လေးထောင့်ပုံ စားပွဲပုလေးတခု၏ အောက်မှ သစ်သားခုံငယ်များကို ဆွဲထုတ်လိုက်ပြီး လုံချည်ဝတ် အမျိုးသားတစု မြန်မာ နိုင်ငံ ရန်ကုန် မြို့လယ်မှ လေဟာပြင် လဘက်ရည်ဆိုင်တခုမှာ ထိုင်လိုက်ကြသည်။ အမျိုးသား တဦးက “ရွှတ် ရွှတ်” ဟု အသံပြုရင်း လူငယ်စားပွဲထိုးလေး တယောက်ကို ခေါ်လိုက်သည်။ ခဏကြာသောအခါ ကြွေခွက်ဖြင့်ထည့်ထားသော အငွေ့ တထောင်းထောင်းထနေသည့် လက်ဖက်ရည်(လက်ဘက်ခြောက်၊ သကြား၊ နို့ဆီ၊ နို့စိမ်းတို့ ရောစပ်ထားသည့် မြန်မာ လက်ဖက်ရည် အချို) စားပွဲပေါ်သို့ရောက်လာသည်။ အမျိုးသားများ၏ စကားဝိုင်းလည်း စပြီ ဖြစ်သည်။
ရန်ကုန်မြို့၏ လူသူရှုပ်ထွေးသော ပလက်ဖောင်းများမှသည် တိုင်းပြည်၏ မြောက်ဖက်အစွန်း ကချင်ပြည်နယ်မှ ကျေးရွာ လေးများအထိ လက်ဖက်ရည်ဆိုင်များက မြန်မာ့ယဉ်ကျေးမှု သမိုင်းကြောင်း၏ အစိတ်အပိုင်းတခု အဖြစ်ကာလ ကြာရှည်စွာ ရှိနေခဲ့သည်။
“လက်ဖက်ရည်ဆိုင်တွေက အရသာကောင်းပြီး ဈေးချိုတဲ့ အစားအသောက်တွေ ရဖို့ အတွက် သက်သက် သွားကြတဲ့ နေရာ မဟုတ်ပါဘူး” ဟု အသက် ၃၅ နှစ်အရွယ် ပန်းချီဆရာ ကျော်ကျော်ခိုင်က ပြောသည်။ သူက ယခုနှစ် အစောပိုင်းတွင် လက်ဖက်ရည်ဆိုင်များကို အဓိက သရုပ်ဖော်ပြသသည့် ပန်းချီပြပွဲတခုကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သူ ဖြစ်သည်။ “အဲဒါက ကျနော်တို့ ယဉ်ကျေးမှု၊ သမိုင်းရဲ့ အစိတ်အပိုင်းတခုပါ။ လူတွေ ဘဝမှာ အကြောင်းအမျိုးမျိုးအတွက် သွားကြတဲ့ နေရာပါ။”
အချို့သမိုင်းပညာရှင်များက မြန်မာနိုင်ငံမှ (၁၉၈၈ ခုနှစ်တွင် နိုင်ငံ အနှံအပြားမှ သိန်းနှင့် ချီသော ပြည်သူများက စစ်အုပ် ချုပ်ရေးကို ဆန့်ကျင်အုံကြွခဲ့ကြသော) ထင်ရှားသည့် ၈ လေးလုံး အရေးတော်ပုံ ပေါ်ပေါက်လာရခြင်းတွင် ရန်ကုန်မှ လက်ဖက်ရည်ဆိုင်တခု၌ မည်သည့်သီချင်းဖွင့်ရမည် ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ လူငယ်၂ ဦးကြား အညင်းပွားရာမှ ဖြစ်ပေါ်လာသော ရန်ပွဲက အဓိက နေရာမှ အထောက်အကူ ပြုခဲ့ကြောင်း ပြောကြသည်။
သို့သော်လည်း နိုင်ငံရေး အားလုံးက လက်ဖက်ရည်ဆိုင်သို့ မရောက်ပါ။ တပ်မတော်၏ ရက်စက်သော ဖြိုခွဲတိုက်ခိုက်မှု ကြောင့် တိုင်းပြည်မှ ထွက်ပြေးရသည့် သိန်းနှင့် ချီသော ရိုဟင်ဂျာများကြောင့် မြန်မာနိုင်ငံအပေါ် ကျန်သည့် တကမ္ဘာလုံးက အာရုံစိုက်နေသော်လည်း အဆိုပါ ပဋိပက္ခနှင့် ပတ်သက်၍ လက်ဖက်ရည်ဆိုင်များတွင် ပြောဆိုနေသည်ကို ကြားရမည် မဟုတ်ပါ။ ထိုကဲ့သို့သော ပြောဆိုဆွေးနွေးမှုများက အိမ်မှာတွင်သာ ရှိပါသည်။
မြန်မာနိုင်ငံတွင် အမျိုးသား လက်ဖက်ရည် ဆိုင်ပိုင်ရှင်ရော အမျိုးသမီး လဘက်ရည် ဆိုင်ပိုင်ရှင်များပါ ရှိကြပါသည်။ သို့သော်လည်း ဖောက်သည်များမှာ များသောအားဖြင့် အမျိုးသားများသာ ဖြစ်ကြသည်။ ထို့ပြင် လတ်တလော ရန်ကုန်မြို့ မှ လက်ဖက်ရည်ဆိုင်များတွင် နောက်တခု ပျောက်ဆုံးနေသည်။ လူငယ်များ ဖြစ်သည်။
“လူငယ်အများစုက ရှော့ပင်းမောတွေ၊ ကလပ်တွေ၊ ဘားတွေ ဒါမှမဟုတ် လူသိပ်မသိပေမယ့် သူတို့သဘောကျတဲ့ နေရာ တွေမှာ အချိန်ဖြုန်းကြတယ်လို့ ကျနော်ထင်ပါတယ်။ စာအုပ်နဲ့ ဗီဒီယို ငှားတဲ့ ဆိုင်တွေကို သွားရင်း ကျနော်ကြီးပြင်းခဲ့ပါတယ်။ ၇ တန်းလောက်မှာ အင်တာနက်ကဖေး တွေကို စပြီး သွားဖြစ်တယ်” ဟု အသက် ၂၁ နှစ်အရွယ် ပန်းချီ ဆရာ ကျော်မိုးခိုင်က ပြောသည်။
အင်တာနက်နှင့် မိုဘိုင်းဖုန်း အသုံးပြုနိုင်မှု လျှင်လျှင် မြန်မြန်တိုးလာခြင်းကလည်း သက်ရောက်မှု ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်လောက်က ဆိုလျှင် မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် မိုဘိုင်းဖုန်း သုံးစွဲနိုင်သည့် လူဦးရေ ဒုတိယ အနည်းဆုံး ဖြစ် ခဲ့သည်။ မြန်မာနိုင်ငံ၏ အောက်၌ မြောက်ကိုရီးယား တနိုင်ငံသာရှိသည်။ စစ်အုပ်ချုပ်ရေး၏ အထီးကျန် တံခါးပိတ်မှုနှင့် ဖုန်းတန်ဖိုး မြင့်မားခြင်းကြောင့် ငွေကြေးတတ်နိုင်သူများသာ အသုံးပြုနိုင်ခဲ့ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ခေတ်မီပြောင်းလဲမှုများ တိုးလာခြင်းနှင့် အတူ ဖုန်းနှင့် ဆင်းမ်ကဒ်များ တန်ဖိုး လျှင်မြန်စွာ လျော့ကျသွားခြင်းက အပြောင်းအလဲကို ဖြစ်စေခဲ့သည်။
မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်း၏ ၉၀ ရာခိုင်နှုန်းကျော်က ယခုအခါ မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းကျော်က Facebook Messenger ကဲ့သို့သော ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို ကုန်ကျစရိတ် သက်သာ သည့် ဆက်သွယ်ရေးနည်းလမ်းအဖြစ် အသုံးပြုနေကြသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်(MCF) က ခန့်မှန်း ထားသည်။
“လတ်တလောမှာ စမတ်ဖုန်းနဲ့ Facebook အသုံးပြုမှု အလွန်များလာတဲ့ အချိန်ကစပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ပြောဆို ဆွေးနွေးရတာကို လူကြိုက်နည်းလာတယ်လို့ ကျနော် ထင်ပါတယ်” ဟု အသက် ၂၁ နှစ် အရွယ် မောင်ထွန်းလင်းဇော် က ပြောသည်။ “လူတွေက သူတို့ အမြင်တွေကို ဝေမျှချင်တယ်၊ စကားဝိုင်းတွေ ဖန်တီးချင်တယ်၊ လူတွေ အများအပြားနဲ့ ဆက်သွယ်ချင်တယ်ဆိုတာ သဘာဝကျပါတယ်။ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင် သေးသေးလေးက စားပွဲဝိုင်းမှာ ထက်စာရင် Facebook က လူတွေရဲ့ အသိအမှတ်ပြုမှု ပိုရတယ်။”
မြန်မာနိုင်ငံမှ အချို့လူငယ်များက အနောက်တိုင်း မီဒီယာတွင် သူတို့မြင်သည်ကို အတုယူရန် ကြိုးစားကြသည်။
“လူငယ်တွေက သူတို့ကြိုက်တဲ့ ထင်ပေါ်ကျော်ကြားတဲ့ သူတွေ ဆီကနေ အတုယူကြတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်တက်လာတာနဲ့ အမျှ လူတွေ ပြောင်းလဲခဲ့ကြတယ်။ အဲဒါက ယဉ်ကျေးမှု ရောနှောခြင်းနဲ့ ပိုပြီးနီးစပ်ပါတယ်” ဟု ပန်ချီဆရာ ကျော်မိုးခိုင်က ပြောသည်။
သို့သော်လည်း မြန်မာနိုင်ငံက ခေတ်မီပြီး ပြောင်းလဲလာသည်နှင့် အမျှ လက်ဖက်ရည်ဆိုင် အချို့ကလည်း ပြောင်းလဲခဲ့ ကြသည်။
“လတ်တလောမှာ စီးပွားရေး တိုးတက်လာတာက သက်တောင့်သက်သာဖြစ်မှုကို ဝယ်ယူစေခဲ့ပါတယ်။ လူလတ်တန်းစားနဲ့ အထက်လွှာကလူတွေက လက်ဖက်ရည်ဆိုင်တွေနဲ့ ပတ်သက်ရင် သက်တောင့်သက်သာနဲ့ လေအေးစက် ရှိတာကို ပိုပြီး ရွေးချယ်ချင်လာကြတယ်။ ဒါကြောင့် Morning Star Café လိုမျိုး ထင်ရှားတဲ့ လက်ဖက်ရည်ဆိုင်တွေက တိုးတက်လာအောင် အဲ ဒီခံစားချက်နဲ့ ပေါင်းစပ်နိုင်အောင် ကြိုးစားလာကြတယ်လို့ ကျနော် ထင်ပါတယ်” ဟု မောင်ထွန်းလင်းဇော်က ပြောသည်။
ရန်ကုန်မှ တာမွေမြို့နယ်ရှိ Morning Star Café အတွင်းသို့ ဝင်သွားလျှင် ကျပ် ညပ် ရှုပ်ထွေးဆူညံသော သမရိုးကျ လက်ဖက်ရည်ဆိုင်များနှင့် ကွဲပြားစွာဖြင့် မြင့်မားသော မျက်နှာကြက်များ၊ ပလပ်စတစ် စားပွဲ အသစ်များ နှင့် ရေပန်း တခုတို့က စားသုံးသူများကို ဆီးကြိုမည် ဖြစ်သည်။ ရရှိနိုင်မည် အစားအစာစာရင်းတွင် မြန်မာ လက်ဖက်ရည်ဆိုင်များတွင် တွေ့နေကျ ဖြစ်သော စမူဆာ၊ မုန့်ဟင်းခါး နှင့် ထမင်းကြော်တို့ ပါဝင်နေဆဲ ဖြစ်သော်လည်း အစဉ်အလာမဟုတ်သည့် ကော်ဖီနှင့် တရုတ် ဒင်းဆမ်း ကဲ့သို့သော အစားအစာများကိုလည်း ရောင်းချပေးနေသည်။
“ကျနော်တို့က ကျနော်တို့ မန္တလေးဒေသရဲ့ မူလ လက္ခဏာဟောင်းကို ထိန်းသိမ်းချင်တယ်။ ဒါပေမယ့် လူတွေလာဖို့ ကောင်းတဲ့ နေရာသစ်တခုကိုလည်း ဖန်တီးပေးချင်ခဲ့တယ်” ဟု Morning Star Café ၏ မန်နေဂျာများထဲမှ တဦး ဖြစ်သည့် အသက် ၂၃ နှစ် အရွယ် ကိုမင်းသူက ပြောသည်။ “ကျနော်တို့မှာ ပုံမှန် ရိုးရာ အစားအစာတွေနဲ့ လက်ဖက်ရည် ရှိတယ်။ ဒါပေမယ့် ကျနော်တို့က မီနူးအသစ်တွေကိုလည်း ထပ်ထည့်ခဲ့တယ်။ လူတွေ သက်တောင့်သက်သာ ထိုင်လို့ ရတဲ့ အဆောက်အဦးသစ်တခုလည်း ရှိပါတယ်။”
၂၀၁၄ ခုနှစ်တွင် Rangoon Tea House ကို ပူးတွဲတည်ထောင်ခဲ့သူ ကိုထက်မြက်ဦးက မြန်မာနိုင်ငံမှ ရိုးရာ လက်ဖက်ရည် ဆိုင်များပေါ်တွင် နောက်ထပ် ခေတ်ပြိုင်ခံစားမှုတခု ပေးခဲ့သည်။ ဘားတခု၊ ကူရှင်ထိုင်ခုံများနှင့် မြန်မာရိုးရာ အစားအစာ များကို အနောက်တိုင်းပုံစံ ပြင်ဆင်ထားသည့် များပြားသော စားသောက်ဖွယ်ရာ စာရင်းတို့ နှင့် အတူ Rangoon Tea House က အနောက်တိုင်း စားသောက်ဆိုင်များနှင့် လူသူရှုပ်ထွေးသော ရိုးရာလက်ဖက်ရည်ဆိုင်များ ကြားမှ မျိုးစပ် ပုံစံတခု နှင့် ပို၍ တူနေသည်။
“လူတွေက လက်ဖက်ရည်ဆိုင်တွေကို နိုင်ငံရေးဆွေးနွေးဖို့ ဒါမှမဟုတ် အရောင်းအဝယ်ညှိနှိုင်းဖို့ အတွက် အသုံးပြုလေ့ ရှိကြပါတယ်။ အခုတော့ အဲဒါတွေလုပ်နိုင်တဲ့ နေရာတွေ အများကြီး ရှိနေပါပြီ။ ဒါကြောင့် ကျနော်တို့က သက်တောင့် သက် သာရှိစွာနဲ့ ပျော်ရွှင်မှုနဲ့ လဘက်ရည်ဆိုင်တွေရဲ့ ထူးကဲတဲ့ ရသတွေကို ခံစားနိုင်မယ့် နေရာတခုကို ဖန်တီးချင်ခဲ့ပါတယ်” ဟု သူက ပြောသည်။
လက်ဖက်ရည်ဆိုင်များ၏ ဝန်းကျင်အခြေအနေက ကြည့်၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုရေး ရာသီဥတုကို တိုင်းတာနိုင် သည်ဟု ကိုထက်မြက်ဦးက ပြောသည်။
“ဥပမာဆိုရင် လွန်ခဲ့တဲ့ ၁ နှစ်လောက်က ဦးကိုနီ(ထင်ရှားသော မွတ်ဆလင် ရှေ့နေ) လုပ်ကြံခံလိုက်ရတုန်းက Rangoon Tea House ထဲကို ဝင်လာမယ်ဆိုရင် တခုခု ဖြစ်ခဲ့တယ်ဆိုတာကို ခံစားလို့ရနိုင်တယ်။ တဆိုင်လုံးမှာ တိတ်ဆိတ်နေပြီး လူတွေက အသံတိုးတိုးလေးနဲ့ စကားပြောနေကြတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ၏ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုတွင် အပြောင်းအလဲတခုကို သူမြင်တွေ့ခဲ့ရသော်လည်း မြန်မာနိုင်ငံ၏ ရိုးရာ လဘက်ရည်ဆိုင်များက လုံးလုံးလျားလျား ကွယ်ပျောက်သွားလိမ့်မည်ဟု မယုံကြည်ကြောင်း ကိုထက်မြက်ဦးက ပြော သည်။
“ကျနော်တို့ ယဉ်ကျေးမှုမှာ ဘာရှိသလဲဆိုတာ ခံစားကြည့်နိုင်ဖို့ အတွက် လူတွေ အပြင်ကို ထွက်ရမယ်၊ တခြားအရာတွေနဲ့ တွေ့ကြုံရမယ်။ ဒါပေမယ့် ဒေသခံတွေ ဒီကို၊ တခြားလဘက်ရည်ဆိုင်တွေကို လာဖို့ရွေးချယ်ရတဲ့ အကြောင်းရင်းတခုက မြန်မာတွေရဲ့ ရိုးရာနဲ့ အစားအစာတွေကို သဘောကျလို့ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ကျနော်တို့ ဖြစ်တယ်။ ကျနော်တို့ ယဉ်ကျေးမှုဖြစ်တယ်ဆိုတာက လက်ဖက်ရည်ဆိုင် ခံစားမှုရဲ့ အသည်းနှလုံးမှာ ရှိနေတာကို ကျနော်တို့ စပြီး သဘောပေါက်လာလို့ ဖြစ်ပါတယ်။”
(www.npr.org ပါ Victoria Milko ၏ The Politics Of Myanmar’s Changing Tea Culture ကို ဘာသာပြန်ဆိုသည်)