မကွေးတိုင်း ဒေသကြီး အစိုးရအတွက် ဒေသတွင်း ဘတ်ဂျက်ဝင်ငွေများ၏ အဓိက ပင်ရင်းတခုဖြစ်သော ရေနံ လက်ယက် တွင်းတိမ် လုပ်ငန်းများကြောင့် တိုင်းဒေသ ဖွံ့ဖြိုးရေး ဘတ်ဂျက် ရန်ပုံငွေ ကျပ် ဘီလီယံချီ နှစ်စဉ် ရရှိ နေ သည်။
တဖက်တွင်လည်း တိုင်းအစိုးရ၏ စီမံအုပ်ချုပ်ရေးပိုင်း ဆိုင်ရာ လိုအပ်ချက် တချို့ကြောင့် ဘတ်ဂျက် ယိုပေါက်များ ရှိနေ သည့် အတွက် တိုင်းအစိုးရနေဖြင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများက တိုက်တွန်း ပြောဆိုလျက် ရှိကြသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိရာ မြန်မာပြည် အလယ်ပိုင်းက မကွေးတိုင်း အတွင်း ရေနံ လက်ယက်တွင်းတိမ် လုပ်ငန်းများကို မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင် တို့တွင် လုပ်ကိုင်လျက် ရှိသည်။
၂၀၁၆-၂၀၁၇ တွင် မကွေးတိုင်းဒေသကြီး အတွင်း၌ ခွင့်ပြုမိန့်ရပြီး ရေနံလက်ယက်တွင်းတိမ် လုပ်ကွက် အဟောင်း ၄၅ ကွက် နှင့် အသစ် ၁၁ ကွက် ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ တွင် ခွင့်ပြုမိန့်ရပြီး သက်တမ်းတိုး လုပ်ကွက် ၂၀ နှင့် လုပ်ကွက်သစ် ၁၂ ကွက် ရှိကြောင်း တိုင်းအစိုးရထံမှ သိရသည်။
ယင်းလုပ်ငန်းများမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေ ကျပ်သန်း ၁၅၀၀ ကျော် ရရှိခဲ့သည်ဟု ဆိုသည်။
ထိုု့အပြင် တိုင်းအစိုးရ အနေဖြင့် ပြီးခဲ့သည့် အစိုးရလက်ထက်က စာရင်း မတွေ့ခဲ့သည့် ရေနံလက်ယက်တွင်း လုပ်ငန်း ရှင်များ ဆီက ရသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် သန်း ၇၀၀၀ ကျော်အနက် ကျပ် သန်း ၃၂၇၉ သန်း (၃.၂၇၉ ဘီလီယံ) ကိုလည်း ပြန်လည် ရရှိခဲ့သေးကြောင်း သိရသည်။
အဆိုပါ ကျပ် ၇,၄၅၉ သန်း ပျောက်ဆုံးနေမှုကို အထူးစုံစမ်း စစ်ဆေးရေး အဖွဲ့(စစစ)က စစ်ဆေးခဲ့ပြီးနောက် ကျပ် သန်း ၃,၀၀၀ ကျော်ကို အစိုးရသစ်ထံ ပြန်လည်ပေးအပ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၇ ဧပြီလအတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းညွှန်ကြားချက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အတွက် သုံးစွဲခဲ့သည့် မကွေးတိုင်း ဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းပိုင် ကျပ်သန်း ၁,၇၀၀ ၊ ရွှေသုခ အသေးစားငွေချေး လုပ်ငန်းကို လွှဲပြောင်း ပေးခဲ့ သည့် ကျပ် ၁,၅၇၀ သန်းနှင့် မော်တော်ယာဉ် ၄ စီး၊ ဘက်ဟိုး ၁ စီး၊ ပဲ့ထောင်ရေယာဉ် ၂ စီးတို့ကို ပြန်လည် လွှဲပေး ရန်ဟု ပါရှိသည်။
ပြန်လည် ရရှိသော ရန်ပုံငွေများကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် စည်းကမ်းတကျ အသုံးပြုရန် ပြည်ထောင်စု အစိုးရထံ တင်ပြထားသကဲ့သို့ ကျန်ရှိသည့် ကျပ် ၄ ဘီလီယံကျော်ကိုလည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စိစစ်မှု များ ပြုလုပ် နေကြောင်း မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။
ယင်းကဲ့သို့ ပြီးခဲ့သည့် အစိုးရ လက်ထက်က ဖွံ့ဖြိုးရေးရန်ပုံငွေ အရှုပ်အရှင်းများ ရှိခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက် တွင် ရရှိလာသည့် ရန်ပုံငွေများနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများသို့ ပွင့်လင်းမြင်သာစွာ ချပြမှု များ ရှိလာကြောင်း မကွေးအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများထံမှ စုံစမ်း သိရှိရသည်။
လက်ရှိ မကွေးတိုင်း အတွင်း ရေနံတူးဖော် လုပ်ကိုင်နေသူများသည် ရေနံတူးရန် မြေပေါက် တပေါက်အတွက် ဒေသခံ မြေပိုင်ရှင်များထံမှ ရေနံ အထွက်နှုန်းပေါ် မူတည်ပြီး ကျပ် ၃ သိန်းမှ ၁၅ သိန်းခန့်အထိ ပေးချေ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း ဒေသခံ လုပ်ကိုင်နေသူများက ပြောသည်။
“ဒီကျင်းတွေဆိုရင် မြေဖောက်ခ ၃ သိန်း ယာခင်းရှင်ကိုပဲ ပေးရတယ်။ အစိုးရကို မပေးရဘူး။ ယာခင်းရှင်ရဲ့ မြေကွက် ထဲမှာ ဆိုတော့ အလုပ်သမားနဲ့ ယာခင်းရှင် အဆင်ပြေသလို လုပ်ကြတာပေါ့။ မြေပေါက်ခ မပေးနိုုင်တဲ့သူ ကျတော့ ယာခင်းရှင်နဲ့ ရှယ်ယာဝင် လုပ်ကြတာပေါ့” ဟု ထန်းကိုင်း ရေနံမှော်မှ တွင်းတူး လုပ်သားတဦးဖြစ်သူ ကိုရဲမြင့်က ပြောပြ သည်။
ရေနံ တူးဖော် ထုတ်လုပ်မှုနှင့် ပတ်သက်၍ ၂၀၁၇ ဇူလိုင်လ အတွင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း ခဲ့သည့် ‘ရေနံ လက်ယက်တွင်း ဆိုင်ရာ ဥပဒေ’ အရ အနက်ပေ ၁၀၀၀ သာ ခွင့်ပြုထားသော်လည်း မြေပြင်တွင်မူ ရေနံ အထွက်နှုန်းအပေါ် မူတည်ပြီး ပေ ၂၀၀၀ ကျော်သည်အထိ တူးဖော် လုပ်ကိုင်နေကြသည်ကို တွေ့ရှိရသည်။
ထန်းကိုင်း ရေနံမှော်သည် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်းက မှော် တခုဖြစ်ပြီး သက်တမ်းအားဖြင့် ဆယ်စုနှစ် တခုကျော် ကြာနေပြီ ဖြစ်သည်။
အဆိုပါ ရေနံမှော်တွင် ရေနံတွင်း တတွင်းကို ယခင်က တနေ့ ၁၀ ပီပါခန့် ထွက်သော်လည်း လက်ရှိတွင် ၁ ပီပါခန့်သာ ထွက်ရှိတော့ကြောင်း၊ ရေနံအထွက်နှုန်း ကျဆင်းလာသော်လည်း လယ်ယာ စိုက်ပျိုးခြင်းထက် ဝင်ငွေ ပိုကောင်းသော ကြောင့် ဒေသခံများက ဆက်လက် လုပ်ကိုင်နေကြကြောင်း သိရသည်။
ရေနံ လက်ယက်တွင်းတိမ် လုပ်ငန်းများ စတင်လုပ်ကိုင်သည့် ၂၀၀၄ ခုနှစ်လောက်က လက်ထောင်းကြိုးဆွဲဖြင့် စတင် တူးဖော် ခဲ့ကြသော်လည်း ယခုအခါ စက်ကလပ်ခုံ၊ ကရောင်းစက်ကြီးများ အသုံးပြုကာ တူးဖော် ထုတ်လုပ်နေကြ ကြောင်း၊ ရေနံ အထွက်နှုန်းပေါ် မူတည်ပြီး အသုံးပြုသည့် စက်ယန္တရားများ ကွဲပြားသွားကြောင်း ကရောင်းစက် လုပ်သား ကိုဖိုးဇော် က ရှင်းပြသည်။
သံမဏိတိုင် သုံးချောင်းနှင့် ဝါးလုံးများကို ကြိုးဖြင့်ချည်နှောင်ကာ ပစ္စည်းမျိုးစုံနှင့် တည်ဆောက်ထားသော ပေ ၄၀ ခန့် ရေနံ တွင်း တူးစင်များအတွင်းရှိ ရေနံတွင်းတူး လုပ်သားများက တွင်းဝအကျယ် နှစ်လက်မခွဲခန့်၊ မြေအောက် ပေ အနက် ၁၅၀၀၊ ၂၀၀၀ (မင်းလှဘက်တွင် ပေ ၆၀၀ ကျော်) ခန့်နက်သောတွင်း အတွင်းမှ ရေနံစိမ်း ထွက်ရန် မီးစက် အကူအညီဖြင့် လုပ်ကိုင် နေကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထွက်ရှိလာသည့် ရေနံစိမ်းများကို PVC ပိုက်များ သွယ်တန်းပြီး ကျင်းနှင့် မနီးမဝေးရှိ တာလပတ် မိုးထားသော ရေနံ သိုလှောင်ကန် အတွင်းသို့ ပို့ဆောင်၍ ဓာတ်ငွေ့ထွက်သည့် ကျင်းများတွင်မူ ရေနံစိမ်း ပိုက်နှင့်အတူ ဓာတ်ငွေ့ ထုတ်သည့် ပိုက်ကိုပါ တပ်ဆင် ထားပြီး လေထုထဲ ထုတ်လွှတ်နေသည်ကို တွေ့ရသည်။
လတ်တလောတွင် မကွေးတိုင်းဒေသကြီး အတွင်း မြိုင်နှင့် ပေါက်မြို့နယ် ကြားရှိ လက်ပံတို ရေနံမှော်နှင့် ဆက်စပ် နေရာ များတွင် ရေနံအထွက်နှုန်း ကောင်းနေကြောင်း၊ တွင်းအရေအတွက် အားဖြင့် ၁၀၀၀ ခန့်ရှိပြီး လူဦးရေ ၁၀၀၀၀ ကျော်က ယင်းရေနံမှော်ကို မှီခိုလုပ်ကိုင် စားသောက်နေကြကြောင်း လက်ပံတို ကျေးရွာ ရာအိမ်မှူး ဦးဖိုးဌေးက ပြောပြ သည်။
“ကျနော်တို့ဆီမှာ နဂိုက တော်တော် ဆင်းရဲတယ်။ အခုကတော့ ဒီရေနံလေးပေါ်တဲ့ အတွက် အဆင်ပြေတာပေါ့။ ကိုယ့်ရပ်ရွာ အတွင်းမှာ တနေ့ကို သောင်းကိုးထောင် နှစ်သောင်း ဝင်ကြတော့ စားဝတ်နေရေး အတွက် အဆင်ပြေ သွားတာပေါ့” ဟုလည်း ၎င်းက ပြောဆိုသည်။
ဦးဖိုးဌေးက ဆက်လက်ပြီး ကျေးရွာ ဖွံ့ဖြိုးရေးရန်ပုံငွေ အတွက် ဆီဘောက်စာ ကားတစီးလျှင် ကျပ် ၂ သိန်း၊ ၃ သိန်း စသည်ဖြင့် ကောက်ခံကြောင်း၊ ရရှိလာသည့် ရန်ပုံငွေများဖြင့် ရပ်ရွာအတွက် လျှပ်စစ်မီး၊ တိုက်နယ်ဆေးရုံ မြေနေရာ၊ မီးသတ်ကား၊ ပရဟိတကားများ ဝယ်ယူဖြည့်ဆည်းနိုင်ကြောင်း ရှင်းပြသည်။
သို့သော် တရားဝင် မဟုတ်သည့်အတွက် တခါတရံ စည်းကမ်းပိုင်းတွင် ကိုင်တွယ်ရ ခက်ခဲပြီး ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံ ငွေ ကောက်ခံလျှင်လည်း မပေးချင်သောကြောင့် ခိုးထုတ် သယ်ယူမှုများ ရှိကြောင်း၊ အစိုးရအနေဖြင့် တရားဝင် လုပ်ကွက် များ ချပေးပြီး စနစ်တကျ ဆောင်ရွက်ပေးစေချင်ကြောင်း ဒေသခံ ရပ်ရွာလူကြီးများက ပြောဆိုသည်။
ယခုအခါ မကွေးတိုင်း အစိုးရအနေဖြင့် တပိုင်တနိုင် ရေနံလက်ယက်တွင်း လုပ်ငန်းများကို စည်းကမ်းတကျ ကိုင်တွယ် နိုင်ရန် စီမံ ဆောင်ရွက်မှုများ ရှိလာပြီဖြစ်ပြီး ဒေသခံလုပ်ငန်းရှင် တဦးလျှင် ရေနံ တူးဖော်ရေး လုပ်ကွက် ၅ ဧက လျှောက်ထားခွင့် ပြုထားကြောင်း သိရသည်။
လုပ်ကိုင်လိုသူများ အနေဖြင့် ဥပဒေနှင့်အညီ လုပ်ကိုင်နိုင်ရန် လုပ်ကွက်များကို တရားဝင် လျှောက်ထား စေချင်ပြီး လျှောက်ထားရာတွင်လည်း ယခင်အစိုးရ လက်ထက်ကကဲ့သို့ တာဝန်ရှိသူများနှင့် နီးစပ်သူများကသာ လက်ဝါးကြီး အုပ် ချမ်းသာသွားကြပြီး ဒေသခံများက လုပ်ကိုင်ခွင့် မရခြင်းမျိုး မဖြစ်စေရန် မည်သူ့ကိုမဆို ၅ ဧကသာ လျှောက်ထား ခွင့် ပေးခြင်းဖြစ်ကြောင်း တိုင်းသယံဇာတ ဝန်ကြီး ဦးမြင့်ဇော်က ရှင်းလင်း ပြောပြသည်။
ထိုသို့ လုပ်ကွက် လျှောက်ထားမှုအပေါ် မြေငှားရမ်းခ အနေဖြင့် တိုင်းအစိုးရမှ တဧကလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ကောက်ခံ လျက်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး ကျောက္ကာ ကျေးရွာရှိ ရေနံချက် စက်ရုံသို့ တင်ပို့သည့်အခါတွင် မကွေးတိုင်း အစိုးရအနေဖြင့် ရေနံတပီပါလျှင် ကျပ် ၃၀၀၀ နှုန်း ဖွံ့ဖြိုးရေးရန်ပုံငွေ ကောက်ခံလျက်ရှိကြောင်း ၎င်းက ပြောသည်။
တဆက်တည်းတွင် တိုင်းအစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်မှုများကိုလည်း ပြုလုပ်လျက်ရှိပြီး ယခုအခါ တရား မဝင် ရေနံလက်ယက်တွင်း တူးဖော် လုပ်ကိုင်မှုများနှင့် ပတ်သက်၍ အမှုတွဲ ၁၂ တွဲတွင် လူ ၅၀ ကျော်ကို အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ထားကြောင်း၊ ရေနံများအား မျှောစာအတုဖြင့် သယ်ယူခြင်း၊ လိုင်စင်မဲ့ယာဉ်များဖြင့် သယ်ယူ ခြင်းများကို ဖမ်းဆီးအရေးယူလျက် ရှိကြောင်းလည်း သိရသည်။
“ကျနော်တို့ကတော့ တရားမဝင်တာတွေကို တရားဝင်အောင် အမြန်တင်ကြဖို့ ခရိုင်တွေကိုလည်း ပြောထားတယ်။ မည်သူ တဦးတယောက်ကိုမှ တရားမဝင် တူးခွင့် မပေးထားသလို မသမာမှုတွေကိုလည်း အရေးယူမှုတွေ ပြုလုပ်နေပါ တယ်” ဟု ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။
ဆက်လက်၍ ဝန်ကြီးက ဥပဒေပြုတာဝန်သည် လွှတ်တော်ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် အနက် ပေ ၁၀၀၀ နှင့် အဆင်မပြေပါက အဆင်ပြေနိုင်မည့် အနက်ပေများကို လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်ပင် ဆွေးနွေးပြီး ဥပဒေ ပြင်ဆင်ပေးရန် ပြည်သူများ အနေဖြင့် တိုက်တွန်း တောင်းဆိုသင့်ကြောင်းလည်း ပြောဆိုသည်။
ထိုသို့ တိုင်းအစိုးရက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေသော်လည်း တိုင်းအစိုးရ၏ စီမံကွပ်ကဲမှု အားနည်းချက် များကြောင့် ထိရောက်မှု သိပ်မရှိကြောင်း၊ ဖွံ့ဖြိုးရေး ရန်ပုံငွေများလည်း ရသင့်သလောက် မရကြောင်း ဒေသခံ အရပ် ဘက် အဖွဲ့များက ထောက်ပြကြသည်။
၂၀၁၇ ဇူလိုင်အတွင်း ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ‘ရေနံ လက်ယက်တွင်း ဆိုင်ရာ ဥပဒေ’ တွင် ရေနံ လက်ယက်တွင်း တူးဖော် လုပ်ကိုင် ဆောင်ရွက်လိုသူတို့သည် ၎င်းတို့ လုပ်ကိုင်လိုသည့် လုပ်ကွက် တည်နေရာ၊ အကျယ်အဝန်းနှင့် သက်ဆိုင်ရာဌာန အသီးသီး၏ ထောက်ခံချက်တို့ကို ပြည့်စုံစွာ ဖော်ပြ၍ သက်ဆိုင်ရာ တိုင်းဒေသ အစိုးရထံ လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။
သက်ဆိုင်ရာ တိုင်းအစိုးရသည် လျှောက်လွှာပါ ဖော်ပြချက်များကို သတ်မှတ်ချက်များနှင့် ပြည့်စုံ ညီညွတ်ခြင်း ရှိမရှိ စိစစ်၍ ၎င်း၏ သဘောထား မှတ်ချက်နှင့်အတူ ပြည်ထောင်စုအစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသို့ တင်ပြရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ စိစစ်၍ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက ခွင့်ပြုနိုင်ရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ဆက်လက် တင်ပြရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
လုပ်ကိုင်နေသူများ အနေဖြင့် အဆင့်ဆင့် ခေါင်းပုံဖြတ်မှုများကြောင့် တရားဝင် လုပ်ကွက်များ လျှောက်ထားပြီး စနစ် တကျ လုပ်ကိုင်လိုသော်လည်း တင်းကျပ်သည့် ဥပဒေ စည်းမျဉ်းများနှင့် ရုံးလုပ်ငန်း ဆိုင်ရာ လုပ်ငန်းစဉ်များ ကြန့်ကြာ မှု တို့ကြောင့် လျှောက်ထားရန် စိတ်ဝင်စားမှု နည်းပါးနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် လက်ရှိ တူးဖော်လုပ်ကိုင်နေသည့် အနေအထားအရ ပြည်ထောင်စု၏ သတ်မှတ်ချက် အနက်ပေသည် အဆင် မပြေသောကြောင့် ယင်းကန့်သတ်ချက်ကို ဖြေလျှော့ပေးစေလိုကြောင်း၊ တိုင်းအစိုးရအနေဖြင့် ကောက်ခံရရှိ သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေများကို ဒေသအတွက် ရာခိုင်နှုန်းတခု အနေဖြင့် ပြန်လည် သုံးစွဲပေးစေလိုကြောင်း ဒေသခံ လုပ်ကိုင်နေသူများ က တောင်းဆိုကြသည်။
ပခုက္ကူမြို့နယ် သဘာဝ သယံဇာတ ထုတ်ယူသော လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင် ကိုဌေးလှိုင်က “ဒီကြားကာလမှာ အခွန်တွေ ပေးနေခဲ့ရပေမယ့် တရားဝင် အခွန်တော့ မဟုတ် ဘူး။ နယ်မြေခံ ရဲစခန်း၊ သစ်တော၊ ထွေအုပ် စတာတွေကို ပေးရတာ။ အဲဒီလို ပေးရတာတွေကို ဒေသခံ တွေက မပေးချင်တော့ဘူး။ တရားဝင် ပဲ အခွန်ဆောင်ပြီး တရားဝင် စိတ်ချမ်းချမ်းသာသာပဲ လုပ်ချင်ကြတော့တယ်” ဟု ပြောသည်။
တိုင်းအစိုးရအနေဖြင့် ဥပဒေနှင့်အညီ စနစ်တကျကိုင်တွယ်မည် ဆိုပါက ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ သို့ မဟုတ်ပါ က လက်ရှိ ရေနံ တူးဖော် ထုတ်လုပ်နေသည့် တွင်းအားလုံး အရေးယူခံရနိုင်ဖွယ် ရှိသကဲ့သို့ ယင်းရေနံ မှော် များကို မှီခို၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများလည်း အလုပ်လက်မဲ့ ဖြစ်သွားနိုင်ကြောင်း အရပ်ဘက် အဖွဲ့ အစည်း များက ပြောဆိုသည်။
မကွေး EITI Watch Group ညှိနှိုင်းရေးမှူး ကိုအိုလာ ကလည်း “လက်တွေ့ဘဝမှာ ကျနော်တို့က ဆင်းရဲကြတာကိုး။ ဒီလုပ်ငန်းပေါ်မှာ မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုသူတွေ အများကြီး။ အကယ်၍ ဥပဒေအရ ကိုင်တွယ်မယ်ဆိုရင် ဘယ်လိုမျိုး သူတို့အတွက် အစားထိုး အသက်မွေးဝမ်းကျောင်း လုပ်ပေးမလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်”ဟု ပြော သည်။
လုပ်ကွက်များ ချပေးသည့်အခါ ဥပဒေအရ သက်ဆိုင်ရာ တိုင်းအစိုးရက ချထားခွင့်မရှိဘဲ ပြည်ထောင်စုကသာ ချထား ပေး ခြင်း ဖြစ်သည့်အတွက် မြေပြင်အခြေအနေနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများကြား လစ်ဟာမှုများ ရှိနိုင် ကြောင်း၊ ထို့အတွက် သက်ဆိုင်ရာ တိုင်းအစိုးရနှင့် ပြည်ထောင်စု အစိုးရ သို့မဟုတ် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန တို့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးရန် လိုအပ်ကြောင်း၊ ဒေသခံ အရပ်ဘက် အဖွဲ့များ၏ သုတေသန တွေ့ရှိချက်များ၊ အကြံပြု ချက်များကိုလည်း ရယူ သုံးစွဲသင့်ကြောင်း တိုက်တွန်းမှုများလည်း ရှိနေသည်။
“တိုင်းအစိုးရမှာ အထူးအဖွဲ့ဖွဲ့ပြီး ဒေသန္တရ ဥပဒေ သို့မဟုတ် လုပ်ထုံးလုပ်နည်းနဲ့ စီမံအုပ်ချုပ်မှု ကောင်းလာဖို့ စီမံမယ် ဆိုရင် တကယ် တူးဖော် ထုတ်လုပ်သူတွေ ဒီအပေါ်မှာ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့သူတွေ အတွက် လည်း အဆင်ပြေမယ်။ တိုင်းအစိုးရလည်း ထိုက်သင့်တဲ့ ရန်ပုံငွေရမယ်။ ပြည်ထောင်စု အစိုးရလည်း အခွန်တွေရမယ်” ဟု ကိုအိုလာက ပြောသည်။
မကွေးတိုုင်းအတွင်း ရေနံ တူးဖော်ထုတ်လုပ်မှုများနှင့် ပတ်သက်၍ ဥပဒေအရ ကန့်သတ်ချက်များ ရှိနေသည် မှန်သော်လည်း ဒေသခံများနှင့် တာဝန်ရှိသူများကြား နားလည်မှုတခုဖြင့် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း၊ ဥပဒေ၏ အားနည်းချက်များကို ပြန်လည်ပြင်ဆင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လုပ်ရဦးမည် ဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ပြောဆိုသည်။
ဒေသခံ လုပ်ကိုင်နေသူများက တိုင်းအတွင်း သယံဇာတများကို ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေးနှင့် ဒေသခံလူထု အကျိုး စီးပွား ဖြစ်ထွန်းရေးကို ဦးတည်သည့် ဥပဒေပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများနှင့်အတူ တရားဝင် လုပ်ကွက်များဖြင့် စနစ်တကျ လုပ်ကိုင်နိုင်ရေး အတွက် တိုင်းအစိုးရအနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ဆန္ဒ ရှိနေကြပါသည်။ ။
ဧရာဝတီ သတင်းထောက် ထွန်းထွန်း ပူးပေါင်း ရေးသားသည်။