အများ သိရှိကြပြီးတဲ့အတိုင်း ရခိုင်အမျိုးသားပါတီ (ANP) ဟာ ရခိုင်ပြည်သူတွေနဲ့ရဟန်းသံဃာတွေ တိုက်တွန်းမှုကြောင့် ဒေါက်တာ အေးမောင် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) တို့ပူးပေါင်းခဲ့ ကြတဲ့ ရခိုင်ပါတီကြီး တခု ဖြစ်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှု၊ ယုံကြည်မှုကို အများဆုံးရထားတဲ့ ပါတီတခုလည်း ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာကပင် ရခိုင်ပြည်သူတွေဟာ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကြား စုစည်းညီညွတ်လို့ ရခိုင်အမျိုးသား အကျိုးစီးပွားနဲ့ ရခိုင်လူမျိုးတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်တာကို မြင်လိုကြတယ် ဆိုတာ ငြင်းလို့ မရပါ။
ဒါပေမယ့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု စချိန်မှာပင် ရခိုင်အမျိုးသားပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြား အုပ်စုဖွဲ့ အားပြိုင်မှုကြောင့် ရခိုင်အမျိုးသားပါတီ ( ANP) ဟာ တစတစ ပြိုကွဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ အခုလို ရခိုင်အမျိုးသားပါတီအတွင်း အကွဲအပြဲတွေဟာ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ၊ ဘယ် အကြောင်းအရာတွေက ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ အကြား အကွဲအပြဲ ဖြစ်စေသလဲ ဆိုတာ ကို လေ့လာကြည့်ရအောင်ပါ။
ရခိုင်အမျိုးသားပါတီ (ANP) အကွဲအပြဲ (ပထမလှိုင်း)
အရင် စစ်အစိုးရက ကမကထ ပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရခိုင်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ဖို့ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုး၊ ဒေါက်တာ အေးမောင် စတဲ့ ခေါင်းဆောင်တွေ ဦးဆောင်ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ခဲ့ကြပါတယ်။ ၎င်းပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်တပြည်နယ်လုံး အတိုင်းအတာဖြင့် အနိုင်ရရှိတဲ့ ပါတီတခု ဖြစ်တယ်။
အခြားတဖက်မှာတော့ ဦးအေးသာအောင် ဦးဆောင်တဲ့ ၁၉၉၀ အနိုင်ရ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတူ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပြီး၊ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လာတာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ မှတ်ပုံတင်ခဲ့ပြီး နောက်ပိုင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) လည်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည် မှတ်ပုံတင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်သူနဲ့ ရခိုင်ရဟန်းသံဃာတွေ တိုက်တွန်းမှုကြောင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဟာ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် အလျင်စလို ပေါင်းစည်းခဲ့ကြပါတယ်။ အထူးသဖြင့်၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် အတွင်း မဲမကွဲဖို့နဲ့ ရခိုင်အမျိုးသား ညီညွတ်ရေး အတွက် ဦးတည်လျက် ရခိုင်အမျိုးသားပါတီ (ANP) ကို ပေါင်းစည်းခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ကို တည်ထောင်ခဲ့ပြီးနောက် ပထမခေါင်းဆောင် တာဝန်ကို ဦးအေးသာအောင်က တာဝန်ယူခဲ့ပြီး၊ ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့မှ တပါတီလျင် ၁၅ ယောက်စီ နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီ အဖြစ် ပေါင်းစည်းပြီးနောက် “ပြည်တွင်း ပြည်ပ ရခိုင်လူမျိုးများကြား ညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်သွားမည်” ဟု ဧရာဝတီသတင်းဌာနကို ဒေါက်တာ အေးမောင်က မှတ်ချက်ပေးခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ အချိန်တုန်းကတော့ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေကြား ညီညွတ်မှုကို တည်ဆောက်နိုင်ကြပြီး၊ အနာဂတ်မှာ ကောင်းတဲ့ ရလာဒ်တွေ ဖြစ်ပေါလာတော့မယ် လို့ ရခိုင်ပြည်သူတွေနဲ့ ရဟန်းသံဃာတွေ ဂုဏ်ယူခဲ့ကြတဲ့ ကာလ တခုပါပဲ။
ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ပါတီနှစ်ခု ပေါင်းစည်းခဲ့ပြီးနောက် မကြာခင်မှာပင် ပါတီ ၂ ခုကြား အာဏာအခြေပြု အုပ်စုဖွဲ့ အားပြိုင်မှုတွေ စတင်ဖြစ်ပေါ် လာပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ပါတီရဲ့ ပထမဆုံး ညီလာခံကို သံတွဲမြို့မှာ ကျင်းပတဲ့ ညီလာခံ တက်ရောက်ဖို့ မြို့နယ်ကိုယ်စားလှယ်တွေ ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ANP ပါတီတွင်း (ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးအုပ်စု နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်အုပ်စု) ကြား သူ့ပါတီ၊ ကိုယ့်ပါတီမှ မြို့နယ်ကိုယ်စားလှယ် အများဆုံး ရရှိရေးကို ဦးစားပေးခဲ့ကြတယ်။
ဒါကြောင့် ရခိုင်အမျိုးသားပါတီ ( ANP) ရဲ့ ပါတီညီလာခံမှာ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကြား ထိန်းမနိုင် သိမ်းမနိုင်ဖြစ်ခဲ့ကြ တယ်။ ပါတီဥက္ကဋ္ဌ ရွေးချယ်မှုကို “ဥက္ကဋ္ဌ ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်မတ်တပ်ရပ် စနစ်”ကို ကျင့်သုံးခဲ့ကြတာကြောင့်၊ အဲဒီအချိန်က ဒေါက်တာအေးမောင် မတ်တပ်ရပ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့ ပါတယ်။ နောက်ဆုံးတော့ ပါတီညီလာခံမှာ နှစ်ဖက် အုပ်စုကြား မကျေမလည်မှုတွေနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ အခြားတဖက်မှာလည်း ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒ သဘောထားကို မကြိုက် မနှစ်သက်တာကြောင့် (ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ) အများစု ဦးဆောင်တဲ့ ရခိုင်မျိုးချစ်ပါတီ (APP) ကို တည်ထောင်ခဲ့ကြပါတယ်။
နောက်ထပ် ပါတီတွင်း အုပ်စုဖွဲ့ အားပြိုင်မှု တခုကတော့ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ် ရွေးချယ်ရေး ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အုပ်စု နှစ်ခုကြား ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးနဲ့ပတ်သက်ပြီး ပဋိပက္ခ ဖြစ်ပေါ်ခဲ့တဲ့ အပြင် အထူးသဖြင့် ပါတီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒေါက်တာ အေးမောင် ကိုယ်တိုင် ရွေးကောက်ပွဲ စည်းကမ်းတွေကို ချိုးဖောက်ခဲ့ပြီး၊ ရခိုင်ပြည်နယ် ပေါက်တော မဲဆန္ဒနယ်မှ ဝင်ရောက် ရွေးချယ်ဖို့ ကြိုးစားပါတယ်။ အဲဒီ အချိန်မှာဘဲ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး ကလည်း ၎င်းနေရာတွင် ဝင်ရောက်မယ် လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပေါက်တာမဲဆန္ဒနယ်က ဝင်ရောက် မယှဉ်ပြိုင်ဘဲ မာန်အောင်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပါတီတွင်း အုပ်စုဖွဲ့ အားပြိုင်မှုတွေ ရှိခဲ့ပေမယ့်လည်း ရခိုင်ပြည်သူတွေက ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသား ပါတီကို မဲပေးခဲ့ကြတာကြောင့် ရခိုင်တပြည်နယ်လုံး အတိုင်းအတာနဲ့ ရခိုင်အမျိုးသားပါတီက အနိုင်ရရှိခဲ့ပါတယ်။၂၀၁၅ ရွေးကောက်ပွဲ ပြီးနောက် ရခိုင်အမျိုးသားပါတီ (ANP) ဟာ ပါတီတွင်း အကွဲအပြဲတွေကို ဖြေရှင်းကြလိမ့်မယ် လို့ ရခိုင်ပြည်သူတွေ မျော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအဝင် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေက ပါတီတွင်း အကွဲအပြဲကို မဖြေရှင်းဘဲ လျစ်လျူရှုနခဲ့ပါတယ်။
အလားတူဘဲ အာဏာရ NLD အစိုးရနဲ့ ပူးပေါင်းရေး၊ ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ပါတီတွင်း ပဋိပက္ခဟာ ပိုမိုနက်နဲလာခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရင် ရခိုင်ပြည် နယ်ဝန်ကြီးချုပ် လုပ်မယ် ဆိုတဲ့ အိမ်မက်တွေ ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိပြီးနောက် ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းဖို့ NLD ပါတီကို တောင်းဆိုခဲ့တာပါ။ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းခွင့် မရရင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူး လို့ ပါတီက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ရဲ့ သဘောထားနဲ့ မတူညီတဲ့ အမြင်တွေ ရှိခဲ့ပေမယ့် ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေက ဘာကြောင့် လက်လျှော့ခဲ့ကြသလဲ ဆိုတာ စဉ်းစားစရာ တခုပါ။
ဒါပေမယ့် ရခိုင်အမျိုးသားပါတီရဲ့ တောင်းဆိုမှုကို NLD ပါတီက လျစ်လျူရှုခဲ့ပြီး ၎င်းတို့ပါတီမှ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ရခိုင်အမျိုးသားပါတီ (ANP) မှ RNDP အုပ်စုဟာ NLD ပါတီကို အတိုက်အခံလုပ်ဖို့နဲ့ UNA ကိုလည်း မဟာမိတ်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်အမျိုးသားပါတီ (ANP) နဲ့ အာဏာရ NLD အစိုးရတို့ အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) တွင်း အုပ်စု နှစ်ခုကြား ထိပ်ပိုင်း ခေါင်းဆောင်တွေကြား အကွဲအပြဲတွေ ဖြစ်ပေါလာခဲ့ပြီး နောက်ပိုင်း လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ANP (RNDP) အုပ်စုနဲ့ မဆွေးနွေးဘဲ၊ ALD မှ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လျှို့ဝှက်စွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ALD ပါတီနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက ဆိုပါတယ်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုဟာ ALD ပါတီရဲ့ အကြံပြုချက်နဲ့ ဦးကျော်လွင်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီး နေရာ ခန့်ထားခဲ့တာပါ။ လက်ရှိဝန်ကြီး ဦးကျော်လွင်ဟာ NLD ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီးနေရာကို လက်ခံ လိုက်တာကြောင့် ANP ပါတီမှ ထုတ်ပယ်ခဲ့ပါတယ်။
အခြား တဖက်မှာတော့ ရခိုင်အမျိုးသားပါတီ (ALD အုပ်စု) က ပါတီရဲ့ သဘောထားကို ဆန့်ကျင်ခဲ့ကြတယ်။ ရခိုင်အမျိုးသား ပါတီမှ (ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အုပ်စု) ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးမျိုးကျော် အပါအဝင် ဗဟို အလုပ်အမှုဆောင် ၅ ဦးက ANP ရဲ့သဘောထား ထုတ်ပြန်ချက်၊ ပါတီရဲ့ ဦးတည်ချက်၊ မဟာမိတ်ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကို တရားမဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်တယ် ဆိုကာ ပါတီဌာနချုပ်မှာ လာရောက် ဖြေရှင်းဖို့ စာပေးပို့ခဲ့ ပေမယ့်လည်း လာရောက် ဖြေရှင်းခြင်း မရှိခဲ့ပါ။ ယင်းကြောင့် ၎င်းခေါင်းဆောင်တွေကို ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခံလိုက်ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ရခိုင်အမျိုးသားပါတီမှ ထုတ်ပယ်ခံရတဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ (ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်) ဟာ ပါတီသစ်တခု တည်ထောင်ဖို့ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ ခုလို အနေအထား တွေကြောင့် ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်း ခေါင်းဆောင်တွေကြား အကွဲအပြဲ ( ပထမလှိုင်း) ဖြစ်စေခဲ့ပြီး၊ လက်ရှိ အချိန်မှာတော့ ရခိုင်ပြည်နယ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) နာမည်နဲ့ ပါတီသစ်တခု ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ အကွဲအပြဲ ( ဒုတိယလှိုင်း)
အများသိပြီးကြတဲ့ အတိုင်း ဒီဇင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကိုယ်တိုင် ပါတီဝင်နဲ့ ပါတီဥက္ကဋ္ဌ တာဝန်မှပါ နုတ်ထွက်ဖို့ ပါတီရုံးချုပ်ကို နုတ်ထွက်စာ တင်လာပြီးနောက် ANP ပါတီတွင်းက ဒေါက်တာ အေးမောင် အုပ်စု ဖြစ်တဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင် ဦးကျော်ဇောဦးလည်း နုတ်ထွက်စာ တင်လာပါတယ်။
ပါတီအတွင်း ခေါင်းဆောင်တွေကြား ညီညတ်မှု မရှိတဲ့ အပြင် ပါတီတွင်း အစည်းအဝေးမှာရော၊ အစည်းအဝေးပြင်ပမှာရော သူ တဦးတည်းကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တဲ့ အတွက်ကြောင့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကိုယ်တိုင် နုတ်ထွက်စာ တင်ရတာလို့ ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ကိုယ်တိုင် နုတ်ထွက်စာ တင်လာတဲ့ အပေါ် ရခိုင်ပြည်သူအများစု အတွက် အံ့သြစရာ တခုဖြစ်လိမ့်မယ် မထင်ပါ။ ဘာကြောင့်လဲ ဆိုတော့ ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီ ( ANP) က နုတ်ထွက်မယ် လို့ အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် နုတ်ထွက်လာတဲ့ အပေါ် ရခိုင်ပြည်သူတွေကြား ဂယက် ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။
ပြောရမယ် ဆိုရင် ရခိုင်အမျိုးသားပါတီ (ANP) အတွင်း ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အုပ်စုနဲ့ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုးတို့ ကြား အုပ်စုဖွဲ့ အာဏာ လွန်ဆွဲပွဲဟာ အခုအချိန်မှ ဖြစ်ပေါ်လာတဲ့ ပဋိက္ခ မဟုတ်ဘဲ အမြစ်တွေနေတာ ကြာခဲ့ပါပြီ။ အခုအချိန်မှ ရခိုင် အမျိုးသားပါတီတွင်း အုပ်စုဖွဲ့ အားပြိုင်မှုဟာ သိသာထင်ရှားလာခဲ့တာပါ။
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဟာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပအါတီရဲ့ ဇာတ်ညွန်း အတိုင်း ကပြနေရတာ လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်း မြန်မာနိင်ငံရေးမှာရော၊ ရခိုင်နိုင်ငံရေးမှာရော စစ်တပ်နဲ့ ကြံ့ခိုင်းရေးပါတီနဲ့ အနီးစပ်ဆုံး ခေါင်းဆောင်တယောက်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ အခြား တစ်ဖက်မှာတော့ ဒေါက်တာ အေးမောင်ရဲ့ အမျိုးသားရေးဆန်ဆန် မီဒီယာမှ တဆင့် ပြောဆိုမှုတွေကြောင့် ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိထားသူ တဦးလည်း ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဟာ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရရင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ကိုယ်တိုင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ သလို၊ သူ့ရဲ့ မဟာမိတ်ပါတီ ဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီလည်း ရွေးကောက်ပွဲတွင် NLD ပါတီကို ရှုံးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အိမ်မက် ပျက်စီးခဲ့ရပါတယ်။ အခြား တဖက်မှာတော့ ဦးဦးလှစောနဲ့ ဦးခိုင်ပြည်စိုးတို့က ကြံ့ခိုင်းရေးပါတီရဲ့ လွမ်မိုးမှုကို မလိုလားဘဲ ရခိုင်အမျိုးသားပါတီဆိုတဲ့ သီးခြား လွတ်လပ်တဲ့ ပါတီတခု တည်ထောင်ချင်တယ် လို့ ရှုမြင်ပါတယ်။
အလားတူ ရခိုင်အမျိုးသားပါတီ (ANP) အတွင်း အုပ်စုဖွဲ့ အာဏာလွန်ဆွဲမှု နောက်ကွယ် အခြေအနေက ကိုယ်ကျိုးစီးပွားနဲ့ ဆက်စပ်နေတယ် လို့ ပြောရင် မေးခွန်းထုတ်ဖို့ ခက်လိမ့်မယ်။ အရင်သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းကပင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင် အများစုနဲ့ လွတ်တော် ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အခွင့်အာဏာကို အသုံးချပြီး သူတို့ကိုယ်တိုင် (သို့မဟုတ်) သူတို့ရဲ့ မိသားစုအကျိုးစီးပွား အတွက် ဆောက်ရွက်နေကြတယ်။ ဥပမာ သူတို့ဟာ ရခိုင်ပြည်နယ်က ဆောက်လုပ်ရေး တင်ဒါစီးပွားရေးနဲ့ တနည်းတဖုံ ပတ်သက်နေတယ် ဆိုတာ ငြင်းဖို့ ခက်လိမ့်မယ်။
ဒါပေမယ့် အခြားတဖက်မှာတော့ သူတို့ဟာ ရခိုင်အမျိုးသား အကျိုးစီးပွားကို ဆောင်ရွက်နေသူတွေ၊ ရခိုင်ပြည်သူတွေရဲ့ လိုအပ်ချက်ကို တင်ပြဆွေးနွေးနေသူတွေလို့ သူတို့ကိုယ် သူတို့ ရခိုင်ပြည်သူတွေကြား ပုံဖော်နေကြတာ တွေ့ရတယ်။
ရခိုင်အမျိုးသားပါတီ (ANP) မှ ရခိုင်ပြည်နယ် လွတ်တော်ဒုဥက္ကဋ္ဌ ကွယ်လွန်သွားပြီးနောက် ၎င်းနေရာမှာ အစားထိုးဖို့ ANP ပါတီမှ လွတ်တော် ကိုယ်စားလှယ်တွေကြား အကွဲအပြဲက ကျယ်လောင်စွာ ထွက်ပေ၊လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက ရခိုင် အမျိုးသားပါတီဟာ ရခိုင်ပြည်နယ် လွတ်တော် ဒုဥက္ကဋ္ဌ နေရာ အစားထိုးဖို့ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီမှ မြေပုံမြို့နယ်မှ ဦးအောင်ဝင်းကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ဦးအောင်ဝင်းက (၁၇) မဲ၊ ANP ပါတီမှ ဦးမြသန်းက (၁၉) မဲနဲ့ ဦးမြသန်း အနိုင်ရခဲ့ပါတယ်။
ဒီအနေအထားကို ကြည့်ရင် ရခိုင်အမျိုးသားပါတီရဲ့ သဘောထားထုတ်ပြန်ချက်တွေ၊ ဆုံးဖြတ်ချက်တွေကို ANP ပါတီအတွင်းမှ လွတ်တော် ကိုယ်စားလှယ်တွေက သဘောမတူညီမှုကို ပြသလိုက်သလို၊ နောက်ထပ် ပါတီတွင်း အကွဲအပြဲ ဖြစ်စေတဲ့ အကြောင်းအရင်း တခုလည်း ဖြစ်ပါတယ်။လွတ်တော်ဒုဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရတဲ့ ဦးမြသန်းကို ANP ပါတီစည်းကမ်းတွေ မလိုက်နာမှုကြောင့် ပါတီမှ ထုတ်ပယ်လိုက် သလို နောက်ထပ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးသန်းမောင်ဦး၊ ဦးခင်မောင်ဌေးတို့ ရခိုင်အမျိုးသားပါတီ (ANP) မှ နုတ်ထွက်ခဲ့ကြတယ်။
အလားတူ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်မှု၊ မတက်ရောက်မှုနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင် နှင့် ဦးဦးလှစောတို့ကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ပြောရမယ်ဆိုင်ရင် ဒေါက်တာ အေးမောင်က ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ်တွင် မကျင်းပနိုင်သေး တာကြောင့် ပင်လုံညီလာခံကို မတက်ရောက်ဘူး လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး မကျင်းပမီ ရက်ပိုင်းက မီဒီယာမှ လက်ဦးမှုယူ ပြောကြားခဲ့တယ်။
ဒါပေမယ့် ဦးဦးလှစောကတော့ ရခိုင်အမျိုးသားပါတီ အနေနဲ့ ပင်လုံညီလာခံကို တက်ရောက်မယ်၊ မတက်ရောက်ချင်တဲ့ သူတွေ မတက်နဲ့ လို့ သူ့ရဲ့ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) အတွင်း အုပ်စုဖွဲ့ အာဏာလွန်ဆွဲပွဲဟာ အမြင့်ဆုံးအဆင့်ကို ရောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါက်တာအေးမောင် အုပ်စုဖြစ်တဲ့ (ANP) စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေကို ပါတီမှ ထုတ်ပယ်ခံလိုက်ရပြီး နောက် ပါတီထိပ်ပိုင်း ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကို ပါတီမှ ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တယ်။
အဲဒီ ဆန္ဒပြတောင်းဆိုမှု နောက်ကွယ်မှာ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကိုယ်တိုင်ပါဝင် ပတ်သက်နေတယ် လို့ ANP အသိုင်းအဝန်းက ဆိုပါတယ်။ တကယ်တော့ အခုလို ဆန္ဒပြ တောင်းဆိုမှုကို ကြည့်ရင် ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပါတီပုံရိပ်နဲ့ သိက္ခာ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလိုက်တဲ့ သဘောရှိပြီး၊ အခြား တဖက်မှာတော့ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုကို ဒေါက်တာ အေးမောင် ရယူလိုတဲ့ သဘောလို့ ရှုမြင်မိတယ်။
အဲဒီနောက်ပိုင်း ရခိုင်အမျိုးသားပါတီ (ANP) ကနေ နုတ်ထွက်စာတင်ထားတဲ့ ဒေါက်တာ အေးမောင်က ရခိုင်လူထုနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ တောင်းဆိုရင် နိုင်ငံရေးပါတီ တောင်မယ် လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ဆိုလာပါတယ်။
ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင် ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ပါတီတွင်း ထိပ်ပိုင်းခေါင်းဆောင်တွေ ကြား အုပ်စုဖွဲ့ အာဏာလွန်ဆွဲမှုဟာ မူဝါဒပိုင်းဆိုင်ရာ အကွဲအပြဲကြောင့် မဟုတ်ပါ။ ရခိုင်ပြည်သူ အကျိုးစီးပွားထက် ပုဂ္ဂလိက အကျိုးစီးပွားကို အခြေခံခြင်းသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ရခိုင်အမျိုးသားပါတီတွင်း အုပ်စုအချင်းချင်း ကြားမှာ ရှိကြတဲ့ အတ္တ၊ မာန၊ အာဃတနဲ့ မိမိအကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ ပါတီတွင်း အာဏာလွန်ဆွဲမှုသာ ဖြစ်တယ်။
ရခိုင်အမျိုးသားပါတီ (ANP) ပါတီတွင်း အုပ်စုဖွဲ့ အာဏာလွန်ဆွဲမှုကြောင့် ရခိုင်ပြည်သူတွေကို ကောင်းမွန်တဲ့ အနာဂတ်တခုကို မတွန်းပို့နိုင်ဘူးဆိုတာ ငြင်းစရာ မရှိသလို၊ ရခိုင်ပြည်သူတွေ မျှော်လင့်ထားကြတဲ့ ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံရေး ရည်မှန်းချက်တွေဟာ တနေ့ထက် တနေ့ ဝေးသထက် ဝေးလာပြီဆိုတာ ဧကန်မုချဖြစ်တယ် လို့ သုံးသပ်တင်ပြ လိုက်ရပါတယ်။ ။
(ထွန်းထွန်းနိုင်သည် ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ စီမံကိန်းရေးဆွဲရေးနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကို ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့ပြီး၊ ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာသုံးသပ်ချက် ဆောင်းပါးများကို ရေးသားနေသူဖြစ်သည်။)