ဗီယက်နမ် ကုမ္ပဏီ အုပ်စုတခုဖြစ်သည့် VNG (ယခင်က Vinagames) ၏ အမှုဆောင် ဒုတိယ ဥက္ကဌ ကွမ်းခိုင် Quang Khai က နည်းပညာလောက၏ ဖက်ရှင်တခုအတိုင်း ထိုနယ်ပယ်ကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါသည်။
ငယ်ရွယ်သော ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား တယောက် အနေဖြင့် သူက ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး အိုင်တီ ကုမ္ပဏီ အုပ်စု ဖြစ်သည့် FPT ၏ ကွန်ရက်များအတွင်းသို့ ဖောက်ထွင်းဝင်ရောက် (Hack) ပြခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းက FPT အကြီးအကဲ၏ အာရုံစိုက်မှုရအောင် ဆွဲဆောင်နိုင်ခဲ့သည်။ ကွမ်းခိုင်၏ နည်းပညာစွမ်းရည်ကို အလွန်သဘောကျသွားသည့် FPT အကြီးအကဲက သူ့ကို ချက်ချင်းပင် အလုပ်ခန့်ခဲ့သည်။
ယခုအခါ အသက် ၃၈ နှစ် ရှိပြီ ဖြစ်သော ကွမ်းခိုင်က “ကျနော်က လူဆိုးတယောက် မဟုတ်ခဲ့ပါဘူး။ စပ်စုတာ မပါဘဲ ကျနော်က အဲဒီစနစ်နဲ့ ပတ်သက်လို့ ရိုးရိုးသားသား သက်သေပြချင်ခဲ့တာပါ” ဟု ထိုအချိန်က အကြောင်းများကို ပြန်ပြောရင်း ရှင်းပြသည်။
ယခုအခါ ကွမ်းခိုင်က ဝန်ထမ်း ၂ ထောင်ကျော် ရှိသည့် ကုမ္ပဏီတခု၏ ဦးဆောင်မှု အပိုင်းတွင် ပါဝင်နေပြီး ၂၀၁၇ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် ရှာဖွေနိုင်ရန် ကုမ္ပဏီက ရည်မှန်းထားသည်။
VNG မကြာမီကာလတွင် နိုင်ငံရပ်ခြား၌ အများပိုင် ရှယ်ယာများ ပထမဆုံးရောင်းချသည့် ဗီယက်နမ် ကုမ္ပဏီ ဖြစ်လာရန် ရှိ နေပါသည်။ ရှယ်ယာရောင်းချရန် အမေရိကန်နိုင်ငံ နယူးယောက်တွင် ယခုနှစ် အစောပိုင်းက ခွင့်ပြုချက် ရရှိထားပြီး ဖြစ် သည်။
VNG ၏ အဓိက ထုတ်ကုန်များထဲမှ တခုမှာ message ပို့သည့် အပလီကေးရှင်း တခုဖြစ်သော Zalo ဖြစ်သည်။ ကွမ်းခိုင် ကိုယ်တိုင် ဖန်တီးခဲ့သော ထို အပလီကေးရှင်းကို သုံးစွဲသူ သန်း ၇၀ ကျော် ရှိပါသည်။
လေ့လာစူးစမ်းလိုစိတ်က ကွမ်းခိုင်နှင့်အတူ ရှိနေခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
“ကျနော့်ကို ၁၉၇၉ ခုနှစ်မှာမွေးတယ်။ ကျနော့် အမေက နာရီရောင်းတဲ့ သူတယောက်ဖြစ်ပေမယ့် ကျနော့် အဖေကတော့ စာပေ ဝေဖန်ရေး ဆရာတယောက်ပါ။ ဒါကြောင့် ကျနော်တို့ အိမ်မှာ စာကြည့်တိုက် အကြီးကြီး တခုရှိပါတယ်။ ကျနော်က စာအုပ်တွေ ဖတ်ရင်းနဲ့ အချိန်ကုန်ခဲ့ရတာများပါတယ်။ ကျနော့် မိဘ ၂ပါးလုံးက အလုပ်များကြတော့ ကျနော်က ကျနော့်ရဲ့ ကိုယ်ပိုင် ကိရိယာတွေနဲ့ပဲ နေခဲ့ရပါတယ်။”
“ကျနော်ငယ်ငယ်တုန်းက ကျနော်သုံးနိုင်တဲ့ ကိရိယာ တခုက Nintendo ဂိမ်းစက်ပါ။ အဲဒါကို ဆိုင်မှာသွားပြီး နာရီနဲ့ ငှားရ ပါတယ်။”
ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတွင် လွတ်လပ်မှုများ စတင်ဖြစ်ပေါ်လာသည့် Doi Moi ပြုပြင်ပြောင်းလဲရေး (၁၉၈၆ ခုနှစ်တွင် စတင်ခဲ့သည့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး) ခေတ်တွင် လူလားမြောက်ခဲ့သူ တဦး အနေဖြင့် ကွမ်းခိုင်က နည်းပညာသစ်များ၏ လျှင်မြန်သော လှိုင်းကို မြင်သည့် မျိုးဆက်ထဲမှ တဦးဖြစ်ခဲ့သည်။
“ကျနော် ကွန်ပျူတာကို ပထမဆုံးတွေ့ဖူးတာက ဘဏ်မှာပါ။ အဲဒီအချိန်မှာ ဗီယက်နမ်မှာက ဘဏ်တွေက အရမ်းကို အသစ် အဆန်းဖြစ်နေတယ်။ ဒါပေမယ့် ကျနော် သတိထားမိခဲ့တယ်။ ကွန်ပျူတာ ရှေ့မှာထိုင်ပြီးတော့ အလုပ်လုပ်နေတဲ့သူ တွေကို မြင်တယ်။ အဲဒါက ကျနော့်ကို ဆွဲဆောင်ခဲ့ပါတယ်။”
“၁၉၉၂ ခုနှစ်မှာ ကျနော့် မိဘတွေက ကျနော့်ရဲ့ ပထမဆုံး ကွန်ပျူတာကို ဝယ်ပေးတယ်။ အဲဒါက အမေရိကန် ဒေါ်လာ ၁၂၀၀ ကျပါတယ်။ အဲဒါက တိုက်ခန်းတခန်း တန်ဖိုးရဲ့ တဝက် ရှိတယ်လို့ ကျနော့် အမေကပြောတယ်။”
၁၉၉၆ ခုနှစ်တွင် အထက်တန်းအောင်မြင်ခဲ့ပြီးနောက် ကွမ်းခိုင်က ဟနွိုင်း Hanoi တက္ကသိုလ်တွင် အိုင်တီ ကျောင်းသား တယောက် ဖြစ်လာသည်။ တက္ကသိုလ်တက်ရင်း အင်ထရာနက် (အင်တာနက်သို့ ဆက်သွယ်ထားခြင်းမရှိသည့် သတ်မှတ်ဧရိယာအတွင်းသာ ချိတ်ဆက်ထားသည့် ကွန်ရက်စနစ် တခု) ကို စတင်တွေ့ရှိခဲ့သည်။
“အင်ထရာနက် မရှိခင်က တမြို့ထဲမှာနေတဲ့ သူတွေနဲ့ပဲ ကျနော် ဆက်သွယ်နိုင်ခဲ့တယ်။ စနစ်က အရမ်းအကန့်အသတ် ရှိတယ်။ ဒါပေမယ့် အဲဒါကို သုံးပြီး ဟနွိုင်းက လူ၁၀၀ လောက်နဲ့ ဆက်သွယ်နိုင်တယ်။ ဆိုင်းဂုံ Saigon က နောက်ထပ် လူ ၁၀၀ လောက်နဲ့ ဆက်သွယ်နိုင်တယ်။ ကွဲပြားတဲ့ မြို့ ၂ မြို့က လူ၂၀၀ လောက်က အရင်က မဖြစ်နိုင်ခဲ့တဲ့ နေရာမှာ အတူတကွ ဆက်သွယ်နိုင်ကြတာ။ အဲဒါက အရမ်းကို အင်အားကောင်းပါတယ်။”
၁၉၉၈ ခုနှစ်ရောက်မှသာ ကမ္ဘာကို ဆက်သွယ်နိုင်သည့် အင်တာနက်ကို ကွမ်းခိုင် အသုံးပြုခွင့် ရခဲ့သည်။ ထိုအချိန်တွင် သူက FPT တွင် အလုပ်လုပ်နေပြီ ဖြစ်သည်။
“ကျနော်က အင်တာနက်အတွက် အခြေခံစနစ်တခုလုံးရေးတဲ့ နေရာမှာ လုပ်ခဲ့ရတယ်။ ဒါကြောင့် သူတို့ရဲ့ စနစ်တွေထဲမှာ ရှိတဲ့သူတွေတင် မဟုတ်ဘဲ လူတိုင်း အင်တာနက်ကို ဆက်သွယ်နိုင်တယ်။ ကျနော်က ဗီယက်နမ်နိုင်ငံမှာ အင်တာနက်နဲ့ ပထမဆုံး အလုပ်လုပ်တဲ့ သူတွေထဲမှာ တယောက်အပါအဝင် ဖြစ်ခဲ့ပါတယ်။”
ဘွဲ့ရပြီး နောက် ကွမ်းခိုင် ၄ နှစ် အလုပ်လုပ်ခဲ့သည်။ ထို့နောက် ပညာသင်ဆုရသည့်အတွက် အမေရိကန် နိုင်ငံ နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ်တွင် တက်ရောက်၍ မဟာဘွဲ့ ယူနိုင်ခဲ့သည်။ အမေရိကန်မှ ပြန်လာသည့်အခါ ယခုအခါ VNG ဖြစ်လာမည့် Vinagames သို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ကွမ်းခိုင် က Zingmp3 (ဂီတ ဝန်ဆောင်မှု) နှင့် Zingme (လူမှုကွန်ရက်တခု) စသည် တို့ဖြင့် အွန်လိုင်း ဝန်ဆောင်မှု များကို စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ရောက်သည့်အခါ VNG ၏ အအောင်မြင်ဆုံး အပလီကေးရှင်းတခု ဖြစ်သည့် Zalo ကို စတင်ခဲ့သည်။
“အဲဒါက တကယ်ကို ခက်ခဲတဲ့ တိုက်ပွဲပါ။ ဘာကြောင့်လဲ ဆိုတော့ ၂၀၁၃ ခုနှစ် အစောပိုင်းမှာ Wechat က သုံးစွဲသူ ၁ သန်း လောက်ရှိနေပြီ။ Line ကလည်း အရမ်းကို အင်အားကောင်းနေတယ်။ ကျနော်တို့ အနေနဲ့ ကျနော်တို့ရဲ့ ကိုယ်ပိုင် အားသာချက်ကို ရွေးချယ်နိုင်ဖို့နဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာ အဆင်ပြေစေဖို့ လိုအပ်ပါတယ်။”
“ကျနော်တို့ ရှင်သန်ဖို့ အဲဒါက တခုတည်းသော အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ မိုဘိုင်း အင်တာနက်က (အဲဒီ အချိန်မှာ) အတော်လေးကို မတည်မငြိမ် ဖြစ်နေတုန်းပဲ။ ဒါကြောင့် ကျနော်တို့က Zalo ကို လျှင်မြန်အောင်နဲ့ ယုံကြည် အားထားနိုင်အောင် လုပ်ဖို့ အာရုံစိုက်ခဲ့ပါတယ်။ message တခုကို ပို့လိုက်ပြီဆိုရင် လက်ခံမယ့်သူဆီကို အချိန်အတိုဆုံး နဲ့ ရောက်သွားဖို့ ကျနော်တို့က သေချာအောင် လုပ်ချင်ခဲ့ပါတယ်။”
“တခါတလေ ကျနော်တို့ က နောက်ထပ် လုပ်လို့ ရနိုင်မှာတွေ ထည့်ပေးချင်တယ်။ ဒါပေမယ့် တကယ်လို့ ကျနော်တို့က တစက္ကန့်ရဲ့ အပုံ ၁၀၀၀ ပုံ ၁ ပုံ လောက်ပဲ ပိုမြန်နိုင်တယ်ဆိုရင်တောင်မှ မြန်နှုန်းပေါ်မှာပဲ အာရုံစိုက်ဖို့ လိုတယ်လို့ ကျနော်က အလေးအနက် တိုက်တွန်းခဲ့ပါတယ်။”
နောက် ၄ နှစ်ကြာသော အခါ ပုံမှန် သုံးစွဲသူ ၃၅ သန်းကျော်နှင့် အတူ Zalo က ဗီယက်နမ်ဈေးကွက်ကို လွှမ်းမိုးသွားခဲ့သည်။
Zalo ၏ အောင်မြင်မှုနည်းလမ်း Localization ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် ပြုလုပ်ခြင်းက အရှေ့တောင် အာရှတလွှားတွင်လည်း အကျွမ်းတဝင်ရှိပြီး ဖြစ်သော ဇာတ်ကြောင်းတခု ဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံ၏ Gojek (ဒေသသုံးစကား ojek သို့မဟုတ် ဆိုင်ကယ် တက္ကဆီကို အစွဲပြုထားသည့် အမည်) က တိုင်းပြည်၏ ရှုပ်ထွေး ပိတ်ဆို့နေသော လမ်းများတွင် နေရာအနှံ့ လျှင်မြန်စွာ သွားလာနိုင်သည့် မော်တော်ဆိုင်ကယ်က အသက်သွေးကြောဖြစ်သည်ကို အမှတ်ရစေပါသည်။ Gojek က သွားလာရေး၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးနှင့် အွန်လိုင်းငွေချေစနစ်များ ပါဝင်သည့် အင်ပါယာတခု အပေါ်တွင် အခြေပြုတည်ဆောက်ထားခြင်း ဖြစ်သည်။ ယခုအခါ တွင် ကုမ္ပဏီ၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရှိသည်ဟု လေ့လာဆန်းစစ်သူတို့က ခန့်မှန်းထားသည်။
အခြားတဖက်တွင်မူ အစပိုင်းတွင် ဈေးကွက်ကို လွှမ်းမိုးတော့မည့် အသွင်ရှိခဲ့သည့် အမေရိကန် ကုမ္ပဏီကြီး တခုဖြစ်သည့် Uber က ဒေသ ဥပဒေများကို ချိုးဖောက်ခြင်း၊ သြဇာကြီးသော သမဂ္ဂများနှင့် အတိုက်အခံဖြစ်ခြင်းများ ရှိနေသလို အပြင်လူအဖြစ် သဘောထားခံရခြင်းများနှင့် ရင်ဆိုင်နေရသည်။
အသေးစားဖက်သို့ ကြည့်မည်ဆိုလျှင် နိုင်ငံ၏ မီဒီယာစတားများကို အခြေခံသည့် ဂိမ်းများ ထုတ်လုပ်နေသော ဖိလစ်ပိုင် နိုင်ငံမှ Xeleb ရှိပါသည်။ “အကိုကြီး Kim ၏ စွန့်စားခန်းများ (The Adventures of Kuya Kim)”၊ “Erwan ၏ စား သောက်ဆိုင် (Erwan’s Eatery)” နှင့် “ဆိုင်ကယ်စီးသော Belle (Biker Belle)” အစရှိသည့် ဂိမ်းအမည်များက ဖိလစ်ပိုင်နိုင်ငံ၏ ထင်ပေါ်ကျော်ကြားသူများအပေါ် ရူးသွပ်ကြသည့် အလေ့အထကြောင့် အကျိုးအမြတ်များ ရရှိစေခဲ့ပြီး Xeleb ကို ဆိုရှယ်မီဒီယာတွင် Follower သန်း ၅၀ ကျော် ရှိစေခဲ့သည်။
Zalo မှသည် Xeleb အထိ အရှေ့တောင်အာရှ၏ တီထွင်ဆန်းသစ်သူများက “context is king” ဆိုသည့် မန္တန်ကို ရေရွတ်ကိုင်စွဲရင်း ပြိုင်ဘက်များကို အနိုင်ယူလာနေကြသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)