပ်ရေးမှူး ကိုမန်ဆာက ပြောပြပါတယ်။

အသက် ၂၀ ကျော်သာရှိသေးတဲ့ ကိုမန်ဆာဟာ ၆ နှစ်အတွင်း ကုန်းချမ်းဒုက္ခသည်စခန်းရဲ့ ၄ ယောက်မြောက် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး စခန်းအတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လူကုန်ကူးခံရသူနည်းပါးလာအောင် အသိပညာပေး သင်တန်းတွေကို စခန်းအတွင်း ဦးစားပေးလုပ်ဆောင်နေရတယ်လို့ သူကပြောပါတယ်။

“အုပ်ချုပ်ရေးမှူးက ဘယ်သူမှမလုပ်ချင်ဘူး။ လာသမျှဧည့်သည်နဲ့လည်း တွေ့ရတယ်။ အပြင်အလုပ်လည်း မလုပ်ရဘူး ဘာလစာမှလည်း မရဘူး။ အလှည့်ကျလုပ်ဆိုလို့ လုပ်ရတာ။ အိမ်တွင်းအကြမ်းဖက်မှုတွေကတော့ မကြာခဏ ဖြေရှင်းပေး ရပါတယ်။ နောက်ပိုင်း ကမ့်အတွင်းက မောင်းထုတ်မယ်လို့ စည်းကမ်းထုတ်ထားတော့ သိပ်မဖြစ်ကြတော့ဘူး။ လူကုန်ကူးတားဆီးရေး သင်တန်းတို့ ဘာတို့တော့ ခဏခဏလုပ်ပေးရတယ်။”လို့ သူကဆက်ပြောပါတယ်။

မြို့နဲ့အလှမ်းဝေးတဲ့ တောစပ်တွေမှာလည်း ဇွတ်အောင် ကချင်ဒုက္ခသည်စခန်းနဲ့ တခြားတအောင်း(ပလောင်) ဒုက္ခသည်စခန်း ၃ ခုလောက်ရှိနေပါသေးတယ်။ အဲဒီစခန်းတွေမှာလည်း ရာနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည်တွေဟာလည်း မြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေအထိ မလာနိုင်ကြသူတွေရှိသလို မကြာခင်တိုက်ပွဲတွေရပ်ပြီး နေရပ်ကို ပြန်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းနေကြသူတွေပဲဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့လည်း အမျိုးသားရင်ကြားစေ့ရေးမူဝါဒအရ ၂၁ ရာစုပင်လုံပွဲတွေပြုလုပ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေသော်လည်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား တဖွဲ့နဲ့တဖွဲ့ကြား ယုံကြည်မှု မတည်ဆောက်နိုင်သေးတာကြောင့် စစ်ရေးအရတင်းမာပြီး ကွတ်ခိုင်မြို့နယ်အတွင်း မငြိမ်းချမ်းနိုင်သေးတာဖြစ်တယ်လို့ သုံးသပ်ဝေဖန်မှုတွေက ရှိနေပါတယ်။

ကုန်းချမ်းစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တဦး

“တိုင်းရင်းသားတွေဘက်က တောင်းဆိုနေတဲ့ ဖက်ဒရယ်စနစ်သာရရင် တကယ်ငြိမ်းချမ်းပြီ၊ အစိုးရကို တောင်းဆိုချင်တာ က ငြိမ်းချမ်းရေးရအောင် အမြန်ဆုံးလုပ်ပေးစေချင်တယ်။ အကယ်လို့ မလုပ်နိုင်သေးရင်လည်း စစ်ရှောင်ဒုက္ခသည်စခန်း ထဲက ပြည်သူလူထုကို ကူညီစောင့်ရှောက်ပေးပါလို့ပဲ ပြောချင်တယ်။” လို့ RC IDP Camp တာဝန်ခံ ဆရာနောင်လတ်က ဆိုပါတယ်။

စခန်းတိုင်းမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေကတော့ ငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့ ဆန္ဒပြင်းပြနေပြီး လက်တလော သူတို့ရဲ့ စိုးရိမ်မှုကတော့ သားသမီးတွေရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ ပညာရေးပါပဲ။

စားဝတ်နေရေး မပြေလည်တာကြောင့် အထက်တန်းအဆင့်အထိ ကျောင်းဆက်မထားနိုင်တော့တဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာရှိတဲ့ ခရစ်ယာန်မိဘမဲ့ကျောင်းတွေမှာ သွားထားရသလို တအောင်း(ပလောင်) ကလေးတွေကတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ဘုန်းတော်ကြီးပညာသင်ကျောင်းနဲ့ မိဘမဲ့ကျောင်းတွဲဖွင့်တဲ့ ဂေဟာတွေကို ပို့ထားရတဲ့ကလေးတွေ အများကြီးရှိပါတယ်။

“သမီးက ၇ တန်း၊ ဒီစခန်းကိုရောက်စက ကြားထဲမှာ ၂ နှစ်လောက် ကျောင်းမတက်ဖြစ်ဘူး။ မန္တလေးက သီလရှင်ကျောင်းက လာခေါ်လို့ သူငယ်ချင်းတွေနဲ့ လိုက်သွားတာ။ ဟိုရောက်တော့ အရမ်းပူလို့ အဖုတွေပေါက်၊ ယားနာတွေပေါက်လို့ မနေနိုင်လို့ပြန်လာတာ သူငယ်ချင်း တွေကတော့ ကျန်ခဲ့တယ်။ ကျောင်းပြီးအောင်တော့ ဆက်တက်မှာ။ သမီးကဆရာဝန်ဖြစ်ချင်တာ သမီးတို့ဆီမှာ ဆရာဝန်မရှိလို့။” လို့ ကုန်းချမ်းဒုက္ခသည်စခန်းက ၇ တန်းကျောင်းသူလေး မအေးပုက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွင်းမှ စာသင်ကျောင်းတခု

ဒုက္ခသည်စခန်းမှနေထိုင်တဲ့ ဒေါ်မာနန်ကလည်း “ဖြစ်နိုင်ရင် အခုချက်ခြင်းတောင် ငြိမ်းချမ်းရေးရချင်တယ်။ သူတို့တွေ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ ဒုက္ခသည်စခန်းထဲက ပြည်သူလူထုမျက်နှာကြည့်ပြီး အမြန်ဆုံး ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပါစေလို့ပဲ ကျမကတော့ ဆုတောင်းတယ်။” လို့ သူ့ဆန္ဒကို ပြောပြပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲက စစ်ရှောင်ဒုက္ခသည်တွေဟာ ဆောင်းဝင်လာပြီဆိုတာနဲ့ ဆယ်ပေပတ်လည်လောက် အခန်းကျဉ်းလေးထဲမှာ ရှိသမျှစောင်တွေကိုထပ်ပြီး မိသားစုတစုလုံး ပူးကပ်ပြီး အိပ်စက်ရကြရပါတယ်။ သူတို့ရွာမှာဆိုရင်တော့ ထင်းတွေပေါပေါများများ အသုံးပြုခဲ့ရပေမယ့် မြို့ပေါ်မှာတော့ ၁၅၀၀ တန် ထင်းတစီးဟာ မီးလှုံဖို့နေနေသာသာ ထမင်းဟင်းချက်ဖို့၂ ရက်စာသာ လုံလောက်တာကြောင့် ဘယ်လောက်ပဲချမ်းနေပါစေ မီးလှုံဖို့တောင် အဆင်မပြေကြဘူးလို့ သိရပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading