ဆောင်းပါး

အနောက်ဖိအားများကြား ဒေါ်အောင်ဆန်းစုကြည် တရုတ် ရင်းနှီးမြှုပ်နှံမှုများ ရှာ

Want create site? Find Free WordPress Themes and plugins.

ယနေ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ထွေးပွေ့ကြိုဆိုသည်။ ရခိုင်ပြည်နယ် အခြေအနေကြောင့် နိုင်ငံရေးဖိအားနှင့် အရေးယူ ပိတ်ဆို့မည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရသောအခါ အစိုးရသည် တရုတ်နိုင်ငံ၏ သံတမန်ရေးနှင့် စီးပွားရေး ထောက်ခံ အားပေးမှု ရရန် ကြိုးစားရသည်။

တရုတ်နိုင်ငံ ကလည်း မြန်မာနိုင်ငံကို ကူညီရန် နှောင့်နှေးမည့်ပုံ မရှိ။ သို့သော် မြန်မာနိုင်ငံ၏ ချဉ်းကပ်ပုံနည်းလမ်းသည် ဒေသတွင်း အခြားသော ဆက်ဆံရေးများကိုလည်း အထောက်အကူ ပြုမည် ဖြစ်သောကြောင့် သတိရှိရှိ တွက်ချက်လုပ်ဆောင် ရမည် ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရနှင့် အင်အားကြီးမားလှသော တပ်မတော်တို့သည် အရေးပါပြီး မဟာဗျူဟာကျသော မိတ်ဖက် နိုင်ငံ အဖြစ် တရုတ်နိုင်ငံကို သတ်မှတ်သော်လည်း တရုတ်နိုင်ငံ တနိုင်ငံတည်းကို မှီခိုနေရသူအဖြစ် အမြင်မခံလိုကြပေ။

အစိုးရသည် စင်္ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်တို့နှင့်လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ နေသည်။ စင်္ကာပူ နိုင်ငံသည် ယခုဘာဏ္ဍာနှစ် အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ထိပ်တန်းရင်းနှီးမြှုပ်သော နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေကာ ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး နောက်မှ လိုက်နေသည်။ ထို နိုင်ငံများသည် ဒေသတွင်း မဟာမိတ်များ ဖြစ်သော်လည်း နိုင်ငံတကာ နယ်ပယ်တွင် မြန်မာနိုင်ငံကို ထိုးနှက်လာမည့် အခြေအနေမှ အကာအကွယ် ပေးနိုင်သည့် နိုင်ငံရေး အင်အားကြီး နိုင်ငံများ မဟုတ်ကြပေ။

သို့တိုင် တရုတ်နိုင်ငံသည် နိုင်ငံမြောက်ပိုင်းရှိ လူမျိုးစုလက်နက်ကိုင်တပ်များကို လက်နက်နှင့်သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု ဆယ်စု နှစ်များစွာပေးခဲ့သောကြောင့် မြန်မာ့လက်နက်ကိုင်တပ်များသည် တရုတ်နိုင်ငံကိုသတိကြီးကြီးထားမည်ဖြစ်သည်။ မြန်မာ့ တပ်မတော် ဗိုလ်ချုပ်ကြီးများသည် တရုတ်နိုင်ငံကို မည်မျှယုံကြည်မှုရှိသည်ကို လက်ရှိအခြေအနေတွင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

၁၉၉၀ ခုနှစ်များ အတွင်း စစ်အစိုးရသည် ဂျက်တိုက်လေယာဉ်များနှင့် လက်နက်ခဲယမ်းများကို ရှာဖွေစဉ်အတွင်း တရုတ်နိုင်ငံက အဆင့်နိမ့် ဂျက်တိုက်လေယာဉ်များ၊ လက်နက်များနှင့် ခဲယမ်းများကို စစ်အစိုးရသို့ ရောင်းချခဲ့သည်။ ထိုမှစ၍ ဗိုလ်ချုပ်ကြီးများ သည် ဂျက်တိုက်လေယာဉ်နှင့် လက်နက်များကို ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်းနှင့် အချို့သော အရှေ့ဥရောပနိုင်ငံများမှ ဝယ်ယူရန် စီစဉ်ခဲ့သည်။ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံသည် အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ ထိုင်းတို့နှင့် ကာကွယ်ရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လာသည်။

မည်သို့ဆိုစေ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့၏ ပူးပေါင်းဆောင်ရွက်မှုကို မည်သူမျှ မသိနိုင်ပေ။ တရုတ်နိုင်ငံ မြောက်ပိုင်း စက်မှုလုပ်ငန်းများ ကော်ပိုရေးရှင်း (China North Industries Corporation -NORINCO) နှင့် မြန်မာ့တပ်မတော်သည် ကာကွယ်ရေး ပစ္စည်းနှင့် သက်ဆိုင်ရာ နည်းပညာများ ရောင်းဝယ်မှုနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှု ချဲ့ထွင်ရန် ကတိပြုထားသည်။

NORINCO ဥက္ကဋ္ဌ ဝန်ဂျင်းနှင့် မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် အတွင်း ဆွေးနွေးသည့် အစီအစဉ်ကို ရက်အနည်းငယ် အကြာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် NORINCO က ကြေညာခဲ့သည်။

ထို သတင်းထုတ်ပြန်ချက်တွင် NORINCO က ၎င်းသည် မြန်မာနိုင်ငံနှင့် ဆက်ဆံခဲ့သည့် ရှည်လျှားသော သမိုင်းရှိကြောင်းနှင့် မြန်မာ့ တပ်မတော်သို့ ကာကွယ်ရေး ပစ္စည်းနှင့် ဝန်ဆောင်မှု ဆက်လက်ပေးရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာ့ တပ်မတော် အရာရှိများအား လေ့ကျင့်ပေးပြီး စစ်ဘက် ဆက်ဆံရေး မြှင့်တင်ရန် ပြင်ဆင် နေသော်လည်း ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကြောင့် အမေရိကန် ကွန်ဂရက်က ပိတ်ဆို့ အရေးယူမှုများကို ထည့်သွင်း စဉ်းစားနေသောကြောင့် ထိုသဘောတူညီချက်များ ရပ်ဆိုင်းသွားရသည်။

နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုများ ပိုမိုခိုင်မာလာမည် ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ မကြာသေးမီက တရုတ်နိုင်ငံခရီးစဉ်က ပြသနေသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည် ကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် အစည်းအဝေးတခုတွင် တိုက်တွန်းသည်။

တရုတ်မြန်မာ စီးပွားရေး စင်္ကြန်သည် လွန်ခဲ့သော နိုဝင်ဘာလက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် အဆိုပြုခဲ့သော စီမံကိန်းသစ် ဖြစ်သည်။

ထို စီးပွားရေးစင်္ကြန်သည် မန္တလေး၊ ရန်ကုန်နှင့် အကျပ်အတည်း ဖြစ်နေသော ရခိုင်ပြည်နယ်မှ ကျောက်ဖြူ အထူးစီးပွားရေးဇုန် အထိ နေရာ ၃ ခုပါဝင်မည် ဖြစ်သည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာ ၄ နိုင်ငံ အကြား ဆက်သွယ်မှုကို မြှင့်တင်ပေးမည့် စီမံကိန်းကြီး၏ အစိတ်အပိုင်းလည်း ဖြစ်သည်။

ထိုစီမံကိန်းသည် တရုတ်နိုင်ငံ ကူမင်းနှင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားကို ဆက်သွယ်မည် ဖြစ်ပြီး မန္တလေး၊ ဒါကာနှင့် စစ်တကောင်းတို့ကိုလည်း ဆက်သွယ်ပေးမည် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေးနှင့် စီးပွားရေး မဟာဗျူဟာတွင်လည်း ပါဝင်ပြီး တရုတ်နိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက် ဆက်သွယ်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး ချိန်ခွင်လျှာပြန်လည် ချိန်ညှိရာတွင်လည်း အိန္ဒိယနိုင်ငံကို ချန်လှပ်ထားခြင်း မရှိပေ။ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား စီးပွားရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ စေလိုသည်။ သူမသည် ၁၉၅၀ ခုနှစ်များက မိခင်ဖြစ်သူ သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် အိန္ဒိယ၌ ပညာသင်ကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ စက်တင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ထောက်ခံကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ အကူအညီများ ကမ်းလှမ်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ကိုလ်ကတ္တားသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း အတွက် ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် ကြိုးစားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်တွင်လည်း လိုက်ပါသွားခဲ့သည်။

အိန္ဒိယနိုင်ငံသည် အရှေ့မြောက်ပြည်နယ် ၄ ခုတွင် မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ၁၆၀၀ ကီလိုမီတာ ထိစပ်နေသည်။ ခွဲထွက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေသော အိန္ဒိယ စစ်သွေးကြွများသည် မြန်မာနိုင်ငံတွင် အခြေစိုက်ထားသည်။ ၎င်း တို့ကို မောင်းထုတ်မည် ဟု မြန်မာ့တပ်မတော် ခေါင်းဆောင်များက ကတိပြုထားသော်လည်း ထိုဒေသနှင့် ထိုသူပုန်များကို အစိုးရကသာမက တပ်မတော်ကပါ ဦးစားပေးအဖြစ် သတ်မှတ်ထားသည်တော့ မဟုတ်ပေ။

မတည်ငြိမ်သော ရခိုင်ပြည်နယ်သို့ လှမ်းမျှော်ကြည့်နေသော တရုတ်နိုင်ငံ

တရုတ်နိုင်ငံ ဘေ့ဂျင်းသို့ သွားရောက် လည်ပတ်ပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၀ ခုနှစ် အထိ နိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်အစိုးရ အပါအဝင် ယခင်အစိုးရများနှင့် ချုပ်ဆိုခဲ့သော စာချုပ်များနှင့် စီးပွားရေး စီမံကိန်း အများအပြားကို ဆွေးနွေးခဲ့သည် ဟု ယူဆရသည်။ ထိုစာချုပ်များတွင် သမ္မတ ဦးသိန်းစိန် လက်ထက်က ဆိုင်းငံ့ထားခဲ့သော မြစ်ဆုံဆည် စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ဆက်စပ်ပိုက်လိုင်းနှင့် ဒေတွင်း ရထားလမ်း စီမံကိန်းများ ပါဝင်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်သည် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးနှင့် နိုင်ငံရေး သြဇာကို မြှင့်တင်းပေးမည်မှာ သံသယ ဖြစ်ရန် မလိုသော အချက်ဖြစ်သည်။ ထို့အပြင် စီစဉ်ထားသော အဝေးပြေး လမ်းမကြီးများ၊ ရထားလမ်းများ၊ ပိုက်လိုင်းများသည် တရုတ်နိုင်ငံကို အိန္ဒိယ သမုဒ္ဓရာနှင့် တိုက်ရိုက် ဆက်စပ်ပေးမည် ဖြစ်သည်။ ဆင်းရဲနွမ်းပါသော မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နှင့် ပြည်သူများ အတွက် အစိုးရက တရုတ်နိုင်ငံနှင့် မည်သို့ ပြန်လည် ညှိနှိုင်းသည်ကို လေ့လာလျှင် လွန်စွာ စိတ်ဝင်စားစရာ ကောင်းမည် ဖြစ်သည်။

အစိုးရသည် အထက်ပါ စာချုပ်များကို ပြန်လည်သုံးသပ်နေပြီး တရုတ်နိုင်ငံနှင့် ပြန်လည် ညှိနှိုင်းရန် ကြိုးစားနေသည် ဟု ယူဆရသည်။ ရခိုင်ပြည်နယ် အကျပ်အတည်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကနဦးကပင် ထောက်ခံခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ တရုတ်နိုင်ငံသည် ကြားဝင် ဆောင်ရွက်ရန်ပင် ကမ်းလှမ်းခဲ့သည်။

နိုဝင်ဘာလ ပထမ သီတင်းပတ် အတွင်း တရုတ်ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည် အခြေအနေကို အကဲဖြတ်ရန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ အာဆီယံ စီးပွားရေးနှင့် ယဉ်ကျေးမှု အသင်းမှ ထို ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံမှ ဟင်္သာဧကရီ ကုမ္ပဏီသည်လည်း ထိုခရီးစဉ်တွင် လိုက်ပါကာ အဓိကကျသော ခေါင်းဆောင်များနှင့် အစည်းအဝေး အများအပြား ပြုလုပ်သည်ကို တွေ့ခဲ့ရသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရခိုင်ပြည်နယ် နယ်စပ်တွင် ခြံစည်းရိုး ကာရံရန်နှင့် အဆင်မြှင့်တင်ရန် စီမံကိန်းတခုကို ထိုခရီးစဉ် အတွင်း တရုတ် ကိုယ်စားလှယ်များက ပြောကြားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အာရုံစူးစိုက်မှုသည် ရခိုင်ပြည်နယ် ဘက်သို့ ပြောင်းသွားပုံရသည်။

ထို့ကြောင့် အထူးသဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများ မြန်မာ ဗိုလ်ချုပ်ကြီးများကို ပြစ်မှတ်ထား အရေးယူမှုများ ပြုလုပ်ရန်နှင့် တပ်မတော်နှင့် ဆက်ဆံရေးကို နောက်ပြန်ဆုတ်ရန် စဉ်းစားနေချိန်တွင် တရုတ်နိုင်ငံသည် အဝေးပြေး လမ်းမကြီးများနှင့် ရထားလမ်းများ တည်ဆောက်ရန် စဉ်းစားနေသည် ဟု ဆိုရမည် ဖြစ်သည်။ ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Analysis: Under Pressure, Aung San Suu Kyi to Seek Chinese Investment ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading