ဆောင်းပါး

မောင်တော နှစ်ခြမ်း ကွဲတော့ မလား

Want create site? Find Free WordPress Themes and plugins.

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရန် အတွက် ပြည်တွင်းနှင့် ပြည်ပ ပညာရှင်များ ပါဝင်သည့် အဖွဲ့ဝင် ၁၀ ဦးပါ အကောင်အထည် ဖော်ရေး ကော်မတီတခုကို ဖွဲ့စည်း လိုက်ကြောင်း နိုင်ငံတော်သမ္မတ ရုံးက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းမတိုင်ခင်က မြန်မာနိုင်ငံ၏ ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHARD)” ကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ရန် ဒါဇင်နှင့် ချီသော စီးပွားရေး လုပ်ငန်းရှင်များက သီးခြား အဖွဲ့တခုကိုလည်း ဖွဲ့စည်းခဲ့သေးသည်။

သို့သော်လည်း ပြည်ထောင်စု အစိုးရသည် ရခိုင်ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများသာမက ရခိုင်ပြည်နယ် လွှတ်တော် တို့ နှင့်လည်း ပူးပေါင်း ဆောင်ရွက်မှု နည်းပါးလှသည်။

ဗဟိုအစိုးရက ပြဿနာများကို ဖြေရှင်းရန် နည်းဗျူဟာများ ချမှတ် ဆောင်ရွက်နေချိန်တွင် ဒေသခံ အရပ်ဘက် အဖွဲ့ အစည်း များ နှင့် လွှတ်တော် ကိုယ်စားလှယ်များက မောင်တော နယ်မြေကို လူဦးရေ ထိန်းညှိမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ် သည်။ ဤအစီအစဉ်သည် အခြားဒေသများမှ ရခိုင်များကို မောင်တောသို့ ပြန်လည် ခေါ်ယူကာ အခြေချခိုင်းခြင်း ဖြစ်၏။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီး များမကြာမီ ကာလ အတွင်း ဂျပန်နိုင်ငံ Kanda တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ ပါမောက္ခတဦး ဖြစ်သည့် ရခိုင် တိုင်းရင်း သား သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက အမျိုးသားရေး လှုပ်ရှားသူများ၊ လွှတ်တော် ကိုယ်စားလှယ်တချို့ တို့နှင့် ပူးပေါင်း၍ ဒေသတွင်းတွင် CRR ဟု သိကြသည့် “အနောက်ဘက် နယ်စပ် ရခိုင်အမျိုးသား နယ်မြေ ပြန်လည်တည် ဆောက်ရေး အထောက်အကူပြု ကော်မတီ (ACRRNT)” ကို ထူထောင်ခဲ့သည်။

ပြောင်းရွှေ့အခြေချသူများ ရှာဖွေခြင်း

သြဂုတ်လ ၂၅ ရက်နေ့ တိုက်ပွဲများကို စတင်ခဲ့သော မွတ်စလင် စစ်သွေးကြွအဖွဲ့ ဖြစ်သည့် ရခိုင်ရို ဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ကို တုံ့ပြန်တိုက်ခိုက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၆၂၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

ကုလသမဂ္ဂ တာဝန်ရှိသူများက ထိုနယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများကို လူမျိုးတုန်းသုတ်သင် ရှင်းလင်းမှုများ၏ နမူနာ တခုဖြစ်ကြောင်း သတ်မှတ်ထားကြသည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မွတ်စလင် မဟုတ်သူ ၃၀၀၀၀ ဝန်းကျင်လည်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ သို့သော် အများစုမှာ မောင်တောသို့ ယခုအချိန်တွင် ပြန်လည် ရောက်ရှိနေကြပြီ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန် ရက်များအတွင်း CRR က သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ မိသားစု ၁၃ ခုနှင့် ရမ်းဗြဲနှင့် မာန်အောင်ကျွန်းများမှ လူ ၄၀ ခန့်ကို မောင်တော မြို့နယ်တွင် အခြေချရန် ခေါ်ဆောင်ခဲ့ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး ကပြောသည်။

ယင်းနေရာ ၂ ခုလုံး မောင်တော မြို့နယ်နှင့် ကီလိုမီတာ ရာနှင့်ချီ၍ ဝေးသော ရခိုင်ပြည်နယ် တောင်ပိုင်းတွင် တည်ရှိပါ သည်။

ရခိုင်ပြည်နယ် အတွင်း နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင်ရှိသော ရခိုင် အသိုင်းအဝိုင်းများ အတွင်းမှ ဆင်းရဲနွမ်းပါး သည့် မိသားစုများကို (ရခိုင်ပြည်နယ် မြောက်ပိုင်း၌) အခြေချနေထိုင်ရန် ရှာဖွေနေသည်မှာ လအနည်းငယ် ကြာမြင့်ပြီ ဖြစ် ကြောင်း CRR အဖွဲ့ဝင်များက ပြောကြသည်။

လူမှုကွန်ရက်ပေါ်တွင် CRR အဖွဲ့ဝင်တချို့က ရောက်ရှိလာသော အခြေချသူများကို ငွေကြေး ထောက်ပံ့ခြင်း၊ အိမ်သစ်များ၊ ငါးဖမ်း ပိုက်များ၊ မြေယာများ တည်ထောင်ပေးခြင်း နှင့် ထို့သို့ ပြောင်းရွှေ့လာသူများကို “အနောက်တံခါးကို စောင့်သူများ” အဖြစ် ချီးမွမ်း ဂုဏ်ပြုနေကြသည်။

CRR က အခြေချလာသူများအား ငွေကြေး၊ ငါးဖမ်းပိုက်များ၊ လှေများနှင့် အခြား ထောက်ပံ့မှုများကို ယာယီ ထောက်ပံ့ ခြင်း ဖြစ်ပြီး နေသားကျသည့်အခါ အရစ်ကျစနစ်ဖြင့် ပြန်ဆပ်ရမည် ဖြစ်ကြောင်း ဒေါက်တာ အေးချမ်း က ပြောသည်။

ထိုလုပ်ငန်းများ ဆောင်ရွက်ရန် CRR အဖွဲ့သည် မည်သည့် နိုင်ငံခြား အဖွဲ့အစည်း၏ ဘဏ္ဍာရေး အထောက်အပံ့မှ ယူမ ထား ကြောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်သော ရခိုင်နှင့် ရခိုင်မဟုတ်သည့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက လှူဒါန်းကြောင်းလည်း ၎င်းက ပြောပြသည်။

လတ်တလော ရောက်ရှိလာသူ တချို့က မောင်တော တောင်ပိုင်းရှိ ရခိုင်ကျေးရွာများတွင် နေအိမ်များ တည်ဆောက် ခဲ့ပြီး ဖြစ်သည်။ သို့သော် ယင်းမြေနေရာများကို ပြည်နယ်အစိုးရက တရားဝင် မြေယာ ချထားပေးခြင်း ရှိ မရှိ မသဲကွဲ သေးပါ။

ဒီဇင်ဘာလ ၁၀ရက်နေ့တွင် မောင်တောသို့အသွား ခရီးတထောက်နားသည့် နယ်မြေသစ် ရှာဖွေသူများကို ဧရာဝတီ သတင်း ဌာန၏ စစ်တွေအခြေစိုက် သတင်းထောက်က သွားရောက် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။

ထိုနယ်မြေသစ် ရှာသူများက မောင်တောတွင် မူလအခြေချ နေထိုင်သူများ မည်သို့ နေထိုင် လုပ်ကိုင်ကြသည်ကို လေ့လာ သင်ယူရဦးမည် ဖြစ်ကြောင်း ပြောကြသည်။

ဆင်ခေါင်း ကျေးရွာသား ဦးရွှေသိန်းမောင်က“(CRR) အဖွဲ့က ကျနော်တို့ကို ခေါ်လာတာပါ။ ကျနော်တို့ ရခိုင်သားတွေ ပိုင်ဆိုင်တဲ့ မြေတွေပေါ်မှာ အလုပ်လုပ်ကြမှာပါ။ ဒါပေမယ့် ဘယ်လို လုပ်ငန်းတွေကို လုပ်ကိုင်ရမလဲ ဆိုတာတော့ အခု မသိသေးပါဘူး” ဟု ပြောသည်။

အောက်တိုဘာလ အစောပိုင်းက မောင်တော မြို့နယ် မြောက်ပိုင်းရှိ မီးလောင်ရွာ အနီးတွင် တွေ့ရသော စပါးခင်းများ /မိုးမြင့်/ဧရာဝတီ

အတိတ်ကို လွမ်းဆွတ်ခြင်း

CRR အဖွဲ့၏ ရည်ရွယ်ချက်မှာ မောင်တောရှိ ဗုဒ္ဓဘာသာ အရေအတွက်နှင့် မွတ်စလင်ကျေးရွာ အရေအတွက်ကို ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ကာလအတွင်း တည်ရှိခဲ့သည့် အချိုးအစားအတိုင်း ပြန်လည် ဖြစ်တည်လာရေး ဖြစ်သည်။

၁၉၄၂ ခုနှစ် မေလတွင် ဂျပန်တပ်များက ဗြီတိသျှ တပ်များကို မြန်မာနိုင်ငံထဲမှ တိုက်ထုတ်ခဲ့သည်။ ဂျပန်တပ်များကို ပြန် လည် တိုက်ခိုက်ရန် နှင့် နှောင့်ယှက်မှုများ ပြုလုပ်ရန် အတွက် ဗြီတိသျှတို့က မွတ်စလင် အသိုင်းအဝိုင်းကို စုစည်း၍ လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည့် V Force ကို ဖွဲ့စည်းခဲ့သည်။

သို့သော်လည်း အဆိုပါအဖွဲ့က ဂျပန်တပ်များကို တိုက်ခိုက်မည့်အစား ရခိုင်များကို တိုက်ခိုက်ခဲ့ကြပြီး လူပေါင်းများစွာ သတ်ဖြတ်ခြင်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထိုအချိန်မှစ၍ မောင်တောဒေသတွင် ရခိုင်ကျေးရွာ ၆၀ ဝန်းကျင်သာ ပြန်လည် တည်ထောင်နိုင်ခဲ့ကြောင်း အောက်တိုဘာ လ အတွင်းက စင်ကာပူနိုင်ငံတွင် ရိုဟင်ဂျာပြဿနာ၏ သမိုင်းအကြောင်း ဆွေးနွေးပွဲတွင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ဂျပန်များ အင်္ဂလိပ်တို့ကို စစ်ရှုံးသွားခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်တွင် စစ်တကောင်းသား Zaffa Kawal ဦးဆောင်သည့် မွတ်စလင် လွတ်မြောက်ရေး အဖွဲ့ (Muslim Liberation Organization) က မေယု ခရိုင်ကို ယခု ဘင်္ဂလားဒေ့ရှ် ဖြစ်လာ မည့် အရှေ့ပါကစ္စတန် (လက်ရှိ ဘင်္ဂလားဒေ့ရှ်) ၏ ပိုင်နက်နယ်မြေအဖြစ် အသိအမှတ်ပြုပေးရန် ဗြီတိသျှ အစိုးရထံ တောင်းဆို ခဲ့ကြောင်း ဒေါက်တာ အေးချမ်းက သူ၏ ရခိုင်သမိုင်း မိတ်ဆက် စာအုပ်တွင် ရေးသားခဲ့သည်။ သို့သော် ယင်းတောင်းဆိုချက်မှာ အထမမြောက်ခဲ့ပေ။

CRR က မောင်တောတွင် မွတ်စလင် နှင့် ဗုဒ္ဓဘာသာ အချိုးအစားကို ထိန်းညှိခြင်းဖြင့် နောင်လာမည့် တိုက်ခိုက်မှုများကို ဟန့်တားနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

“မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က မူဂျာဟစ်ဒင်တွေ ဖျက်ဆီးခဲ့တဲ့ ရခိုင်ကျေးရွာပျက်တွေ အများကြီးရှိပါတယ်” ဟု ဒေါက်တာ အေးချမ်းက V Force ကို ရည်ညွှန်း၍ ပြောသည်။

“ကျနော်တို့ ပြည်သူတွေကို အဲဒီနေရာတွေ အားလုံးမှာ ပြန်လည် နေရာချထား ပေးချင်ပါတယ်”ဟုလည်း ဒေါက်တာ အေးချမ်း က ဆိုသည်။

၎င်းတို့အဖွဲ့၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်းနှင့် ရပ်တန့်ရန် ပြည်နယ် အစိုးရက ပြောဆိုခြင်း မရှိကြောင်း ဒေါက်တာအေးချမ်းကပြောသည်။

မြန်မာနိုင်ငံ၏ မြေယာ ဥပဒေ အရဆိုလျှင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် စိုက်ပျိုးခြင်း၊ နေအိမ် တည်ဆောက် ခြင်း သို့မဟုတ် အခြားသော နည်းလမ်းဖြင့် အသုံးပြုခြင်းများ အတွက် သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိရန် လိုအပ်ပါသည်။

“တကယ်လို့ တည်ဆဲ ဥပဒေတွေနဲ့ ငြိတာမျိုး ရှိနေခဲ့မယ်ဆိုလည်း ကျနော်တို့က တာဝန်ရှိသူတွေနဲ့ ညှိနှိုင်း ဆွေးနွေးရမှာ ပေါ့” ဟု ဒေါက်တာ အေးချမ်းက ပြောသည်။

နဝတ အစိုးရ၏ စိတ်ကူးဟောင်း

CRR ၏ အစီအစဉ်များက ၁၉၉၀ အစောပိုင်းနှစ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် အစိုးရ လက်ထက်က နယ်စပ် ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း သို့မဟုတ် နတလ ကျေးရွာများ တည်ထောင်သည့် စီမံကိန်းကို ပြန်လည် အမှတ်ရစေသည်။

နတလ စီမံကိန်းသည် ရန်ကုန်နှင့် အခြားဒေသများမှ မောင်တောသို့ ပြောင်းရွှေ့လာသူများကို အိမ်များ၊ မြေများနှင့် ကျွဲနွား များ ထောက်ပံ့ပေးခဲ့သည်။ ယင်းကို သမ္မတဦးသိန်းစိန်လက်ထက်တွင် ဖျက်သိမ်းခဲ့သော မြန်မာနိုင်ငံ နယ်စပ် ဒေသ ကွပ်ကဲရေး စစ်ဆေးရေး အဖွဲ့ (နကစ) အောက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။

စီမံကိန်းအရ ကျေးရွာများ ဒါဇင်နှင့်ချီ တည်ထောင်ခဲ့သော်လည်း ရောက်ရှိလာသူ အများစုက မရှေးမနှောင်း ဆိုသလို ၎င်းတို့ ၏ လယ်မြေများကို မွတ်စလင်များသို့ ရောင်းချပြီး နေရပ်သို့ ပြန်သွားခဲ့ကြကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောသည်။

ဒေါက်တာ အေးချမ်းက ၎င်းတို့၏ အစီအစဉ်သည် နတလ စီမံကိန်းနှင့် မတူကြောင်း ကာကွယ်ပြောဆိုသည်။ နတလ စီမံ ကိန်း သည် လယ်ယာစိုက်ပျိုးရေး ဗဟုသုတနည်းပါသော ရန်ကုန်မှ ကျုးကျော်များနှင့် အိုးမဲ့အိမ်မဲ့များကို မြေနှင့် အိမ်ရာ များ ထောက်ပံံ့ပေးခြင်းမျှသာ ဖြစ်သည်ဟု သူကဆိုသည်။

မောင်တော တောင်ပိုင်း ကမ်းရိုးတန်း တလျှောက်တွင် ငါးဖမ်း လုပ်ကွက် နေရာ အများအပြား ရှိသည့်အတွက် CRR က စိုက်ပျိုးရေး နှင့် ငါးဖမ်းလုပ်ငန်း ၂ ခုလုံးကို ဦးစားပေး ဆောင်ရွက်ကြောင်း ဒေါက်တာ အေးချမ်းက ရှင်းပြသည်။

သံတွဲမြို့နယ်မှ တချို့သော ငါးဖမ်းသည့် မိသားစုများသည် လွန်ခဲ့သော ဆယ်စုနှစ်တခုက အခြေချရန် ကြိုးစားခဲ့ကြောင်း သို့သော်လည်း ဘင်္ဂလီ (ရိုဟင်ဂျာ) များ၏ ခြိမ်းခြောက်မှုကြောင့် စွန့်ခွာသွားခဲ့ရကြောင်း ဦးသန်းမောင်ဦး ကပြောသည်။

အောက်တိုဘာလ အစောပိုင်းက မောင်တော မြို့နယ် မြောက်ပိုင်းရှိ မီးလောင်ထားသော မွတ်စလင် ရွာကို တွေ့ရစဉ် /မိုးမြင့်/ဧရာဝတီ

မောင်တောကို ပိုင်းခြားကြတော့မည်လော

CRR အနေဖြင့် ခွဲခြားနေထိုင်ရေးကို ဇောင်းပေး ဆောင်ရွက်နေခြင်း ဟုတ်မဟုတ် ဧရာဝတီ သတင်းဌာနက ဒေါက်တာ အေးချမ်းအား မေးမြန်းခဲ့ရာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်က မောင်တောတွင် “ဘင်္ဂါလီကင်းမဲ့ဇုန်” ထူထောင်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်း ထားသည်။ မြန်မာပြည်သူ အများစုက ရိုဟင်ဂျာ ဆိုသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂါလီ များ အဖြစ် ခေါ်ဆိုကြပါသည်။

ပြီးခဲ့သည့် တပတ်ကျော်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ နှင့် UEHRD တို့ တွေ့ဆုံခဲ့ကြရာတွင် မြို့နယ်ကို ပိုင်း ခြားပစ်ရန် လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုခဲ့ကြသည်။ မြောက်ပိုင်းကို မွတ်စလင်နယ်မြေ အဖြစ် ပိုင်းခြား သတ်မှတ်ပြီး တောင်ပိုင်းကို လူတိုင်း (မွတ်စလင် မဟုတ်သူများ) အတွက် ဖြစ်သည်။

ယခင်အစိုးရ လက်ထက်တွင် အလားတူ အစီအစဉ်တခုကို ချမှတ်ခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်တွင် မွတ်စလင်နှင့် ရခိုင် အသိုင်း အဝိုင်းများကြား ပဋိပက္ခ ပေါ်ပေါက်ခဲ့သည့်အခါ အာဏာပိုင်များက ထောင်နှင့်ချီသော ရိုဟင်ဂျာများကို စစ်တွေမြို့ပေါ် ရပ် ကွက်များမှ နေ၍ မြို့ပြင်ရှိ မွတ်စလင် ကျေးရွာများသို့ ရွှေ့ပြောင်းပစ်ခဲ့သည်။

ပဋိပက္ခအတွင်း အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသူများမှာ ပြီးခဲ့သည့် ၅ နှစ်လုံး ဒုက္ခသည် စခန်းများတွင် ရှိနေပြီး ယခုအချိန်အထိ နေရပ် ပြန်သွားခွင့် မရကြသေးပါ။

ပြည်နယ် လွှတ်တော်အမတ် ဦးသန်းမောင်ဦးက အစိုးရအနေဖြင့် ပြဿနာတရပ်ကို ဖြေရှင်းရာတွင် နိုင်ငံတကာ အကူ အညီ ပေးရေး အဖွဲ့များ၏ ဖိအားကို အာရုံမစိုက်ဘဲ လုပ်ဆောင်စရာ ရှိသည်ကို ဆက်လက် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းသည်။

“တကယ်လို့ သူတို့က ကျနော်တို့ကို သပိတ်မှောက်လည်း ကျနော်တို့က လုံးဝ ဂရုမစိုက်ဘူး။ ကျနော်တို့ သူတို့ဆီက ဘာမှ မျှော်လင့်မထားဘူး။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းများစွာ အတွင်းမှာ သူတို့ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ကျနော်တို့ ကောင်းကောင်း သိထားတယ်”ဟု သူက ပြောသည်။

မောင်တော တောင်ပိုင်း ကင်ချောင်း ကျေးရွာတွင် နေထိုင်သည့် မူလတန်းပြဆရာ ဦးမောင်ထွန်းက သြဂုတ်လ ၂၅ ရက် တိုက်ခိုက်မှုများ မတိုင်ခင်က ဒေသတွင်းတွင် မွတ်စလင် ကျေးရွာ ၅၀ ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် ၁၀ ရွာသာ မူလ အတိုင်း ကျန်ရှိကြောင်းပြောသည်။

ပဋိပက္ခများ ပို၍ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ရခိုင်ကျေးရွာသားများရော မွတ်စလင် ရွာသားများပါ သူတို့၏ စပါးခင်း များကို ရိတ်သိမ်းခြင်း မပြုကြဟု သူကဆိုသည်။

CRR ၏ အစီအစဉ်ကို ဒေသခံတိုင်းရင်းသားများက ထောက်ခံကြပြီး မောင်တောတောင်ပိုင်းရှိ ရခိုင်တိုင်းရင်းသား ကျေးရွာ များကြားတွင် မွတ်စလင်များကို ပြန်လည် နေရချထားခြင်း မပြုရန် အစိုးရကို တောင်းဆိုထားကြောင်းလည်း မူလတန်းပြ ဆရာ ဦးမောင်ထွန်းက ပြောပြသည်။

“တကယ်လို့ အစိုးရက မွတ်စလင်တွေကို တောင်ပိုင်းမှာ ခွင့်ပြုလိုက်ရင် ကျနော်တို့ ရခိုင် တိုင်းရင်းသားတွေ အားလုံး ဒီဒေသ ကနေ အပြီးပိုင် ထွက်သွားကြမှာ”ဟု ဦးမောင်ထွန်းက ပြောသည်။

မောင်တော တောင်ပိုင်းရှိ ဗလီ တခု အနီးတွင် အောက်တိုဘာလ အစောပိုင်းက တွေ့ရသော လုံခြုံရေး တပ်ဖွဲ့ဝင် တချို့ /မိုးမြင့်/ဧရာဝတီ

မွတ်စလင်တို့ အတွက် အိမ်

အခြားတဖက်တွင် အိုးအိမ် စွန့်ခွာသွားကြသည့် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ ဟု ခေါ်သူများ၏နေရပ်ပြန်နိုင်ရေးက အာမခံချက် မရှိသေးပါ။ ရသေ့တောင် မြို့နယ် စေတီ ပြင်ကျေးရွာမှ Abdul Wahid အဒူ ဝါဟစ် (အမည်ရင်း မဟုတ်ပါ) က လက်ရှိ အချိန်တွင် သူ၏ မိသားစုသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် ခိုလှုံနေကြောင်း လုံခြုံရေး တပ်ဖွဲ့များ ၏ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးများ အတွင်းတွင် သူ၏ကျေးရွာသည်လည်း ပျက်စီးသွားကြောင်းပြောသည်။

သူ၏ ပိုင်ဆိုင်မှုများ ပျက်စီးမှုများကို သိနိုင်ရန် အတွက် ကျေးရွာသို့ ပြန်သွားခွင့်ပြုရန်လည်း အာဏာပိုင်များကို သူက တောင်းဆို ထားသည်။

“ကျနော်တို့က တိုင်းပြည်ကို သစ္စာမဖောက်ခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေတဲ့ သူတွေနဲ့လည်း မပူးပေါင်းပါဘူး လို့ အာဏာပိုင်တွေကို ကျနော်တို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ တောင်းဆိုချက်ကို ခွင့်မပြုကြပါဘူး” ဟု အဒူ ဝါဟစ် က ပြောသည်။

အဒူ ဝါဟစ် ပြောဆိုချက်အရဆိုလျှင် စေတီပြင်ကျေးရွာမှ မိသားစု ၄၀ ခန့်သည် ဘူးသီးတောင် မြို့နယ်ရှိ ဒုအိုးသည်မ ကျေးရွာတွင် ခိုလှုံလျက်ရှိပြီး ယခုအချိန်အထိ အစိုးရထံမှ သော်လည်းကောင်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ ထံမှ သော်လည်းကောင်း မည်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီမျှ မရရှိသေးကြောင်း သိရသည်။ သူတို့ တွင် အစားအစာ ပြတ်လတ်လာနေပြီး အိမ်နီးချင်းများထံမှ တောင်းရမ်း စားသောက် နေရကြောင်းလည်း အဒူ ဝါဟစ် က ပြောသည်။

၁၉၁၀ ခုနှစ် ဗြီတိသျှခေတ်တွင် ဆောက်လုပ်ခဲ့သော ရသေ့တောင်နယ် စေတီပြင်ကျေးရွာရှိ သက်တမ်း ရာစုနှစ်ရှိသည့် ဗလီကြီးသည်လည်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်တဦး၏ ဘူဒိုဇာဖြင့် ဖျက်ဆီး ခံလိုက်ရကြောင်း၊ အစိုးရ လုံခြုံရေး တပ်ဖွဲ့ များ၏ မျက်မှောက်မှာပင် သူတို့တရွာလုံး ပြာကျသည်အထိ မီးရှို့ခံခဲ့ရကြောင်း အဒူ ဝါဟစ် က ပြောသည်။ သူတို့၏ စိုက်ခင်း များလည်း ဖျက်ဆီး ခံခဲ့ရသည်ဟု သူက ဆိုသည်။

“ဘယ်သူမှ မတားကြဘူး။ ဒါက တမင်သက်သက် ကျနော်တို့ ပြန်လာလို့ မရအောင်လုပ်တာပါ”ဟု အဒူ ဝါဟစ် က ပြော သည်။

အဒူ ဝါဟစ်၏ ပြောဆိုချက်များကို ဧရာဝတီက လွတ်လပ်စွာ သီးခြား အတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading