မြန်မာနိုင်ငံတွင် ဖမ်းဆီးခံနေရသည့် Reuters သတင်းဌာန၏ သတင်းထောက်များဖြစ်သော ဝလုံးနှင့် ကျော်စိုးဦးတို့၏ ဖြစ်စဉ်က အထီးကျန် ဆယ်စုနှစ်များစွာမှ ပြန်လည်ပေါ်ထွက်လာသော မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို နည်းလမ်းများစွာဖြင့် သင်္ကေတပြု ထင်ဟပ်ပြ နေသည်။ ၎င်းတို့ ၂ ဦးစလုံး၏ သာမန် ဘဝဖြတ်သန်းမှု နောက်ခံ တူညီသလို ၎င်းတို့မွေးဖွားလာသည့် စစ်အစိုးရ ခေတ်တွင် မဖြစ်နိုင်လောက်အောင် ခက်ခဲသော သတင်းသမား အဖြစ်လည်း ခက်ခဲကျပ်တည်းစွာ ကြိုးစားရုန်းကန်ခဲ့ရသည်။
ဒီဇင်ဘာ လ ၁၂ ရက်နေ့တွင် စတင် ဖမ်းဆီးခံရပြီး ထိုအချိန်မှ ယခုအထိ မိဘများ၊ ရှေ့နေများနှင့် တွေ့ခွင့် မရဘဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်များ ဥပဒေကို ချိုးဖောက်သည် ဟု စွပ်စွဲခံထားရသော သတင်းထောက် ၂ ဦး၏ ဘဝကောက်ကြောင်းကို ဖော်ပြလိုက်ပါသည်။
ဝလုံး
အသက် ၃၁ နှစ်ရှိပြီဖြစ်သော ဝလုံးသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်အကြား မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အပူပိုင်းဇုန်ရှိ မန္တလေးမြို့ မြောက်ဘက် ရွှေဘိုခရိုင်ထဲက မိသားစု ၁၀၀ ခန့်ရှိသော ကျေးရွာတွင် လူလားမြောက်ခဲ့သည်။
မွေးခြင်း ၅ ဦး ရှိပြီး မိဘများသည် လယ်သမားများဖြစ်ကာ ငွေကြေးချို့တဲ့သည်။ သူ ငယ်စဉ်ကပင် မိခင်ဖြစ်သူမှာ ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။
သူသည် စာတော်သော ကျောင်းသားတဦး ဖြစ်ပြီး ငယ်စဉ်ကပင် သတင်းများကို စိတ်ဝင်စားသည် ဟု သူ၏ သူငယ်ချင်းများက ပြောသည်။ အသက် ၁၀ နှစ်ခန့်က ရွာရှိ အများသုံး ရုပ်သံစာစောင်အစီအစဉ်ကို ဝလုံး ကြည့်ခဲ့သည် ဟု သူ၏ ညီများအနက် တဦးဖြစ်သူ ကို သူရအောင်က ပြောသည်။
“တခါတခါကျရင် သူက သတင်းတင်ဆက်သူ အဖြစ် သရုပ်ဆောင်တယ်။ နောင်တနေ့မှာ သတင်းထောက် လုပ်မယ်လို့ သူ အမြဲ ပြောတယ်” ဟု အသက် ၂၆ နှစ် အရွယ် ကိုသူရအောင်က ပြောသည်။
အသက် ၁၆ နှစ်တွင် အထက်တန်းအောင်သော အခါ ဝလုံးသည် အစိုးရ နည်းပညာ တက္ကသိုလ်တွင် တက်ရောက်ခဲ့ သော်လည်း မိဘများက မတတ်နိုင်သောကြောင့် စာသင်ကာလ ၂ ခုသာ တက်ပြီး ကျောင်းထွက်လိုက်ရသည်။
၂၀၀၄ ခုနှစ် တဝိုက်တွင် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ ဖြစ်သော မော်လမြိုင်သို့ သွားပြီး ဦးလေးတော်စပ်သူ ဘုန်းတော်ကြီး၏ ကျောင်းတွင် နေသည်။ နေစရာ တခု ရသော်လည်း ဓာတ်ပုံဆိုင်တွင် အလုပ် မဆင်းမီ နံနက် ၅ နာရီတွင် အိပ်ယာမှ ထကာ သံဃာတော်များ အတွက် ဆွမ်းပြင်ဆင် ချက်ပြုတ်၊ သန့်ရှင်းရေး ဆောင်ရွက်ရသည်။ ဝလုံးသည် ဒီဇိုင်းပညာနှင့် ဓာတ်ပုံပညာတွင် ပါရမီ ပါပြီး အကြာမီ ကိုယ်ပိုင် ဓာတ်ပုံတိုက်ငယ်လေးတခု ထောင်နိုင်ခဲ့သည်။ ထို ဓာတ်ပုံတိုက်ကို ကိုသူရအောင်နှင့် အတူ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ငွေ အနည်းငယ် စုမိသောကြောင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ညီအကို ၂ ယောက်လုံး ရန်ကုန်သို့ ပြောင်းလာပြီး ဝလုံးသည် သူ၏ ကလေးဘ၀ စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ လေဆိပ်အနီးရှိ မြောက်ဥက္ကလာတွင် နေထိုင်ပြီး ဓာတ်ပုံလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြသည်။ ဝလုံးသည် မီဒီယာ သင်တန်းလည်း တက်ပြီး နောင်တွင် အင်္ဂလိပ်စာ သင်တန်းများလည်း တက်သည်။
“နိုင်ငံခြားသားတွေနဲ့ ထိတွေ့ ဆက်ဆံမှုနည်းတဲ့ ခပ်ပိန်ပိန် ရွာသားလေးပေါ့” ဟု ဝလုံးကို ၂၀၁၂ ခုနှစ်က တွေ့ခဲ့ဖူးသော အမေရိကန်ဆရာမ မင်ဒီ ဝေါ့လ်ကာ က ပြောသည်။
သူသည် စိတ်လှုပ်ရှားတတ်လွန်းသောကြောင့် ပထမဆုံးအကြိမ် သူ့ကို စာမေးသောအခါ ထွက်ပြေးသည် ဟု ဆိုသည်။
“အဲဒီတုန်းက အကြောင်း ကျမတို့ ပြောပြီး ရယ်ကြတယ်။ သူက အဲဒီအကြောင်းကို တခြားကျောင်းသားသစ်တွေ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင်လည်း ပြောတတ်တယ်။ သူ့ရဲ့ နှလုံးသားက ကြီးမားလှပါတယ်။ သူက တခြားလူတွေ အောင်မြင်အောင် အမြဲ အားပေးတယ်။
စေတနာ ဖောင်ဒေရှင်း
ငါးလ ခြောက်လအတွင်း ဝလုံး သည် ရန်ကုန်ရှိ ပြည်သူ့ခေတ် ဂျာနယ်တွင် ပထမဆုံး သတင်းလုပ်ငန်း အလုပ် လုပ်ကိုင်ခဲ့ပြီး ထို ဂျာနယ်တွင် သူ၏ အယ်ဒီတာမှာ ယခု ပြန်ကြားရေး ဝန်ကြီးတာဝန် ထမ်းဆောင်နေသော ဦးဖေမြင့် ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင်မူ သူသည် အင်္ဂလိပ်ဘာသာ နေ့စဉ်သတင်းစာ Myanmar Times သို့ပြောင်းရွှေ့ပြီး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အာဏာရခဲ့သော ၂၀၁၅ ခုနှစ် သမိုင်းဝင် အထွေထွေရွေးကောက်ပွဲ သတင်းများကို ရယူခဲ့သည်။
“ဝလုံးကို တွေ့လိုက်တာနဲ့ သူ့ကို အလုပ်ခန့်ရမယ် ဆိုတာကို ချက်ချင်း သိလိုက်တယ်။ သူက တွေးခေါ်တတ်၊ ဆက်စပ် ပြောဆိုတတ် ပြီး သတင်းစာပညာကို လေးလေးနက်နက် ဂရုပြုတယ်” ဟု ထိုသတင်းစာ၏ အယ်ဒီတာဟောင်း သောမတ်စ် ကီးန်က ပြောသည်။
Myanmar Times တွင် လုပ်ကိုင်ခဲ့သော ၂ နှစ်တာ ကာလသည် သတင်းသမားကောင်း တယောက် ဖြစ်ရန် အခြေခံကို ပေးရုံသာမက သူ၏ ဘဝအတွက် ထူးခြားသော ကာလလည်း ဖြစ်သည်။ သူ၏ ဇနီးဖြစ်လာမည့် ထိုသတင်းစာတိုက်၏ အရောင်းနှင့် ဈေးကွက်ရှာဖွေရေး ဝန်ထမ်း မပန်းအိမွန်ကို ထိုသတင်းစာတိုက်တွင် သူ တွေ့ခဲ့သည်။ ၎င်းတို့ ချစ်သူနှစ်ဦးသည် လွန်ခဲ့သောနှစ် ဧပြီလကမှ လက်ထပ်ခဲ့သည်။
သတင်းများကို နာရီပေါင်းများစွာ သည်းသည်းမည်းမည်း လိုက်ရင်း၊ လေ့လာသင်ယူနေစဉ်ဆဲ မှာပင် ဝလုံးသည် ကလေးစာပေ တအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်၏ အမည်မှာ ဥယာဉ်မှူး ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာဖြင့် ထုတ်ဝေကာ ၎င်း၏ ကျေးလက်ဒေသကို အခြေခံသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းစကားများဖြစ်သည်။
သူသည် Third Story Project အမည်ရှိ စေတနာ ဖောင်ဒေးရှင်း တခုကိုလည်း ပူးတွဲ တည်ထောင်ခဲ့ပြီး ထိုဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ လူမျိုးစု အမျိုးမျိုးအကြား သည်းခံနိုင်မှု မြှင့်တင်ပေးသော ဇာတ်လမ်းများ ထုတ်ဝေသည်။ မိဘမဲ့ကလေးများ အတွက်လည်း ထိုဖောင်ဒေရှင်းက လုပ်ဆောင်ပေးသည်။
သူ၏ သီတင်းပတ်ကုန် အားလပ်ရက် အများအပြားတွင်လည်း သူ လူလားမြောက်ခဲ့သည့် ကျေးလက်ဒေသများနှင့် တူသော ဒေသများသို့ သွားရောက်ခဲ့သည်။
“သူ့ ဖောင်ဒေးရှင်းက စာအုပ်တွေကို ယူပြီး ကလေးတွေကို ပေးတယ်။ ဖတ်ပြတယ်။ ပန်းချီပြိုင်ပွဲတွေ လုပ်တယ်။ ကလေးတွေနဲ့ သီချင်းတွေ ဆိုတယ်” ဟု မပန်းအိမွန်က ပြောသည်။
ဝလုံးသည် Reuters သတင်းဌာနသို့ ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင် ဝင်ရောက်ပြီး ဩဇာကြီးမားသော စစ်ဘက်၏ မြေယာသိမ်းဆည်းမှု၊ ထင်ရှားသော နိုင်ငံရေးသမား ဦးကိုနီ လုပ်ကြံသတ်ဖြတ် ခံရမှုနှင့် အရှေ့မြောက်ဒေသတွင် လုံခြုံရေး တပ်ဖွဲ့များ၏ သတ်ဖြတ်မှုများကို ဖော်ထုတ်ခြင်း အပါအဝင် အရေးပါသော အကြောင်းအရာများကို ရေးသားပြီး လူသိများလာသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတွင် ဖြစ်ပွားသော အကျပ်အတည်း အပေါ်သူ၏ သတင်းတင်ပြချက် ကြောင့် သူသည် Society of Publishers in Asia နှင့် နှစ်စဉ်ပေးအပ်သောဆုတွင်သူ၏ အမည် ပူးတွဲ ဖော်ပြခံရသည်။
လုံခြုံရေး တပ်စခန်းများကို ရိုဟင်ဂျာ စစ်သွေးကြွများက သြဂုတ်လ အတွင်း တိုက်ခိုက်မှုများကြောင့် တပ်မတော်၏ စစ်ဆင်ရေးများ ဖြစ်ပွားစေခဲ့ပြီးနောက်တွင် သူသည် ရခိုင်ပြည်နယ် သို့ ထပ်မံသွားရောက်သည်။
ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ အကူးအပြောင်းသည် မလွယ်ကူသည့် နိုင်ငံတခုတွင် ထိုကဲ့သို့သော အကြောင်းအရာများကို သတင်းယူခြင်းသည် မလွယ်ကူလှပေ။
“ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းက စတင်တဲ့ သူ့ရဲ့ ရဲရင့်မှုဟာ မယုံနိုင်လောက်အောင်ပဲ။ (တပ်မတော်နဲ့ အစိုးရ ) ရဲ့ ရခိုင်ပြည်နယ် ဇာတ်လမ်းကို မေးခွန်းထုတ်တဲ့ သတင်းသမားတွေ အပေါ် မလိုလားတဲ့ စိတ်တွေ ဒီရေလို မြင့်လာတာ ဖော်ပြဖို့ တောင်ခက်တယ်” ဟုလည်း သောမတ်စ်ကီးန် က ပြောသည်။
“ခင်ဗျား ဝလုံး အကြောင်း ကြားပြီးပြီလားလို့ လုပ်ဖော်ကိုင်ဖက်တွေက မေးလိုက်တာနဲ့ သူအဖမ်းခံရပြီ ဆိုတာ ကျနော်သိနေတယ်။ သူ့ရဲ့ သတင်း တင်ပြပုံကြောင့် သူ့ကို ပစ်မှတ်ထားလာတာ။ ဘာမှ မအံ့ဩဘူး။ ကြေကွဲတယ်။ ဒေါသဖြစ်တယ်” ဟုလည်း သူက ပြောသည်။
ကျော်စိုးဦး
သူသည် သတင်းသမားဖြစ် မလာမီ စာပေရေးသားခြင်း၊ ကဗျာစပ်ဆိုခြင်းကို မြတ်နိုးသူဟု သူ၏ မိသားစုနှင့် သူငယ်ချင်းများက ဆိုသည်။
Rakhine Development News တွင် ကျော်စိုးဦး သတင်းသမား အဖြစ် စတင် လုပ်ကိုင်ပြီးနောက် Root Investigative Agency သတင်းဌာနကို စတင် တည်ထောင်သူ ကိုမင်းမင်းက အသက် ၂၇ နှစ်အရွယ် ကျော်စိုးဦးသည် မိတ်ဆွေများပြီး ပျော်ပျော် နေတတ်သည် ဟု ဆိုသည်။
“ကျနော် သူ့ကို ၂၀၁၃ ခုနှစ်မှာ စတွေ့တော့ သူက ကဗျာဆရာ၊ သတင်းသမား မဟုတ်သေးဘူး။ သတင်းစာပညာကိုလည်း စိတ် မဝင်စားသေးဘူး” ဟု ကိုမင်းမင်းက ပြောသည်။
ရခိုင်ဗုဒ္ဓဘာသာ တဦး ဖြစ်သူ ကိုကျော်စိုးဦးသည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် လူလားမြောက်ခဲ့ပြီး မွေးချင်း ၅ ဦးအနက် တဦး ဖြစ်သည်။
“သူဟာ အကိုကြီးကောင်း တယောက်ပါ” ဟု သူ ၏ ညီမ ညိုညိုအေးက ပြောပြီး သူမ၏ အကိုသည် လူစုလူအုပ်နဲ့ ဝေးဝေးနေတတ်သည် ဟုလည်း ပြောသည်။
“သူက အမြဲတမ်းပဲ စာအုပ်တွေနဲ့ နေတာ။ သူက စာအုပ်ဆိုင်တွေ၊ စာအုပ် အဟောင်းဆိုင်တွေကို သွားတာ။ သူ့ပိုက်ဆံတွေကို စာအုပ်တွေ အတွက် သုံးတာ” ဟု သူက ပြောသည်။
၂၀၁၂ ခုနှစ် အုံကြွမှု အပြီး စစ်တွေတွင် တငွေ့ငွေ့တောက်လောင်နေသော ရခိုင်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာ မွတ်စလင် အသိုင်းအဝန်း ၂ ခုကြား တင်းမာမှုတွင် ပါဝင် ပတ်သက်ခြင်းကို သူရှောင်ရှားခဲ့သည် ဟု သူ၏ ငယ်သူငယ်ချင်း ကိုဇော်မျိုးသူက ပြောသည်။
“သူ ကဗျာရေးတယ်။ စာဖတ်ဝါသနာ ပါတယ်။ ဘယ်သူနဲ့မှ ရန်မဖြစ်ဘူး” ဟုပြောသည်။
သို့သော် ရခိုင်ပြည်နယ် သတင်းယူရင်း သူ့ကို သတင်းလောကအတွင်း ဆွဲသွင်းလိုက်သည်မှာလည်း ထိုပဋိပက္ခပင် ဖြစ်သည်။ သူသည် Reuters သတင်းဌာနသို့ စက်တင်ဘာလတွင် စတင် ဝင်ရောက်ပြီး ဩဂုတ်လ ၂၅ ရက်နေ့ လုံခြံရေးတပ်စခန်းများကို စစ်သွေးကြွများ တိုက်ခိုက်မှုအပြီး တပ်မတော်၏ ဖြိုခွဲမှု သတင်းကို ယူသည်။
“သတင်းသမားတယောက် အနေနဲ့ သူသတင်းယူမှာပဲ။ ဒါပေမယ့်သူက လူမျိုးခွဲခြားသူ မဟုတ်တော့ မျှမျှတတပဲ သတင်းယူမှာပေါ့” ဟု သူ၏ ညီမ ညိုညိုအေး က ပြောသည်။
ကျော်စိုးဦးသည် Reuters အတွက် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူ ရိုဟင်ဂျာ လယ်သမားများ၏ စပါးများကို မြန်မာနိုင်ငံအစိုးရက မည်သို့ ရိတ်သိမ်းမည်၊ အချို့သော ဗုဒ္ဓဘာသာဝင်များက ဒေသအလိုက်ခွဲခြားဆက်ဆံရန် မည်သို့ လုပ်ဆောင်မည်ကို စုံစမ်း ရေးသားခဲ့သည်။
“သူ့အလုပ် အကြောင်းသူ ဘယ်တော့မှ မပြောဘူး။ ကျမကလည်း ဘယ်တော့မှ မမေးဘူး” ဟု သူ၏ ဇနီး မချစ်သူဝင်းက ပြောသည်။ သူတို့ ဇနီးမောင်နှံတွင် ၃ နှစ်အရွယ် သမီးတဦး ရှိသည်။ “သူမှန်တာလုပ်တယ် လို့ ကျမ ယုံကြည်တယ်။ သူဝါသနာပါတာ သူလုပ်တာ။ သူက စာရေးဆရာ ဖြစ်ချင်တာ” ဟုလည်း ပြောသည်။
(Reuter သတင်းတရပ်တွင် ဖော်ပြထားသည့် Arrested Myanmar reporters: Two book lovers dedicated to the truth ကို ဘာသာပြန်သည်။)