ပူပြင်းတဲ့နေရောင်အောက်မှာ ရေနံချေးဝပြီး မဲပြောင်လက်နေတဲ့ သုံးမြှောင့်ပုံသဏ္ဍာန် တာလပတ်မိုး တဲငယ် တွေ၊ ရေနံတွင်းတူးစင်တွေနဲ့ မီးစက်သံတွေဟာ သက်ဝင်လှုပ်ရှားနေတဲ့ ရေနံမှော် တခုရဲ့ သွင်ပြင်လက္ခဏာ တွေလို့ ဆိုရမှာပါ။
အဲဒီ ရေနံမှော်ထဲမှာ သံပိုက်လုံးတခုကို အမှီပြုပြီး ဝါးလုံးတွေနဲ့ စင်တိုင်အဖြစ် အသုံးပြုထားတဲ့ သုံးမြှောင့်ပုံ သဏ္ဍာန် တာလပတ်မိုး တဲငယ် တလုံးအတွင်းမှာတော့ မီးစက်မောင်းနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား တဦးဖြစ်တဲ့ ကိုရဲမြင့်တယောက် တဲအပြင်ဘက်က အပူဒဏ်ကို မသိကျိုးနွံ ပြုရင်း အလုပ်များနေပါတယ်။
သူက တွင်းဝအကျယ် နှစ်လက်မခွဲခန့်ရှိတဲ့ ကျင်းပေါက်ထဲကကြိုးကို ဘယ်လက်နဲ့ ဆွဲတင်ဆွဲချ လုပ်နေပြီး ကျန်တဖက်က ဘေးနားမှာရှိတဲ့ ရေအိတ်တွေကို ကျင်းပေါက်ထဲပစ်ချလိုက်၊ ကျင်းပေါက်ထဲက ထွက်လာတဲ့ မြေဆီနှစ်တွေကို ဖယ်ရှားလိုက် လုပ်နေတယ်။ တခါတရံ ကျင်းပေါက်နားကပ်ပြီး တစုံတခုကို အာရုံစူးစိုက် နားထောင်နေတာလည်း တွေ့ရတယ်။
“ကျင်းတကျင်း ပထမဆုံးစလုပ်ပြီဆို မြေကြီးရဲ့အနေအထား ညီအောင်ရှင်းလင်း။ ပြီးမှ ဖိနပ်ခုံတွေ စင်တိုင်တွေနဲ့ ကျကျနန တည်ပြီးမှ စထောင်းတယ်။ ခုထောင်းနေတဲ့ကျင်းတွေက အတောင် ၄၃၀၊ ပေ ၆၆၀ လောက်ဆို ပေါက်တယ်” လို့ ကိုရဲမြင့်က အလုပ်လုပ်ရင်းနဲ့ ရှင်းပြတယ်။
ရေနံတွင်းတူးလုပ်သား ကိုရဲမြင့်ဟာ သူနေတဲ့ လဲပင်ကျင်းရွာနဲ့ သိပ်မဝေးတဲ့ ဒီထန်းကိုင်းရေနံမှော်မှာ နေ့စားခ ၇၀၀၀ ကျပ် နဲ့ အလုပ်လာလုပ်နေတာ ၄ နှစ်နီးပါးရှိနေပါပြီ။ အစက တွင်းပိုင်အဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပေမယ့် ရေနံမလိုက်လို့ အရှုံးပေါ်တဲ့အခါ ငွေထပ်မလိုက်နိုင်တော့တာမို့ တွင်းတူးသမားအဖြစ်နဲ့ အငှားလိုက်စားနေရ တာလို့ သူက ပြောပြတယ်။
ထန်းကိုင်းရေနံမှော်ဟာ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းက မှော်တခုဖြစ်ပြီး သက်တမ်းအားဖြင့် ဆယ်စုနှစ်တခုကျော် ကြာနေပြီဖြစ်လို့ ရေနံအထွက်နှုန်း ကျဆင်းလာပေမယ့် တပိုင်တနိုင် ရေနံလက်ယက်တွင်း တိမ်လုပ်ငန်း လုပ်ကိုင်သူ တွေကတော့ လယ်ယာစိုက်ပျိုးခြင်းထက် ဝင်ငွေပိုကောင်းတာမို့ ဆက်လက်လုပ်ကိုင် နေကြတုန်းပဲလို့ သိရတယ်။
