ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်ဆလင်များအပေါ် ပြုမူဆက်ဆံပုံနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဝေဖန်မှုများ မြင့်တက်လာသည့် အချိန်တွင် မြန်မာနိုင်ငံက သံတမန်ရေး ထိုးစစ်တခုကို ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂ၊ အရေးယူပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ရန် တောင်းဆိုနေခြင်းများကို တုန့်ပြန်ရန်၊ ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်သင့်မြတ်ရေး အစီအစဉ်များတွင် နိုင်ငံတကာ အသိုင်းအဝိုင်းကို စွဲဆောင်ရန် အားထုတ်မှုတို့ ပါဝင်သည့် အစိတ်အပိုင်း ၃ ခုပါ စစ်ဆင်ရေးတခု ဖြစ်ပါသည်။
သံတမန်နည်းအရ ဆွဲဆောင်သော အဆိုပါ ထိုးစစ်က အရေးယူပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ရောက်ရှိရေး အားထုတ်မှုများ၏ နောက်ကွယ်တွင် အဓိက လှုပ်ရှားသူများအဖြစ် မြင်သော အရှေ့ အလယ်ပိုင်းနှင့် အာရှမှ မွတ်ဆလင်နိုင်ငံများသို့ အဓိက ဦးတည်ထားသည်။ အစိုးရ၏ အနေအထားကို ရှင်းပြရန် အစ္စလမ်မစ် နိုင်ငံများအဖွဲ့ (OIC) ၏ အဖွဲ့ဝင်များအား ဆက်သွယ်ရန် သံတမန်များကို ပြီးခဲ့သည့် အပတ်အတွင်းက ညွှန်ကြားခဲ့သည်။
မြန်မာ အစိုးရက ဒုက္ခသည် အားလုံးကို တဆင့်ချင်း ပြန်လည်လက်ခံသွားရန် စီစဉ်ထားကြောင်း ရှင်းပြရန် သူတို့ကို ညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ သံတမန်များက ပြောဆိုကြသည်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ အရပ်သားခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် ကူညီရန် နိုင်ငံတကာ အကြံပေး အဖွဲ့တခု ဖွဲ့ စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ ထိုအဖွဲ့တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီးယတ် ဆပ်ထီရာထိုင်း Surakiart Sathirathai က ဥက္ကဌ အဖြစ် ဆောင်ရွက်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်း ရခိုင်ပြည်နယ်မှ ပဋိပက္ခက သြဂုတ်လနှောင်းပိုင်းမှ စတင်၍ ပိုမို ဆိုးရွားလာခဲ့သည်။ တပ်မတော်၏ အကြမ်းဖက်မှု နှိမ်နင်းရေး စစ်ဆင်ရေးများ ပေါ်ပေါက်လာသည့် အချိန်တွင် ၁ သန်း၏ ၄ ပုံ ၃ ပုံခန့်ရှိသော ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်ဆလင်များ နယ်စပ်ကို ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။
ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က “လူမျိုးဖြုတ် ရှင်းလင်းခြင်း ethnic cleansing”ဟု အမည်တပ်ခဲ့သော်လည်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Zeid Ra’ad al-Hussein က ပိုမို ပွင့်လင်းစွာဖြင့် “လူမျိုးတုန်း သတ်ဖြတ်မှု genocide ” သက်သေများ ရှိသည်ဟု သူယုံကြည်ကြောင်း ပြော၍ တာဝန်ရှိသူများ (နိုင်ငံ၏ ထိပ်တန်း တပ်မှူးများ) ကို Hague မြို့ရှိ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းပေးရန် အထိ ဖြစ်စေနိုင်သော စကားကို ဆိုခဲ့သည်။
ပြီးခဲ့သည့် အပတ်အတွင်းတွင် နိုင်ငံတကာ၏ စိုးရိမ်မှုက ထပ်မံမြင့်တက်ခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဂျီနီဗာတွင် ပြုလုပ်သော မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့် အခြားသော လူနည်းစုများ၏ အခြေအနေကို စဉ်းစားသုံးသပ်သည့် အထူးအစည်းအဝေးတွင် မြန်မာနိုင်ငံတွင် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ကျူးလွန်ခဲ့သည့် စနစ်တကျနှင့် အခြေခံကျ ကျ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဆုံးဖြတ်ခဲ့သည်။
ဂျီနီဗာမှ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးထင်လင်းက စွပ်စွဲချက်များကို အဆိုပါ အစည်းအဝေးတွင် ပယ်ချ ခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ရခိုင်ပြည်နယ်မှ အခြေအနေများ၏ ရှုပ်ထွေးမှုကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ သည်ဟု သူက ပြောသည်။
တပ်မတော်၏ အင်အား အလွန်အကျွံ အသုံးပြုခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှု (အဓမ္မရွှေ့ပြောင်းနေရာချခြင်း၊ နေအိမ် များကို ဖျက်ဆီးခြင်း၊ မတရားပြုကျင့်ခြင်းနှင့် ရွာသားများကို သတ်ခြင်း) စွပ်စွဲချက်များကို မြန်မာအစိုးရက အဆက်မပြတ် ပယ်ချနေခဲ့သည်။ သို့သော်လည်း မွတ်ဆလင်နိုင်ငံအများစု၊ အမေရိကန်နှင့် ဥရောပနိုင်ငံများက ကျူးလွန်သူများအား အလျှင်အမြန် အရေးယူပေးရန် မြန်မာအစိုးရကို တောင်းဆိုခြင်းကို မတားဆီးနိုင်ခဲ့ပါ။ သို့သော်လည်း မြန်မာနိုင်ငံ၏ အရပ် သားခေါင်းဆောင်များက တပ်မတော်ကို အပြစ်တင်ရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး ဖြစ်သည်။
ယခု ဗျူဟာသစ်၏ အဓိက နေရာတွင် ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ များ ဝင်ရောက်ခွင့်ပြုရန် အစိုးရအပေါ် နိုင်ငံတကာမှ ဖိအားများ တိုးလာနေခြင်းကို ပြဿနာများ၏ ထိပ်ဆုံးတွင် ရှိနေသည်ဟု အစိုးရက ယုံကြည်သည်။ ရှင်းလင်းသော တုန့်ပြန်မှုတခုကလည်း ရှိနေသည်။ ယခုအခါတွင် ရခိုင်ပြည်နယ်မှ ပဋိပက္ခ သည် ရေချိန်ကျဆင်းသွားခဲ့ပြီ ဖြစ်ပြီး ဒုက္ခသည်များကို ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံရေးနှင့် နေရာချထားပေးရေး၊ နေအိမ်များ ဆေးရုံများနှင့် ကျောင်းများကို ပြန်လည်တည်ဆောက်ပေးရေး စသော ကြီးမားသော တာဝန်များကို အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နေသည်။ ထိုတာဝန်မှာ လွန်ခဲ့သည့် ၂ လက တည်ထောင်ခဲ့သော “ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHARD)” ပြည်ထောင်စု စီမံကိန်း၏ တာဝန်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင် ဦးဆောင်မှုအောက်တွင် ရှိပါသည်။
UEHARD က ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင် အထည်ဖော်ရန် ဖြစ်သည်။ ထိုအကြံပြုချက်များကို မြန်မာအစိုးရကလည်း လက်ခံခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှ အများစုက ထောက်ခံခဲ့ကြသည်။
သြဂုတ်လအတွင်း ကိုဖီအာနန်က ကော်မရှင်၏ အစီရင်ခံစာနှင့် အကြုံပြုချက်များကို (အများပြည်သူသို့ ထုတ်ပြန်ခြင်း မပြုမီ) ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ချိန်၌ တင်ပြခဲ့ပြီး အကောင်အထည်ဖော်မှုများကို ကြီးကြပ် ရန် ခန့်ထားမှုကို ဝန်ကြီးအဆင့်ဖြင့် ပြုလုပ်ရန်၊ တိုးတက်မှုများကို စောင့်ကြည့်လေ့လာရန်နှင့် လုပ်ငန်းစဉ် တခုလုံးတွင် နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှုကို အထောက်အကူပေးရန် နိုင်ငံတကာ အကြံပေးအဖွဲ့တခု ဖွဲ့စည်းရန် တိုက်တွန်းခဲ့သည်။
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆူရာကီးယတ် ဆပ်ထီရာထိုင်းသည် ပြီးခဲ့သည့် ၂ ပတ်က နေပြည်တော်သို့ အများပြည်သူ သတိမပြုမိလိုက်သည့် လျှပ်တပြက် ခရီးစဉ်တခု သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ လုပ်ငန်း တာဝန် အတိုင်းအတာနှင့် အသေးစိတ်ကို သူတို့ ဆွေးနွေးခဲ့ကြသည်ဟု သံတမန် အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်များက ပြောသည်။
သုတေသန ပြုလုပ်ခြင်းမှသည် အကူအညီ ပို့ဆောင်မှုများကို လေ့လာဆန်းစစ်ခြင်းအထိ လုပ်ငန်း အတိုင်းအတာက အလွန်ကျယ်ပြန့်သည်ဟု Asian Peace and Reconciliation Council ၏ အတွင်းရေးမှူးချုပ် ကော့ဘ်ဆပ် ချူတီကူးလ် Kobsak Chutikul က ပြောသည်။ သူက ဝါရင့် ထိုင်းသံတမန်တဦး ဖြစ်ပြီး ကုလသမဂ္ဂအတွက် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်ရေး နိုင်ငံတကာ အကြံပေးအဖွဲ့တွင် နိုင်ငံတကာ ကိုယ်စားလှယ် ၅ ဦး နှင့် မြန်မာ အဖွဲ့ဝင် ၅ ဦး ပါဝင်သည်။
အဖွဲ့တွင် ပါဝင်သည့် နိုင်ငံတကာ ကိုယ်စားလှယ်များထဲတွင် သံတမန်ရေးကိစ္စ အများအပြားတွင် ပါဝင်ဆောင်ရွက်ခဲ့သော အမေရိကန် ဒီမိုကရက်ပါတီမှ ထိပ်တန်း ပုဂ္ဂိုလ်တဦး ဖြစ်သည့် ဘေလ်ရစ်ချတ်ဆန် Bill Richardson လည်း ပါဝင်သည်။ သူက အမေရိကန် အထက်လွှတ်တော် အမတ်၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး၊ စွမ်းအင်ဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။
၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သော လူအနည်းငယ်တွင် ဘေလ်ရစ်ချတ်ဆန်လည်း တယောက်အပါအဝင် ဖြစ်သည်။ ဘေလ်ရစ်ချတ်ဆန်သည် မြောက်ကိုရီးယား၊ အီရတ်နှင့် ကျူးဘားတို့တွင် ဓားစာခံများ၊ အမေရိကန် ဝန်ထမ်းများနှင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ပေးရေး ညှိနှိုင်းမှုများတွင်လည်း ပါဝင် ပတ်သက်ခဲ့ဖူးသည်။
အခြား နိုင်ငံတကာ အဖွဲ့ဝင်များထဲတွင် ယခုအချိန်၌ ဆွီဒင် လွှတ်တော်၏ ဥက္ကဌ ဖြစ်သော အာဘန်အားလင်း Urban Ahlin လည်း ပါဝင်သည်။ သူက ဝါရင့် ဆိုရှယ်ဒီမိုကရက် နိုင်ငံရေးသမားတယောက် ဖြစ်ပြီး နိုင်ငံခြားရေး ကိစ္စများတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ပါတီ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတဦး အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။
အီရန်နိုင်ငံမှ ဆွီဒင် ဆောက်လုပ်ရေး လုပ်သားများ ပြန်လွှတ်ပေးရေးနှင့် ဘဲလားရပ်စ် သမ္မတလောင်းကို အကျဉ်းထောင်မှ ပြန်လွှတ်ပေးရေးတို့ အပါအဝင် ယခင်က နိုင်ငံတကာ စေ့စပ်ဆွေးနွေးမှုနှင့် ကြားဝင်ဖြန်ဖြေမှု အများအပြားတွင် အာဘန်အားလင်း ပါဝင်ခဲ့သည်။
နောက်ထပ် အဖွဲ့ဝင်တဦးမှာ တောင်အာဖရိကမှ နိုင်ငံရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင် တဦး ဖြစ်သည့် ရုအက်ဖ် မီးယား “Roelf” Meyer ဖြစ်သည်။ သူက တောင်အာဖရိကနိုင်ငံတွင် လူမျိုးရေးခွဲခြားမှုများ အဆုံးသတ်ရေး ညှိနှိုင်းဆွေးနွေးမှုများတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။ ဗြိတိန် လေဘာပါတီမှ နိုင်ငံရေးသမား တဦး ဖြစ်သည့် လော့ဒ် အရာဒါဇီ Ara Darzi သည်လည်း ကမ္ဘာ့ ထိပ်တန်း ခွဲစိတ်ဆရာဝန်များထဲတွင် တဦး အပါအဝင် ဖြစ်ပြီး ကျန်းမာရေးစနစ် ပြောင်းလဲတိုးတက်ရေးအတွက် တောင်းဆိုလှုပ်ရှား သူတဦး အဖြစ်ကမ္ဘာက အသိအမှတ်ပြုခြင်း ခံရသူ ဖြစ်သည်။
သူတို့၏ အဓိက တာဝန်မှာ ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်များကို အစိုးရမှ တဆင့် အကောင်အထည်ဖော်ခြင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြီးကြပ်ရန် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် အကြံပေးတဦးက ပြောသည်။
“ရည်ရွယ်ချက်ကတော့ ဒီမိုကရက်တစ် မူဘောင်တခုကို တည်ဆောက်ဖို့နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံ စရာရှိတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်” ဟု အဆိုပါ အကြံပေးပုဂ္ဂိုလ်က ပြောသည်။ လိုအပ် နေသည်မှာ အသံသစ်များ ကျယ်ကျယ်ပြန့်ပြန့် ရှိလာရေး ဖြစ်သည်။ အဆိုပါ အကြံပေးအဖွဲ့က သူတို့၏ နိုင်ငံတကာ အတွေ့အကြုံများဖြင့် အမုန်းစကားများကို မည်သို့ တိုက်ဖျက်ရမည်ဆိုခြင်း အပါအဝင် ပိုမို၍ အခြေခံကျသည့် စိတ်ကူး နည်းလမ်းများကို ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က လူ့အသိုင်းအဝိုင်းတွေရဲ့ အခွင့်အရေးနဲ့ အကာအကွယ်ပေးမှု၊ ဆင်းရဲနွမ်းပါးမှု၊ လူ့အသိုင်းအဝိုင်းအတွင်းက မလုံခြုံမှုနဲ့ စိုးရိမ်ကြောက်လန့်မှု၊ ရခိုင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ တိုးတက်မှုကို ရေရှည် ဖြစ်ထွန်းစေမယ့် လူ့အသိုင်းအဝိုင်းကြားက ဆက်ဆံရေး ခိုင်မြဲမှုကို အားကောင်းစေဖို့ လိုအပ်မှု စတာတွေကို ဖြေရှင်းဖို့ ထိရောက်တဲ့ တုန့်ပြန်မှုတခုအပေါ်မှာ အာရုံစူးစိုက်ဖို့ အကြံပေးအဖွဲ့ကို အဓိက တောင်းဆိုခဲ့ပါတယ်” ဟု ကော့ဘ်ဆပ် ချူတီကူးလ်က ပြောသည်။ သူက အဆိုပါ အကြံပေးအဖွဲ့တွင် အတွင်းရေးမှူး အနေဖြင့် ဆောင်ရွက်မည်ဟု မျှော်လင့်ရပါသည်။
မြန်မာ ခေါင်းဆောင်များနှင့် မကြာသေးမီက တွေ့ဆုံမှုအတွင်း ဆူရာကီးယတ် ဆပ်ထီရာထိုင်းက လတ်တလော ပြုလုပ်နေသည့် သံတမန်နည်းအရ စည်းရုံးဆွဲဆောင်သည့် တုန့်ပြန်မှုကို အကြံပြုခဲ့သည့်အတွက် အကြံပေးအဖွဲ့၏ တန်ဖိုးက အကျိုးအမြတ် ရရှိနေခဲ့ပြီ ဖြစ်သည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များက ပြောကြသည်။
OIC က လှှုပ်ရှားမှုတခု မပြုလုပ်နိုင်မီ တညီတညွတ်တည်း သဘောတူညီချက်တခု ရရှိရန် လိုအပ်သည့် အတွက် OIC အဖွဲ့ ဝင် ၅၈ နိုင်ငံ အတွင်းမှ အလယ်အလတ်ကျသည့် နိုင်ငံများ ဖြစ်သော ဘာရိန်း၊ ဂျော်ဒန်နှင့် ဘရူနိုင်း တို့ကဲ့သို့ သော နိုင်ငံ အချို့ကို ပစ်မှတ်ထားရန် မြန်မာအစိုးရကို ဆူရာကီးယတ်က အကြံပြုခဲ့သည်။ ထိုနည်းဗျူဟာကို ထိုင်းနိုင်ငံတောင်ပိုင်းမှ ပြဿနာတွင် အသုံးပြုခဲ့ပါသည်။
(Bangkok Post သတင်းစာပါ Larry Jagan ၏ Myanmar Launches Diplomatic Offensive ကို ဘာသာပြန်ဆိုသည်)