ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဖြစ်ပွားခဲ့သော ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ၂ ဦးကို တရားခံ အဖြစ် သေဒဏ် ချမှတ် ပြစ်ဒဏ် ပေးခြင်းသည် လူစားထိုးခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံသား အများစုက ယုံကြည်နေကြဆဲ ဖြစ် သည်။
အမှုကို စတင် တည်ဆောက်ကတည်းက အလွဲလွဲအချော်ချော် ဖော်ပြနေသည့် ထိုင်း ရဲတပ်ဖွဲ့၏ အမှုတည်ဆောက်ပုံသည် ယခုအချိန်အထိ ထိုင်းမှုခင်း ပညာရှင်များ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများ အပါအဝင် အမှုကို စိတ်ဝင်တစား စောင့်ကြည့် နေကြသူများကို ယုံကြည်လောက်သည့် အထောက်အထား ချပြနိုင်ခြင်း မရှိသေး၍ ဖြစ်သည်။
သို့သော်လည်း ထိုအမှုနှင့်သက်၍ မြန်မာနိုင်ငံသား ၂ ဦးဘက်မှ တရားမျှတမှု ရရှိရေးအတွက် အယူခံဝင်ခဲ့ပြီး ယခုဆိုလျှင် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဗဟို တရားရုံးကို တင်ထားသည့် စာမျက်နှာ ၃၁၉ မျက်နှာ ရှိသော အယူခံထဲတွင် ထိုင်းရဲတပ်ဖွဲ့များ၏ အမှုတည်ဆောက် ထားပုံနှင့် မျိုးဗီဇ (DNA) စစ်ဆေးပုံ ကွဲလွဲချက်များကို ထောက်ပြထားကြောင်း သိရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အပါအဝင် မြန်မာအစိုးရ ရှေ့နေများနှင့် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီတို့က စနစ်တကျ ဆောင်ရွက်ထားပြီး ဗဟိုတရားရုံထံ တင်ထားသော စာမျက်နှာ ၃၁၉ မျက်နှာရှိ အယူခံလွှာပါ အချက်များကို ထိုင်းရဲတပ်ဖွဲ့ ဘက်က လိုက်ပါ ဆောင်ရွက်နေသော ထိုင်းရှေ့နေအဖွဲ့ကလည်း အယူခံလွှာ ပြန်တင်ပြီး ချေဖျက်နိုင်ရန် အတွက် ပြင်ဆင် လျက် ရှိသည်။
ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့သည် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အရပ် ၆ ပေကျော်မြင့်သည့် ဒေးဗစ်မေလာသည် ဦးခေါင်းနှင့် လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဟန်နာဝစ်သာရစ်ဂျ် ကတော့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားများ ဖရိုဖရဲဖြင့် ဦးခေါင်း ကျေမွဒဏ်ရာနှင့် သေးဆုံးနေသည် ကို အခင်းဖြစ်ပွားရာ နေရာ၌ ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသည်။
ထိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများ ထွက်ပေါ်လာချက်အရ ဟန်နာသည် ဦးခေါင်းတွင် ပေါက်တူးဖြင့် ထုရိုက်ခံထားရခြင်း ဖြစ်ပြီး မသေဆုံးခင် အဓမ္မ ပြုကျင့်ခံထားရသည်ဟု ဆိုသည်။
ဟန်နာနှင့် ခပ်လှမ်းလှမ်း သဲသောင်ပြင်တွင် အသုံးပြုထားသော ကွန်ဒုံးတခုလည်း အခင်းဖြစ်ပွားပြီးနောက် ထွက်ရှိလာ သော ဓာတ်ပုံ မှတ်တမ်းများတွင် တွေ့ရသည်။
အဆိုပါလူသတ်မှုသည် တမဟုတ်ချင်း ကမ္ဘာ့မီဒီယာများ အထိ ပျံ့နှံ့သွားပြီး ထိုနှစ် မေလထဲတွင် အာဏာသိမ်းခဲ့သော လက်ရှိ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ဦးဆောင်သော ထိုင်းအစိုးရ အတွက်လည်း ခေါင်းကိုက်စရာ ဝေဖန်ထိုးနှက်ချက်များ ကြုံခဲ့ရသည်။
ထို့နောက် တရားခံ ဖမ်းမိနိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့ က အပူတပြင်း ရှာဖွေကြပြီး ထိုသို့ ဆောင်ရွက်နေဆဲ ကာလ အတွင်း က မီဒီယာသို့ ပြောနေကြသော ဒေသခံ ရဲများ၏ မှတ်ချက် စကားများသည် အမျိုးမျိုးပြောင်းလဲနေ၍ စိတ်ပျက် စရာ ဖြစ်စေသည်။
ဟန်နာနှင့် ဒေးဗစ်တို့သည် အသတ်မခံရခင် နာရီပိုင်းအတွင်းက လိင်ဆက်ဆံခဲ့ကြပြီး ဟန်နာသည် ဗလက်က္ကာရ ပြုခံ ထားရသည့် အထောက်အထားများ မတွေ့ရဘဲ ဟန်နာနှင့် ဒေးဗစ်တို့ကို မနာလို သဝန်တိုရာမှ ဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု လိပ်ကျွန်း ရဲမှူး ပရာချွန်ရောင်သောင် က စစ်ဆေးစဉ်ကာလတွင် ပြောဆိုခဲ့သည်။
ဒေးဗစ်မေလာ၏ သူငယ်ချင်းများဖြစ်သော ခရစ္စနှင့် ဂျိမ်းစ်ဝဲ ဆိုသူ ညီအစ်ကို ၂ ဦးကိုလည်း စစ်ဆေးခဲ့သည်။ ခရစ္စ ၏ လက်တွင် ဒဏ်ရာများတွေ့ရှိခဲ့ပြီး ၎င်းဒဏ်ရာသည် မီးပုံပွဲက ရရှိခဲ့ကြောင်း ခရစ္စက ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
ဒေးဗစ်မေလာ၏ ခရီးဆောင် အိတ်ထဲတွင်လည်း ခရစ္စ၏ သွေးစွန်းနေသော ဘောင်းဘီ တထည်နှင့် အမျိုးသမီး ဆံပင်ချည် ကပ်နေသော iPhone တလုံးကို တွေ့ခဲ့သည်ဟု သိရသည်။
သို့သော်လည်း ထိုအခြေအနေနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ရှင်းလင်းသည့် ဖြေရှင်းချက် မပေးနိုင်ခဲ့ဘဲ ဗြိတိန် ညီအစ်ကို ၂ ဦး ပြန်ခွင့် ရသွားကြသည်။
နောက်ထပ် လိပ်ကျွန်းအမှု၏ ကွင်းဆက်ဟု အများက ယုံကြည်ထားသူ တဦးမှာ ဒေးဗစ်မေလာ၏ သူငယ်ချင်း ရှောင်မက်အန်နာ ဖြစ်ပြီး သူ့ကိုလည်း ထိုင်းရဲတပ်ဖွဲ့က ခရစ္စတို့ ညီအစ်ကို ၂ ဦးထက်ပင် ထိုင်းနိုင်ငံထဲမှ လွယ်ကူစွာ ပြန် ထွက်ခွင့် ပြုလိုက်သည်။
လူသတ် သမားကို သိသူဟု အများက ယူဆထားသူ ရှောင်မက်အန်နာကို ပြန်လွှတ်လိုက်သည့် ထိုင်း ရဲတပ်ဖွဲ့ကိုလည်း ထိုင်းလူမျိုးများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။
ရှောင်မက်အန်နာသည် အခင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေးဗစ်နှင့် ဟန်နာတို့နှစ်ဦးကို သတ်သူအဖြစ် လိပ်ကျွန်းရှိ မာဖီးယား ဂိုဏ်းသားများက အတင်း ဝန်ခံခိုင်းပြီး မိမိကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေရန်အထိ ဖိအားပေး ခြိမ်းခြောက်ခြင်း ခံခဲ့ရကြောင်း ဗြိတိန် အခြေစိုက် တယ်လီဂရပ် သတင်း နှင့် ရုပ်သံ အင်တာဗျူးတခုတွင် ဖြေဆိုထားသည်။
ထိုင်း မာဖီးယားများက လူသတ်တရားခံ နေရာ အစားထိုးရန် အတွက် လူလိုအပ်နေပြီး ထိုနေရာအတွက် အနောက် နိုင်ငံ သား ဖြစ်စေချင်ပုံ ရကြောင်း၊ အကယ်၍ ၎င်းသာ ထိုညက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့လျှင် လူသတ်မှုကို ၎င်းအပေါ် ပုံချ လိုက်ကြ လိမ့်မည်ဟု ယူဆကြောင်း ရှောင်မက်အန်နန် က ဆိုသည်။
ထူးခြားချက်မှာ ရှောင်၏ လက်တွင် သေဆုံးသွားသည့် ဒေးဗစ်မေလာ၏ ဦးခေါင်းနှင့် လက်တို့တွင် တွေ့ရသော ပြတ်ရှ ဒဏ်ရာ များနှင့် ဆင်တူသော ဒဏ်ရာတခု တွေ့ရသည်။
ထိုဒဏ်ရာမှာ စက်ဘီးစီးရင်း မတော်တဆ ထိခိုက်ခဲ့သည့် ဒဏ်ရာဖြစ်သည်ဟု ထိုင်းရဲများကို ပြောဆိုခဲ့ကြောင်းလည်း ပြော သည်။
လူသတ်မှု ဖြစ်အပြီး နာရီပိုင်းအကြာတွင် ရှောင်မက်အန်နာက ၎င်း၏ Facebook ၌ ရေးတင်ခဲ့သော စာထဲတွင် ဒေးဗစ်မေလာ သည် ဟန်နာကို ကာကွယ်ရန်ကြိုးစားရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ် တရားခံကို ဘယ်တော့မှ မိမည်ဟု မထင်ကြောင်းနှင့် ထိုင်း ရဲတပ်ဖွဲ့အနေဖြင့် ထိုရာဇဝတ်မှုကို ဖြေရှင်းရန် အခွင့်အရေး မရှိကြောင်း ရေးသားခဲ့သည်။
တချိန်တည်း၌ ထိုင်းရဲတပ်ဖွဲ့က ထိုကျွန်းပေါ်တွင် အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသား ၂ ဦးဖြစ် သော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၂ ဦးကို လူသတ် တရားခံအဖြစ် ထုတ်ပြလာသည်။
လူသတ်မှုနှင့် ပတ်သက်ပြီး ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၂ ဦးလုံးက ဝန်ခံထားပြီ ဖြစ်သည်ဟု ဆိုကာ သရုပ်ပြ ရှင်းလင်း မှုများလည်း ပြုလုပ်စေခဲ့သည်။
လူသတ် တရားခံသည် မြန်မာ ၂ ဦး မဖြစ်နိုင်ကြောင်း၊ တရားခံအစစ်ကို မဖမ်းနိုင်၍ သို့မဟုတ် မဖမ်းလို၍ ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် မြန်မာ အလုပ်သမား ၂ ဦးကို လူစားထိုးခြင်း ဖြစ်ကြောင်း ထိုင်း လူမျိုးများ၏ မှတ်ချက်ပြုခြင်းကို ခံနေရချိန်တွင် လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ရဲတပ်ဖွဲ့များ၏ ဆောင်ရွက်ထားချက် အပေါ် အပြည့်အဝ ယုံကြည်ကြောင်း မီဒီယာများ ရှေ့တွင် ပြောဆိုခဲ့သည်။
ထိုပြောဆိုချက်အပေါ် စောင့်ကြည့်နေသူများက စိုးရိမ်မကင်း ဖြစ်ခဲ့ကြသည်။
အကယ်၍ ထိုအမှု၏ လူသတ်တရားခံသည် မြန်မာ ၂ ဦး မဟုတ်ခဲ့ပါက ထိုစဉ်က ရဲတပ်ဖွဲ့ လုပ်ရပ် မှန်ကန်ကြောင်း ပြောဆို ခဲ့သည့် ဝန်ကြီးချုပ်၏ စကား လွဲမှားသွားမည် စိုးရိမ်၍ သို့မဟုတ် ထိုင်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ထိခိုက်မည်ကို စိုးရိမ်၍ မြန်မာ ၂ ဦးကို လူသတ်တရားခံ မဖြစ်ဖြစ်အောင် တွန်းပို့မည်ကို စိုးရိမ်ကြခြင်း ဖြစ်သည်။
နောက်ဆုံး ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက ဗြိတိန် နိုင်ငံသား နှစ်ဦး သတ်မှု ဖြင့် တရား စွဲဆိုလိုက်သည်။
ရခိုင်ပြည်နယ်တွင် ကျန်ခဲ့သော သူတို့၏ မိဘများသည်လည်း ပူဆွေးသောကများနှင့် ထိုင်းနိုင်ငံသို့ လိုက်လာခဲ့ကြရသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများ၊ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီ တို့က ပူးပေါင်း ပြီး ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၂ ဦးကို တွေ့ဆုံမေးမြန်းတော့မှ ၎င်းတို့အနေဖြင့် ညှဉ်းပန်း နှိပ်စက် ဝန်ခံခိုင်း၍သာ ဝန်ခံ ခဲ့ခြင်းဖြစ်ပြီး လူသတ်မှုကို ၎င်းတို့ ကျူးလွန်းခြင်း မရှိကြောင်း မြန်မာ ၂ ဦးက ပြောသည်။
၎င်းတို့ ဝန်ခံပေးလျင် ထောင် ၅ နှစ်ခန့်သာ ကျမည် (ထောင်ထဲတွင်လည်း အေးအေး ဆေးဆေး နေနိုင်အောင် ဆောင်ရွက် ပေးမည်) ဖြစ်ပြီး မဝန်ခံလျှင် သတ်ပြီး ပင်လယ်ထဲ မြှုပ်ပစ်မည်ဟု စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်သလို ထိုးကြိတ် ကန်ကျောက်ခြင်း၊ ဦးခေါင်းကို ပလက်စတစ် အိတ်များ စွပ်၍ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၂ ဦး ပြန်ပြောပြချက်ကို လိပ်ကျွန်း အထူးစုံစမ်းရေး အဖွဲ့များက တဆင့် ပြန်ပြောပြခဲ့သည်။
မြန်မာနိုင်သား ၂ ဦးဘက်မှ ဥပဒေကြောင်းအရ လိုက်ပါ ဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက လိပ်ကျွန်း လူသတ်မှုအတွက် အရေးကြီးသည့် ကွင်းဆက်ဖြစ်သော ရှောင်မက်အန်နာနှင့် ခရစ္စတို့ကို ခေါ်ယူစစ်ဆေး ပေးရန် တောင်းဆိုခဲ့ သော်လည်း ထိုင်း အာဏာပိုင်များ ဘက်က ဆောင်ရွက်မပေးခဲ့ဟု ဆိုသည်။
လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်ပြီး ထိုင်းလူမျိုးများ သံသယ အရှိဆုံးသူသည် ထိုကျွန်းပေါ်တွင် မာဖီးယား ဆန်ဆန် သြဇာ ရှိသော ကျွန်းသူကြီး၏ သားနှင့် အပေါင်းအပါ တသိုက် ဖြစ်လိမ့်မည်ဟု စွပ်စွဲကြသည်။
လူသတ်သမားသည် ထိုင်းဖြစ်၍ နိုင်ငံခြားသား ဝင်ရောက်မှု ထိခိုက်နိုင်ခြင်း၊ ထိုင်းပုံရိပ်ကို ထိခိုက်စေနိုင်ခြင်းကြောင့် မြန်မာ ၂ ဦးကို အစားထိုးခြင်း ဖြစ်နိုင်ကြောင်းလည်း ဝေဖန်ကြသည်။
နောက်ပိုင်းတွင် ထိုင်းလူထုနှင့် သတင်း မီဒီယာများ၏ ဖိအားပေးမှုကြောင့် ရဲတပ်ဖွဲ့ က ကျွန်းသူကြီး၏ သားကို ခေါ်ယူ၍ မျိုးဗီဇ (DNA) စစ်ဆေးပေးခဲ့သည်။
သို့သော်လည်း သံသယ မေးခွန်းပေါင်းများစွာကို အဆုံးမသတ်နိုင်ခဲ့ဘဲ မြန်မာနိုင်ငံသား ၂ ဦးသည် ထိုအမှုထဲတွင် လုံးလုံး လျားလျား ရင်ဆိုင်နေရသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကော့စမွေ တရားရုံးက ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ကို လိပ်ကျွန်း လူသတ်မှု ဖြင့် သေဒဏ် ချမှတ်လိုက်သည်။ စောင့်ကြည့်နေသူအများမှာ ကြိတ်မနိုင် ခဲမရ ဖြစ်ကြသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် မြန်မာနိုင်ငံသား ၂ ဦး တရားမျှတမှု ရရှိရေး ဆန္ဒ ဖော်ထုတ်မှုများပါ ဖြစ်ပွား ခဲ့သည်။
ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦးဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေ များ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့သော်လည်း ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံ ပယ်ချခြင်း ခံခဲ့ရသည်။
ယခုအမှုအား ကော့စမွေ တရားရုံးက အမိန့်မချရသေးခင် ထိုင်းနိုင်ငံတွင် မျိုးဗီဇ (DNA) စစ်ဆေးရာတွင် နာမည် ကျော် ကြားသော မှုခင်း သိပ္ပံပညာရှင် ဒေါက်တာ ဖွန်ထစ်ကို အကူအညီ တောင်းခံခဲ့ရာတွင် ၎င်း၏ စစ်ဆေးချက်အရ တရားလို ဘက်မှ စွပ်စွဲထားသော လူသတ် လက်နက်ပေါ်တွင် တွေ့ရှိရသည့် DNA သည် မြန်မာနိုင်ငံသား ၂ ဦး၏ DNA မဟုတ်ဟု ဆိုသည်။
“ကျမတို့ အဖွဲ့က တွေ့ရှိခဲ့တာကတော့ လူသတ်လက်နက်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားတဲ့ ပေါက်ပြားပေါ်မှာ တွေ့ရှိရတဲ့ DNA က စွပ်စွဲခံနေရသူ ၂ ဦးရဲ့ DNA နဲ့ မတူပါဘူး။ အမျိုးအမည် မသိ ယောက်ျားတယောက်ရဲ့ DNA ဖြစ်ပါတယ်။ တခြား သူတွေရဲ့ DNA တွေလည်း ကျမတို့ ရဖို့လိုပါတယ်။ စွပ်စွဲခံနေရသူတွေ မဟုတ်တဲ့ ဘယ်သူမှန်း မသိတဲ့ အမျိုးသား တယောက် ရဲ့ DNA ကိုပဲ ကျမတို့ တွေ့ခဲ့တာပါ” ဟု ဒေါက်တာ ဖွန်ထစ်က ဧရာဝတီ သတင်းဌာနကို ရှင်းပြဖူးသည်။
ဒေါက်တာ ဖွန်ထစ် က ၎င်းအနေဖြင့် လူသတ်လက်နက် ပေါက်တူးရိုးပေါ်က DNA ကိုသာ စစ်ဆေးခွင့်ရခဲ့ပြီး တရားစွဲဆို ရာတွင် တင်သွင်းထားသော အခြား DNA သက်သေ အထောက်အထားများကို ကြည့်ရှုစစ်ဆေးခွင့်မရခဲ့ဘဲ DNA မှတ်တမ်း အစီရင်ခံစာများကိုပဲ ကြည့်ခွင့်ရခဲ့သည်ဟုလည်း ဆိုသည်။
DNA ရယူထားသည့် အရာများကိုလည်း ဖျက်ဆီးလိုက်ပြီဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြောင်း ဒေါက်တာ ဖွန်ထစ် က ဆို သည်။ သို့သေ်ာလည်း DNA နှင့် ပတ်သက်၍ အခြားသော သံသယဖြစ်ဖွယ် ရှိသူများကို စစ်ဆေးရန် လိုအပ်ကြောင်း ကို တော့ အကြံပြုခဲ့သေးသည်။
ထိုင်းရဲတပ်ဖွဲ့ အနေဖြင့် အမှုစတင် ဖြစ်ပွားချိန်ကတည်းက မျက်မြင်သက်သေ တယောက်မှ မရှိခဲ့ဘဲ မျိုးဗီဇ (DNA) ကို အားပြုပြီး မြန်မာ ၂ ဦးကို တရား စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဖွဲ့စည်းပေးထားသော လိပ်ကျွန်း အမှု အထူးစုံစမ်းရေး အဖွဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောဆိုသည်။
ထိုင်းအစိုးရ ရှေ့နေများ၏ တရားစွဲဆိုချက်ထဲတွင် ဝင်းဇော်ထွန်း သောက်ထားသည့် L&M တံဆိပ် စီးကရက် တိုတွင် တွေ့ရ သော DNA သည် သေဆုံးသူ ဟန်နာ၏ ရင်သားပေါ်ရှိ တံတွေး၊ ဟန်နာ၏ သားအိမ်ခေါင်းအတွင်း တွေ့ရှိရသော သုက်သွေး နှင့် ဟန်နာ၏ စအိုအတွင်း၌ တွေ့ရသော DNA တို့နှင့် တူညီနေပြီး ဇော်လင်း၏ DNA ကိုတော့ ဟန်နာ၏ ရင်သားပေါ်ရှိ တံတွေးနှင့် စအို အတွင်း၌ တွေ့ရသော DNA တို့နှင့် တူသည်ဟု ဆိုသည်။
ထိုအမှုနှင့်ပတ်သက်ပြီး မှုခင်းသိပ္ပံ ဆရာဝန်များကတော့ သေသူ၏ အလောင်းများကို တွေ့ရှိသည့် အချိန်သည် ၁၀ နာရီမှ ၁၂ နာရီ အထိ ကြာမြင့်ပြီ ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပြီး မှုခင်းသိပ္ပံပညာရှင် ဒေါက်တာ ဖွန်ထစ် ကတော့ သေသူတွင် ရှိသော သုက်ရည် DNA ကို ၆ နာရီအတွင်း စစ်ဆေးနိုင်မှသာ အမှန်နှင့် နီးစပ်နိုင်ကြောင်း ထောက်ပြထားပြီး ရောထွေး DNA သည် ခွဲခြား ဖော်ထုတ်ရန် ခက်ခဲသည်ဟုလည်း ဆိုသည်။
သေဆုံးသူ ဟန်နာ၏ အင်္ကျီ နှင့် ဂါဝန်များကို စစ်ဆေးမှု မပြုခဲ့ခြင်း၊ မူလအခင်းဖြစ်ပွားရာ နေရာတွင် မှုခင်းကျွမ်းကျင် ဆရာဝန်နှင့် အချက်အလက် ပြည့်စုံအောင် ရယူရန် ပျက်ကွက်ခြင်း၊ သေသူ၏ လက်တွင် တွေ့ရသော ရွှေရောင် ဆံပင်ကို မစစ်ဆေးခဲ့ခြင်း၊ ထိုဆံပင်ကို တိကျစွာ စစ်ဆေးခဲ့လျှင် ဆွေမျိုး အစဉ်အဆက်ကိုပင် သိရှိနိုင်ပါလျက် ပျက်ကွက်ခဲ့သည်ဟု ဦးအောင်မျိုးသန့် က ထောက်ပြသည်။
ထိုဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် တရားစွဲအဖွဲ့ အားကိုးအားထား ပြုထားသော DNA ကို ယုံကြည်ရန် ပျက်ပြယ်သွားစေ ခဲ့သလို လူသတ် လက်နက်ဖြစ်သော ပေါက်တူးပေါ်တွင် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ DNA များ မတွေ့ရှိရခြင်းက လည်း မြန်မာ ၂ ဦးသည် လူသတ်တရားခံများ မဟုတ်ကြောင်း ထင်ရှားသည်ဟု ဆိုသည်။
ယခုတော့ ထိုကွဲလွဲချက်များကို ချေဖျက်ပြီး မြန်မာ ၂ ဦး လွတ်မြောက်ရေး လိုက်ပါ ဆောင်ရွက်ပေးနေသော ထိုင်း ရှေ့နေ များ ကောင်စီက ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) သို့ တင်သည့် စာမျက်နှာ ၃၁၉ မျက်နှာရှိ အယူခံ လွှာ ကို ယခုနှစ် အောက်တိုဘာလ ထဲတွင် လက်ခံထားပြီး ဖြစ်သည်။
ထိုင်းအစိုးရ ရှေ့နေများကလည်း ထိုအယူခံကို ချေဖျက်ပြီး မြန်မာ ၂ ဦးကို မူလ ချမှတ်ထားသော သေဒဏ် ပြစ်ဒဏ် ခိုင်မာ ရေး အတွက် အချက်အလက်များ စုဆောင်းလျက် ရှိသည်။
ထိုအချက်အလက်များကို ယခု ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် တင်လာနိုင်ဖွယ်ရှိပြီး အချက်အလက် မပြည့်စုံသေးပါက အယူခံ ရက် ထပ်တိုးတောင်းနိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) အဆင့်သည် ထိုင်းနိုင်ငံတွင် တရားရေးအရ နောက်ဆုံး အဆင့်ဖြစ်ပြီး မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ ၂ ဦးအတွက်လည်း တရားရေးအရ နောက်ဆုံး မျှော်လင့် ချက် နေရာဖြစ်သည်။
ထိုအမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများကတော့ မြန်မာ ၂ ဦးလွတ်မြောက်ရေးသည် လက်ရှိ တင်ပြထားသော အယူခံလွှာ အပေါ် ထိုင်းရှေ့နေများဘက်မှ ချေဖျက်နိုင်၊ မချေဖျက်နိုင် အပေါ်တွင် မူတည်ကြောင်း ထောက်ပြ ပြောဆိုနေ ကြသည်။
အကယ်၍ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) တွင် ထပ်မံရှုံးနိမ့်ပါက ထိုင်းဘုရင့်ထံ အသနားခံသည့် နည်းလမ်း တခုသာ မျှော်လင့်ရန် ကျန်ရှိတော့သည်။
ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ ၂ ဦးသည်လည်း ထိုင်းအကျဉ်းထောင်ထဲတွင် ကျန်းမာရေး ကောင်းမွန်စွာရှိနေပြီး သူတို့ ၂ ဦး လွတ်မြောက် လိမ့်မည်ဟု ယုံကြည်ချက်နှင့် အဆုံးသတ်မည့် နေ့ရက်ကို စောင့်မျှော်နေကြောင်း ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သူများထံမှ တဆင့် သိရသည်။
လူအများ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် ကမ္ဘာကျော် လိပ်ကျွန်း လူသတ်မှုသည် ယခုအခါ နောက်ဆုံး အခြေ အနေ ကို ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအမှု မည်သို့ အဆုံးသတ်မည်ကို မည်သူမှ အတိအကျ မသိကြသေးသော်လည်း မြန်မာ လူထုကမူ တရားမျှတမှုကို စောင့်မျှော် နေကြမည်မှာတော့ အမှန်ပင် ဖြစ်ပါသည်။ ။