ရေနံတွင်းတတွင်းကို အရင်က တနေ့ ၁၀ ပီပါခန့် ထွက်တယ်ဆိုရင် လက်ရှိမှာ ၁ ပီပါခန့်သာ ထွက်တော့တယ်လို့ ရေနံတူး သမားတွေက ပြောတယ်။ လျှံတွင်းရလို့ ချမ်းသာသွားကြသူတွေရှိသလို အများစုသော တွင်းပိုင်ရှင်တွေကတော့ အရှုံးပေါ်ပြီး ဆက်မလုပ်နိုင်တော့တာမို့ ကိုရဲမြင့်လိုပဲ နေ့စားအလုပ်သမားတွေ အဖြစ် ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြရတယ်လို့ ကိုရဲမြင့်က ပြောပြတယ်။
“ဒီကျင်းတွေဆိုရင် မြေဖောက်ခ ၃ သိန်း၊ ယာခင်းရှင်ကိုပဲ ပေးရတယ်။ အစိုးရကို မပေးရဘူး။ ယာခင်းရှင်ရဲ့ မြေကွက်ထဲမှာ ဆိုတော့ အလုပ်သမားနဲ့ယာခင်းရှင် အဆင်ပြေသလို လုပ်ကြတာပေါ့။ မြေပေါက်ခ မပေးနိုင်တဲ့ သူကျတော့ ယာခင်းရှင်နဲ့ ရှယ်ယာဝင်လုပ်ကြတာပေါ့” လို့ သူက ရှင်းပြတယ်။
လက်ရှိလုပ်ကိုင်နေသူတွေဟာ ရေနံတူးရန် မြေပေါက်တပေါက်အတွက် ဒေသခံ မြေပိုင်ရှင်တွေဆီကနေ ကျပ် ၃ သိန်းမှ ၁၀ သိန်းခန့်အထိ အထွက်နှုန်းပေါ်မူတည်ပြီး ပေးချေလုပ်ကိုင်နေကြရပြီး ရေနံတွင်း တတွင်းတူးဖို့ အတွက် ကုန်ကျစရိတ် စုစုပေါင်း ငွေကျပ် ၂၅ သိန်းခန့် ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲဒီရေနံမှော်တွေမှာ မိသားစုတစုလုံး ပြောင်းရွှေ့လာကြတဲ့ ရေနံတွင်းတူးလုပ်သားတွေလည်း ရှိကြပါတယ်။ အဲဒီရေနံတွင်းတူးလုပ်သားတွေရဲ့ အမျိုးသမီးတွေဟာ ဖိတ်စင်ကျနေတဲ့ ရေနံစိမ်းတွေကို အဝတ်စုတ်နဲ့ ခပ်ယူပြီး ပုံးများအတွင်း ပြန်ညှစ်ထည့်ကာ တဖက် တလမ်းက ဝင်ငွေရစေဖို့ ဝင်ရောက်လုပ်ကိုင်ကြပါတယ်။ အဲဒီလိုလုပ်ရာက တနေ့ကို ဝင်ငွေ ၃၀၀၀ ကနေ ၇၀၀၀ ကျပ်ဝန်းကျင်ထိ ရတယ်လို့ သိရတယ်။
“အရင်းအနှီးမတတ်နိုင်တော့ ကျင်းပိုင်မရှိဘူး။ ကောက်သင်းကောက် စားရတာ။ ကောက်တဲ့သူတွေက များတော့ သူတဖက် ကိုယ်တဖက်နဲ့ ဘယ်လောက်မှ မရဘူး။ မှော်တပတ်ပတ်မှ ရေသန့်တဘူးလောက် လေးရတာ။ ဆက်တိုက်ကြီးလည်း မလုပ်နိုင်ဘူး။ ကျောတွေနာတော့ နားလိုက်ကောက်လိုက်ပဲ” လို့ အသက် ၅၃ နှစ်အရွယ် ဒေါ်ဝိုင်းကြည်က ရေနံဝနေတဲ့ အဝတ်စုတ်ဖတ်ကို လက်နှစ်ဖက်နဲ့ ဆုပ်နယ်ရင်း ပြောပြတယ်။
ဒေါ်ဝိုင်းကြည်အနေနဲ့ သူ့ရဲ့ဇာတိ ဆင်ပေါင်ဝဲမြို့နယ်ကနေ ဒီမှော်မှာ အလုပ်လာလုပ်တာ အခုဆို သုံးနှစ် ပြည့်သွားပြီ။ မှော် တုန်းခါနီးမှ ရောက်လာလို့ ဝင်ငွေသိပ်မကောင်းတော့ပေမယ့် လုပ်ကိုင်စိုက်ပျိုးစရာ ယာမြေ ကျွဲနွားတွေမရှိတော့တဲ့ ဇာတိ မြေမှာထက်စာရင် အဆင်ပြေသေးတယ်လို့ ဆိုတယ်။
“မိသားစုလိုက် ဒီကိုရွှေ့လာတာ။ ခုဆို သမီးက ပထမနှစ်တက်နေပြီ။ ဒီမှာမို့ သူ့ကို ကျောင်းထားနိုင်တာ။ တောင်သူဘဝဆို မထားနိုင်ဘူး” လို့ သူက ပြောပြတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ရေနံမှော်သစ်တခု ပေါ်လာပြီဆိုရင် မြောက်မြားစွာသော အခြေခံ လူတန်းစားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိကြတယ်။ ရေနံမှော်ကို မှီခိုပြီး လုပ်ကိုင်စား သောက်နေကြသူတွေထဲမှာ ကုန်စုံဆိုင်၊ စားသောက်ဆိုင်ဖွင့်သူတွေ၊ ကယ်ရီသမားတွေပါသလို တွင်ခုံလုပ်ငန်း၊ ဂဟေဆက်လုပ်ငန်း၊ ပိုက်ဆက် ပိုက်နှုတ်လုပ်ငန်း တွေကလည်း အလုပ်ဖြစ်ကြတယ်လို့ သိရတယ်။
“ကျနော်တို့ဆီမှာ နဂိုက တော်တော်ဆင်းရဲတယ်။ တောတောင်တွေခုတ်ပြီး ပဲစင်းငုံတွေ စိုက်ကြတယ်။ လက်ပံတိုရွာရဲ့ အနောက်ဘက် ဆယ်မိုင်ဆယ့်နှစ်မိုင်အကွာကို တက်ပြီးမှ ဝါးခက်ဖြာတယ်။ သစ်တွေဝါးတွေခုတ်ပြီး မြိုင်ကို လှည်းတွေနဲ့ သွား ရောင်းကြတယ်။ အခု ဒီရေနံမှော်လေးပေါ်တဲ့အတွက် ကိုယ့်ရပ်ရွာအတွင်းမှာ တနေ့ကို ၁၉၀၀၀၊ ၂၀၀၀၀ ကျပ်လောက် ရကြတော့ စားဝတ်နေရေးအတွက် အဆင်ပြေသွားတာပေါ့” လို့ ပေါက်မြို့နယ် လက်ပံတိုကျေးရွာ ရာအိမ်မှူး ကိုဖိုးဌေးက ပြော ပါတယ်။
ပေါက်မြို့နယ်အတွင်းက လက်ပံတို ရေနံမှော်ဟာ အခုအချိန်မှာ ရေနံအထွက်နှုန်းကောင်းတဲ့ မှော်တခုဖြစ်နေပါ တယ်။ ဒီမှော်မှာ ရေနံတွင်းပေါင်း ထောင်ဂဏန်းချီရှိပြီး လူဦးရေ ၂၀၀၀၀ လောက်က မှော်ကိုအမှီပြု လုပ်ကိုင်စားသောက် နေကြတယ်လို့ သိရပါတယ်။
“နဂိုက ဒီရပ်ရွာမှာ ဘာမှမရှိဘူး။ တနေ့လုပ်မှ တနေ့စားကြရတဲ့သူတွေများတယ်။ ဒီရေနံမှော်လေးကြောင့်သာ ရပ်ရွာအတွက် လျှပ်စစ်မီး၊ တိုက်နယ်ဆေးရုံမြေနေရာ၊ မီးသတ်ကား၊ ပရဟိတကား ထူထောင်နိုင်တာ။ ကိုယ့်ရပ်ရွာနဲ့ဆို ကားတစီး တောင် ဝယ်နိုင်ဖို့မလွယ်ဘူး။ အခုဆို ရပ်ရွာထဲမှာ စားဝတ်နေရေးတွေ ချောင်လည် ပြီး ဆိုင်ကယ်လေးတွေ၊ ကားလေးတွေ ဝယ်နိုင်ကြတာပေါ့” လို့ ကိုဖိုးဌေးက ရပ်ရွာဖွံ့ဖြိုးရေးနဲ့ပတ်သက်လို့ အားတက်သရော ရှင်းပြတယ်။
