သမ္မတဒေါ်နယ်ထရမ့်က ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အမေရိကန် နိုင်ငံ၏ အသိအမှတ်ပြု လိုက်ခြင်းအားဖြင့် အမေရိကန်နိုင်ငံ၏ အရှေ့အလယ်ပိုင်း ဒေသဆိုင်ရာ မူဝါဒမှ အခြေခံကျသော ထွက်ခွာမှု တခုကို ဒီဇင်ဘာလ ၆ ရက်နေ့က ကြေညာလိုက်သည်။ ထိုကဲ့သို့ အသိအမှတ်ပြုခြင်းက သူ၏ ရွေးကောက်ပွဲ မဲဆွယ်ကတိ တခုကို ဖြည့်ဆည်းခြင်းနှင့် အစ္စရေးနိုင်ငံက ကာလရှည်ကြာစွာ တောင်းဆိုနေခဲ့သည့်အတိုင်း လိုက်လျောခဲ့ခြင်း ဖြစ်သော်လည်း ပါလက်စတိုင်းများ၊ အာရပ်များနှင့် ကမ္ဘာ့အသိုင်းအဝိုင်းမှ အများစုက စိတ်ပျက်ဒေါသ ထွက်ခဲ့ကြသည်။
ဂျေရုဆလင်တွင် အမေရိကန် သံရုံးသစ်တခု ဖွင့်လှစ်ရန် နှစ်နှင့် ချီ၍ ကြာမြင့်မည် ဖြစ်ပြီး ဂျေရုဆလင်၏ နယ်နိမိတ်များကို ညှိနှိုင်း ဆွေးနွေးမှုများမှ တဆင့် ဆုံးဖြတ်ရမည် ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က သတိထား၍ မှတ်ချက်ပြုခဲ့သော်လည်း ပြန်လည်ပြောင်းလဲမည် မဟုတ်သည့် အပြောင်းအလဲတခုလည်း ဖြစ်နိုင်သည်။
ဒေါ်နယ်ထရမ့် ဂျေရုဆလင် ရွှေ့ကွက်၏ ဒေသဆိုင်ရာ နိုင်ငံရေး နှင့် ပတ်သက်၍ နားလည်ထားရမည့် အချက် ၃ ခု ရှိပါ သည်။
၁ – ပျက်စီးသွားမည့် စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မရှိပါ။
အသိအမှတ်ပြုလိုက်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှု အများစုက အစ္စရေး – ပါလက်စတိုင်း ညှိနှိုင်းဆွေးနွေးမှုများ အပေါ် သက်ရောက်မှုကို အာရုံစိုက်ခဲ့ကြသည်။ ထိုသို့ အလေးပေးခြင်းက ချဲ့ကားခြင်းပင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ဂျေရုဆလင်၏ အနေအထားက နောက်ဆုံး အဆင့် ဆွေးနွေးညှိနှိုင်းမှုများအတွက် ချန်လှပ်ခံထားရသည့် အရေးပါသော ကိစ္စများထဲမှ တခု အမြဲတမ်း ဖြစ်နေခဲ့ပါသည်။ ဂျေရုဆလင်ကို အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အသိအမှတ်ပြုခြင်းက နယ်စပ်များ သတ်မှတ်ရေး၊ ပါလက်စတိုင်း ဒုက္ခသည်များ အခြေချရေး သို့မဟုတ် ပြန်လာရေးကဲ့သို့သော အခြားကိစ္စများနှင့် ပတ်သက်သော သဘောတူညီချက် တခုအတွက် အလဲအလှယ်အနေဖြင့် အစ္စရေးသို့ ပေးသည့် အဓိကကျသော လိုက်လျောမှုတခုအဖြစ် အစဉ်အလာအရ နားလည်ခဲ့ကြသည်။ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်းများအတွက် နောက်ဆက်တွဲ အပေးအယူ မပါဝင်ဘဲ အစ္စရေးနိုင်ငံသို့ ထိုဆုကို ပေးခဲ့ခြင်း ဖြစ်သည်။
အလျှော့အတင်း ဈေးဆစ်ရာတွင် အလွန် အသုံးဝင်နိုင်မည့် အရာတခုကို ရည်ရွယ်ချက်ရှိရှိ အခမဲ့ ပေးလိုက်ခြင်းက မျက်နှာလိုက်သော စေ့ပ်ညှိနှိုင်းရေး ဗျုဟာတခုဟု ပြောခံရနိုင်သော်လည်း လေ့လာဝေဖန်သူနှင့် သံတမန်ဟောင်း အများအပြားက အမေရိကန် သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ခြင်းက ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများကို အမှန်တကယ်ပင် အထောက်အကူ ဖြစ်စေနိုင်သည်ဟု အကြောင်းပြကြသည်။
အဖြစ်နိုင်ဆုံးမှာ ဂျေရုဆလင်ကို အသိအမှတ်ပြုခြင်းက အစ္စရေး-ပါလက်စတိုင်း စေ့စပ်ညှိနှိုင်းမှုတွင် အကျိုးအမြတ် ရှိမည် မဟုတ်ပါ။ ပေးဆပ်ရမည့် တန်ဖိုး အနည်းငယ်သာ ရှိနေသည်။ ယင်းသည် ဂျေရုဆလင်က အရေးမကြီးသောကြောင့် မဟုတ်ပါ။ ပျက်စီးဆုံးရှုံးနိုင်သည့် စစ်မှန်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မရှိသောကြောင့်၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် အဖြေ ပျောက်ဆုံးစေမည့် အလားအလာ နည်းပါးသောကြောင့်နှင့် အမေရိကန်က ကြားနေမှုကို မချိုးဖောက်ဟု ယုံကြည်ရန် နည်းပါးသောကြောင့် ဖြစ်ပါသည်။
သံခင်းတမန်ခင်း ကိစ္စများ အခါအားလျော်စွာ ရှိနေသော်လည်း အစ္စရေး-ပါလက်စတိုင်း ကြားတွင် အဓိပ္ပါယ် ပြည့်ဝသော မည်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မျှ ရှိမနေခဲ့သည်မှာ ၂၀၀၀ ခုနှစ်တွင် ကလင်တန်အစိုးရ၏ ဒေးဗစ်စခန်း ထိပ်သီး အစည်းအဝေး မအောင်မြင်ခဲ့သည့် နောက်ပိုင်းကတည်းက ဖြစ်သည်။ ဂျော့ဘုရှ် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း စတင်မှု နောက်ကျခဲ့ပြီး အောင်မြင်မှုလည်း နည်းပါးခဲ့သည်။ အိုဘားမား အစိုးရလက်ထက်တွင် နိုင်ငံရေး ဆန့်ကျင်မှုများ၊ ဆွေးနွေးမှုက ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေခြင်းနှင့် အီရန်၏ နျူကလီးယား သဘောတူညီချက်ကဲ့သို့သော အရေးတကြီး ဦးစားပေးရမည့် ကိစ္စများတွင် အာရုံ စူးစိုက်ရန် လိုအပ်သောကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် အလေးအနက် အဆိုပြုမှုများမှ နောက်ဆုတ်သွားခဲ့သည်။
စေ့စပ်ဖြန်ဖြေရေး ဆယ်စုနှစ်များအတွင်းတွင် လက်တွေ့အခြေအနေမှ အရှိတရားကလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။ ပြန်၍ ပြောင်းလဲရန် မဖြစ်နိုင်တော့သည်အထိပင် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ အတွက် အဖြေတခုကို မရယူနိုင်အောင် ဖြစ်သွားစေခဲ့ပြီးပြီဟု ဆို၍ရသည်။
၂ – အသိအမှတ်ပြုခြင်းက အမေရိကန်၏ ဒေသဆိုင်ရာ ဗျူဟာအတွက် အရေးကြီးသည်။
ဒေါ်နယ်ထရမ့်၏ ရွှေ့ကွက်က အခြားသော ဒေသဆိုင်ရာ ဦးတည်ချက်များ အကောင် အထည်ဖော်ရာတွင် အရေးကြီးသော ကဏ္ဍတခုမှ ကာလကြာရှည်စွာ ပါဝင်ခဲ့သော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုများကို လမ်းချော်သွားစေခဲ့လျှင်ပင် အမေရိကန်နိုင်ငံက ၎င်း၏ မဟာမိတ်များနှင့် အစ္စရေး သင့်မြတ်ရေး၊ အစ္စရေးကို ဆန့်ကျင်သည့် အာရပ်နိုင်ငံများနှင့် သင့်မြတ်ရေးအတွက် ကာလကြာရှည်စွာ အသုံးပြုခဲ့သည့် နည်းလမ်းအတွက် အကျိုးအမြတ်ကို မျှော်၍ ကစားခြင်း ဖြစ်မည်။
၎င်း၏ နည်းဗျူဟာနှင့် သတင်းစကား ပေးပို့မှု မညီညွတ်ခြင်းများ ရှိနေသော်လည်း ဒေါ်နယ်ထရမ့်၏ အစိုးရက ပုံမှန် ကန့်သတ်ချက်များ အတွင်းတွင်သာ ရှိနေသည့် အတော်အတန် ရှင်းလင်းသော အရှေ့အလယ်ပိုင်း ဗျူဟာကို ဖော်ဆောင်ရန် ကြိုးစားနေခဲ့သည်။ ကျယ်ပြန့်သောအဆင့်အတွက် ဒေါ်နယ်ထရမ့်က အရေးပါသော အာရပ်နိုင်ငံများနှင့် အစ္စရေးတို့ကို အီရန်နှင့် အစ္စလမ်မစ် အစွန်းရောက်ဝါဒကို ဆန့်ကျင်ရေးတွင် ဗျူဟာမြောက် မဟာမိတ်အဖွဲ့အတွင်းသို့ အတူတကွ ခေါ်ဆောင်နိုင်အောင် ကြိုးစားနေသည်။ အဆိုပါ ရည်မှန်းချက်မျိုးက အသစ်အဆန်းတခုတော့ မဟုတ်ပါ။
အမေရိကန် အစိုးရတိုင်းက အစ္စရေးနှင့်ရော အရေးကြီးသည့် အာရပ်နိုင်ငံများနှင့်ပါ တပြိုင်နက်တည်း မဟာမိတ်ဖြစ်နေနိုင်မည့် သင့်မြတ်မှုကို ရှာဖွေကြမြဲဖြစ်သည်။ အမေရိကန် အစိုးရတိုင်းက အစပိုင်းတွင် ဖြစ်စေ၊ ခက်ခဲမှုများတွေ့ကြုံပြီးသည့် နောက်တွင်ဖြစ်စေ အစ္စရေးနှင့် ပါလက်စတိုင်း ငြိမ်းချမ်းရေးကို ကြိုးစားခြင်းက ဒေသ၏ အောင်မြင်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် အကျိုးပြုလိမ့်မည်ဟု ကောက်ချက်ချတတ်ကြသည်။ အီဂျစ်နှင့် ဂျော်ဒန်တို့က အမေရိကန်က ပွဲစားလုပ်ပေးထားသော ငြိမ်းချမ်းရေး သဘောတူညီချက်များတွင် ပိတ်မိနေခဲ့ပြီ ဖြစ်သောကြောင့် အဆိုပါ အားထုတ်မှုများက ဆော်ဒီအာရေးဗီးယားနှင့် အခြားပင်လယ်ကွေ့ နိုင်ငံများ အပေါ်တွင် အာရုံစိုက်ထားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ဒေါ်နယ်ထရမ့်၏ ဂျေရုဆလင် လောင်းကြေးတင်မှုက အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး အလားအလာများ ထက်စာလျှင် ၎င်းမပါဝင်ဘဲ အီရန်ကို ရင်ဆိုင်ရန် အာရပ်- အစ္စရေး မဟာမိတ်ဖြစ်လာနိုင်ခြင်း ရှိ/မရှိ နှင့် ပို၍ သက်ဆိုင်နိုင်ပါသည်။ အီရန်ကို ဆန့်ကျင်ရာတွင် ကာလရှည်ကြာစွာ ဖုံးကွယ်ထားသည့် အစ္စရေး၏ တရားဝင် မဟုတ်သော်လည်း နားလည်မှုဖြင့် ပင်လယ်ကွေ့ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုက အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး မရှိသည့်တိုင် ပွင့်ပွင့်လင်းလင်း ပိုမြင်လာရသည်။ ဒေါ်နယ်ထရမ့်၏ ဂျေရုဆလင်ရွှေ့ကွက်က အဆိုပါ တပိုင်းတစ ပူးပေါင်းမှုနှင့် ပတ်သက်၍ အများပြည်သူ၏ သဘောထားကို ကောင်းစွာ တွန်းအားပေးနိုင်ပါလိမ့်မည်။
၃ – ဒေါ်နယ်ထရမ့် စွန့်စားမှု၏ အောင်မြင်မှုကို ဒေသတွင်း နိုင်ငံရေးက ဆုံးဖြတ်မည်။
အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံရေးမှ အဓိက ဦးတည်ချက်များက ဒေါ်နယ်ထရမ့်၏ ရွှေ့ကွက်ကို အကျိုးအမြတ် ရှိလာအောင် ပြုလုပ်ပေးနိုင်ပါသည်။ ဆော်ဒီ အာရေးဗီးယားနှင့် ၎င်း၏ အဓိက မိတ်ဖက်များက ဒေသတွင်းတွင် အီရန်နှင့် ထိပ်တိုက် ဖြစ်နေခြင်းက အရေးအကြီးဆုံး ဗျူဟာမြောက် ဦးစားပေး ဖြစ်သည်။ အာရပ် ဒေသတွင်းနိုင်ငံရေးက ထူးထူးခြားခြားပင် ယိုင်ရွဲ့ပြီး အပိုင်းပိုင်း ဖြစ်နေသည်။ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့၏ ၆ လသက်တမ်းရှိ ကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် တစိတ်တပိုင်း ဖြစ်ပြီး ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman က သူ၏ လျှင်မြန်သော အာဏာလက်ဝါးကြီးအုပ်လာမှုကြောင့်လည်း တစိတ်တပိုင်း ပတ်သက်သည်။ သူက မင်းသားများကို အံ့အားသင့်ဖွယ်ရာ ဖမ်းဆီးလိုက်ခြင်း၊ လက်ဘနွန်ဝန်ကြီးချုပ် Rafik Hariri အပေါ် ဆက်ဆံပုံနှင့် ယီမင်တွင် ပိတ်ဆို့နေသူများကို လူသားချင်းစာနာ ထောက်ထားရန် ခေါင်းမာမာနှင့် လျစ်လျူရှုခဲ့ခြင်းတို့၏ နောက်ပိုင်း အာရပ်နိုင်ငံရေး၏ စည်းမျဉ်းဟောင်းများက ရှုပ်ထွေးစွာ ပြောင်းလဲကုန်ပြီ ဖြစ်သည်။
နက်ရှိုင်းစွာ ကွဲပြားနေသော အာရပ်ပြည်သူများကြားတွင် ပါလက်စတိုင်း နယ်မြေများကို လေးလေးနက်နက် ဂရုစိုက်ဆဲလား သို့မဟုတ် ဂျေရုဆလင်က စိတ်ခံစားမှုအရ၊ နိုင်ငံရေးအရ အထူးတလည် အရေးပါဆဲလား ဆိုသည့် မေးခွန်း အနည်းငယ် ရှိပါသည်။ ထိုသို့ စိုးရိမ်မှုများက ငုပ်လျိုး၍ နေကောင်းနေပါမည်။ သို့သော်လည်း စစ်တမ်းကောက်ယူ မှုများနှင့် ဆိုရှယ်မီဒီယာမှ အချက်အလက်များက ထိုစိုးရိမ်မှုသည် အမှန်တကယ်ဖြစ်သလို အလွန်လည်း ကြီးမားကြောင်း ဖော်ပြနေသည်။
အရေးကြီးသည့် မေးခွန်းမှာ ပြည်သူတို့၏ ခံယူချက်က အာရပ်နိုင်ငံများ၏ နိုင်ငံရေးအပေါ် (အာရပ်နွေဦး အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေး လှုပ်ရှားမှုများကဲ့သို့) အဓိပ္ပါယ် ပြည့်ဝစွာဖြင့် တစုံတရာ သက်ရောက်နိုင်ခြင်း ရှိ/မရှိပင် ဖြစ်သည်။ လတ်တလောနှစ်များတွင် အာရပ်ပြည်သူတို့၏ အာရုံစိုက်မှုက ဆီးရီးယားနှင့် ယီမင်ရှိ စစ်ပွဲများနှင့် ဒေသတွင်း နိုင်ငံရေး မတည်ငြိမ်မှုများအပေါ်တွင် အဓိက ရောက်ရှိနေခဲ့သည်။ အာရပ်နိုင်ငံ အများစုရှိ ပြည်သူများမှာ အာရပ်နွေဦး ကျဆုံးအပြီး ရက်စက်ကြမ်းတမ်းသော အာဏာရှင်ဝါဒ ပုံစံများ ပြန်လည်ပေါ်ပေါက်လာခြင်း၏ နောက်ပိုင်း မတ်စောက်သော အတားအဆီး အခက်အခဲများ နှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ဂျေရုဆလင်နှင့် ပတ်သက်သည့် ပြည်သူတို့၏ ဒေါသနှင့်အတူ လိုက်ပါရင်း လမ်းကြောင်း တည့်မတ်အောင် သတိကြီးစွာ ထားရန် လိုအပ်သည်ကို အာရပ် အစိုးရများက နားလည်ကြောင်း ပြောကြသည်။
မည်သို့ဆိုစေ ပါလက်စတိုင်း နယ်မြေများအပေါ် ဒေသတွင်းမှ တဖန်ပြန်လည် အာရုံစူးစိုက်မှုက အာရပ်ကမ္ဘာ၏ နိုင်ငံရေး ဟန်ချက်ကို ဆော်ဒီ-UAE အုပ်စုထံမှ တိမ်းစောင်းသွားစေလိမ့်မည် ဖြစ်ပြီး ဆော်ဒီ-UAE အုပ်စု၏ ပြိုင်ဖက်ဖြစ်သော ကာတာ အတွက် အသက်ကယ် ကြိုးတချောင်း ချပေးလိုက်နိုင်မည်ဖြစ်သည်။
ဂျေရုဆလင်ကို အသိအမှတ်ပြုလိုက်ခြင်း အပေါ် အမေရိကန်၏ အနီးကပ် မဟာမိတ်ဖြစ်သည့် အာရပ် အစိုးရများကပင်လျှင် လူသိရှင်ကြား ဝေဖန်ခဲ့ကြသည်။ ပုံမှန်အားဖြင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတတ်သည့် မီဒီယာများနှင့် အများပြည်သူနှင့် ဆိုင်သော နေရာများတွင်ပင် ဝေဖန်သော အမြင်များကို ဖော်ပြခွင့်ပြုခဲ့ကြသည်။ နိုင်ငံရေးကစားပွဲတွင် ကာတာနှင့် အီရန်တို့ ရှုံးနိမ့်မည် သို့မဟုတ် လူကြိုက်များသော လှုပ်ရှားမှုများ သို့မဟုတ် ဂျေရုဆလင်နှင့် ပတ်သက်၍ ပြည်သူများကို ဆွဲဆောင်ထားသော Al Jazeera ကဲ့သို့ မီဒီယာ ပလက်ဖောင်းများ ရှုံးနိမ့်မည်ကို တဘက်က စိုးရိမ်ကောင်း စိုးရိမ်ကြမည်။ အခြားတဘက်တွင်လည်း လမ်းပေါ်သို့ ဆန္ဒပြပွဲများ ပြန်လည်ယူဆောင်လာနိုင်သည့် မည်သည့် အရာကို မဆို၊ ပြီးခဲ့သည့် ၅ နှစ်တာ အတွင်း ငြိမ်းသတ်ရန် ကြိုးစားခဲ့ကြသော နိုင်ငံရေး အပြောင်းအလဲအတွက် (ပြည်သူတို့၏) မျှော်လင့်ချက်များ ပြန်လည်တောက်လောင်လာမည်ကိုလည်း အစိုးရများက စိုးရိမ်ကြသည်။
လားရာများက ဂါဇာ ကမ်းမြှောင်ဒေသတွင် ဟားမတ်စ် Hamas ကို တိုက်ခိုက်သည့် အစ္စရေး၏ စစ်ပွဲများနှင့် ပတ်သက်၍ နိုင်ငံရေးအရ နစ်နာ ဆုံးရှုံးခဲ့ရခြင်းများနှင့် အလားတူနေပါသည်။ အရေးပါသော မေးခွန်းမှာ အာရပ် အစိုးရများက အမေရိကန်နိုင်ငံ၏ ဂျေရုဆလင်ကို အသိအမှတ်ပြုမှုအပေါ် ဆန္ဒပြပွဲများထက် ပို၍ တစုံတရာ ပြုလုပ်ခြင်း ရှိ/မရှိ သို့မဟုတ် စိတ်အားထက်သန်မှုများ လျော့ပါးသွားသည့် အချိန်တွင် အီရန် ဆန့်ကျင်ရေးတွင် အမေရိကန် – အစ္စရေးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုဆီသို့ ပြန်သွား/မသွား ပင် ဖြစ်သည်။
(The Washington Post သတင်းစာပါ Marc Lynch ၏ Three things to know about Trump’s Jerusalem gambit ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)