တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် နိုင်ငံရေးလောင်းရိပ်အောက်မှ လွတ်ကင်းသည့် အဖွဲ့အစည်း ဖြစ်ရမည်ဟု ပြောဆိုခဲ့ပြီး တပ်မတော်၏ အမျိုးသားနိုင်ငံရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုခဲ့သည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းအပတ်စဉ် ၅၉ သင်တန်းဆင်းပွဲ အခမ်းအနား မိန့်ခွန်း ပြောကြားရာတွင် တပ်ချုပ်က ရခိုင်ပြည်နယ် အရေးကိစ္စတွင် ၎င်းတပ်များ၏ ဆောင်ရွက်ချက်များနှင့် နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ကြိုးပမ်းချက်များကို အလေးထား ပြောကြားခဲ့သည်။
တပ်မတော်သည် နိုင်ငံရေးလောင်းရိပ်အောက်မှ လွတ်ကင်းရမည်ဟူသော ၎င်း၏ ပြောဆိုချက်သည် လက်တွေ့တွင် ဥပဒေပြု လွှတ်တော်တွင်း တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း ရယူထားပြီး၊ အစိုးရအဖွဲ့၏ အရေးပါသော ဝန်ကြီးနေရာ သုံးခုကို ချုပ်ကိုင်ထားသော အခြေအနေနှင့် ဆန့်ကျင်နေသောကြောင့် နိုုင်ငံရေးလေ့လာ သုံးသပ်ချက်သူများအကြား ဝေဖန်မှု ရှိနေသည်။
“တပ်မတော်သည် နိုင်ငံရေးနဲ့ မပတ်သက်တဲ့ professional (အရည်အသွေးမြင့်) တပ်မတော် ဖြစ်ဖို့လိုတယ်။ နိုင်ငံရေးလောင်းရိပ်အောက်က လွတ်ဖို့ဆိုရင် တပ်မတော်ဟာ ပါတီ နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊ အမျိုးသားနိုင်ငံရေးမှာ ဖြစ်ဖြစ် မပါဝင်ရဘူး။” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။
တပ်မတော်သည် ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းတခု ဖြစ်မှသာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲကို အထောက်အကူ ပြုနိုင်မည်ဟုလည်း သူက ပြောသည်။ “အဲဒီလို ဖြစ်ဖို့ လက်ရှိ လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်း တပ်မတော် ပါဝင်နေတာကို အနှေးနဲ့ အမြန် ရုတ်သိမ်းနိုင်ဖို့ လိုအပ်တယ်” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
တပ်မတော်အကြီးအကဲက မြန်မာ့တပ်မတော်ကို စံချိန်မှီတပ် (standard army) တခုဖြစ်ရန် ကြိုးပမ်းနေကြောင်း ကြားသိရသော်လည်း စံချိန်မှီတပ်ဖြစ်ခြင်းသည် အရည်အသွေးမြင့် တပ်မတော်တခု နှင့် ခြားနားကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြသည်။
နိုင်ငံရေးလောင်းရိပ်အောက်က ကင်းလွတ်သည့် တပ်မတော် ဖြစ်ရမည် ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း ဆိုုသည်ကိုမူ ပြောဆိုသူ ကာယကံရှင်သာလျှင် သိပါလိမ့်မည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ အကြံပေးတဦးဖြစ်သည့် ဦးခွန်ဆိုင်းက ဆိုသည်။
တပ်မတော်အနေဖြင့် အရည်အသွေးမြင့် တပ်မတော်အဖြစ် ရပ်တည်ပြီး နိုုင်ငံရေးတွင် ပါဝင်မှု မလုပ်တော့ခြင်းအား ဆိုလိုုခင်း ဖြစ်နိုင်သလို၊ တပ်မတော်သည် နိုင်ငံရေးပါတီ တဖွဲ့ဖွဲ့၏ လောင်းရိပ်အောက်မနေဘူးဆိုုသည့် အဓိပ္ပါယ် နှစ်မျိုးပေါက်သည်ဟု ယူဆကြောင်း ဦးခွန်ဆိုင်းက ရှင်းပြသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများအား ငြင်းပယ်ခြင်း
မြန်မာပြည် ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ နီးပါးအတွင်း လူနည်းစု တိုင်းရင်းသားဒေသများတွင် တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရခြင်းအပြင် မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ရခိုုင်ပြည်နယ် မြောက်ပိုင်းအရေးတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှု ရှိသည်ဟု စွပ်စွဲမှုများရှိသော်လည်း တပ်မတော်အကြီးအကဲက ၎င်း၏တပ်သားများသည် အမိန့်၊ ညွန်ကြားချက်နှင့် စစ်စည်းကမ်းများကို စနစ်တကျ လိုက်နာသည်ဟု ပြောဆိုခဲ့သည်။
“ဥပဒေအထက်မှာ ဘယ်သူမှ နေလို့မရပါဘူး။” ဟု ၎င်းက ဆိုပြီး တပ်မတော်သည် နိုုင်ငံတော်၏ အချုပ်အခြာအာဏာကို မထိခိုက်ဘဲ နိုင်ငံတော်၏အကျိုးစီးပွားနှင့် တိုင်းရင်းသားများ၊ နိုင်ငံသူ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်ရမည်ဟု ပြောဆိုခဲ့သည်။
သင်တန်းဆင်းစ အရာရှိများကို တပ်မတော်၏ ဂုဏ်ကိုု ထိန်းသိမ်းရန်နှင့် တာဝန်များ ထမ်းဆောင်ရာတွင် အထက်က ယုံကြည်အားထားရပြီး လက်အောက်က လေးစားရသည့်၊ ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းများ ဖြစ်ရန် ပြောကြားခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ်အရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို ထည့်သွင်းပြောကြားရာတွင် တပ်မတော်အနေဖြင့် တရားဥပဒေနှင့်အညီ ကြိုးပမ်း ဆောင်ရွက်နေသော်လည်း မဟုတ်မမှန် သတင်းအချက်အလက်များ လှုံ့ဆော်ဝါဒဖြန့်မှုများ ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတချို့နှင့် အနောက်မီဒီယာအချို့၏ ရခိုင်အရေးအပေါ် နားလည်မှုများ မှားယွင်း နေသည်ဟု ပြောဆိုသည်။
၎င်းက မည်သည့်အဖွဲ့အစည်း၊ သတင်းအချက်အလက်စသည်ကို ထည့်သွင်း မပြောကြားခဲ့သော်လည်း ဖြစ်နိုင်သည်မှာ လွန်ခဲ့သည့် သုံးလအတွင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ထုတ်ပြန်သော အစီရင်ခံစာ အချက်အလက်များကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (HRW) က တပ်မတော်သားများသည် “ရိုဟင်ဂျာ” ဟု ခေါ်ဆိုသူများကို သတ်ဖြတ်ပြီး ထိုလူမျိုး အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အဓမ္မပြုကျင့်မှုများ ရှိသည်ဟု နိုဝင်ဘာလလယ်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ရခိုင်ပြည်နယ်မှ အခြေအနေသည် “လူမျိုးစု ရှင်းလင်းရေး” လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။ ထို့အတူ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကလည်း ရခိုင်ပြည်နယ်မှ အခြေအနေကို အသားအရောင်ခွဲခြားသော စနစ်ဟုု တံဆိပ်တပ်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သားများသည် အမိန့်၊ ညွန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များတွင် တပ်မတော်အနေဖြင့် Rules of Engagement (ROE) နှင့်ပတ်သက်ပြီး စနစ်တကျ ဥပဒေနဲ့အညီ လုပ်ကိုင်ခဲ့သည်ဟု ပြောဆိုသည်။
သြဂုတ်လနှောင်းပိုင်းက ARSA အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲစခန်း ၃၀ နှင့် တပ်ရင်းဌာနချုပ်တခုုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး ဒေသခံရွာသားများကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ထည့်သွင်း ပြောဆိုသည်။ အစိုးရက ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားသည်။ ကျူးလွန်ခံရသူ ဒေသခံရွာသားများအား အမည်တပ်မပြောခဲ့သော်လည်း ရခိုင်၊ မြို နှင့် ဟိန္ဒိူ လူမျိုးများကို ရည်ညွန်းခြင်း ဖြစ်သည်။
သြဂုုတ်လ ၂၅ ရက်နေ့ ARSA တိုက်ခိုက်မှုနောက်ပိုင်း ဒေသခံ ဟိန္ဒူ ရွာသား အများအပြား အစုုလိုုက် အသတ်ခံခဲ့ရပြီး ၎င်းတို့ အလောင်းများကို အခင်းဖြစ်အပြီး တလအကြာ စက်တင်ဘာ ၂၄ ရက်နောက်ပိုင်းတွင်မှ ပြန်ဖော်နိုင်ခဲ့သည်။
တပ်မတော်အနေဖြင့် ရခိုုင်ဒေသရှိ လူနည်းစုု ဖြစ်သည့် တိုုင်းရင်းသားများ လူမျိုးတုန်း သတ်ဖြတ်မှု မခံရအောင် အပြည့်အ၀ ကာကွယ်ပေးသွားမည်ဟုု တပ်ချုပ်က ထည့်သွင်း ပြောကြားသည်။
NCA စာချုပ်အကောင်အထည်ဖော်မှုအတွက် တိုက်တွန်းခြင်း
ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ပတ်သက်၍ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်သည် အတိတ်သမိုုင်းကြောင်း အခြေအနေများနှင့် လက်ရှိအခြေအနေများကို နှိုင်းယှဉ်ကာ ရေးဆွဲထားသောကြောင့် နှစ်ဖက်စလုံးက လိုက်နာပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။
တိုုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးနိုင်င်ခဲ့ခြင်းသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိကအကျဆုံး အခြေခံ လုပ်ဆောင်ရသည့် အချက် ဖြစ်ကြောင်း ပြောဆိုုသည်။
ထို့အပြင် တပ်ချုပ်က “NCA စာချုပ်မှာ ပါဝင်တဲ့အချက်တွေဟာ တိုုင်းရင်းသား ပြည်သူလူထု၏ အခွင့်အရေးကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင်ထားတာ တခုုမှ မပါဝင်ဘဲ အခွင့်အရေးကို ပေးနိုင်သမျှ ပေးထားတယ်။ ထိုု့ကြောင့် NCA စာချုပ်တွင် ပါဝင်သည့် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စများကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ခြင်းဖြင့် ငြိမ်းချမ်းမှု၏ ရလဒ် အသီးအပွင့်များကို အမြန်ဆုံး ရယူခံစားနိုင်မှာ ဖြစ်တယ်။” ဟု ဆိုသည်။
NCA စာချုပ်တွင် ပြည်သူလူထု အခွင့်အရေး ဆိုင်ရာများ ပိတ်ပင်ကန့်သတ်ထားခြင်း မရှိဟူသော ပြောဆိုချက်အား ဦးခွန်ဆိုင်းက ကောင်းမွန်သည့် ပြောဆိုချက် ဖြစ်ကြောင်း ဆိုသည်။ ထိုသို့ ပြောကြားချက်သည် ရှေ့ဆက်တွေ့ဆုံ ဆွေးနွေးမှုများအတွက် ပိုမို အဆင်ပြေ စေလိမ့်မည်ဟု ၎င်းက ဆိုသည်။
မကြာခင်က ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးနှင့် NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ရေး ဆွေးနွေးမှုများတွင် NCA စာချုပ်ပါ ဝေါဟာရများအပေါ် အဓိပ္ပါယ် ဖော်ဆောင်မှုတွင် ဘုံနားလည်မှုရရန် အကြိတ်အနယ်ဆွေးနွေးခဲ့ကြရကြောင်းလည်း သိရသည်။
“သိုု့သော်လည်း တဖက်က ကျနော်တို့ [တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ နှင့် တပ်မတော်အကြား] သဘောမတူသေးတဲ့ အချက်တွေ ရှိသေးတယ်ဆိုုတာ သတိမူဖို့ လိုတယ်။ ဒါတွေကို ဆက်ဆွေးနွေးသွားဖို့ လိုတယ်။” ဟု ၎င်းက ဆိုသည်။
ထိုနှစ်ဘက်လက်မခံနိုင်သေးသော အချက်များထဲမှ တခုမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ဆိုသည့် အပေါ် အငြင်းပွားမှုများ ရှိနေပြီး ပြန်လည်ပေါင်းစည်းရေးဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်းပေါင်းစည်းခြင်း သိုု့မဟုတ် လက်နက်ဖြုတ်သိမ်းခြင်းလား ဆိုသည့်အပေါ် မေးခွန်းများ ကျန်ရှိနေပြီး ဆက်လက်ဆွေးနွေးရန် လိုအပ်ကြောင်း ဦးခွန်ဆိုင်းက ဆိုသည်။
လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းမှု ခေါင်းစဉ်အောက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဘက်က လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်း (SSR) ကို ဦးစားပေး ဆွေးနွေးလိုပြီး တပ်မတော်ဘက်ကမူ လုံခြုံရေးဆိုင်ရာ ကဏ္ဍအတွက် လက်နက်ဖြုတ်သိမ်းပြီး ပြန်လည်ပေါင်းစည်းသည့် (DDR) အပိုင်းကိုုသာ ဆွေးနွေးလိုုကြာင်းလည်း သိရသည်။
ဧရာဝတီ (အင်္ဂလိပ်ပိုင်း) တွင် ယနေ့ဖော်ပြထားသည့် Tatmadaw Chief Offers Cryptic Definition of Military’s Political Role ကို ဆီလျော်အောင် ဘာသာပြန်သည်။