လက်ရှိအချိန်မှာ လက်ပံတိုမှော်ဟာ ရေနံတွင်းတူးလုပ်သားတွေ၊ တွင်းပိုင်တွေ၊ ရေနံခပ်လုပ်သားတွေ၊ ရေနံသယ်ပို့ ရောင်းဝယ်နေသူတွေ အများအပြား ဝင်ထွက်သွားလာနေသလို ရေနံသယ် ဆီဘောက်ဆာ ကားကြီးတွေ၊ ဈေးဆိုင်တန်းတွေနဲ့ ရွာကြီးတရွာ မြို့တမြို့လို စည်ကားနေပါတော့တယ်။
ဒီမှော်မှာတော့ စက်ကြီးတွေ အသုံးပြုပြီး ရေနံထုတ်ယူနေတာဖြစ်သလို ရေနံတူးရန် မြေပေါက်တပေါက်အတွက် ယာခင်းရှင်ကို ငွေကျပ် ၁၀ သိန်းကနေစပြီး ရေနံအထွက်နှုန်းကောင်းရင် ကောင်းသလောက် ပေးချေရပါတယ်။ ကျင်းတကျင်းအတွက် ကုန်ကျစရိတ်က သိန်းရာချီရှိတာမို့ တဦးတည်း မလုပ်နိုင်သူတွေက အစုရှယ်ယာခွဲပြီး လုပ်ကိုင်ကြပါတယ်။
လုပ်ငန်းခွင်ကြီးမားတာနဲ့အမျှ မီးလောင်မှုတွေ၊ လုပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်နိုင်တာကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်ဖို့လိုသလို သတိ အမြဲကပ်နေရတယ်လို့လည်း ရေနံတွင်းတူးလုပ်သားတွေက ပြောကြတယ်။
“အန္တရာယ်တော့များတယ်။ မီးလောင်မှာ ကြောက်ရတာပေါ့။ ဂတ်စ်တွေကလည်း တအားထွက်တယ်။ နောက်ပြီး ပိုက်နှုတ်တဲ့ အချိန်ကျရင် ဝန်းကြိုးပျက်တာမျိုး၊ ပိုက်ခံထားတဲ့အခွက်တွေ ပဲ့ကျတာမျိုးတို့ဆို အသက်အန္တရာယ် ရှိတယ်။ ဟိုဘက်တွေ မှာ ဝန်းကြိုးပျက်ကျလို့ ခေါင်းကွဲတာ ကြားဖူးတယ်။ ကျနော်တို့အဖွဲ့ ကတော့ အဲဒီလိုမရှိပါဘူး” လို့ ကရောင်းစက်လုပ်သား ကိုဖိုးဇော်က ရှင်းပြတယ်။
ပေါက်မြို့နယ် ပေခုနစ်ပင်ရွာသား ကိုဖိုးဇော်အပါအဝင် ၈ ယောက်အဖွဲ့ကို စက်ပိုင်ရှင်က သိန်း ၃၀ နဲ့ ပြန်ငှားထားပြီး လိုအပ်တဲ့ စက်ပစ္စည်းကိရိယာတွေကို စက်ပိုင်က တပ်ဆင်ပေးထားတာပါ။ တကျင်းကို ၁၄ ရက်ကြာ တူးပြီးတဲ့အခါမှာတော့ သူတို့ တဦးချင်းစီအတွက် အနည်းဆုံး ၃ သိန်းလောက် ကျန်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့တာဝန်က ပိုက်ကို အောက်ကျအောင် လုပ်ပေးရတယ်။ ပိုက်အတွဲ ၆၀ အောက်ကိုကျရင် ကျနော်တို့က ပိုက်ဆံရတယ်။ မကျရင်တော့ မရဘူး။ ကျင်းမအောင်မြင်ဘူးဆိုရင် ကိုယ်စားရတဲ့ထမင်းကို စက်ပိုင်က ရှင်းတယ်။ ကျနော်တို့က လုပ်အားဆုံးပေါ့။ ကျင်းမအောင်ရင် ပိုက်ဆံတကျပ်မှ မရဘူး” လို့ သူက ပြောတယ်။
အလုပ်လုပ်တဲ့ ကာလအတွင်း မှော်ထဲမှာပဲ တဲထိုးနေပြီး အဖွဲ့သားအားလုံး စုပေါင်းချက်စားကြတယ်။ ကျင်းတကျင်းပြီးတိုင်း ပိုသမျှငွေကို အဖွဲ့သားအားလုံး ညီတူမျှတူဝေယူကြတယ်။ အခုကျင်းနဲ့ ဆိုလျှင် ဒီလက်ပံတိုမှော်ထဲမှာတင် ၆ ကျင်းပြီးပြီလို့ ကို ဖိုးဇော်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောပြတယ်။
လက်ပုံတိုမှော်ထဲက ရေနံလုပ်သားတွေရဲ့ အလုပ်ချိန်ဟာ မိုးလင်းကနေ မိုးချုပ်ထိလို့ ပြောလို့ရတယ်။ ရေနံအထွက်နှုန်း ကောင်းတဲ့ကျင်းတွေဆိုရင် ညဆိုင်းပါ ဆင်းကြတယ်လို့ သိရတယ်။ မှော်ထဲလာလုပ်သူ အများစုဟာ အနီးနားပတ်ဝန်းကျင် ရွာတွေကဖြစ်ပြီး မိရိုးဖလာ တောင်သူလယ်သမားဘဝတွေကို စွန့်ခွာခဲ့ကြသူတွေဖြစ်ပါတယ်။
ရေနံမှော်လုပ်သားဘဝဟာ တောင်သူလယ်သမားဘဝထက် ဝင်ငွေပိုကောင်းတယ်ဆိုပေမယ့် ခုနောက်ပိုင်း ရေနံမှော်သစ် တခုပေါ်ပြီဆိုတာနဲ့ လုပ်ကိုင်လိုသူတွေ အမြောက်အများ ရောက်လာတာမို့ ထောင်နဲ့ချီတဲ့ ရေနံရှာဖွေသူတွေအကြား အပြိုင်အဆိုင် လုပ်ကိုင်နေ ကြရတယ်လို့ ဆိုပါတယ်။
“ရွာမှာလယ်လုပ်ရင် တနှစ်လုပ်မှ နှစ်သိန်း၊ သုံးသိန်း ရချင်မှရတာ။ ဒီမှာက ခုဆို တနေ့ တသောင်း ရတယ်ဆိုတော့ ယာ လုပ်တာထက် ပိုအဆင်ပြေတယ်ပြောရမှာပဲ” လို့ ရေနံခပ်လုပ်သား ဘုန်းကျော်က ပြောပါတယ်။
သူကတော့ ဝင်ငွေကောင်းကောင်းရတဲ့ ရေနံမှော်တွေမှာ လှည့်လည်ပြီး ကျပန်းလိုက်လုပ်နေသူတဦးပါ။ ရေနံအထွက်နှုန်း ကောင်းပြီး လျှံကျင်းတွေပါ ထွက်နေတဲ့ ဒီလက်ပံတိုမှော်မှာ သူလာရောက်လုပ်ကိုင်တာ ၂ လပဲ ရှိပါသေးတယ်။ နေ့စားခ အနေနဲ့ ရေနံအထွက်နှုန်းပေါ်မူတည်ပြီး ကျပ် ၁၀၀၀၀ ကနေ ၁၅၀၀၀ ထိ ရတယ်လို့ သူက ပြောတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ လက်ရှိ တူးဖော်လုပ်ကိုင်နေကြတဲ့ တပိုင်တနိုင် လက်ယက်တွင်းတိမ် ရေနံလုပ်ကွက်တွေ ဟာ ဆယ်စုနှစ်တခုကျော်လောက်သာ သက်တမ်းကြာရှည်တာမို့ ရေနံခပ်လုပ်သားဘုန်းကျော်လိုပဲ ရေနံမှော်လုပ်သားတွေ ဟာ သူတို့ရဲ့ သမုဒ္ဒရာဝမ်းတထွာအတွက် နောက်ထပ် ရေနံမှော်သစ်ပေါ်ရာဆီကို ဆက်လက် ခရီးဆက်နေကြရအုံးမှာ ဖြစ်ပါတယ် ။ ။
ဧရာဝတီသတင်းထောက် ထွန်းထွန်း ပူးပေါင်းရေးသားသည်။