လူမှုကွန်ဆက်သွယ်ရေးကွန်ရက် Facebook ပေါ်ကတဆင့် ကြော်ငြာပြီး ရောင်းချနေတဲ့ “၁၀ မိနစ်စောင့် ရေပူချိုးပုံး” ဆိုတဲ့ ပလက်စတစ်ရေချိုးပုံး တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူတွေ များနေတာတွေ့ရသလို အသက်အန္တရာယ်ကို ထိခိုက် စေနိုင်တယ် ဆိုတဲ့ ရှုဒေါင့်ကနေ ဝေဖန်နေကြတဲ့သူတွေလည်း တွေ့ရပါတယ်။
“၁၀ မိနစ်စောင့် ရေပူချိုးပုံး” ဆိုတာ ပလတ်စတစ်ပုံးထဲမှာ အပူပေးကိရိယာ (heater) ထည့်ထားတာ ဖြစ်ပါတယ်။ ထုတ်လုပ် ရောင်းချသူတွေကတော့ လူမှုကွန်ရက်ပေါ်မှာ အသုံးပြုရမယ့် ပုံစံတွေနဲ့ အတူ ကြော်ငြာပြီး ရောင်းချနေတာ တွေ့ရပါတယ်။
ဆောင်းရာသီလည်း ဖြစ်တာကြောင့် ဈေးနှုန်းလည်းသင့်၊ အလွယ်တကူလည်း အသုံးပြုနိုင်တဲ့ ရေပူရေချိုးပုံးတွေကို ဝယ်ယူသူတွေလည်းများပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ အညာဒေသက အများဆုံးမှာယူနေတာ သတိထားမိပါတယ်။
ဒါပေမယ့် ဈေးနှုန်းသက်သက် သာသာနဲ့ အလွယ်တကူအသုံးပြုနိုင်တာမို့ အဆင်ပြေတယ်လို့ ပြောဆိုနေသူတွေရှိသလို သုံးစွဲသူအနေနဲ့ သတိမထားမိရင် ဓာတ်လိုက်သေဆုံးနိုင်တဲ့ အန္တရာယ်ရှိတာမို့ မရောင်းချသင့်၊ အသုံးမပြုသင့်ဘူးလို့ ထောက်ပြ ဝေဖန်နေသူတွေလည်း တွေ့ရပါတယ်။
ရေကြောင်း လျှပ်စစ်အင်ဂျင်နီယာ တဦးဖြစ်ခဲ့ဖူးသူ ဦးတိုးထွန်းက “နည်းပညာရှုထောင့်ကနေ သေသေချာချာ ကြည့်မယ် ဆိုရင် ဒါဟာ မသင့်တော်ဘူး။ မသုံးသင့်ဘူး။ နမော်နမဲ့သုံးမယ် သို့မဟုတ် လက်လွတ်စပယ်လေး အမှားအယွင်း တခုခုရှိမယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်တယ်” လို့ မှတ်ချက်ပြုပါတယ်။
‘၁၀ မိနစ်စောင့် ရေပူချိုးပုံး’ ဆိုတဲ့ လူမှုကွန်ရက်ကြော်ငြာစာမျက်နှာမှာတော့ “ရေပူစက် (heater) ကဲ့သို့ အသုံးဝင်တဲ့ ၁၀ မိနစ်စောင့် ကျန်းမာရေး ရေပူချိုးပုံးလေးများဖြင့် ဆောင်းရဲ့အေးစက်စက် ရေတွေကို အံတုပြီး ရေပူပူ ရေနွေးနွေး လေးများဖြင့် ချိုးကြပါစို့” ဆိုပြီး ဓာတ်ပုံတွေနဲ့တကွ ကြော်ငြာထားပါတယ်။
ရေပူချိုးပုံး ပလက်စတစ်ပုံး အရွယ်အစားအလိုက် ရေ ၂၂ ဂါလံဆံ့ကို ၁၇၀၀၀ ကျပ်၊ ၁၆ ဂါလံဆံ့ကို ၁၅၀၀၀ ကျပ်၊ ၁၂ ဂါလံဆံ့ကို ၁၂၀၀၀ ကျပ် ကျသင့်ပြီး ၆ လ အာမခံလို့ သိရပါတယ်။ ဆက်သွယ်ရန်လိပ်စာက ရတနာအောင် သွားဆေးခန်း၊ (ပထမထပ်) ငုဝါဆောင် (သီရိမင်္ဂလာ ကားဝင်းအရှေ့ဘက်)၊ ၈၈ – ၈၉ လမ်းကြား၊ ၂၃ – ၂၄ လမ်းကြား၊ မန္တလေးဆိုပြီး ဖုန်းနံပါတ်နဲ့အတူ ဖော်ပြထားတာပါ။
ကြော်ငြာစာနဲ့ ပုံတွေရဲ့ အောက်က ကွန့်မန့်တွေမှာတော့ အနယ်နယ်အရပ်ရပ်က ပြန်ရောင်းဖို့ အများနဲ့ မှာယူနေကြတာ တွေ့ရသလို တခုချင်းစီ သီးသန့် မှာယူနေတာတွေ၊ ဝယ်ယူလိုတဲ့ အတွက် မေးမြန်းစုံစမ်းနေကြတာတွေကိုလည်း တွေ့ရပါတယ်။
Khin Mg Shwe ဆိုတဲ့ အကောင့်ပိုင်ရှင် တဦးကတော့ “အန္တရာယ်များတာပဲ။ ကလေးမြို့မှာလည်း အတော်လေး သုံးနေတာ တွေ့ရတယ်။ ပစ္စည်းပြတ်တဲ့အထိ ဝယ်လိုအားကောင်းနေတယ်” လို့ ဆိုပါတယ်။
ရောင်းတဲ့သူကတော့ “၃ မိနစ် ရေနွေးအိုးလေးတွေတည်ရင် တည်နေတုန်း အဖုံးဖွင့်ပြီး လက်နှိုက်ကြည့်ပါသလား။ ဒီလိုပါပဲ ၁၀ မိနစ်စောင့် အိုးများကိုလည်း တည်နေတုန်းမှာ လက်မနှိုက်ပါနဲ့။ အပူရရင် ပလပ်ပေါက်ဖြုတ် ရေရောရေစပ်ချိုးတဲ့ အတွက် ဓာတ်လိုက်စရာ အကြောင်းမရှိပါဘူး” လို့လည်း ရှင်းပြထားပါတယ်။
သို့သော် ပလတ်စတစ်ပုံးထဲ Watt 2000 အားရှိတဲ့ အပူကွိုင်ထည့်ပြီး ရေပူလုပ်အသုံးပြုတဲ့နည်းဟာ ကြော်ငြာစာမျက်နှာ မှာ ဖော်ပြထားတဲ့ အသုံးပြုနည်းအတိုင်း လုပ်ရင်တော့ အန္တရာယ်မရှိနိုင်ပေမယ့် အသုံးပြုတဲ့မိသားစုဝင်တိုင်းက လိုက်နာနိုင်ပါ့မလားဆိုပြီး မေးခွန်းပြန်ထုတ်နေသူတွေလည်း တွေ့ရပါတယ်။
အလားတူပဲ “မီးခလုပ်ဖွင့်ပြီး လက်မနှိုက်ရ ရေးထားပေမယ့် ရေပူမပူ လက်နှိုက်စမ်းရင် သေမှာ” ဆိုပြီး ပြောဆို နေကြသူတွေလည်း ရှိပါတယ်။
လားရှိုးတွင်နေထိုင်သူ Kham Oo ဆိုတဲ့ အကောင့်ပိုင်ရှင်ကတော့ “ကျမအိမ်မှာ တပုံးသုံးနေတယ်။ တယောက်က ရေနွေးတည်ထားတယ်။ နောက်တယောက်က လျှပ်စစ်စီးဝင်နေတဲ့ရေကို မျက်နှာသစ်ဖို့ ရေဖွင့် စတီလ်းခွက်နဲ့ခံတယ်။ ဓာတ်လိုက်တော့ ခွက်ကိုလွှတ်ချဖို့ သတိဝင်ပြီးလွှတ်ချမှ ကံကောင်းသွားတာ” လို့ ပြောဆိုထားတာတွေ့ရ ပါတယ်။
အခုလို အသက်အန္တရာယ်ရှိစေနိုင်တဲ့ လူ့အသုံးဆောင်ပစ္စည်းတွေ ထုတ်လုပ်မှုနဲ့ပတ်သက်လို့ လုပ်ငန်းရှင်တွေဆီမှာ စနစ်တကျ စစ်ဆေးသတ်မှတ်ထားတဲ့ ထုတ်လုပ်ခွင့်နဲ့ အများပြည်သူ သုံးစွဲရန်သင့်ကြောင်း အသိအမှတ်ပြုတဲ့ အာဏာပိုင် အဖွဲ့အစည်းက ထုတ်ပေးတဲ့ လက်မှတ်ရှိရမှာဖြစ်ပြီး မရှိပါက ရာဇဝတ်မှုဖြစ်တယ်လို့ ပြောဆိုသူလည်းရှိပါတယ်။
“ဒါကို ထုတ်လုပ်တဲ့သူသည် သက်ဆိုင်ရာဒေသန္တရ လျှပ်စစ် စစ်ဆေးရေးဦးစီးဌာနမှာ အစစ်ဆေးခံပြီးတော့ သင့်တော်၏ မသင့်တော်၏ ဆိုတဲ့ အားလုံးညွှန်ကြားချက် သို့မဟုတ် approve လုပ်ပါတယ်ဆိုတဲ့ ထောက်ခံချက် ပါပြီးမှ လူထုကို ထုတ်ရောင်းမယ်ဆိုရင် ဒါဟာ ဘောင်ဝင်တယ်လို့ ပြောရမယ်။ approve ရပြီးမှ ထုတ်ပါတယ်ဆိုတဲ့ ထောက်ခံချက်လေး တခုပါရင် ကျနော်တို့က ပါးစပ်ပိတ်နေလို့ရတယ်” လို့ ဦးတိုးထွန်းက ပြောပါတယ်။
သို့ပေမယ့် ဒီ ၁၀ မိနစ်စောင့် ရေပူချိုးပုံးမှာတော့ ထုတ်လုပ်သူတွေဟာ ဒေသန္တရ လျှပ်စစ်စစ်ဆေးရေးဦးစီးဌာနကို သွား ရောက် အစစ်ဆေးခံထားတဲ့ လျှပ်စစ် စစ်ဆေးရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်အရ ထုတ်တယ်ဆိုတာ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ မေးမြန်းရန်အတွက် ဧရာဝတီက ကြော်ငြာစာမျက်နှာလိပ်စာမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ခဲ့ပေမယ့် ဖုန်း ကိုင်သူက ၎င်းတို့နေအိမ်တွင် နာရေးရှိနေလို့ ဖြေကြားပေးနိုင်ခြင်းမရှိဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
“ဒါက ရေနွေးအိုးကို အိုးကြီးကြီးနဲ့ တည်သလိုပါပဲ။ တောင်ကြီး အင်းလေးဘက်ဆို ဒါတွေသုံးတာ နှစ်ဆယ်ချီရှိနေပါပြီ။ ကျမတို့ရောင်းတာက ၇ နှစ် ရှိပါပြီ။ ဒီနှစ်မှ page နဲ့ ရောင်းကြည့်တာပါ” လို့ ကြော်ငြာစာမျက်နှာရဲ့ အက်ဒမင်ကတော့ ကွန်မန့်တွေအောက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
စာသုံးသူရေးရာကိစ္စရပ်တွေ အစဉ်တစိုက် ဆောင်ရွက်နေတဲ့ မြန်မာစားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က တော့ ဒီရေပူချိုးပုံးနဲ့ ပတ်သက်လို့ ဈေးသက်သက်သာသာနဲ့မို့ ဝယ်ယူအသုံးပြုနေကြတာဖြစ်ပေမယ့် တချက်မှားလိုက်တာ နဲ့ အသက်အန္တရာယ်ရှိတာမို့ မသုံးစေချင်ကြောင်း သတိပေးပြောဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက လျှပ်စစ်ပစ္စည်းတခု စားသုံးသူလက်ထဲကို ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစွာနဲ့ အသုံးပြုဖို့ရောက်လာ ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ဘယ်လောက် ပြည့်စုံစွာရှိသလဲဆိုတာကို အစိုးရရော လုပ်ငန်းရှင်ပါ သိကိုသိနေ ရမယ်လို့ ဆိုပါတယ်။
ဦးမောင်မောင်က “အဓိကကတော့ ဘယ်ဟာပဲလုပ်လုပ် စံချိန်စံညွှန်းရှိတယ်။ အဲဒီစံချိန်စံညွှန်းတွေကို သေချာ မလိုက်နာ ဘဲနဲ့ ထုတ်လုပ်သူတွေအနေနဲ့ လက်လွတ်စပယ် ကိုယ့်စီးပွားရေးတခုတည်း ဦးစားပေးပြီးတော့ မလုပ်သင့်ပါဘူး” လို့ ပြောပါ တယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသန္တရ လျှပ်စစ်စစ်ဆေးရေး ဦးစီးဌာနတွေအနေနဲ့ သေချာကိုင်တွယ်သင့်သလို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက လျှပ်စစ်ဥပဒေ ထွက်ရှိပြီးသားဖြစ်သော်လည်း အခုအချိန်အထိ နည်းဥပဒေမမပြဋ္ဌာန်းနိုင်သေး တာကလည်း အားနည်းချက်တခုဖြစ်တယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
ယခုနှစ် အောက်တိုဘာလအတွင်းမှာ ပြည်ထောင်လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ စားသုံးသူကာကွယ်ရေးဥပဒေကြမ်းမှာ တော့ စားသုံးတွေအနေနဲ့ ကုန်စည် (သို့) ဝန်ဆောင်မှုကို ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့်၊ ကုန်စည် (သို့) ဝန်ဆောင် မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ (သို့) အထောက်အထား ရယူခွင့်ရှိခြင်းလို့ ပါရှိပါတယ်။
ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ကလည်း မိမိတို့ရောင်းချသည့် ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက် များတွင် ‘ဘေးအန္တရာယ် ကင်းရှင်းစေခြင်း’ ဆိုတဲ့ အချက်တချက် ပါဝင်နေပါတယ်။
ဒါနဲ့ပတ်သက်လို့ စိုးရိမ်နေကြသူတွေကတော့ ဒါဟာ လူသေစေနိုင်တဲ့ကိစ္စဖြစ်လို့ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေအနေနဲ့ အမြန်ဆုံး စစ်ဆေးတားဆီးပေးကြဖို့ ဆန္ဒရှိနေကြပါတယ်။ ။