ဆောင်းပါး

ရခိုင့် ဂန္ထဝင် ကျင်သန်ကြီး

Want create site? Find Free WordPress Themes and plugins.

“ဖမ်းလူ ခံလူ၊ တူတူလုံး၊ ဒုံးဒုံးလည်းချ၊ အကျလည်းယင်၊ ကျယင်၊ ကျယင်…ကျင်” ဟူသည့် ဆရာကြီး ဦးလုံး ၏ သုတေသနပြု ရေးသားထားသော ရခိုင်ရိုးရာ ကျင်ကိုင်ခြင်း အားကစား နှင့် ပတ်သက်သည့် “ရခိုင်အကွက် စာတမ်း” ကို အမှတ် ရမိပါသည်။

ဗြိန်း….ဗြိန်း..ဗြိန်း…ဟူသော ရခိုင့် စည်တော် တီးခတ်သံများ။ ရာပေါင်းများစွာသော ပရိသတ်များက အချင်းချင်း တိုးဝှေ့လျက် ကျင်ပွဲတော်သည် ကြိတ်ကြိတ်တိုး စည်ကားနေပေသည်။

တချို့က မတ်တပ်ရပ်လျက် အားပေးနေကြသည်။ တချို့ကတော့ ဟန်းဖုန်း ကိုယ်စီဖြင့် ဓာတ်ပုံဖမ်းယူ ရိုက်ကူး နေကြ သည်။
ထိုအချိန်တွင် အသက် ၈၀ ကျော်အရွယ် လူကြီးတဦး ခါးတောင်း ကျိုက်လျက် ကျင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ လူကြီး ၏ လည်ပင်းတွင်လည်း ရွှေမောင်းများကို ဝင့်ထည်စွာ ဆွဲထားသည်။

အသက်အရွယ်ကြောင့် ခါးအနည်းငယ်ကိုင်းပြီး လက်မောင်းနှစ်ဖက်က အရေပြားများ တွဲလွဲကျနေသော်လည်း လူကြီး ၏ ကျင်ဟန်ရေး ပြပုံများက ရခိုင့် စည်တော်သံများနှင့်အတူ ဟန်ချက် ညီညီ လိုက်ပါ၍ ပရိသတ်များကို ဖမ်းစား ထား သည်။

ထိုလူကြီးသည် တချိန်တခါက ပြိုင်စံရှားဖြစ်ခဲ့သော ရခိုင့်ဂန္ထဝင် ကျင်သန်ကြီး ဦးမောင်နီ ဖြစ်ပါသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော ၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပနေခြင်း ဖြစ်ပါသည်။

ပေါက်တောမြို့နယ် တောင်ညိုရွာသား ဦးမောင်နီသည် အသက် ၂၀ ကျော် အရွယ်အတည်းက ကျင်ကြိုးဝိုင်းထဲ သို့ စတင် ခြေချခဲ့သည်။

ပထမဆုံး အကြိမ်အဖြစ် ပေါက်တောမြို့နယ် မင်းဘာဘုန်းကြီးပျံပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရွှေမောင်း ကို ဆွတ်ခူးရရှိခဲ့သည်။

ထိုအချိန်မှစ၍ ဦးမောင်နီ၏ ကျင်ပါရမီနှင့် ဂုဏ်သတင်းသည် ကျင်လောက တခုလုံးသို့ ပျံ့နှံ့ခဲ့သည်။

“ပထမဆုံး ကျင်ကိုင်တဲ့နှစ်မှာပဲ ရွှေမောင်းရတယ်၊ အဲဒီနှစ်မှာပဲ ကျနော် မိန်းမရတယ်” ဟု ဦးမောင်နီက ကျင်ပညာ ဂုဏ် သတင်းကြောင့် အချစ်ခရီးလမ်း သာယာဖြောင့်ဖြူးခဲ့ပုံကို ပြန်လည် ပြောပြသည်။

ဦးမောင်နီသည် ပွဲတိုင်းကျော် အနိုင်ရရှိမှုကြောင့် ပြည်ကျင်သန်ကြီး ဦးမောင်နီဟူ၍ တင်စားခေါ်ဝေါ် ခံရပြီး ကျင်လော က ဘဝ တလျှောက်တွင် ရွှေမောင်း အလုံးပေါင်း ၁၂၀ ကျော် ရရှိခဲ့သည်။

ရခိုင်ကျင်ပွဲ လောကတွင် ဦးမောင်နီသည် ပွဲတိုင်းကျော် ကျင်သန်ကြီးတဦး ဖြစ်ခဲ့လေသည်။

ပြိုင်ဘက် ကျင်သန်ကြီးများ၏ လက်မောင်းတဖက်ကို ဦးမောင်နီ ကိုင်လိုက်သည်နှင့် ဓာတ်လိုက်သလို ပြုတ်ထွက် သွား မတတ် ခံစားရသည်အထိ အစွမ်းထက်ခဲ့သည်ဟု ကျင်လောကသားများက ပြောလေ့ ရှိကြသည်။

ယင်းကြောင့် ကျင်ပွဲတချို့တွင် ပြိုင်ဖက်ကျင်သန်များသည် ကျင်ကြိုးဝိုင်းတွင် ဦးမောင်နီနှင့် ယှဉ်ပြိုင်ရမည်ဟု သိလိုက် သည့် အခါတွင် အရှုံးပေးကာ ထွက်ခွာသွားသူများပင် ရှိသည်ဟုလည်း ကျင်လောကသားများက ပြောကြသည်။

“ပွဲတိုင်းတော့ မနိုင်ပါဘူး။ ကျတဲ့အခါလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော် နိုင်တာများတယ်” ဟု ဦးမောင်နီ က လည်း ပြောသည်။

ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲတို့တွင် ကျင်းပသော ကျင်ပွဲတိုင်းမှ ရွှေမောင်း အများစုသည် ဦးမောင်နီအတွက် ဖြစ်ခဲ့ရသည်။

ကျင် ဟန်ရေး ပြနေသော ရခိုင့် ဂန္ထဝင် ကျင်သန်ကြီး ဦးမောင်နီ/(ဓာတ်ပုံ – မင်းအောင်ခိုင်/ဧရာဝတီ)

ထိုအောင်မြင်မှု ပါရမီများကြောင့် ကျင်ကိုင်ခြင်း တခုတည်းဖြင့် မိသားစု၏ စားဝတ်နေရေးကို ဦးမောင်နီ တယောက် ဖြေရှင်းနိုင်ခဲ့သည်။

ကျင်သန်ကြီ ဦးမောင်နီနှင့် ပတ်သက်၍ ယနေ့တိုင် ကျင်လောကသားများ၏ နှုတ်ဖျားတွင် ပြောဆိုနေကြသော ဇာတ်ကွက် ဇာတ်လမ်းများကလည်း စိတ်ဝင်စားစရာပင် ဖြစ်ခဲ့သည်။

ကျင်သန်ပေါက်စ ဦးမောင်နီသည် ပတ်ဝန်းကျင် ကျေးရွာ ဘုန်းကြီးပျံပွဲ တပွဲသို့ သွားရောက် ကျင်ကိုင်ရန် ညသန်းခေါင်ယံ အချိန်တွင် မိမိရွာမှ ထွက်ခွာသွားရာ တောစပ်တနေရာ အရောက်တွင် ဦးမောင်နီ၏ သတင်းစကားကို ကြားမိ နေသော တစ္ဆေကြီးတကောင်က ကျင်ကိုင်ရန် စိန်ခေါ်သည် ဆို၏။

နှစ်ဦးသဘောတူ ကျင်ကိုင်ကြသောအခါ တစ္ဆေသည် ခွန်အားကြီးသလောက် ကျင်ကျင့်ဝတ်ကို နားမလည်သည့် အတွက် ကျင်ကိုင်ပွဲမှုာ စည်းမျဉ်းစည်းကမ်း အတိုင်း မဟုတ်ဘဲ နှစ်ဦးစလုံး အင်အားကိုသာ အသုံးပြုကြသည်ဟု ဆို သည်။

ညဉ့်ဦးပိုင်းတွင် တစ္ဆေသည် အားကြီးမားလာသည့် အတွက် ဦးမောင်နီ တယောက် အလွန်တရာ သတိထား ယှဉ်ပြိုင်ရ ကြောင်း၊ သတိတချက် လစ်သည်နှင့် အသက်ပါသွားနိုင်ကြောင်း၊ ဘတပြန် ကျားတပြန်ဖြင့် တဦးနှင့်တဦး အနိုင် မရ ရှိကြဘဲ နံနက်လင်းအာရုံသို့ ရောက်သောအခါ တစ္ဆေသည် တဖြည်းဖြည်း အင်အားချည့်နဲ့ လာချိန် အနီးရှိ ရွာတရွာ မှ ကြက်ဖကြီး တကောင်၏ တွန်သံကြားရသောအခါ တစ္ဆေမှာ ရုတ်ချည်း အားနည်းကာ တောစပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားကြောင်း ပါးစပ်ရာဇဝင် ကောလာဟလ တဆင့်စကားများကို ကြားသိရသည်များလည်း ရှိသည်။

ကျင်သန်ကြီး ဦးမောင်နီနှင့် ပတ်သက်ပြီး ထိုသတင်း စကားများသည် ယနေ့တိုင် ကျင်လောကသားများ၏ နှုတ်ဖျား တွင် ပြောဆိုနေကြဆဲ၊ ကြားနေရဆဲပင် ဖြစ်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ဦးမောင်နီကို တွေ့ဆုံမေးမြန်း ကြည့်သောအခါ “ကျနော် အဲဒီကိစ္စကို လူတွေ ကို ပြောလို့ သွေးအန်တယ်၊ အဲဒီကိစ္စကိုတော့ ကျနော် မပြောပြချင်ဘူး” ဟု ဦးမောင်နီက ထိုဇာတ်လမ်းကို ပြန် ပြောပြရန် ငြင်းသည်။

ဖြစ်ရပ်အမှန်ကို ထုတ်ဖော်ပြောကြားရန် အကြိမ်ကြိမ် တောင်းဆိုကြည့်သည့် အခါမှ သူ့ အိပ်မက်ထဲတွင် ကြုံတွေ့ခဲ့ရ သော အဖြစ်အပျက်သာ ဖြစ်သည်ဟု ဆိုသည်။

ဦးမောင်နီက “ကျနော့် အိမ်မက်ထဲမှာ သံခဲတွေကို စားစား ဆိုပြီး ကျွေးတယ်။ ကျနော် မစားဘူးဆိုပြီး ငြင်းတယ်။ အတင်း စားခိုင်းတယ်၊ အဲဒါနဲ့ ကျနော် စားကြည့်တော့ သံခဲတွေက အရမ်းကို ချိုတာပဲ” ဟုလည်း ကျင်သန် ဖြစ်ခါစ အားအင် တိုးရပုံကို ပြန်ပြောပြသည်။

သို့သော် အသေးစိတ်ကိုတော့ ဦးမောင်နီက ပြန်မပြောပြပေ။ သူ၏ ဖြစ်ရပ်မှန်များကို ထုတ်ဖော် ပြောဆိုလျှင် သွေးအန် တတ်သည်ဟု ယနေ့ထိတိုင် ဦးမောင်နီ တယောက် ယုံကြည်နေသောကြောင့် ဖြစ်သည်။

ဦးမောင်နီသည် သူ၏ကျင်ပညာကို မြေပုံမြို့နယ် ခတောက်ချောင်း ကျေးရွာမှ ကျင်သန်ကြီး ဦးသာဇံဖြူ ထံတွင် သင်ယူ ခဲ့သည်။ ထို့နောက် ကျင်လောကတွင် ကျင်လည်ရင်း အဝကန် ကျေးရွာမှ ဆရာတဦးထံတွင်လည်း ပညာ ဆည်းပူးခဲ့သည်ဟု ဆိုသည်။

ကျင်ပညာတွင် ခွန်းအားထက် ဖြတ်ထိုးဉာဏ်က အဓိကကျသည်ဟုလည်း ဦးမောင်နီက ပြောပြသည်။

“ကျင်မှာတော့ ခွန်အားရှိတယ်။ ကျင်ကွက် တတ်တယ် ဆိုတာထက် ဉာဏ်က အဓိက ကျတယ်။ ကျင်ကိုင်တဲ့ အခါမှာ ပြိုင်ဖက် ကျင်သန်က သူဘယ်သန်လား၊ ညာသန်လားဆိုတာ ကိုယ်သိဖို့ လိုတယ်။ အဲဒီအချက်ကို ရှာပြီး ပြိုင်ဖက်ကို အနိုင် ယူတာပဲ ”ဟု ဦးမောင်နီက ကျင်ပညာနှင့် ပတ်သက်ပြီး သူ၏ အတွေ့အကြုံကို ပြောသည်။

ထိုအချိန်က ဦးမောင်နီ၏ ပြိုင်ဖက်ဖြစ်ခဲ့သော ကျင်သန်ကြီးများမှာ ရမ်းဗြဲမြို့နယ်က ဦးတောင်လုံးကျော်၊ ဦးမောင်ကျော် ကြီး နှင့် ကျောက်ဖြူမြို့နယ်က ဦးမောင်ထွီးဖြူ ၊ ဦးမောင်ကျော်အေး၊ ဦးမောင်ဖြူ၊ ဦး ငလုံးတို့ ဖြစ်ပြီး ကျင်ကြိုးဝိုင်းတွင် မြေလူးပြာကျ ဆင်နွဲခဲ့ကြသည်ဟု ဆိုသည်။

နွေဦးပေါက်စ ရာသီရောက်ပြီဆိုသည်နှင့် ဦးမောင်နီ တယောက် နာမည်ကြီး ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို လှည့်လည် ကာ ကျင်ပွဲများ ဆင်နွှဲသည်။

ထင်ရှားသော ပွဲတော်များမှာ မြောက်ဦးမြို့ သျှစ်သောင်း ပွဲတော်၊ သင်းကျိုက်တောင် ပွဲတော်၊ ပုဏ္ဏားကျွန်း မြို့နယ် အတွင်းက ဦးရာဇ်တောင် ဘုရားပွဲတော် စသည်ဖြင့် ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်တော် မြို့နယ်၊ မင်းပြား မြို့နယ်၊ ရမ်းဗြဲ မြို့နယ် စသည်ဖြင့် ဒေသ အသီးသီးတွင် ကျင်းပလေ့ရှိသော ဘုရားပွဲများသို့ သွားရောက်၍ ပွင့်လင်းရာသီ ကုန်သည်အထိ ကျင်ကိုင်ပွဲကို ဆင်နွှဲသည် ဆို၏။

“အဲဒီတုန်းကတော့ ကျင်ပွဲတွေမှာ အခုလိုရွှေ ၅ ကျပ်တို့ ၊ ရွှေ ၄ ကျပ်တို့ မရဘူး။ ရွှေမောင်းတန်း ပထမဆုက ရွှေ ၂ ကျပ် တည်းပဲ ရတယ်”ဟု ဦးမောင်နီက ယခင်ကျင်ပွဲများတွင် ဆုများ ချီးမြှင့်ခဲ့ပုံကိုလည်း ပြောပြသည်။

ဦးမောင်နီတို့ ခေတ်ကာလက ရွှေတကျပ်သားကို ငွေကျပ် ၂၅၀ တန်ဖိုး ရှိသည်ဟု ဆိုသည်။ ကျပ် ၂၅၀ ဆိုသည်မှာ ယခုခေတ် ကာလတွင် စကားထဲ ထည့်မပြောလိုကြသော်လည်း ယခင်က တန်ဖိုးရှိ၏။ ထို့ကြောင့် ဦးမောင်နီသည် ကျင်ကိုင်ခြင်းဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုခေတ် ထိုအခါက နိုင်ငံရေး အခြေအနေကြောင့် လူတိုင်းစာသင်ကြားနိုင်သည့် အခွင့်အရေး မရရှိခဲ့ချေ။ ထိုသူများ တွင် ဦးမောင်နီ တယောက်လည်း အပါအဝင်ဖြစ်သည်။ ဦးမောင်နီသည် ရွာဦး ဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်ရင်း စာရေးတတ် ဖတ်တတ်လောက်သာ သင်ယူခဲ့ရသည် ဆို၏။

၄၃ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်ပွဲတွင် တွေ့ရသော အသက် ၈၀ ကျော် ကျင်သန်ကြီး ဦးမောင်နီ / (ဓာတ်ပုံ – မင်းအောင်ခိုင်/ဧရာဝတီ)

မိုးဦးကျရာသီ ရောက်လာသည်နှင့် ဦးမောင်နီ အပါအဝင် သူငယ်ချင်းများသည် လယ်သမားကြီးများ ထံတွင် သူရင်းငှား ဝင်လုပ် ကြရသည်။ ကျင်သန်ပေါက်စ ရွှေမောင်းရ ဦးမောင်နီကတော့ သူငယ်ချင်းများ နည်းတူ သူရင်းငှား အလုပ်ကို မလုပ်တော့ပေ။

နွေရာသီ ကျင်ပွဲများက ရရှိခဲ့သော ပရိသတ်များက ဆုချသည့် ငွေ အပါအဝင် ရွှေမောင်းများကို ဝမ်းစာအတွက် အသုံး ပြုကာ တမိုးလုံး မိသားစုနှင့် စားသောက် နေထိုင် ပါတော့သည်။

“ကျင်သန် မဖြစ်ခင်တော့ ရွာက သူငယ်ချင်းတွေလိုပဲ သူများဆီမှာ အငှားခံရတယ်။ ကျနော် ရွှေမောင်းရပြီး ကျင်သန် ဖြစ်ကတည်းက အငှား မခံတော့ဘူး။ မိုးရာသီမှာ စားသောက် နေထိုင်ဖို့ အတွက် ဝမ်းစာ စပါးတွေကို ဝယ်ပြီး အိမ်ပေါ် တင်ထားတယ်”ဟု ဦးမောင်နီက ကျင်ကိုင် ဘဝဖြင့် မိသားစု စားသောက် နေထိုင်ခဲ့ပုံကို ပြောပြသည်။

ရခိုင့်ဂန္ထဝင် ကျင်သန်ကြီး ဦးမောင်နီသည် ကျင်လောကတွင် ရွှေမောင်းများကို တလုံးပြီး တလုံး ဆွတ်ခူးရင်း အသက် အရွယ် ရလာခဲ့သည်။

သူ့တွင် တပည့်တပန်းများလည်း ထွက်ပေါ်လာပြီ ဖြစ်သည့် အတွက် အသက် ၄၇ နှစ်တွင် ကျင်လောကသား အဖြစ်မှ အနား ယူခဲ့သည် ဆို၏။

ရခိုင်ရိုးရာ အားကစားနည်း တနည်းဖြစ်သည့် ကျင်သည် သက္ကရာဇ် BC ၆၀၀ ခန့်ကပင် စတင် ပေါ်ပေါက်ခဲ့ကြောင်း ကျင် အားကစား မှတ်တမ်းများ အရ သိရသည်။
ကျင်ကစားပုံသည် ဂျပန်နပန်းနှင့် ဆင်တူပြီး ကစားနည်း အနည်းငယ်မျှသာ ကွာခြားသည်။

ပရိသတ်များ အလယ်တွင် ကြိုးဝိုင်းတခု ထားရှိပြီး ထိုကြိုးဝိုင်းအတွင်း ကစားသမားနှစ်ဦးစီ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ နှစ်ဦးအနက် နိုင်သောသူက ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ရှုံးသူက ပြိုင်ပွဲမှ ထွက်ခွာ သွားရသည်။

ကျင်တွဲ တတွဲ ယှဉ်ပြိုင်ရန် အတွက် အဖမ်းသမားနှင့် အခံသမားတို့ ခေါင်းပန်းလှန်ပြီး ရွေးချယ်ရသည်။ အဖမ်းသမား ဟူသည်မှာ တဖက် အခံသမားအား ချုပ်ကိုင်ပြီး ခြေချိတ် ၊ ခြေတင်၍ လှဲချခွင့် (ပစ်ချခွင့်) ရှိသည်။

အခံသမား ဟူသည်မှာ အဖမ်းသမား၏ ဖမ်းချုပ်ခြင်းအား သတိအနေအထားဖြင့် အဖမ်းခံရပြီး အဖမ်းသမားက ခြေချိတ် ပစ်ချမှသာ ပြန်လည် တုံ့ပြန်ခွင့် ရှိသည်။

ကျင်စည်ကမ်း ဥပဒေအရ အဖမ်းသမားသည် ၎င်း၏ အဖမ်းလှည့်တွင် အခံသမားအား ၃ ကြိမ် ခြေချိတ်လှဲချခွင့် (ပစ်ချခွင့်) မရလျှင် အလှည့်ပြီးဆုံး၍ အခံသမား တလှည့် ပြန်လုပ်ရသည်။ အဖမ်း အလှည့်တွင် ဖြစ်စေ ၊ အခံ အလှည့် တွင် ဖြစ်စေ ၂ ကြိမ်တိတိ လှဲချခံရသူသည် အရှုံး ဖြစ်သည်။

ရခိုင်ရိုးရာ ကျင်ကစားပွဲသည် ရခိုင် သမိုင်းတလျှောက်တွင် ခေတ်အဆက်ဆက် ကျင်းပလာခဲ့ရာ ယနေ့ အချိန် အထိ အစဉ်အလာကို ထိန်းသိမ်း ကျင်းပလျက်ရှိသည့် အားကစားနည်းတမျိုး ဖြစ်ပါသည်။

ကျင်ကိုင်ပွဲကို နေ့ထူး ၊ နေ့မြတ်များ ၊ ဘုရားပွဲတော်များ ၊ ဘုန်းကြီးပျံ ပွဲများတွင် ကျင်းပလေ့ရှိပြီး ရခိုင် လူထု အကြိုက်ဆုံး ရိုးရာပွဲတော် တခုလည်း ဖြစ်သည်။
ရခိုင်ရိုးရာ ကျင်ပွဲကို ၃ ရက် ကျင်းပလေ့ ရှိသည်။ အဆင့်အားဖြင့် ရွေမောင်းတန်း ၊ ငွေမောင်းတန်း ဟူ၍ ရှိသည်။

“ကျင်” ဝေါဟာရနှင့် ပတ်သက်၍လည်း သုတေသီများက အမျိုးမျိုး ရေးဖွဲ့ထားကြသည်ကိုလည်း မှတ်တမ်း များတွင် တွေ့ရှိရသည်။

၁၉၇၆ ခုနှစ်ထုတ် တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ စာအုပ်တွင် ရခိုင် ကျင်ဟူသည်မှာ ကျားလျင်မှ ပြောင်းလဲ လာခြင်း ဖြစ်ကြောင်း၊ ကျားသည် သားကောင်ကို ဖမ်းသည့်အခါ လျင်မြန်သည့် အဟုန်ဖြင့် ဖမ်းအုပ်ရ သကဲ့သို့ ဖြတ်လတ် လျင်မြန်ရသည့် အတွက် ကျားလျင်ဟု ခေါ်ရာမှ ကျင်ဖြစ်လာသည်ဟု ဆိုထားသည်။

မန္တလေး ဝိဇ္ဇာသိပ္ပံတက္ကသိုလ် ပါမေက္ခချုပ် ဆရားကြီး ဦးကျော်ရင်၏ ကျင်ပွဲအကြောင်းနှင့် ပတ်သက်ပြီး ဆောင်းပါး တပုဒ်တွင်လည်း ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါ်ဟာရ နှစ်လုံး ပေါင်းစပ်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ “ကျားယင် ၊ ယင်- ကျား” ကစားနည်းကို အခြေခံ၍ ကျင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၊ “ကျားယင်” ကစားနည်း၊ ကျားက ယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ရှောင်ပြေးလိုက်နှင့် ယင်အကောင် နှစ်ဆယ်ကို ကျားနှစ်ကောင်က အနိုင်လိုက်ဖမ်းရန် အကွက် ရွှေ့ကစားနည်းကို အခြေခံပြီး ကျင်သန် နှစ်ဦး ဖမ်းလိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြေသို့ ကျအောင် ကစားရသော နည်း အတတ်ပညာဟူ၍ ရေးသား ဖော်ပြထားသည်။

စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ကျင်းပနေသော ကျင်ပွဲသည် ပရိသတ်များဖြင့် အထူး စည်ကားနေသည်။ ရခိုင် စည်တော်သံမှာလည်း တဗြိန်းဗြိန်းနှင့်။

ပွဲတော် ကျင်းပရေး ကော်မတီ မဏ္ဍပ်က ရခိုင့်ဂန္ထဝင် ကျင်သန်ကြီး တဦး၏ လျှမ်းလျှမ်းတောက် ကျော်ကြားမှု ဘဝ ဇာတ်ကြောင်းကိုလည်း မိတ်ဆက် ပေးနေသယောင်ပင်။

ပြည်ကျင်သန်ကြီး ဦးမောင်နီသည် မရှောင်နိုင်သော ဇာရာကြောင့် တချိန်က အဖုအထစ်များနှင့် ကျစ်လျစ် မာကျော ခဲ့သော လက်မောင်း၊ လက်ဖြန်များသည် ယခုတော့ အရေပြားများ တွဲလွဲကျနေပေသည်။

ခါးအနည်းငယ် ကိုင်းနေပြီး ပါးစပ်ထဲတွင် တထောင်တန် ငွေစက္ကူ အထပ်လိုက်ကို ကိုက်လျက် သူ၏ ကျင်ကွင်း ဟန်ရေး များက အရွယ်နှင့် မမျှအောင် မြန်ဆန်နေသေးသည်။

တချက် တချက် ထွက်ပေါ်လာသော ရခိုင် စည်တော်ကြီး အသံနှင့် အတူ ဟန်ချက်ညီညီ ကျင်ကွင်း ခုန်ပြ လိုက်သေး သည်။

ဇရာအို ကျင်သန်ကြီးသည် ကျန်းမာရေးချို့တဲ့နေပြီ ဖြစ်သည့်အတွက် ကျင်ပွဲသို့ လာရောက် အားပေးသော ဆရာဝန်ကြီး များက ကျင်ကြိုးဝိုင်းထဲတွင် ဟန်ရေးပြရုံမျှသာ လမ်းလျှောက်ပြီး မခုန်ရန်ပင် တားယူရသေးသည်။

ခေတ်တခေတ်တွင် တဦးသာ ပေါ်ထွန်းခဲ့သော ကျင်သန်ကြီး တဦးဖြစ်သည့် အတွက် ရခိုင်ပြည်နယ် အတွင်း ကျင်းပ သည့် ကျင်ပွဲတိုင်းက ဦးမောင်နီကို ဖိတ်ကြားလေ့လည်း ရှိသည်။

ကျင်ပွဲများက ဖိတ်ကြားသော်လည်း ဦးမောင်နီ တယောက် ကျင်ပွဲတိုင်းကိုတော့ နုစဉ် ကျင်သန်ကြီး ဘဝမျိုးကလို မသွားရောက် နိုင်တော့ပေ။

သို့သော်လည်း ဦးမောင်နီက “ဒီပွဲကို လာနိုင်လို့ လာတာ မဟုတ်ဘူး၊ ရိုးရာကို ချစ်လို့လာတာ။ ကျင်ပွဲ ဆိုရင်တော့ ကျနော် မသေမချင်း သွားမယ်”ဟု ပြောဆို သွားပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading