ဆောင်းပါး

ထိုင်းမှာ CI စာအုပ် လုပ်ရင်း ခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာတွေ

Want create site? Find Free WordPress Themes and plugins.

“အခု ကျနော်တို့က ပွဲစားတွေကို CI စခန်းမှာဘဲ ပေါ်တင်ကြီး ပိုက်ဆံတွေ ပေးနေရတယ်။ ကျနော်တို့က မပေးချင်ဘူး။ မပေးလို့ CI စာအုပ် မရရင် ကျနော်တို့ပဲ ဒုက္ခရောက်မှာလေ ဒါကြောင့် ပေးလိုက်ရတာပဲ” လို့ မြန်မာ အလုပ်သမားတွေ အများစု အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ မဟာချိုင် ဒေသက စက်ရုံ တခုမှာ အလုပ်လုပ်နေတဲ့ ကိုကျော်စိုး က သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

Certificate of Identity (CI) စာအုပ်ဆိုတာ မည်သူမည်ဝါဖြစ်ကြောင်း တရားဝင် အထောက်အထား လက်မှတ် တခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် နေထိုင်လုပ်ကိုင်ဖို့ အတွက်ရည်ရွယ်ပြီး ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရသဘောတူညီချက်နဲ့ ထုတ်ပေးနေတာပါ။

CI စာအုပ်လုပ်ငန်းစဉ်ကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ မဟာချိုင် အပါအဝင် စုစုပေါင်း နေရာ ၉ ခုအထိ ရှိသလို လူများတဲ့ စက်ရုံ အလုပ်ရုံတွေမှာ Mobile Team စနစ်နဲ့ လိုက်လံ ဆောင်ရွက်ပေးနေတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် CI စာအုပ် စတင်လုပ်ဆောင်ကတည်းက ဒီကနေ့ အချိန်အထိ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ၊ အလုပ်သမား အရေး ဆောင်ရွက်သူတွေထံက အဆက်မပြတ် ကြားနေရတဲ့ အသံက CI စာအုပ် လုပ်တဲ့နေရာမှာ နှစ်နိုင်ငံ အစိုးရက တရားဝင် သတ်မှတ်ထားတဲ့ ဈေးထက် ကြားပွဲစားတွေက အဆမတန် ခေါင်းပုံဖြတ်ခံနေရတယ် ဆိုတဲ့ အသံတွေပါပဲ။ တကယ်လည်း ဖြစ်နေတာပါ။

နှစ်နိုင်ငံ တရားဝင် သဘောတူညီချက် အရ CI စာအုပ် လုပ်ဆောင်တဲ့ အခါ ပေးသွင်းရမယ့် ငွေပမာဏဟာ CI စာအုပ် ကြေးအဖြစ် ထိုင်းဘတ်ငွေ ၃၁၀၊ ဗီဇာကြေး ၅၀၀ နဲ့ အလုပ်အကိုင်ရှာဖွေရေးဌာနမှာ Work Permit နဲ့ ပတ်သက်တဲ့ စာရွက်ဖို့ ၁၀၀ စုစုပေါင်း ဘတ် ၉၁၀ (မြန်မာကျပ်ငွေ ၄ သောင်း ဝန်းကျင်) ပဲကုန်ကျမှာ ဖြစ်ပါတယ်။

အခု CI စာအုပ် စလုပ်တဲ့ နေ့ကစပြီး ခုချိန်ထိ တကယ် ပေးနေရတာဟာ မူလတရားဝင် သတ်မှတ်ဈေးနှုန်း မဟုတ်ဘဲ ဘတ် ၅ ထောင်၊ ၇ ထောင်၊ ၁ သောင်း ကနေ ၁၅၀၀၀ ထောင် (ကျပ် ၆ သိန်းခန့်) အထိ ပေးနေရတဲ့ အလုပ်သမားတွေ တော်တော် များများ ကြုံတွေ့နေကြရပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဌ ဦးအောင်ကျော် က “အလုပ်သမားတွေ အဓိက ကြုံတွေ့နေရတဲ့ ပြဿနာက ဘာလဲဆိုရင် နိုင်ငံတော် အစိုးရက သတ်မှတ်နှုန်းထားအတိုင်း မရရှိဘဲနဲ့ ထိုင်း-မြန်မာ ပွဲစားများရဲ့ ခြယ်လှယ်ခြင်းကို ခံစားနေရတာ နံပတ်တစ် ပြဿနာပဲ” လို့ ဆိုပါတယ်။

CI စာအုပ် လုပ်ဖို့ စာရင်းသွင်းတဲ့ လုပ်ငန်းစဉ်တွေကို ကြားပွဲစားတွေ အန္တရာယ်က ကင်းအောင်ဆိုပြီး နှစ်နိုင်ငံ အစိုးရက စီစဉ်ထားတာပါ။ CI စာအုပ်ဖိုးကို ထိုင်းနိုင်ငံ နေရာအနှံ့ အပြားမှာရှိတဲ့ 7 Eleven ဆိုင်တွေမှာ သွားရောက် စာရင်းသွင်းပြီး ရရှိလာတဲ့ ဘောက်ချာနဲ့ CI စာအုပ် ထုတ်ပေးတဲ့ စခန်းတွေမှာ CI စာအုပ် သွားရောက်လုပ်ဆောင်ရမှာပါ။

တကယ်တမ်း 7 Eleven ကရရှိလာတဲ့ ဘောက်ချာနဲ့ CI စာအုပ် ထုတ်ပေးမယ့်စခန်းမှာ သွားရောက်လုပ်ဆောင်တဲ့ အခါမှာတော့ ထုတ်ပေးမယ့် စခန်းရှေ့မှာ စခန်းနဲ့ ဘယ်လို သဘောတူ ညီချက် ရရှိထားမှန်း မသိတဲ့ ကြားပွဲစားတွေက စခန်းထဲကို ဝင်ခွင့် မပြုတဲ့အတွက် ခွင့်ပြုဖို့အတွက် သီးသန့် တုံကင်လက်မှတ်ဝယ်နေကြရတယ်လို့ ဆိုကြပါတယ်။

“ပွဲစားတွေက စခန်းထဲကို ဝင်ခွင့်မပေးဘူး။ ဝင်ခွင့်ရအောင် လက်မှတ်ကို သက်သက် ပိုက်ဆံပေးပြီးဝယ်ရတယ်။ အဲဒီလို ပေးမှလည်း လွယ်လင့်တကူ ဝင်သွားလို့ရတယ်။ မပေးနိုင်တဲ့သူက ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက် အဲဒီလိုပြန်ထိုင်စောင့် ရတဲ့ အခက် အခဲမျိုးတွေ ရှိတယ်” လို့ ဦးအောင်ကျော် ကရှင်းပြပါတယ်။

အဲဒီအပြင် ဗီဇာလုပ်ငန်းစဉ်မှာလည်း တရားဝင် ကျသင့်တဲ့ ဈေးနှုန်းဟာ ဘတ် ၅၀၀ ဖြစ်ပေမယ့် ပွဲစားတွေ တဆင့်ခံနေ တာကြောင့် ပွဲစားခ အဖြစ် ပိုပေးနေကြရတဲ့ အတွက် ရွှေ့ပြောင်း အလုပ်သမားတွေမှာ မြန်မာ အစိုးရက တရားဝင် သတ်မှတ်ဈေးနှုန်းကို ခံစားခွင့်မရှိဘဲ ငွေတွေ ပိုပေးနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

လက်ရှိ လုပ်ပေးနေတဲ့ CI စာအုပ် လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းထားတာမှာ အခုလို ခေါင်းပုံဖြတ်မှုတွေ မဖြစ်စေရေးလည်း အဓိက ပါဝင်ပြီး တကယ်လို့ ရှိလာခဲ့ရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုထားကြောင်း လက်ရှိဖြစ်နေတဲ့ အခြေအနေဟာ အလုပ်သမားတွေနဲ့ အလုပ်ရှင် သူဌေးနဲ့ အတူမလာဘဲ ပွဲစား အားကိုးမှုတွေကြောင့် လည်းပါဝင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ပြောပါတယ်။

“ထိထိရောက်ရောက် အရေးယူဖို့ ကျနော်တို့ နှစ်နိုင်ငံမှာ ပြောပြီးသားပါ။ ဒီဘက်က ထိုင်းနိုင်ငံရဲ့ ဥပဒေကို ကျနော်တို့ ဝင်ရောက် စွက်ဖက်လို့ မရဘူး။ တွေ့ရင်လည်း အရေးယူဖို့ ကျနော်တို့ ပြောထားပြီးပါပြီ။ ဒီလိုပြဿနာတွေ မဖြစ်အောင် အလုပ်သမားတွေ အနေနဲ့ မိမိသူဌေးနဲ့ ကိုယ်တိုင်လာလုပ်တာ အကောင်းဆုံးပဲ” လို့ သူက အကြံပြုပါတယ်။

CI စာအုပ် လုပ်ငန်းစဉ်မှာ နောက်ထပ်ကြုံနေရတဲ့ ပြဿနာတခုကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်ရဲ့ ရိုက်ခတ်မှုတွေလို့ ဆိုပါတယ်။

အထူးသဖြင့်တော့ မွတ်ဆလင် တချို့ကို ဘင်္ဂါလီ ဆိုပြီး CI စာအုပ် ထုတ်မပေးတာတွေ၊ အသားအရောင်ကြည့်၍ ဘင်္ဂါလီအဖြစ် စွပ်စွဲ မေးမြန်းခံရတာတွေကြောင့် လာရောက် တိုင်တန်းတဲ့သူတွေ ရှိကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အလုပ်သမား ရေးတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“အခုက စခန်းတော်တော်များများမှာ မွတ်ဆလင်ဆိုရင် ထုတ်မပေးဘူး။ ကုလားရုပ်ပေါက်ရင် ပြဿနာတက်နေတယ်။ စခန်း တခုမှာ ပျမ်းမျှအားဖြင့် တပတ်ကို ၁၀ ယောက်နဲ့ အယောက် ၂၀ အကြားမှာ ရှိနေတယ်လို့ သိရတယ်။ လဝက ကြောင့် လုပ်မပေးတာလို့ပြောတယ်” ဟု ဦးမင်းဦး က ပြောပါတယ်။

CI စာအုပ် လျှောက်ထားတဲ့ မွတ်ဆလင်တွေဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ တာမွေမြို့နယ်၊ ဒေါပုံမြို့နယ်တွေမှာ နေထိုင်သူတွေ ဖြစ်ပြီး သန်းခေါင်းစာရင်း မိတ္တူတွေ၊ ရပ်ကွက်ထောက်ခံစာတွေ ပါရှိသလို၊ အရင်ကလည်း ယာယီပတ်စပို့စ် လုပ်ဆောင်ခဲ့ဖူးတဲ့ အထောက်အထားရှိသူတွေလို့ ဆိုပါတယ်။

ထိုင်းအစိုးရက ၂၀၁၈ ခုနှစ်မှာ ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ ရွှေ့ပြောင်း အလုပ်သမားအားလုံးဟာ တရားဝင် MOU နဲ့ လာရောက် လုပ်ကိုင်တဲ့ သူတွေဖြစ်ရမယ်လို့ ဒီနှစ် နှစ်ဆန်းပိုင်းက စတင်ကြွေးကြော်ပြီး အလုပ်သမား ဥပဒေတွေကို ပြင်ဆင်၊ ကန့်သတ်မှုတွေ လုပ်လာခဲ့ပါတယ်။

အဲဒီနောက် တရားဝင် ပတ်စပို့စ်စာအုပ်ကြီး မလုပ်နိုင်သေးတဲ့သူတွေကို CI စာအုပ်လုပ်ပေးခြင်းဖြစ်ပြီး နောက်ပိုင်းမှာတော့ CI စာအုပ် ကိုင်ဆောင်ထားသူတွေဟာ မြန်မာနိုင်ငံကို ပြန်ပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်း တို့နဲ့ အတူ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြနိုင်ရင် ပတ်စပို့စ် စာအုပ်ကြီးလုပ်ပြီး ထိုင်းနိုင်ငံထဲကို MOU စနစ်နဲ့ ပြန်ဝင်လာရမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် လုပ်သားတွေ လုံးဝ နေထိုင်လုပ်ကိုင်ခြင်းမပြုရဆိုတဲ့ ဥပဒေတရပ်ကို ဒီနှစ် ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အဲဒီဥပဒေအရ ထိုင်းနိုင်ငံမှာ နေတဲ့ ရွှေ့ပြောင်း အလုပ်သမားအနေနဲ့ နေထိုင် အလုပ် လုပ်ခွင့် အထောက်အထား မရှိသူတွေ၊ ပတ်စပို့စ် ်ရှိပေမယ့်လည်း အလုပ်လုပ်ခွင့် (work permit) မရှိ သူတွေ၊ အလုပ်လုပ်ခွင့် (work permit )ရှိပေမယ့်လည်း ခွင့်ပြုထားတဲ့ အလုပ်နဲ့ လက်ရှိ အလုပ်မတူခြင်း စတဲ့ အချက်တွေနဲ့ ငြိစွန်းသူတွေဟာ ဖမ်းဆီးခံရမှာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ အဲဒီဥပဒေတွေနဲ့ ငြိစွန်းနေရင် အလုပ်သမား တဦးအတွက် အလုပ်ရှင်က ဘတ် ၄ သိန်း (ကျပ် သိန်း ၁၄၀) ခန့်၊ ဒါမှမဟုတ် ဘတ် ၈ သိန်း (ကျပ်သိန်း ၃၀၀ ခန့်) ပေးဆောင်ရမှာဖြစ်ပြီး၊ လုပ်သား အနေနဲ့လည်း ဒဏ်ငွေအားဖြင့် ဘတ် ၂၀၀၀ မှ ဘတ် ၁ သိန်း၊ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီဥပဒေ ကြေညာပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမား သောင်းနဲ့ချီပြီး မြန်မာနိုင်ငံဘက်ကို ပြန်ခဲ့ကြလို့ ထိုင်းလုပ်ငန်းရှင်တွေလည်း အလုပ်သမားပြဿနာ ကြုံတွေ့ခဲ့ကြရပါတယ်။ တချို့ လုပ်ငန်းငယ်လေးတွေဆိုရင် ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေအထိ ဖြစ်သွားပါတယ်။

ဒါကြောင့် အရင်က ပန်းရောင်ကတ်နဲ့ နေထိုင်တဲ့သူတွေတင် မကဘဲ တရားမဝင် အဖြစ်အသတ်မှတ်ခံလိုက်ရတဲ့ သူတွေလည်း လုပ်ငန်းရှင် သူဌေးထောက်ခံချက်ပါရင် CI စာအုပ် လုပ်နိုင်တာကြောင့် မြန်မာနိုင်ငံပြန်ဖို့ ပြန်နေကြတဲ့ သူတွေလည်း CI စာအုပ် လုပ်ဖို့ ထပ်တိုးလာတဲ့ အတွက် ထိုင်းအစိုးရက မူလသတ်မှတ် ကာလကို ထပ်တိုးပေးလိုက်ရပါတယ်။

ခုဆိုရင် CI စာအုပ် လုပ်နေတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၄ သိန်းကျော်ရှိနေပါပြီ။ ဒီအထဲမှာ မြန်မာအလုပ်သမား ဦးရေ မည်မျှက ပွဲစားတွေရဲ့ ခေါင်းပုံဖြတ်ခံနေရပြီလည်းဆိုတာ အတိအကျ မဖော်ပြနိုင်ပေမယ့် CI စခန်းတွေမှာ ပွဲစားတွေက တရားဝင်လို လုပ်ဆောင်ခွင့်ရနေတာကြောင့် အလုပ်သမားအများစုဟာ နေ့စဉ်ခေါင်းပုံဖြတ်ခံနေရလိမ့်မယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ဆိုပါတယ်။

ဒီလိုပြဿနာတွေ ရှိနေပေမယ့်လည်း ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရဖို့အရေး CI စခန်းတွေရှေ့မှာလည်း ဆက်လက်ပြီး လုပ်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားတွေလည်း အဆက်ပြတ်မသွားပါဘူး။ နောက်ထပ်လည်း လုပ်မယ့်လူတွေ များပြားနေတဲ့ အတွက်ကြောင့် ထိုင်းအစိုးရကလည်း CI စာအုပ် လုပ်ရက်ကို နောက်ထပ် ၃ လလောက် ထပ်တိုးပေးဖို့ ပြင်ဆင်နေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေထံက တဆင့် သိရပါတယ်။

ရွှေ့ပြောင်း အလုပ်သမားဖြစ်တဲ့ ကိုကျော်စိုးကတော့ “ပွဲစားတွေ ခုလိုလုပ်ခွင့်ပေးထားတာ။ ပေါ်ပေါ်တင်တင် လုပ်နေတာကို တွေ့ရဲ့ မြင်ရဲ့သားနဲ့ အစိုးရတွေက လွှတ်ပေးထားတယ်။ ဒီလိုဆိုရင် ကျနော်တို့လို အလုပ်သမားတွေက ဘယ်သူ့ကို အားကိုး ရမလဲဗျာ” လို့ ညည်းတွားပါတယ်။

ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကတော့ ထိုင်းနိုင်ငံတဝန်း နေရာအနှံ့အပြားမှာ မြန်မာရွှေ့ပြောင်း လုပ်သား စုစုပေါင်း ၄ သန်း ဝန်းကျင်ခန့် ရှိကြောင်း ခန့်မှန်းထားကြပြီး တရားမဝင်ပုံစံဖြင့် အလုပ်လုပ်နေသူတွေ များတာကြောင့် CI စာအုပ် စာအုပ်ကို နောက်ထပ် သိန်းပေါင်းများစွာ လာရောက်လုပ်ကြလိမ့်မည်ဟု ခန့်မှန်းထားကြပါတယ်။

ဒါကြောင့် မြန်မာအလုပ်သမားတွေ CI စာအုပ် လုပ်ကိုင်ရာမှာ အစဉ်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့အတွက် အလုပ်သမားတွေစီက ဂုတ်သွေးစုပ် အမြတ်ထုတ်မယ့် ကြားပွဲစားတွေကို နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ လိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading