ဆောင်းပါး

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအတွက် ခက်ခဲသော အချိန်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့်အပတ် တနင်္လာနေ့ညနှင့် ကြာသပတေးနေ့နံနက်အတွင်း အစ္စရေးနိုင်ငံတွင် အဖြစ်အပျက် အများအပြား ဖြစ်ခဲ့နိုင်သည်။

လွန်ခဲ့သော အပါတ် တနင်္လာနေ့ညတွင် ဤတွေ့ဆုံမေးမြန်းခန်းကို ရေးသားသော စာရေးသူသည် မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းနှင့် ဂျေရုဆလင်ရှိ အာဖရိကမြောက်ပိုင်း ဂျူး အမွေအနှစ်များဌာနတွင် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့သည်။

အခမ်းအနားမှာ ရစ်ဇတ် နာဗွန်၏ တရားကျင့်စဉ် နေ့စဉ်မှတ်တမ်းကို သူကွယ်လွန်ပြီးနောက်မှ ထုတ်ဝေခြင်း အထိမ်းအမှတ် အခမ်းအနားဖြစ်သည်။ ၁၉၆၁ ခုနှစ်တွင် နာဗွန်သည် အစ္စရေးနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဒေးဗစ် ဘန်ဂူရီယန်နှင့်အတူ မြန်မာနိုင်ငံသို့လိုက်ပါလာစဉ် ထိုမှတ်တမ်းကို လက်ရေးဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကျင်းပသည့် ထိုညနေခင်းတွင် တရားထိုင်ခြင်းနှင့် မြန်မာယဉ်ကျေးမှုဆိုင်ရာများကို ပြောဆိုဆွေးနွေးရန် စီစဉ်ထားသည်။ နာဗွန်၏ ကျန်ရစ်သူ ဇနီး မီရီ ရှဖါ နာဗွန်သည် တယ်လ်အဗစ်မြို့ရှိ မြန်မာသံရုံးသို့သွားရောက်ခဲ့ပြီး နာဗွန်၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများ ရှိလိုရှိငြား ရှာဖွေရင်း ဦးမောင်မောင်လင်းကိုလည်း အခမ်းအနားသို့ဖိတ်ကြားခဲ့သည်။

ထုံးစံအားဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားဝတ်စုံကိုသာ ဝတ်လေ့ရှိသော ဦးမောင်မောင်လင်းသည် ထိုအခမ်းအနားတွင်မူ ပုံပန်းကျလှသော အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ရုတ်တရက် မှတ်မိရန်ပင် မလွယ်ပေ။

သူသည် တွေ့ဆုံမေးမြန်းခံလိုသည်မှာ အတန်ကြာပြီဖြစ်သော်လည်း ထိုသို့တွေ့ဆုံမေးမြန်းခံလိုခြင်းမှာ ကျော်ကြားလိုမှုအတွက် မဟုတ်ဘဲ လွန်ခဲ့သော တနှစ်ခွဲခန့်က သူ အစ္စရေးနိုင်ငံသို့ရောက်ရှိစဉ် တွေ့ရသူများမှာ မြန်မာနိုင်ငံ၏ အမည်ကိုပင် ကြားဖူးသူ ရှားပါးသည်ကို စိတ်ပျက်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူ့ကို ဖိတ်ကြားသော တရားဝင် အခမ်းအနား အားလုံးသို့ မြန်မာ အမျိုးသားဝတ်စုံကိုသာ ဝတ်ဆင်တက်ရောက်ပြီး အခြားသော ဧည့်သည်များ၏ အာရုံစူးစိုက်မှု ရအောင် လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

မြန်မာနိုင်ငံအကြောင်း အစ္စရေးမီဒီယာများက နေ့စဉ်ဖေါ်ပြလာသောအခါ သူသည် မြန်မာနိုင်ငံ မည်သည့်နေရာ၌ ရှိသည်၊ မည်သည့်ဘာသာစကားကို ပြောဆိုသည်၊ မည်သည့်အစားအသောက်ကို စားသည်တို့ကိုသာမက ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှု မေးခွန်းများနှင့် အစ္စရေးက မြန်မာသို့ လက်နက်ရောင်းချမှုတို့ကို သိလိုသူ အများအပြားနှင့် တွေ့ရတော့သည်။

စာအုပ်မိတ်ဆက်ပွဲအပြီး အနီးရှိ ဟော်တယ်တခု၏ ခန်းမတွင် ထိုသို့သော မေးခွန်းများအနက် အချို့ကို ဦးမောင်မောင်လင်းအား မေးဖြစ်ခဲ့သည်။

ရိုဟင်ဂျာဆိုသည်မှာ မည်သူမည်ဝါဖြစ်သည်ကို သူ ရှင်းပြလိုသော်လည်း အသေးစိတ်များကိုမူ သူ ပြောလိုခြင်း မရှိပေ။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် အစ္စရေးနိုင်ငံ ပါဝင်ပတ်သည်ဟူသောအချက်ကိုမူ သူ အပြင်းအထန်ငြင်းသည်။ ထိုမေးခွန်းကိုပင် မည်သည့်ပုံစံဖြင့် လှည့်မေးစေကာမူ တူညီသော အဖြေကိုသာ သူပြန်ဖြေသည်။

သို့သော် ကြာသပတေးနေ့နံနက် အစ္စရေးတပ်မတော် ရေဒီယိုက ဦးမောင်မောင်လင်းကို တွေ့ဆုံမေးမြန်လိုက်သောအခါတွင် ဇာတ်လမ်းမှာ တမျိုးတဖုံပြောင်းလဲသွားသည်။ ထို တွေ့ဆုံမေးမြန်းခန်းတွင် ဦးမောင်မောင်လင်းက သူ သံအမတ် တာဝန်ယူပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံအကြား လက်နက်ရောင်းချရေးစာချုပ် ချုပ်ဆိုဖူးသည်ဟု ပြောခဲ့သည်။ သို့သော် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်သော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရသောအခါ သူ ပြန်လည်တောင်းပန်ခဲ့ရသည်ဟု သတင်းများအရ သိရသည်။

သူ၏ ဘဝသည် အစ္စရေးနိုင်ငံတွင် အလွန် အဆင်ပြေလှသည်တော့ မဟုတ်ပေ။ ကလေးဘဝက သူ့တွင် ရည်မှန်းချက် ၂ ခုရှိခဲ့သည်။ ဦးလေးတဦးသည် လေယာဉ်မှူးဖြစ်ခဲ့သောကြောင့် အသက် ၁၀ နှစ်သားအရွယ်က သူသည် တိုက်လေယာဉ်မှူး ဖြစ်လိုခဲ့သည်။ အခြားသော စိတ်ကူးအိပ်မက်တခုမှာ သံတမန်တဦး ဖြစ်လိုခြင်းပင်။

လက်ရှိ အခြေအနေအရ ဆိုလျင် သူ၏ စိတ်ကူးအိပ်မက် ၂ ခုလုံး လက်တွေ့တွင် ဖြစ်ခဲ့သည်။ သူသည် လေတပ်သို့ ဝင်ပြီး လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

သူသည် လေတပ်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ခဲ့သော်လည်း ယခင် အစိုးရ သက်တမ်းအတွင်း သံအမတ်ရာထူး ၅ နေရာလစ်လပ်ခဲ့သည်။

“ကျနော့် အင်္ဂလိပ်စာ အဆင့်အတန်းက သိပ်မကောင်းပါဘူး” ဟု ဦးမောင်မောင်လင်းက ဆိုသော်လည်း အခြားသော လုပ်ဖေါ်ကိုင်ဖက်များထက် ဦးမောင်မောင်လင်း၏ အင်္ဂလိပ် ဘာသာကျွမ်းကျင်မှုမှာ ပိုမိုမြင့်မားနေသောကြောင့် သံအမတ်ရာထူးကို ထမ်းဆောင်ရသည်။ ၂၀၁၆ ခုနှစ်တွင်မူ သူသည် ဇနီး၊ သမီးတို့နှင့်အတူ ဘန် ဂူရီယန် လေဆိပ်သို့ ရောက်လာခဲ့သည်။

အစ္စရေးနိုင်ငံတွင် နေထိုင်သည့် အစောပိုင်း ရက်သတ္တပတ်များအတွင်း သူတို့ မိသားစုသည် အခမ်းအနား အများအပြားသို့ ဖိတ်ကြားခံရပြီး တက်ရောက်ခဲ့ကြသော်လည်း ထို အခမ်းအနားများတွင် ၎င်းတို့သည် သီးခြားဖြစ်နေသည်။ ထိုသို့ဖြစ်နေရခြင်းမှာ ၎င်းတို့၏ရွေးချယ်မှုကြောင့်လည်း တစိတ်တပိုင်းဖြစ်သလို မည်သူကမျှ သူတို့ကို မိတ်မဖွဲ့သောကြောင့်လည်း တစိတ်တပိုင်းဖြစ်သည်။

ယခင် သံအမတ် တာဝန်ထမ်းဆောင်သွားသူသည်လည်း အာရှနိုင်ငံများမှ သံတမန်များဖြင့်သာ ပေါင်းသင်းပြီး သူ့လိုပင် တစိတ်တပိုင်းအားဖြင့် အထီးကျန်ဆန်ဆန်နေထိုင်ခဲ့ရကြောင်း ဦးမောင်မောင်လင်း နောက်ပိုင်းတွင် သိလာရသည်။ အစ္စရေးနိုင်ငံသို့ ရောက်ရှိသည်မှာ အတန်အသင့်ကြာပြီ ဖြစ်သော အမျိုးသမီး သံတမန်တဦး သူ သွားရောက်မိတ်ဆက်သောအခါ ထို အမျိုးသမီး သံတမန်က ဦးမောင်မောင်လင်းသည် သူ ပထမဆုံး တွေ့ဆုံဖူးသော မြန်မာနိုင်ငံမှ လူဖြစ်သည်ဟု ပြောခဲ့သည်။

သူ့အတွက် ကံကောင်းသည်မှာ သူသည် ပြင်သစ်၊ ဂျာမန်နှင့် တရုတ်ဘာသာစကား အနည်းငယ်စီ တတ်မြောက်ခြင်းဖြစ်ပြီး ထို့ကြောင့်ပင် အခြားသော သံအမတ်များကို သွားရောက် မိတ်ဆက်သောအခါ အထောက်အကူဖြစ်သည်။

သူ၏ အခြားသော လုပ်ဖေါ်ကိုင်ဘက်များနှင့် မတူဘဲ ဦးမောင်မောင်လင်းသည် အစ္စရေး စားသောက်ဆိုင်များသို့ မကြာခဏ သွားရောက်ခြင်း မရှိသဖြင့် အစ္စရေး အစားအသောက်အကြောင်း သူ ဘာမျှ ပြောဆိုနိုင်ခြင်း မရှိပေ။ သူ့ကို ပေးထားသော အသုံးစရိတ် နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည် ဆိုသည်ထက် သူ၏ ဇနီးသည် အဆင့်မြင့် အာရှစာများ ကောင်းကောင်း ချက်တတ်သောကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။

သူသည် ဟီးဘရူးဘာသာစကားကို နားမလည်သလို အင်္ဂလိပ်စကားကိုလည်း လုံလုံလောက်လောက် ဝေေ၀ဆာဆာ မပြောနိုင်သောကြောင့် ပြဇာတ်များ၊ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများသို့ သွားရောက်ခြင်း မရှိပေ။

သံတမန်ရေးနောက်ခံ အတွေ့အကြုံ မရှိသောကြောင့်သူ၏ အလုပ်မှာ အစ္စရေးနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော သံအမတ်အားလုံးနှင့် သိရှိရေးသာ ဖြစ်နေသည်။

သူသည် “လုံခြုံရေးမှ စိုက်ပျိုးရေးအထိ” မည်သည့် ဆွေးနွေးပွဲများကိုမဆို တက်ရောက်သည်။

သူ၏ သမီးဖြစ်သူ ရွှေအိမ်လင်းသည် Interdisciplinary Center Herzliya အမည်ရှိ ကျောင်းတွင် စီးပွားရေး စီမံခန့်ခွဲမှု ပညာသင်ယူနေသော ဒုတိယနှစ်ကျောင်းသူဖြစ်သည်။ “ကျနော့်သမီး ကျောင်းတက်လို့ ရဖို့အတွက် ကျနော် ဒီက အခြေအနေတွေကို သည်းခံနိုင်ပါတယ်” ဟု ပြောသည်။

“ ဖွံ့ဖြိုးပြီး နိုင်ငံတခုမှာ မိဘတွေနဲ့အတူနေရင်း ပညာသင်ကြားခွင့်ရတယ်ဆိုတာ သူ့အတွက် တသက်မှ တခါရတဲ့အခွင့်အရေးပါ” ဟု သူက ဆိုသေးသည်။

ရိုဟင်ဂျာများနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ သဘောထားအပေါ် ဝါရင့် အသံလွှင့်နှင့် ပုံနှိပ်မီဒီယာ သတင်းသမား ယာကော့ အဟင်မီယာ နှင့် နိုဝင်ဘာလ ၁၆ ရက်နေ့က ဦးမောင်မောင်လင်းဆွေးနွေးခဲ့ပြီး ထိုတွေ့ဆုံမေးမြန်းခန်းမှ စကားများကို ဦးမောင်မောင်လင်းက သူ၏ ဖေစ့်ဘွတ်ခ် စာမျက်နှာတွင် ဖေါ်ပြခဲ့သည်။

“ကျနော်တို့ ပြည်သူတွေရဲ့ အမြင်မှာ သူတို့ဟာ ကျနော်တို့နိုင်ငံရဲ့ လူမျိုးစု မဟုတ်ဘူး။ သူတို့ဟာ မူလက ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူတွေပဲ။ ဗြိတိသျှ ကိုလိုနီခေတ်က ယာယီ ဝင်ရောက်နေထိုင်သူတွေ။ ဗြိတိန်က ကျနော်တို့နိုင်ငံကို စစ်ပွဲ ၃ ကြိမ် တိုက်ပြီး သိမ်းပိုက်ခဲ့တယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲက ၁၈၂၄ မှာဖြစ်တာ။ အဲဒီတုန်းက သူတို့တွေကို လယ်လုပ်ခိုင်းဖို့ ခေါ်လာတာ။ ဆူးအက် တူးမြောင်းဖွင့်လိုက်တော့ ဆန်စပါးလုပ်ငန်းက အရမ်းကောင်းလာခဲ့တယ်” ဟု သူက ရေးသားသည်။

“ကျနော်တို့မှာ လယ်ကွင်းတွေ အများကြီးရှိတော့ သူတို့ကို လယ်ယာလုပ်ငန်းမှာ ခိုင်းဖို့ခေါ်လာတာ။ ဗြိတိသျှ အုပ်ချုပ်ရေးအရ သူတို့ကို တနှစ်ချင်း ကန်ထရိုက်စာချုပ်နဲ့ ခိုင်းတာ။ ဒါပေမယ့် တရားဥပဒေစိုးမိုးမှု သိပ်မရှိတော့ သူတို့က ဒီမှာ အခြေချလိုက်တာ။ လူ တသန်းကျော်တယ်။ အခု နှစ် ၁၀၀ လောက်ကြာလာတော့ သူတို့က ကျနော်တို့တိုင်းပြည်မှာ ခြေချနေထိုင်ကြရော” ဟုလည်း ဆက်လက်ရေးသားသည်။

“ ၁၉၈၂ ခုနှစ်မှာ ကျနော်တို့နိုင်ငံက မြန်မာနိုင်ငံသားဥပဒေကို ပြဌာန်းလိုက်တယ်။ ဗြိတိသျှတွေရဲ့ သန်းခေါင်စာရင်းအရ ကျနော်တို့နိုင်ငံမှာ ၁၈၂၄ ခုနှစ် မတိုင်မီကတည်းက အခြေချနေထိုင်လို့ အသိအမှတ်ပြုထားတဲ့ လူမျိုးစု ၁၃၅ ခုရှိတယ်။ ဒါကြောင့် ဒီလူတွေက ကျနော်တို့ လူမျိုးစုထဲမှာ မပါတာ။ ဒါကြောင့် ကျနော်တို့ရဲ့ လူမျိုးစုအဖြစ် အသိအမှတ်မပြုတာ” ဟုလည်း ရေးသည်။

ထိုသူများ၏ ဘိုးဘွားများသာ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့လျှင် ရိုဟင်ဂျာများသည် ယနေ့နိုင်ငံသားဖြစ်မည်ဖြစ်သော်လည်း ထိုသို့လျှောက်ထားခြင်း မရှိသောကြောင့် ရိုဟင်ဂျာများသည် နိုင်ငံခြားသားများ ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မြန်မာတပ်များက ရိုဟင်ဂျာရွာများကို မီးရှို့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး အဟင်မီယာက ဦးမောင်မောင်လင်းကို မေးမြန်းသောအခါ ထို ပြဿနာသည် ၂၀၁၂ ခုနှစ်က အသိုင်းအဝန်း ၂ ခုအကြား ပဋိပက္ခသာဖြစ်ပြီး အစိုးရက ငြိမ်းချမ်းစွာ ဖြေရှင်းပေးခဲ့သည်ဟု ပြန်ဖြေသည်။ သို့သော် မွတ်ဆလင် စစ်သွေးကြွများက လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ပြီး တပ်ဖွဲ့ဝင်များ၊ အရပ်သားများကို သတ်ဖြတ်ကာ လက်နက်ခဲယမ်းမီးကျောက်များကို ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် ပဋိပက္ခမြင့်မားသွားသည်ဟု သူဖြေသည်။

မည်သည့်အတွက် အစ္စရေးနိုင်ငံမှ လက်နက်များကို လွန်စွာ လိုအပ်နေသနည်းဟူသော မေးခွန်းကို အဟင်မီယာက မေးသောအခါ ဦးမောင်မောင်လင်းက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် ညပ်နေပြီး ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ထိစပ်ကာ ပထဝီအနေအထားအရ အခက်အခဲရှိကြောင်းနှင့် “တပ်မတော်တိုင်း နိုင်ငံကို ကာကွယ်ဖို့ လိုအပ်တယ်” ဟုလည်း သူပြောသည်။

အဟင်မီယာက လက်နက်များအကြောင်း ဆက်လက်ပြီး “ရိုဟင်ဂျာတွေ အပေါ် သဘောထားမပြောင်းရင် လက်နက် ဆက်မရောင်းဘူးလို့ အစ္စရေးနိုင်ငံခြားရေးရုံးက ပြောထားတာ ရှိလား” ဟု မေးသောအခါ ဦးမောင်မောင်လင်းက “ကျနော်မသိဘူး၊ ဘယ်သူမှလည်း ကျနော့်ကို ဒီအကြောင်းဆွေးနွေးတာ မရှိဘူး။ ဒီမေးခွန်းအတွက်လည်း ဘယ်သူမှ ကျနော့်ကို ဆက်သွယ်တာ မရှိဘူး။ ကျနော် တကယ်မသိဘူး”ဟု ဦးမောင်မောင်လင်းက ဖြေသည်။

မြန်မာနိုင်ငံသည် အစ္စရေးနိုင်ငံထံမှ စစ်ရေးအကူအညီကို ပုံစံတမျိုးမျိုးနှင့် ရ မရကို တွေ့ဆုံမေးမြန်းချိန်အတွင်း Jerusalem Post က အကြိမ်ကြိမ်မေးသော်လည်း ဦးမောင်မောင်လင်းက မရကြောင်းသာ ဖြေသည်။

(Jerusalem Post သတင်းစာပါ Greer Fay Cashman ၏ A ROCKY TIME FOR MYANMAR’S AMBASSADOR TO ISRAEL ကို ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading