အကြမ်းဖက်မှုနှိမ်နင်းရေး မြန်မာနှင့်ပူးပေါင်းလုပ်ဆောင်ရန် အင်ဒိုနီးရှားကမ်းလှမ်း
အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် မြန်မာအစိုးရအား အင်ဒိုနီးရှား နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေး ဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ဝီရန်တိုက ကမ်းလှမ်းလိုက်ကြောင်း အန်တာရာသတင်းဌာနက ရေးသားဖော်ပြသည်။
အင်ဒိုနီးရှား နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေး ဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ဝီရန်တိုသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ရက်နေ့ ညနေပိုင်းက နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး၊ မနေ့ ဒီဇင်ဘာ ၅ရက်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ ရုံးဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းနှင့် မနက်ပိုင်းတွင် တွေ့ဆုံကာ ရခိုင်ပြည်နယ် လုံခြုံရေးကိစ္စများနှင့် အကြမ်း ဖက် ခြိမ်းခြောက်မှုများ အား ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖလှယ်ကြောင်း မြန်မာအစိုးရကလည်း သတင်း ထုတ်ပြန်သည်။
အဆိုပါ အင်ဒိုနီးရှားဝန်ကြီးသည် သမ္မတ ဂျိုကိုဝီဒို၏ တိုက်ရိုက်ညွှန်ကြားချက်အရ အကြမ်းဖက်မှုနှင့် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုများကို တိုးမြှင့်ကိုင်တွယ်ဖို့ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးသီးသန့် ဆွေးနွေးကြသည်ဟု သိရသည်။
“အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဝါဒက မြန်မာ အင်ဒိုနီးရှားအပါအဝင် နိုင်ငံအသီးသီးရဲ့ဘယ်နေရာမှာ မဆို ရှိနေပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေး ဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး ဝီရန်တို၏ ကြေညာချက်ကို ကိုးကားပြီး အန်တာရာသတင်းကဆိုသည်။
နိုင်ငံဖြတ်ကျော်မှုခင်းများနဲ့ အကြမ်းမှုများကို ဒေသတွင်းနှင့်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အားကောင်းကောင်းဖြင့် ကိုင်တွယ်သွားရမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အကြမ်း ဖက်မှုနှင့်အစွန်းရောက်မှုများကို နည်းလမ်းမျိုးသုံး၍ ချဉ်းကပ်ကာ ချေမှုန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အင်ဒိုနီးရှား နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေး ဆိုင်ရာ ညှိနှိုင်းရေး ဝန်ကြီး ဝီရန်တိုက “အကြမ်း ဖက်တိုက်ခိုက်မှုများကို ရပ်တန့်စေဖို့ ထောက်လှမ်းရေးနဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စွမ်းရည်များ ဟာ အရေးကြီးကြောင်း” ဆိုသည်။
၎င်း၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့်သာမက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့နှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့် ရှည်လျားလှသောသမိုင်းကြောင်းအရ တိုင်းတစ်ပါး၏ ကိုလိုနီဘဝတူဖြစ်ခဲ့ကြ၍ မိသားစုသဖွယ်ရှိနေသည်။ အာဆီယံအဖွဲ့ဝင်ချင်းလည်းဖြစ်သည့်အတွက် အာဆီယံသွေးစည်းညီညွတ် မှုနှင့် ဗဟိုပြုမှု ထိန်းသိမ်းသောအားဖြင့် မြန်မာနှင့်အင်ဒိုနီးရှားတို့ နီးကပ်စွာဆက်လက်ဆောင်ရွက်လျက်ရှိကြသည်။
လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေရှုပ်ထွေးမှုကို အင်ဒိုနီးရှားက နားလည်သဘောပေါက်ပြီး နီးကပ်စွာဆက်လက် ရပ်တည်ပေးလျက်ရှိကြောင်းကိုလည်း ဝီရန်တိုက ထပ်လောင်းပြောသည်။ ထိုဖြစ်စဉ်အတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို အလေးထား၍ လူသားချင်း စာနာမှု အထောက်အပံများ ဆက်လက်ပေးအပ်ရန်လည်း သမ္မတ ဂျိုကိုဝီ က ချမှတ်ထားကြောင်း လည်း သိရသည်။
တချိန်က အင်ဒိုနီးရှား တပ်မတော်၏ အကြီးအကဲဖြစ်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ဝီရန်တိုအနေဖြင့် အမျိုးသား ညီညွတ်ရေး အရေးကြီးပုံ၊ နယ်မြေတည်ငြိမ်ရေးနှင့် အချုပ်အခြာအာဏာ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍပါဝင်မှုတွေကို အထူးသိနားလည်ပါကြောင်း ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့က ARSA ဟု အမည်ပေးထားသည့် အကြမ်းဖက်အဖွဲ့က ရခိုင်မြောက်ပိုုင်းရှိ အစိုးရ ကင်းစခန်းနှင့် ကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့်အတွက် မြန်မာတပ်မတော်က နယ်မြေရှင်းလင်းမှုများ ပြုလုပ် ရာ ဒေသတွင်းရှိ မွတ်စလင် ၆သိန်းခန့် ထွက်ပြေးခဲ့သည်။