ဆောင်းပါး

၂၀၁၇ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အဖြစ် ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေး ရခဲ့သော နှစ် ၇၀ ပြည့်နှစ် ဖြစ်ခဲ့သည်။ လွတ်လပ်ရေး နှစ် ၇၀ ရှိလာခဲ့သော်လည်း နိုင်ငံ့စီးပွားသည် ကျန်းမာ သန်စွမ်းမလာခဲ့ဘဲ နာမကျန်း ဖြစ်နေခဲ့ရသည်။ ကိုလိုနီအမွေဆိုး ဖြစ်သော ရခိုင်မြောက်ပိုင်း လူဝင်မှု ကြီးကြပ်ရေး ပြဿနာနှင့် လူမျိုးရေး တင်းမာမှုများကလည်း တိုင်းပြည် အပြောင်းအလဲအတွက် ရုန်းကန်နေရချိန်တွင် ပိုမို ဝန်ထုပ်ဝန်ပိုး ပိစေခဲ့သည်။ ထွက်ပေါက် ရှာတွေ့ပြီး ခေါင်းထောင်နိုင်ရန် ခြေသာလျင် ယာဉ်ရှိကုန်၏။ သို့သော် တာက ထွက်ခဲ့ပြီး ဖြစ်သည်။ အပြောင်းအလဲက စတင်ခဲ့ပြီး ဖြစ်သည်။

သက်တမ်း ၂ နှစ်ထဲ ဝင်လာပြီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရနှင့် လွှတ်တော်အပါအဝင် မြန်မာ့လူဘောင်အဖွဲ့အစည်း တခုလုံးအတွက် အလှုပ်အယိမ်းများသည့် ၂၀၁၇ ခုနှစ် ဇာတ်ခုံပေါ်တွင် အရေးပါသော ဇာတ်ဆောင်များအား ဧရာဝတီ သတင်းအဖွဲ့က ရွေးချယ် ထုတ်နုတ် ဖော်ပြအပ်ပါသည်။

ကမ္ဘောဇ ဒေါ်နန်းလိုင်ခမ်း

စင်္ကာပူနိုင်ငံအခြေစိုက် The Asia Banker က ပေးအပ်တဲ့ “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု” (The Promising Young Banker in Myanmar) ကို ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်ခမ်း ရရှိထားပေမယ့် အများအမြင်မှာ ပရဟိတစိတ်ရှိပြီး ဂုဏ်ပကာသန မမက်သူ အလုပ်ကြိုးစားတဲ့ အမျိုးသမီးငယ်တဦးပါပဲ။

ယခုနှစ်အတွင်းမှာ သူ ဦးဆောင်တဲ့ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM) အနေနဲ့ ပဋိပက္ခဒဏ် ခံစားရတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်းပေါင်း ၆၅, ၁၆၀ ကို ဒေါ်အောင်ဆန်းစုကြည်အား လှူဒါန်းခဲ့ချိန်မှာတော့ သူ့ရဲ့ ဂုဏ်ပကာသန ကင်းစင်တဲ့ ဝတ်စား ဆင်ယင်မှုကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ချီးကျူးခံရသူပါတယ်။

ဒေါ်နန်းလိုင်ခမ်းက လုပ်ငန်းခွင်အတွင်း ကျား မ တန်းတူမှုကို မြှင့်တင်သူလည်း ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ် စတင်တည်ထောင်ချိန်မှ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် ဘဏ်ဝန်ထမ်း အလုပ်ခေါ် ကြော်ငြာစာများမှာ လိင်၊ အသက်၊ အိမ်ထောင်ရေး အခြေအနေနဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်များကို ဖြုတ်ချခဲ့ပါတယ်။

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကဏ္ဍ ဦးဆောင်မှုရဲ့ ထွန်းသစ်စမျက်နှာသစ် ခေါင်းဆောင်များအနက် တဦးအဖြစ် အသိအမှတ်ပြုခံရတဲ့ ဒေါ်နန်းလိုင်ခမ်းဟာ ဖခင် ဦးအောင်ကိုဝင်းရဲ့ လက်ရုံးတဆူလို ဖြစ်လာခဲ့ပြီး ကမ္ဘောဇ ကုမ္ပဏီများအုပ်စုရဲ့ဦးဆောင်ညွှန်ကြားရေးမှူး၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM)၊ Myanmar Airways International(MAI)၊ AIR KBZ CO., LTD၊ Kempinski Hotel–Nay Pyi Taw တို့ရဲ့ ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်ရဲ့ Deputy CEO တာဝန်တွေကို ယူထားပါတယ်။

ဖခင်ဖြစ်သူ ဦးအောင်ကိုဝင်းဟာ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်မှအစ စစ်အစိုးရလက်ထက်အလယ်၊ NLD အစိုးရ လက်ထက်အထိ အောက်ခြေ ကျောင်းဆရာ ဘဝက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်လာတဲ့အထိ ဖြတ်သန်းလာပြီး တိုင်းပြည် အပြောင်းအလဲနဲ့အညီ လိုက်ပါလိုတဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းသူဌေးကြီးတွေထဲက တဦးဖြစ်ပါတယ်။ ဒါပေမယ့် ဖခင်ထက် သမီးက တလကြီးသလားလို့ မေးရအောင် ဒေါ်နန်းလိုင်ခမ်းကို ပြည်တွင်းပြည်ပက ချီးမြှင့်တဲ့ ဆုတွေကလည်း များပါတယ်။

ဒေါ်နန်းလိုင်ခမ်းကို အမေရိကန်အခြေစိုက် စီးပွားရေး မဂ္ဂဇင်း Forbes က အနာဂတ်တွင် စောင့်ကြည့်ရမယ့် အာရှတိုက်အတွက် လူငယ်အမျိုးသမီး စီးပွားရေး ထူးချွန် လုပ်ငန်းရှင်တဦးအဖြစ် ၂၀၁၆ ခုနှစ်က ထည့်သွင်းဖော်ပြခဲ့ဖူးပါတယ်။ အလားတူ ၂၀၁၅ ခုနှစ်မှာ “နိုင်ငံ့စွမ်းဆောင်ရည်ဆု” နဲ့ “အမျိုးသမီး ထူးချွန်စီးပွားရေး လုပ်ငန်းရှင်” ဆု၊ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရဲ့ “ထူးချွန် အမျိုးသမီးဂုဏ်ပြုဆု” နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ “မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု စွမ်းဆောင်ရည်ဆု”၊ ၂၀၁၇ ခုနှစ် လူမှုထူးချွန်ဆု-ပထမဆင့်တို့ ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

စာရေးဆရာ ညီပုလေး

၂၀၁၆ ခုနှစ် အမျိုးသားစာပေ ဝတ္ထုရှည် ဆုကို မန္တလေးမြို့ အခြေစိုက် စာရေးဆရာ ညီပုလေးရဲ့ “ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြ ပျားရည်စက်” က ရသွားတာ စာပေနဲ့ စာပေချစ်သူ အသိုင်းအဝိုင်းက လက်မထောင် ဂုဏ်ယူကြတယ်။

မန္တလေးရဲ့ ကျက်သရေဆောင် ကွယ်လွန်သူ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ရဲ့ အငယ်ဆုံးသား စာရေးဆရာ ညီပုလေးကလည်း လူချစ်လူခင် ပေါများသူပါ။ ဓာတ်ပုံရိုက်၊ ပန်းချီဆွဲ၊ စာပေရေးသား၊ စာပေဟော ပြောပွဲလိုက်၊ စက်ဘီးစီးတာတွေနဲ့ အမြဲအလုပ်ရှုပ်နေတတ်ပြီး ဒီနှစ်အတွင်း မန္တလေးတက္ကသိုလ်ထဲမှာ လူထုစာအုပ်ဆိုင် တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။

ဆုရ စာအုပ်ဟာ နာဂသိန်းလှိုင်ဆိုပြီး ဆရာဝန်အသိုင်းအဝိုင်းမှာ လူသိများတဲ့ အက်ဒဝပ် သွန်မဆင် ဟုတ်ဝမ် အမည်ရှိ မြန်မာ ခွဲစိတ် ပါရဂူတဦး အကြောင်း လူတွေ့မေးမြန်းမှုအပေါ် အခြေခံပြီး ဝတ္ထုရှည်အဖြစ် ပြန်လည်ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ စာရေးဆရာက ဒီစာအုပ် ရေးဟန်ကို “ဝတ္ထုဟန် အတ္ထုပတ္တိ” ရေးနည်းလို့ ခေါ်ပြီး အမေဖြစ်သူ ဒေါ်အမာထံက ရကြောင်း ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ ပြောပါတယ်။ ဒီစာအုပ်ကို အင်္ဂလိပ် ဘာသာနဲ့ ဒေါက်တာဇော်ထွန်းက The Sweet Honey Drop on the Sharp Scapel Blade အမည်ပေး ဘာသာပြန် ထုတ်ဝေဖြန့်ချိခဲ့ပါသေးတယ်။

ဆုပေးပွဲမှာ “လူကြီး”လာချိန် မတ်တပ်ထ မရပ်တဲ့ ဆုရ စာရေးဆရာဟာ တချိန်က နိုင်ငံရေး အကျဉ်းသား တဦး ဖြစ်ခဲ့ဖူးသလို ယခုအခါ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းမှာ ဘဏ္ဍာရေးမှူး တာဝန်ယူထားပြီး PEN Myanmar မှာတော့ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။ ပန်းချီဆွဲ၊ ဓာတ်ပုံရိုက်၊ စက်ဘီးစီး၊ ဘောလုံးကန်၊ စာရေးသား၊ စာပေဟော စတဲ့ အမျိုးစုံအောင် လုပ်နေတာတွေထဲ စာရေးခြင်း အလုပ်ဟာ သူ့အကြိုက်ဆုံးလို့ ပြောပါတယ်။

မြင့်မိုရ်မေတ္တာ (ခိုနားရာ) ဒေါက်တာ မြတ်စန္ဒာသန့်

ဖခင်မဲ့ တကိုယ်ရေမိခင်ဆိုရင် မြန်မာတွေကြားမှာ မေးငေါ့ ရှုတ်ချ ပြစ်တင်တတ်ကြတယ်။ အမျိုးသားဘက်က တာဝန်မယူချင်သည်ဖြစ်စေ၊ အဓမ္မပြုကျင့်ခံရသည်ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရလာချိန် မိခင်လောင်းတွေဟာ ပတ်ဝန်းကျင်ကို ရင်မဆိုင်နိုင်ဘဲ အသက်ကို အဆုံးစီရင်တတ်ကြသလို ကလေးကိုလည်း စွန့်ပစ်တတ်ကြပါတယ်။

တကိုယ်ရေမိခင် Single Mother တွေကို မြန်မာ့လူမှုအသိုင်းအဝန်းထဲမှာ ရဲရဲဝံ့ဝံ့ ပြန်လည် ရပ်တည် နိုင်စေဖို့နဲ့ စွန့်ပစ်ခံ ခလေးငယ်တွေ လျော့ပါးလာဖို့ ကူညီစောင့်ရှောက်ပေးနေသူကတော့ ဒေါက်တာ မြတ်စန္ဒာသန့်ဖြစ်ပါတယ်။ သူဟာ မြင့်မိုရ်မေတ္တာ (ခိုနားရာ) ဆိုတဲ့ တကိုယ်ရေမိခင်ဆိုတွေအတွက် အခမဲ့ မီးဖွားစောင့်ရှောက်ပေးနေတဲ့ ဂေဟာကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့မှာ တည်ထောင်ခဲ့ပြီး ဦးစီးဆောင်ရွက်နေသူပါ။

အကြောင်းပြချက်မျိုးစုံနဲ့ တာဝန်ယူသူမရှိတဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေကို ကိုယ်ဝန် ၇ လကစပြီး ကလေးမွေးဖွားတဲ့အထိ ခေါ်ယူစောင့်ရှောက်မီးဖွားပေးနေပါတယ်။ မြင့်မိုရ်မေတ္တာ (ခိုနားရာ) ဂေဟာလေးမှာ တိတ်တဆိတ် နားခိုပြီး လာရောက်မွေးဖွားကြတာ စတည်ထောင်အပြီး ၆ လသာ ရှိသေးပေမယ့် ၅၇ ဦးရှိနေပြီလို့ သိရပါတယ်။

ဒေါက်တာ မြတ်စန္ဒာသန့်ဟာ Single Mother လို့ဆိုတဲ့ တကိုယ်တည်းမိခင်နဲ့ ဖခင်မဲ့ ဖြစ်လာမယ့် ကလေးငယ်တို့ရဲ့ အနာဂတ်အတွက် ပရဟိတစိတ်ဓာတ်နဲ့ ကူညီပေးနေသူပါ။ ဂေဟာမှာ ကလေးလာမွေးပြီး ကလေးထားရစ်ခဲ့ရင်လည်း စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

“လက်မထပ်ဘဲနဲ့ ကာမလိမ်လည်ရယူမှုသည် ဥပဒေတခု သက်သက် ရှိပြီးတော့ ပြစ်ဒဏ်ကြီးတဲ့ ဥပဒေတခု ရှိရမယ်”လို့ ဒေါက်တာ မြတ်စန္ဒာသန့်က မြင်တဲ့အပြင် တကိုယ်ရေမိခင်ဆိုတွေကို မြန်မာ့လူ့ပတ်ဝန်းကျင်မှာ အမြင်မစောင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Water Taxi ဒေါ်တင့်တင့်လွင်

ရန်ကုန်တိုင်းအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲရာမှာ Water taxi လို့ခေါ်တဲ့ မြစ်ကြောင်းအတွင်း ခရီးသည်တင် သင်္ဘောတွေနဲ့ ပြေးဆွဲတဲ့ ပထမဆုံး ရေကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကို တင့်တင့်မြန်မာကုမ္ပဏီက တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။

တင့်တင့်မြန်မာကုမ္ပဏီကို တည်ထောင်သူလည်းဖြစ် ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ ဒေါ်တင့်တင့်လွင်ဟာ လုပ်ငန်းကို ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဧရာဝတီမြစ်တလျောက် အဓိက ဦးစားပေး ခရီးသည်တင် ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ခရီးသွားလုပ်ငန်းမှာ ၁၈ နှစ်ခန့် ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်ခဲ့သူပါ။

“ဝန်ဆောင်မှုဟာ ကျမတို့ဆန္ဒလို့ ဆိုတဲ့ ကျမတို့ ဆောင်ပုဒ်အတိုင်းပါပဲ။ ဧည့်သည်တွေကို အကောင်းဆုံး ဝန်ဆောင်မှု ပေးတာဟာ ကျမတို့ အခြေခံလုပ်ငန်းပါ” လို့ တင့်တင့်မြန်မာကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဒေါ်တင့်တင့်လွင် ပြောဆိုထားသလို လုပ်ကိုင်ခဲ့လို့ ဖြစ်မယ်။ သာမန်အားဖြင့် အကောင်းပြောလေ့ မရှိတဲ့ လူမှုကွန်ရက်ပေါ်မှာ Water Taxi ကို လိုက်ပါစီးနင်းသူတွေဆီက သဘောကျ ချီးမွမ်းသံတွေသာ ကြားခဲ့ကြရပါတယ်။

Tree Food မချိုလဲ့အောင်

မြန်မာပြည် စီးပွားရေးမှာ ငယ်ရွယ်တဲ့ စွန့်ဦးတီထွင်ကြသူတွေထဲ မြန်မာတွေ စိတ်ဝင်တစား ဖြစ်ကြရ သူတဦးကတော့ မချိုလဲ့အောင်ပါ။ သူဟာ မြန်မာ့ရိုးရာ အစားအစာ တခုဖြစ်တဲ့ ထန်းလျက်ကို သူ့အမြင် သူ့အတွေးနဲ့ ဆန်းသစ်တီထွင်ပြီး ဈေးကွက်ဝင်အောင် ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

သူ့စားသောက်ကုန် အမှတ်တံဆိပ် Tree Food ဟာလည်း လူကြိုက်များလာတဲ့အလျောက် ရိုးရာ ထန်းလျက်ခဲကို မုန့်တခု အဖြစ်ကနေ မြန်မာ့ရိုးရာ အော်ဂဲနစ် အမှတ်တရ လက်ဆောင်ပစ္စည်းတခု ဖြစ်လာတဲ့အထိ အောင်မြင်သွားခဲ့တယ်။ ၂၀၁၅ စက်တင်ဘာလောက်က စပြီး ဈေးကွက်ကို တင်ပို့လာရာမှာ ထန်းလျက်တွေကို ကတ်ထူစက္ကူနဲ့ရော ပုလင်းနဲ့ပါ ထုတ်ပိုးထားပြီး ဟန်းမိတ်လုပ်ထားတာကြောင့် တမျိုးတဖုံ ဆန်းသစ်နေတာ ဖြစ်လို့လည်း အမှတ်တရ လက်ဆောင်ပစ္စည်း တခုအနေနဲ့ပါ ဈေးကွက်ဝင်လာတာဖြစ်ပါတယ်။

အသက် ၂၈ နှစ် ရှိ မချိုလဲ့အောင်ဟာ ဆရာဝန်တယောက်အဖြစ် ပညာဆည်းပူးခဲ့သူ ဖြစ်ပေမယ့် တီထွင်ဆန်းသစ်မှု အနုပညာလည်း ပါရမီရှိသူ ဖြစ်ပါတယ်။ ထန်းလျက်ခဲကို တကိုက်စာ အတုံးလေးတွေ ဖြစ်အောင် လုပ်ယူတာက အစ ထန်းလျက်ထုပ်ရဲ့ ထုပ်ပိုးမှုပုံစံအထိကို ကိုယ်တိုင် ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။ “Tree Food” လို့ အမည်ပေးထားတာကလည်း ထန်းပင်ရှည်ကြီးတွေကို ရည်ညွှန်းချင်တာ ဖြစ်တယ်လို့ မချိုလဲ့အောင်က ဆိုပါတယ်။

အစားအသောက်ဆိုတာ ကိုယ့်ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု လက္ခဏာဖြစ်လို့ ကိုယ်ကိုယ်တိုင်မြှင့်တင်မှ ရမယ်ဆိုတဲ့ ခံယူချက်ရှိသူအနေနဲ့ လုပ်ငန်းကို ရှေ့ဆက်သွားနိုင်ဖု့ိလည်း ကြိုးစားနေသူပါ။

ဉာဏ်ကြီးရှင် ကော်ဖီ ဦးငွေထွန်း

ကော်ဖီက မြန်မာပြည်သူများအတွက် အသစ်အဆန်းတခု မဟုတ်တော့ပါ။ ဒါပေမယ့် Espresso ၊ Cappuccino အစရှိသဖြင့် အနောက်တိုင်းစတိုင် ကော်ဖီအမျိုးမျိုးကို ၂၀၀၀ အစောပိုင်းနှစ်တွေမှာ စတင်မိတ်ဆက်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ လူနည်းနည်း ကော်ဖီနံ့ မွှေးမွှေး ကွန်ပြူတာတလုံးနဲ့ စတိုင်ကျကျ ထိုင်နိုင်တဲ့ ကော်ဖီဆိုင်တွေ ရန်ကုန်မြို့မှာ ဟိုဟိုဒီဒီ တွေ့လာနေရပါပြီ။

ပြည်တွင်းကော်ဖီလုပ်ငန်း ဉာဏ်ကြီးရှင် ကော်ဖီ Genius Coffee ရဲ့ ပိုင်ရှင်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဦးငွေထွန်းက ဒီလို ကော်ဖီဆိုင် ယဉ်ကျေးမှုသစ်ကို စတင် မိတ်ဆက်ပေးနေသူတွေထဲ တယောက် အပါအဝင်ပါ။ အဲဒါအပြင် စီးပွားရေးကို အမြတ်အစွန်းတခုတည်းအတွက် မဟုတ်ဘဲ အလုပ်သမားများနဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ ရေရှည်အကျိုးကိုပါ ထည့်သွင်းစဉ်းစား လုပ်ကိုင်သူလည်း ဖြစ်ပါတယ်။

ကော်ဖီစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းကို မျိုးရိုးစဉ်ဆက် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံဒေသမှာ လုပ်ကိုင်ခဲ့ပြီး အော်ဂဲနစ်နည်းပညာဖြင့် ပေါင်းစပ်ကာ နိုင်ငံတကာ ဈေးကွက်ဝင် ရောင်းကုန်အဖြစ် စွန့်ဦးတီထွင် ဖန်တီးနိုင်ခဲ့ပါတယ်။ ဉာဏ်ကြီးရှင် ကော်ဖီဟာ ၂၀၁၂ ခုနှစ်မှာ စတင်ထုတ်လုပ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု Fair Trade အော်ဂဲနစ်ကော်ဖီ လက်မှတ်ရရှိထားတာလည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ် ကော်ဖီစိုက်တောင်သူများ ဝင်ငွေတိုးတက်ရေးနဲ့ တန်ဖိုးမြင့်ထုတ်ကုုန်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီး အောင်နေလင်းထွန်း ကုမ္ပဏီ (ဉာဏ်ကြီးရှင် ရှမ်းတောင် အဆင့်မြင့်ကော်ဖီ) နှင့် PGS (Participatory Guarantee Systems) အော်ဂဲနစ် နည်းစနစ်များ ဖြန့်ဝေပေးခြင်းကို လုပ်ဆောင်နေသူတဦးလည်း ဖြစ်ပါတယ်။ ကော်ဖီခူးဆွတ်ခြင်း၊ ကော်ဖီကြိတ်ခွဲခြင်း၊ ကော်ဖီသိုလှောင်နည်း၊ ကော်ဖီလှော်ခြင်း နည်းပညာများနဲ့ ကော်ဖီဖျော်နည်း သင်တန်းများကို ရွာငံမြို့နယ် ဉာဏ်ကြီးရှင် ကော်ဖီစက်ရုံမှာ ပို့ချသင်တန်းပေးနေပါတယ်။

ဘောလုံးဥက္ကဋ္ဌ ဦးဇော်ဇော်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဆယ်စုနှစ်များစွာ ကျဆင်းနေတဲ့ မြန်မာ့ဘောလုံးလောကကို ပြန်လည်မြှင့်တင်ဖို့ ဇွဲရှိရှိနဲ့ ကြိုးစားနေသူဖြစ်တဲ့အပြင် လူမုန်းများခဲ့တဲ့ ခရိုနီဘဝကနေ ဒေါ်အောင်ဆန်းစုကြည်ကတောင် ယုံကြည်အားကိုးလာတဲ့ တိုင်ကွန်းလုပ်ငန်းရှင်ဘဝကို ရောက်လာအောင် ပြုပြင်ပြောင်းလဲရာမှာ ရှေ့တန်းအရောက်ဆုံးသူလည်း ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က စတင်ကာ သူ ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူခဲ့တဲ့ မြန်မာ့ဘောလုံး အဆင့်အတန်းဟာ ၁၂ နှစ် ကြာချိန် မှာ လူးကာလွန့်ကာ အတက်အကျရှိနေဆဲလို့ဆိုရမှာ ဖြစ်ပေမယ့် သူ့ရဲ့စိတ်ရှည်လက်ရှည် ကြိုးစားမှုကိုတော့ အသိအမှတ် ပြုရမယ်။

အနာဂတ် ဘောလုံးသမား ကောင်းတွေ မွေးထုတ်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့လက်တွဲပြီး ဘောလုံး အကယ်ဒမီတွေကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ တည်ထောင်ပေးနိုင်ခဲ့ပေမယ့် အရှုံးကြီး ရှုံးနေတဲ့ မြန်မာ့ဘောလုံးကို အခြေခံကျကျ ပြုပြင်ဖို့ မြို့နယ်အဆင့်က စတင်ကာ နိုင်ငံတဝန်း ဘောလုံး ဖွံ့ဖြိုးရေး၊ လူငယ်ထု တရပ်လုံး ကျန်းမာ ကြံ့ခိုင်ရေးနဲ့ စာရိတ္တမြင့်မားရေးကို ရည်ရွယ်ပြီး မြို့နယ် ဘောလုံး အဖွဲ့ချုပ်တွေကို တည်ထောင်ဖွဲ့စည်းဖို့ လုံးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဦးဇော်ဇော်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန် တီနိုနဲ့ လန်ဒန်မြို့မှာ သီးခြားတွေ့ဆုံကာ မြန်မာ့ဘောလုံး တိုးတက်ရေး၊ လူငယ်ဖွံ့ဖြိုးရေးနဲ့ သက်တမ်းအလိုက် ကမ္ဘာ့ဖလားပြိုင်ပွဲများ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါသေးတယ်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အပြောင်းအလဲမှာ စီးပွားရေးနဲ့ ပတ်သက်လို့ အပြောင်းအလဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါတယ်။ လုပ်ငန်းတွင်းမှာ နိုင်ငံတကာစံနှုန်းတွေ မှီအောင် တည်ဆောက် ပါတယ်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူဋ္ဌာနက စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့ တဲ့ ၂၀၁၆ ခုနှစ်အတွင်း ပွင့်လင်းမြင်သာမှု အရှိဆုံး လုပ်ငန်းအဖြစ် ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာအုပ်စု Max Myanmar Group က တတိယအဆင့် ချိတ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူ စာရင်းကနေ ပယ်ဖျက်ခံခဲ့ရတဲ့ ဦးဇော်ဇော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တခြားလုပ်ငန်းရှင်တွေနဲ့မတူ ဗြောင် ထောက်ခံသူပါ။ အပြန်အလှန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်းနှီးယုံကြည်မှုကို ပြန်ရပြီး ရခိုင် ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်း စတင်အကောင်အထည် ဖော်တုန်းကဆိုရင် ဦးဇော်ဇော်ရဲ့ အကြံဉာဏ်၊ အကူအညီတွေ ပေးခဲ့ရပါတယ်။ သူသာ ဆန္ဒရှိမယ်ဆိုရင် အုပ်ချုပ်ရေးကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးဖို့ စဉ်းစားနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

တက္ကစီယာဉ်မောင်း ကိုနေဝင်း (ကွယ်လွန်)

သေနတ်သမားကို အုတ်ခဲနဲ့ လိုက်ထုတာ မြန်မာပြည်မှာပဲ ဖြစ်ခဲ့ဖူးမယ်။ ၂၀၁၇ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ သေနတ်သမားကြည်လင်းကို တက္ကစီယာဉ်မောင်း ကိုနေဝင်းက အုတ်နီခဲနဲ့ လှမ်းထု ဖမ်းဆီးရင်း ကျည်သင့်ပြီး သေဆုံးခဲ့ရပါတယ်။

ကိုနေဝင်းနဲ့ အပေါင်းအသင်း တက္ကစီ ယာဉ်မောင်းတွေသာ ဝိုင်းမဖမ်းပေးခဲ့ဘဲ သေနတ်သမား ကြည်လင်း လွတ်မြောက်သွားရင် ဦးကိုနီ သတ်မှု နောက်ကွယ်မှာ အောင်ဝင်းခိုင်နဲ့ အပေါင်းအပါတွေ ပါနေတာ၊ နေပြည်တော်မှာ ပုန်းခိုပျောက်ကွယ်သွားတာထိ သိလာနိုင်ဖို့ မမြင်ပါဘူး။ ဒါကြောင့် တာဝန်သိစွာ အသက်စွန့် ဖမ်းဆီးခဲ့သူ ကိုနေဝင်းဟာ လေးစားထိုက်တဲ့ နိုင်ငံသားကောင်းတဦး ဖြစ်ပါတယ်။

ကိုနေဝင်းဟာ မင်္ဂလာဒုံမြို့နယ် NLD ပါတီ အဖွဲ့ဝင် တဦးဖြစ်ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ရွှေလွန်းပျံ တက္ကစီအသင်း အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ လူမှုရေး ကိစ္စတွေမှာ စိတ်အားထက်သန်စွာ ကူညီ ပါဝင်လေ့ရှိသူပါ။ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြောင်းလဲ ကျင့်သုံးခဲ့တဲ့ ရန်ကုန်ဘတ်စ်ကားလိုင်း စနစ်သစ် YBS အစီအစဉ်မှာလည်း ပရဟိတ လုပ်အားပေး ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ကိုနေဝင်း သေဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ကလေး ၃ ဦးရဲ့ အနာဂတ် ပညာရေးကို နာရေးကူညီမှု အသင်းက တာဝန်ယူခဲ့သလို သူ့ရဲ့ တာဝန်သိစိတ်ဓာတ်ကို အသိအမှတ်ပြုလိုတဲ့ နိုင်ငံတဝန်းက အလှူရှင်များစွာက ကျန်ရစ်သူ မိသားစုဝင်တွေအတွက် အလှူငွေများ လှူဒါန်းခြင်းများ ပြုလုပ်ကာ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

၂၀၁၇ ခုနှစ်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ခရီးကြမ်းပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်တွင်းစစ်ကို ရပ်ပြီး ရေရှည် ငြိမ်းချမ်းတည်ငြိမ်မှု တည်ဆောက်နိုင်ရေးက ဝိုးတဝါးပဲ ရှိပါသေးတယ်။ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း အစေးမကပ်ပဲ တပ်မတော်နဲ့ ရင်ကြားစေ့ ရေးက အလှမ်းဝေးပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အရင်က “သူတော်စင်” တဦးလို ချီးမြှောက်ခဲ့ တဲ့ အနောက်နိုင်ငံတွေကလည်း ရခိုင်မြောက်ပိုင်းက ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးလာခဲ့ပြီး လူမျိုးတုန်း သန့်စင်မှုလို့ ကုလသမဂ္ဂက ခေါ်တဲ့အထိ အရင်က မကြုံစဖူး ဝေဖန်ဖိအားပေးပါတယ်။

မြန်မာ့အာဏာ ဗဟိုချက် နေပြည်တော်မှာ “ဝန်ကြီးတချို့က သူတို့ဘာသာ မဆုံးဖြတ်တတ်ဘူး”လို့ ဦးဝင်းထိန် ပြောတဲ့ ဝန်ကြီးတွေအောက်က ဝန်ကြီး ၂၄ ဌာနကို ဒေါ်အောင်ဆန်းစုကြည် ဦးစီးနေပါတယ်။ ဝန်ကြီးတွေ စွမ်းဆောင်နိုင်ရည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိပေမယ့် ဝန်ကြီးအဖွဲ့ အပြောင်းအလဲ ကြီးကြီး မားမား မလုပ်ပါဘူး။ အဲဒီအစား သူ့အစိုးရအဖွဲ့ဟာ လာဘ်မစားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူပါတယ်။ လာဘ်မစားတာက လွဲ တခြား စွမ်းဆောင်ချက်တွေမှာ ဝန်ကြီးတွေသာ အမြင်ပိုကျယ်ပြီး စိတ်အားထက်သန်ရင် ပိုကောင်းမှာပါ။

ပြည်တွင်း ထောက်ခံမှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ခိုင်မြဲဆဲ ဖြစ်ပေမယ့် အပြောင်းအလဲ နှေးကွေး လေးလံနေတာကို လူထုက သက်တောင့်သက်သာတော့ မဖြစ်ပါဘူး။ အင်မတန် အရေးကြီးတဲ့ စီးပွားရေး အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ပျက်ကွက်နေခဲ့တာ စီးပွားရေးအသိုင်းအဝိုင်းကလည်း စိုးရိမ်လာ ကြပါတယ်။ ရိုလင်ဘာဂျာ အတိုင်ပင်ခံလုပ်ငန်းနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တို့ ဒီဇင်ဘာ ၁၂ ရက်နေ့က ပူးတွဲထုတ်ပြန်တဲ့ စစ်တမ်းတခုမှာ ကာလတို စီးပွားရေး လုပ်ငန်း ယုံကြည်မှုဟာ လွန်ခဲ့တဲ့နှစ်က ၇၃ ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၇ ခုနှစ်မှာ ၄၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားတယ်လို့ တွေ့ရှိပါတယ်။ အဓိကအကြောင်းက အစိုးရရဲ့ စီးပွားရေးပေါ်လစီ ရှင်းလင်းမှု မရှိတာကြောင့် ဖြစ်ပါတယ်။

ဈေးကွက်ထဲမှာလည်း အိမ်ရှင်မတွေက နေ့စဉ် တရိပ်ရိပ်တက်နေတဲ့ အခြေခံကုန်ဈေးနှုန်းအပေါ် မြည်တွန် ညည်းတွားနေကြပြီး အခွန်အတုတ် ကြီးမြင့်လာမှုကလည်း စားသုံးသူ အများကို ဘဝနေထိုင်မှု စရိတ် ပိုမိုကြီးမြင့်လာစေပါတယ်။ တရားဥပဒေစိုးမိုးရေး ဆိုတာကလည်း အခုထိ မေးခွန်းထုတ်နေရဆဲပါ။

မတ်လအတွင်း အစိုးရသစ် တနှစ်ပြည့်မှာ မိန့်ခွန်းပြောတုန်းက သူ့အစိုးရဟာ ပြည်သူတွေနဲ့အတူ အပြောင်းအလဲများကို လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲကတော့ ပြည်သူတွေ မျှော်လင့်ထားသလိုတော့ မဖြစ်သေးပါ။

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဩဂုတ်လအတွင်းက ရခိုင်ပြည်မြောက်ပိုင်းမှာ လုံခြုံရေးစခန်းတွေကို ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) က တိုက်ခိုက်မှုက မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရောထွေးတဲ့ တုန့်ပြန်မှုတွေ ဆောင်ယူလာခဲ့ပါတယ်။ သူဟာ ဒီတိုက်ခိုက်မှုကို နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်မှုလို့ ခံယူလိုက်ပြီး မွတ်ဆလင် စစ်သွေးကြွတွေကို ရှင်းလင်းဖို့ စစ်ဆင်ရေးတခု အစိုးရရဲ့ အတည်ပြုချက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ ဆယ်စုနှစ်များစွာကြာပြီး ဒါ ပထမဆုံးပါ။ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နောက်မှာ ပြည်သူတွေ တသားတည်း ရပ်တည်ထောက်ခံတဲ့ အသံ ပြန်ကြားရပါတယ်။

ဒါပေမယ့် မြန်မာ့တပ်မတော်ရဲ့ ကြမ်းကြုပ်တဲ့ အပြုအမူတွေနဲ့ ကြုံလာခဲ့ရတယ်ဆိုတဲ့ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်ဆလင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက် ပိုထွက်လာလေလေ ကမ္ဘာ့အမြင်က ပိုစောင်းလေ ဖြစ်ပါ တယ်။ ဒီလူတွေကို တပ်မတော်က ဘယ်နည်းနဲ့မှ ရက်ရက်စက်စက် လုပ်ခဲ့တာ မရှိဘူးလို့ ဘယ်လိုပဲ ပြောနေပေမယ့် ရလဒ်က မချိုမြိန်ပါဘူး။ ဥရောပသမဂ္ဂက သူ့ကို နောက်ထပ်ဖိတ်ကြားမှု မလုပ်တော့ဘဲ အင်္ဂလန်ကလည်း တပ်မတော် အကြီးတန်းအရာရှိတွေကို သင်တန်းပေးနေရာက ရပ်ပစ်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ ရခိုင်တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးကို လူဆိုးစာရင်းသွင်းပြီး ပိတ်ဆို့ ဒဏ်ခတ်ပြီး သတိပေးလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခေတ်မီ စံချိန်မီ တပ်မတော်တရပ် Standard Army တည်ထောင်ရေး အိပ်မက် တစခန်းရပ်သွားပုံပါ။

ဒါပေမယ့် ကိုးကန့်စစ်ပွဲကြောင့် ခပ်စိမ်းစိမ်းဖြစ်သွားတဲ့ တရုတ်က ချက်ခြင်း အရေးတယူ ပြန်လုပ်လာ ပါတယ်။ တရုတ်သမ္မတ ရှီကျင်ဖျင့်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘေဂျင်း ဖိတ်ခေါ်ပြီး တပ်မတော် အချင်းချင်းကြား ဆက်ဆံရေး၊ ရခိုင်မှာ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကို ထောက်ခံပြောဆိုပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို တရုတ်က ကောင်းကောင်းနားလည် သဘောပေါက်တာကို ပြသနေပါတယ်။

နီးစပ်သူတွေအဆို တပ်ချုပ်နဲ့ နိုင်ငံတော် အတိုင်ပင်ခံတို့ကြား ဆက်ဆံရေးက သိပ်အဆင်မပြေဘူးလို့ သိရပါတယ်။ အတွင်းသတင်းတွေအရ ဦးသိန်းစိန်အစိုးရလက်ထက် လွှတ်တော်က အတည်ပြုထားပြီး သမ္မတ လက်မှတ်ထိုးဖို့ ကျန်နေတဲ့ တပ်မတော်သားများ ပင်စင်ယူသက် ၆၀ က ၆၅ နှစ်ထိ တိုးတဲ့ ဥပဒေကို ဦးထင်ကျော်က လက်မှတ်မထိုးတာကြောင့်လို့ ဆိုပါတယ်။

အခုအခါ အသက် ၆၁ နှစ်ရှိသွားတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အားလုံး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ထိုးဖို့ တိုက်တွန်း နေပေမယ့် သူ့တပ်တွေက မြန်မာပြည်မြောက်ပိုင်းက ကချင် လက်နက်ကိုင်တွေရဲ့ စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်နေပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေအတွက်တော့ အိမ်ပြန်ရမယ့်နေ့ကို မမြင်ရသေးပါ။

လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး

အစိုးရအဆက်ဆက် လက်ထက်က ချောင်ထိုးခံရတဲ့ ဝန်ကြီးဌာနတခုဖြစ်တဲ့ လူကယ်ပြန်လို့ အတိုကောက် ခေါ်ကြတဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ရှေ့တန်း ရောက်လာစေပြီး တိုင်းပြည်အတွက် အကျိုးရှိအောင် မှန်မှန်ကန်ကန် ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့သူကတော့ ဒေါက်တာ ဝင်းမြတ်အေးပဲ ဖြစ်ပါတယ်။

အောက်ခြေက တင်ပြလာတဲ့အသံတွေ အားလုံးကို နားထောင်တာ၊ မီဒီယာတွေ ဖုန်းဆက်မေးရင် ဖုန်းကိုင်ပြီး ဖြေဆိုတာ၊ စစ်ဘက်နဲ့ လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာနဲ့ ပြည်သူကို ဦးစားပေးရမယ်ဆိုတဲ့ အသိ စိတ်ဓာတ်မျိုး တွေနဲ့ ချဉ်းကပ် လုပ်ဆောင်တာမျိုးတွေ မြင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်မှာ အရေးကြီးနေတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စမျိုးတွေမှာပါ ယုံယုံကြည်ကြည်နဲ့ တာဝန်ပေး အပ်တာမျိုးတွေ တွေ့ရပါတယ်။

ဒေါက်တာ ဝင်းမြတ်အေးဟာ ၁၉၈၀ ခုနှစ်မှာ ဆေးတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ၈၁ ခုနှစ်မှာ ဆရာဝန်ဖြစ်လာပါတယ်။ အဲဒီနောက် ဘွဲ့လွန်တွေ တက်ခဲ့ပြီးတဲ့နောက် ကလေးအထူးကု ဆရာဝန်၊ ပါမောက္ခ၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မကွေးဆေး တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်ပြီး အငြိမ်းစား ယူခဲ့သူပါ။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ပဲခူးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရလာပြီးနောက် လွှတ်တော် ပညာရေး ကော်မတီမှာ ဥက္ကဋ္ဌ၊ ဦးရွှေမန်း ဦးဆောင်တဲ့ အထူးကော်မရှင်မှာ ဒုဥက္ကဋ္ဌ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။

အဲဒီလို အချိန်မှာ NLD အစိုးရဖွဲ့တော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရွေးချယ်ခံရချိန်မှာ သူဟာ အဲဒီဝန်ကြီးဌာန အကြောင်းတောင် ကောင်းကောင်း မသိခဲ့ပါဘူး။ သူ့ကို ခေါ်ပြီး ဒီတာဝန်ကို ထမ်းဆောင်ဖို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်က “အစိုးရ အဖွဲ့သစ်ရဲ့ Image ဟာ ဒီဝန်ကြီးဌာနအပေါ်မှာ အများကြီး မူတည်တယ်”ဆိုပြီး မှာလိုက်တယ်လို့ သိရပါတယ်။

ဝန်ကြီးဌာနရဲ့ အဓိက အလုပ်ဖြစ်တဲ့ ပြန်လည် ထူထောင်ရေးကို မွေးကင်းစကလေးနေ သက်ကြီးရွယ်အို အရွယ်အထိ စဉ်းစားလုပ်ဆောင်ရတာလို့ ဆိုပါတယ်။

ကလေးတွေကို စွန့်ပစ်တာ ပပျောက်ဖို့၊ စွန့်ပစ်ခံရတဲ့ကလေးတွေကို ကူညီဖို့၊ စွန့်ပစ်ခံရတဲ့ ကလေးမိခင် တွေကို ကူညီနိုင်ဖို့၊ ကလေး သူငယ်တွေရဲ့ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နဲ့ စောင့်ရှောက်ခံပိုင်တို့အတွက် ဆောင်ရွက်ခြင်း၊ လူငယ်များအတွက် လူငယ်မူဝါဒကို အစိုးရ အဖွဲ့က အတည်ပြုထားပြီး ဖြစ်လို့ မကြာခင် အကောင်အထည်ဖော်နိုင်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

အမျိုးသမီး အကြမ်းဖက်ခံရမှှု ကာကွယ်ရေးအတွက် ဥပဒေတခု ပြဌာန်းနိုင်အောင် ကြိုးစားနေပြီး မြန်မာနိုင်ငံ အမျိုးသားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌတဦးအနေနဲ့ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပါတယ်။

သူ အခုလို အလုပ်လုပ်နိုင်တာဟာ နိုင်ငံတော်က ပံ့ပိုးပေးခဲ့လို့ကြောင့်လို့ ဆိုပြီး ယခင်က နိုင်ငံတော် ဘတ်ဂျက်ရဲ့ ဝ.၀၉ ရာခိုင်နှှုန်းသာ ရရှိခဲ့ပေမယ့် အခုအခါ ဝ.၂၅ ရာခိုင်နှုန်း အထိ တိုးတက်ရခဲ့တယ်လို့ သိရပါတယ်။

“တခါတလေမှာ လွှတ်တော်တက်၊ အစည်းအဝေးတွေရော ရခိုင်ကိစ္စတွေနဲ့ အရမ်း ဒုက္ခတွေ ရောက်လာတော့ ဒုဝန်ကြီး တယောက်လောက်တော့ ရှိမှ ဖြစ်မယ်ဆိုပြီး ကျနော်တို့ ခေတ်စနစ်နဲ့အညီ လိုက်ပါပြောင်းလဲလာနိုင်တဲ့ ဦးစိုးအောင်ကို ဒုဝန်ကြီး အဖြစ် ထောက်ခံခဲ့တယ်။ သူလည်း တော်တော်လေး လုပ်နိုင်ပါတယ်” လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုပါတယ်။

သာသနာရေး ဝန်ကြီး သူရ ဦးအောင်ကို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို အမျိုးသားရေးအမည်ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ရဟန်း သံဃာတွေက အတိုက်အခံလုပ်လာတာကို ကိုင်တွယ်ရတဲ့ ယဉ်ကျေးမှုနဲ့ သာသနာရေး ဝန်ကြီး အဖြစ် တာဝန်ယူထားသူ သူရဦးအောင်ကိုဟာ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းနဲ့ အလွန်နီးစပ်သူလည်း ဖြစ်ပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ် ၁၁ ဆင်း ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးပြီး ယဉ်ကျေးမှုနဲ့ သာသနာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခံရတာကြောင့် မဘသတွေနဲ့ ထိပ်တိုက်ဖြစ်လာပါတယ်။

အမျိုးဘာသာ သာသနာအတွက် မဆောင်ရွက်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝန်ကြီးရာထူးကနေ နုတ်ထွက် ပေးဖို့ မျိုးချစ်သူများလို့ အမည်ခံသူတွေက နေပြည်တော်တက် ဆန္ဒပြတာနဲ့ ကြုံရပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ပေးရင် ဝန်ကြီးရာထူးနဲ့ လဲမယ်လို့ ဦးအောင်ကို တုန့်ပြန်ခဲ့ပါတယ်။

သူ ဝန်ကြီးဖြစ်လာပြီးတဲ့နောက် ဦးဝီရသူ တရားဟောခွင့် အပိတ်ခံရတာ၊ မျိုးချစ်အမည်ခံ ခေါင်းဆောင်များ ထောင်ဒဏ်တွေ ကျခံရတာတွေလည်း ရှိလာပါတယ်။

သူရ ဦးအောင်ကိုဟာ တနိုင်ငံလုံး မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့ မဟနဆရာတော်တွေကတဆင့် ဆောင်ရွက်ခဲ့တာ၊ ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ ဘုရားတွေကို နိုင်ငံတကာ အကူအညီခေါ်ယူပြီး ပြုပြင်မှုတွေလုပ်ခဲ့တာ၊ နောက်ဆုံး အပြီးမသတ်နိုင်တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကို တာဝန်ယူပြီး ပြန်ရိုက်ဖို့ ကြိုးစားခဲ့တာတွေက ထောက်ခံသူ၊ ကန့်ကွက်သူတွေ တညံညံနဲ့ပါပဲ။

ကိုင်တွယ်ရခက်တဲ့ အမျိုးသားရေး အမည်ခံ အင်အားစုတွေ ခေါင်းမထောင်နိုင်အောင် ဆက်ထိန်း ထားနိုင်မလား၊ သူပဲ နောက်ဆုတ်ပေးရမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို

မကွေးတိုင်းရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာ အောင်မိုးညိုကတော့ အစိုးရအဖွဲ့ အလွဲအပြောင်းမှာ ပျောက်ဆုံးနေတဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ် ၇ ဘီလီယံကျော်ကို လူသိရှင်ကြားဖွင့်ချခဲ့ပြီး ပြန်ရအောင် ဆောင်ရွက်နိုင်ခဲ့သူဖြစ်ပါတယ်။

အစိုးရဟောင်းလက်ထက် ပျောက်ဆုံးသွားတဲ့ ဘဏ္ဍာငွေတွေကို ပထမဆုံး ပြန်လည်ဖော်ထုတ်နိုင်ခ့ဲဲတဲ့ လုပ်ဆောင်ချက်ကြောင့် အခြားတိုင်းနှင့် ပြည်နယ်များကိုပါ ရိုက်ခတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ နှစ်နှစ်နီးပါးအတွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဘဏ္ဍာငွေ ပွင့်လင်းမြင်သာမှု ရှိရေး၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အိမ်ရာများ တည်ဆောက်ရေးစတဲ့ လုပ်ငန်းများ ကို အကောင်အထည်ဖော်သလို အကျင့်ပျက်ခြစားတဲ့ ထွေအုပ်နဲ့ ပညာရေးဝန်ထမ်း၊ တရားရေးဝန်ထမ်း တွေကိုလည်း အရေးယူမှုတွေ ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။

တိုင်းပြည်အတွင်း လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှု ပဋိပက္ခနဲ့ ပတ်သက်လို့လည်း အမ်းမြို့မှာ ဆူပူမှုပြုလုပ်ဖို့ လူစု စည်းရုံးနေမှုတခုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီး အန္တရာယ်များတဲ့ ပြဿနာတခုကို တားဆီးနိုင်ခဲ့ပြန်ပါတယ်။

ရေနံမြေများ တည်ရှိရာ မကွေးတိုင်းကို အစိုးရရဲ့ အခွန်အတုပ်ကောက်ခံမှု စနစ် အပြောင်းအလဲမှာ တိုးတက်ရရှိလာတဲ့ အခွန်နဲ့ ဖွံ့ဖြိုး တိုးတက် စည်ပင်လာစေရေး ဖြေးဖြေးမှန်မှန် လုပ်ဆောင်နေသူမို့ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်တွေကြား ခေါင်းပိုမြင့်လာနေသူလို့ ပြောရင် မမှားပါ။

မန္တလေး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

ဖွင့်ပွဲတွေတက် ဖဲကြိုးဖြတ်တာပဲ လုပ်တယ်ဆိုပြီး ကပ်ကြေးလို့ နာမည်ပြောင် ပေးခံရတဲ့ မန္တလေး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဒီနှစ်အတွင်း ဖိလစ်ပိုင် သမ္မတ ဒူတာတေးနဲ့ တူတယ်ဆိုပြီး ပြောကြပြန်တယ်။ ရုပ်ချင်းဆင်ဆင်တူတာ တင်မက အစိုးရဆန့်ကျင်ရေး သပိတ်စခန်းတွေကို ပိတ်သိမ်းပစ်ရဲတဲ့ လုပ်ပုံကိုင်ပုံကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မန္တလေးမြို့မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ဆန္ဒပြခဲ့တဲ့ လယ်သမားသပိတ်စခန်းနဲ့ သြဂုတ်လအတွင်း ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေရဲ့ သပိတ်စခန်းတွေကို ဖြိုခွင်းခဲ့ပါတယ်။ ဒါပေမယ့် သွေးထွက်သံယို ဖြစ်ပွားခဲ့တာတော့ မဟုတ်ပါဘူး။

ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလတွင်းမှာ မီဒီယာတွေကို အသုံးချပြီးတော့ ရွေးကောက်ပွဲ လွန်ကာလမှာတော့ မီဒီယာနဲ့ ထိတွေ့မှု အားနည်းတယ်၊ မီဒီယာကို ရှောင်ဖယ်လာခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ် ၇ ရက်က မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၊ မြေတိုင်ကန်ကျေးရွာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေသခံ တောင်သူတဦးက ရေမလုံလောက်တာကို တင်ပြခဲ့ရာမှာ ဒေါက်တာဇော်မြင့်မောင်က မိမိအနေနဲ့ ဖြည့်ဆည်းပေးမှာ ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း မလုပ်ဆောင်နိုင်ပါက ကိုယ်တိုင် ရေထမ်းပို့ပေးမယ်လို့ ပြောတဲ့အတွက် အမှတ်တွေ တက်သွားပြန်ပါတယ်။

လုပ်ထုံး လုပ်နည်းနဲ့ မညီပဲ မြေကွက် ၁၃၅ ကွက်ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်က လွှဲပြောင်းပေးမှုအပေါ် ပြန်လည် စိစစ်ပြီး သိမ်းယူသွားမယ်ဆိုပြီးလည်း လက်ခမောင်းခတ်ထားပါသေးတယ်။

ခင်မင်သူတွေက ချစ်စနိုးနဲ့ ဒေါက်ဇော်၊ ဆရာဇော်၊ ဦးဇော် စသဖြင့် ခေါ်ကြသူ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်မှာ မွေးဖွားခဲ့သူပါ။

၁၉၉၀၊ ၂၀၁၂ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ အောင်နိုင်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ကလည်း စိတ်ချယုံကြည်သူဖြစ်ပြီး တကယ်လို့ သမ္မတ ဦးထင်ကျော် ကျန်းမာရေး မကောင်းပဲ တာဝန်က အနားယူရရင် အစားထိုးမယ့်သူလို့ တစ်ပေး ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

ဦးဖြိုးမင်းသိန်းဟာ NLD အစိုးရ လက်ထက် အဝေဖန်ခံရဆုံး ဝန်ကြီးချုပ် ဖြစ်မယ်။ သူ့အကြောင်း ဝေဖန်မှုတွေထဲ အကြီးမားဆုံး လုပ်ဆောင်မှုနဲ့ ဝေဖန်ခံရမှု အများဆုံး ကိစ္စက YBS ခေါ်တဲ့ ရန်ကုန်မြို့တော် လူထုသယ်ယူပို့ဆောင်ရေးစနစ်ပါပဲ။

YBS စနစ် စပြောင်းပြောင်းချင်း ဝရုန်းသုန်းကား ဖြစ်ခဲ့ရတာကနေ နောက်ပိုင်း ကားသစ်တွေ တရုတ်ပြည်က တင်သွင်းပြီး ပြေးဆွဲလာတဲ့နောက်ပိုင်း ခရီးသည်တွေရဲ့ ဝေဖန်မှုတွေ ငြိမ်သွားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကားများ ဝယ်ယူရာမှာ အာဏာရှင် ဦးနေဝင်းရဲ့ မြေး ဦးအေးနေဝင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ပွင့်လင်းမြင်သာမှု မရှိတာတွေအပေါ် ဝေဖန်တာတွေက ဆက်ရှိနေပါတယ်။ မီဒီယာတွေက ဝေဖန်မှုတွေကိုလည်း သည်းမခံပါဘူး။ အဲဒီကိစ္စတွေအပေါ် သတင်း ဆောင်းပါးရေးသား ဖော်ပြတဲ့ Reuters သတင်းဌာနကို သတင်းမီဒီယာ ကောင်စီမှာ တိုင်ပါတယ်။

YBS စနစ် ဘယ်လို ဆက်စခန်းသွားနေလဲ နောက်ဆက်တွဲ သတင်းထုတ်ပြန်မှုတွေ ဆက်မလုပ်တော့ ပေမယ့် ဘတ်စ်ကားကြီးတွေ ညသိပ်ဖို့ ဂိတ်ဝင်းကြီးတွေ မထားနိုင်တာ၊ ကားလမ်းပေါ်က ယာဉ်ထိန်း မျဉ်းတွေ စနစ်တကျ မတားသေးတာ၊ မီးပွိုင့်အဟောင်းတွေ မဖြုတ်သေးတာတွေကို ဆက်မြင်တွေ့နေ ရသေးတာကြောင့် YBS စနစ် အလုံးစုံ အခြေခံကျကျ တည်ဆောက်ရေး အောင်မြင်စွာ ပြီးစီးနိုင်ဖို့ဆိုတာ သံသယရှိနေဆဲပါ။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ အားနည်းချက်ထဲမှာ အပြောအဆို မတတ်တာလည်း ပါပါတယ်။ ဒီမိုကရေစီစနစ်မှာ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး မရှိဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲ ရှိတယ်လို့ မိန့်ခွန်းဟောပြောခဲ့လို့ တပ်မတော်က အကြီးအကျယ် ဒေါသထွက်သွားပြီး ပြန်တောင်းပန်စာ ပို့ခဲ့ရပါတယ်။

ဦးဖြိုးမင်းသိန်းကို စိတ်ကွက်သွားပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ရာထူးက ဖယ်မပစ်တာဟာ ဦးဝင်းထိန်ရဲ့ ထောက်ခံမှုအပြင် အတွင်းသတင်းတွေအရ အမှားအယွင်း ရှိကောင်းရှိပေမယ့် လုပ်ရဲကိုင်ရဲတဲ့ ကိုယ့်လူရင်းကိုသာ ခန့်ထားတတ်တဲ့ အစဉ်အလာ သဘောကြောင့်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။

ရန်ကုန်တိုင်းကို ဦးနေဝင်းနဲ့ ဦးသန်းရွှေတို့ လက်ထက်တွေတုန်းကလည်း ကိုယ့်လူရင်း လူယုံတွေထဲက ထက်မြက်တဲ့သူတွေကို ရွေးထုတ်ခန့်ထားတတ်တဲ့ နိုင်ငံရေး အစဉ်အလာတွေ ရှိပါတယ်။

လူနေ ပိုထူထပ်လာပြီး ကားတွေ ပိုများလာနေတဲ့ ရန်ကုန်ကို မြို့သစ် ချဲ့ထွင်ရေး၊ ကားလမ်းသစ်တွေ ချဲ့ထွင် တည်ဆောက်ရေး၊ စက်ရုံ အလုပ်ရုံများ တည်ထောင်လည်ပတ်နိုင်ရေး စတဲ့ အိပ်မက်တွေကို နိုင်ငံရေး နောက်ခံ တောင့်တဲ့ ဦးဖြိုးမင်းသိန်း ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာ မရှင်းလင်း လှပေမယ့် ရန်ကုန်မြို့တော်ရဲ့ လက်ရှိ အရှုပ်အထွေးကို နေ့စဉ် စီမံခန့်ခွဲအုပ်ချုပ်ရာမှာ နာမည်ထွက်လာ နေသူက တော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ပါ။

ဒေါ်နီလာကျော်ဟာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်အမတ်တွေ YBS စနစ်ကို ဝိုင်းမေးခွန်းထုတ်ကြချိန် ဦးဖြိုးမင်းသိန်းကိုယ်စား ရင်ဆိုင်ဖြေရှင်းပါတယ်။ ဒီလို ပြောဆို လုပ်ကိုင်နိုင်စွမ်း ရှိသူမို့ နေပြည်တော်က သဘောကျနေပြီး ပြည်ထောင်စုအဆင့် တာဝန်များ အနာဂတ်မှာ ပေးအပ်လာနိုင်တယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်

နေပြည်တော်မှာရှိတဲ့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေထဲက တဦးဖြစ်တဲ့ ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်ဟာ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတခုမှာ တိုင်းပြည်က နှစ်ပေါင်းများစွာ နစ်နာနေခဲ့ရတဲ့ ပြည်သူ့ဘတ်ဂျက် သန်းပေါင်းစွာကို အစိုးရ ဘတ်ဂျက်ထဲကို ပြန်ရောက်အောင် ကြိုးစားခဲ့ပါတယ်။

အရင်က သဘာဝ သယံဇာတ တူးဖော်ခြင်းလုပ်ငန်း အပါအဝင် အစိုးရဌာနတချို့က ၎င်းတို့ ရရှိတဲ့ ဝင်ငွေ တွေကို တိုင်းပြည်ဘဏ္ဍာထဲကို တိုက်ရိုက်မထည့်သွင်းဘဲ Other Account များ ဖွင့်ပြီးတော့ ထားရှိခဲ့ရာ ကနေ နိုင်ငံတော် ဘတ်ဂျက်ထဲ ပြန်ထည့်ဖို့ သူ့အဆိုပြုချက်ဟာ ၂၀၁၇ ခုနှစ်မှာ လူထုအကျိုးအတွက် အကောင်းဆုံး အဆိုပြုချက်ဆိုရင် မမှားလောက်ပါဘူး။

အာဏာရနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ကိုယ်စားလှယ် အများစုဟာ လွှတ်တော် ထဲမှာ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးနိုင်ကြပေမယ့် စီးပွားရေးရာနဲ့ ဘတ်ဂျက် ကိစ္စရပ်တွေမှာတော့ လက်ရှောင် လေ့ရှိကြပေမယ့် ကိုယ်တိုင်လည်း စီးပွားရေး လုပ်ငန်းရှင် ဖြစ်တဲ့ ဒေါ်သက်သက်ခိုင်က ဆွေးနွေးနိုင်လွန်းလို့ တချို့ကိစ္စတွေမှာ ရှေ့ရောက်လွန်းတဲ့အတွက် ပါတီနဲ့ အံမဝင်တာတွေကြောင့် ဦးဝင်းထိန်ရဲ့ ခေါ်ယူ သတိပေးခံရတာတွေလည်း ရှိခဲ့ပါတယ်။

ဒီသယံဇာတဝင်ငွေတွေ တိုင်းပြည်ဘဏ္ဍာထဲ ရောက်ရှိရေး အဆိုဟာလည်း NLD ပါတီ အမတ်တွေ အကုန်လုံး ထောက်ခံမဲပေးခဲ့တာတော့ မဟုတ်ပါဘူး။ အဆို အတည်မပြုနိုင်ခင်မှာ ဒီအဆိုကို မှတ်တမ်းပဲတင်ဖို့ လွှတ်တော်ခေါင်းဆောင်တွေက သူ့ကို ခေါ်ယူပြောဆိုခဲ့တာ ရှိသလို NLD ပါတီရဲ့ အတွင်းစည်းက အမတ်တချို့ကလည်း မှတ်တမ်းပဲ တင်ပေးဖို့ အချင်းချင်းကြား ပြောဆိုခဲ့ပေမယ့် ဒေါ်သက်သက်ခိုင်ဟာ ဒီအဆိုကို မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့တာပါ။

“နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ ကောင်းဖို့အတွက် အဆိုကို မဲများများနဲ့ နိုင်လိုက်တဲ့အတွက် လုပ်ရကျိုးနပ်သွားတယ်။ အဲဒီအတွက် တကယ်ကို ဝမ်းသာပီတိ ဖြစ်မိတယ်” လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။ သူ့အဆိုကို ထောက်ခံပေးခဲ့တဲ့ တပ်မတော်၊ NLD နဲ့ NLD မဟုတ်တဲ့ ကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်ကျမှ ဒဂုံမြို့နယ် NLD ပါတီကို ပြန်ဝင်ခဲ့တဲ့ သူ့ကို အမြင်မကြည်သူတွေက ပါတီ အာဏာရခါနီးမှ ရောက်လာလို့ အခွင့်အရေးအတွက်လားလို့ မေးခွန်းထုတ်ကြပေမယ့် လွှတ်တော်တွင်း သူ့ရဲ့ ဆွေးနွေး ပြောဆိုချက်တွေအရ အလုပ်လုပ်ပြနိုင်ခဲ့လို့ နောက်ပိုင်းမှာ ဝေဖန်မှုတွေ နည်းသွားခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်သက်သက်ခိုင်ဟာ နိုင်ငံရေးကို အခုမှ စလုပ်တဲ့သူ တယောက်တော့ မဟုတ်ပါဘူး။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ မန္တလေးဆေးတက္ကသိုလ် ကျောင်းသူဘဝနဲ့ ပါဝင်ခဲ့ဖူးပါတယ်။

အခုနေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်ဖြစ်သူ ဦးမင်းသူနဲ့ မိုးကုတ်မြို့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါခဲ့သလို ၁၉၉၃ ခုနှစ်လောက်အထိ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆရာဝန်အဖြစ် စီးပွားရေး လုပ်ငန်းရှင်တဦးအဖြစ် ကူးပြောင်းသွားပြီး စီးပွားရေးဖိုရမ်တွေမှာရော အသင်းအဖွဲ့တွေမှာရော ထက်ထက်မြက်မြက် ပါဝင်နိုင်ခဲ့တာကို တွေ့ရပါတယ်။

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ ညီမရင်းဖြစ်သူ ဒေါ်သက်သက်ခိုင်ဟာ စီးပွားရေးဆိုင်ရာ မဟာဘွဲ့တွေ ရရှိ ထားသူဖြစ်ပြီး အမေရိကန်က တက္ကသိုလ်တခုကနေ စီမံခန့်ခွဲရေးနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဒေါက်တာဘွဲ့တခုရအောင် ကြိုးစားရင်း သူ့ပညာတွေကို ဖြည့်နေသလို တဖက်မှာလည်း နိုင်ငံရေးသမားတဦး အဖြစ်နဲ့ ရပ်တည်လှုပ်ရှားနေပါတယ်။

လွှတ်တော်နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်ရတဲ့အတွက် ကိုယ်ကျိုးစီးပွားအတွက် အချိန်ပေးရတာ နည်းနိုင်ပေမယ့် သူ့အမျိုးသား ဒေါက်တာ အောင်ကျော်ဝင်းက စီးပွားရေးကို ဦးဆောင်နေတာ၊ စီးပွားရေးမှာ စနစ်ကောင်း တခုချနိုင်တဲ့အတွက် နေရာတိုင်းမှာ သူအကုန်လိုက်ပါနေစရာ မလိုသလို ဝန်ထမ်းတွေ ကလည်း လိမ္မာပြီး စည်းကမ်းရှိကြလို့ ပြဿနာ မရှိဘူးလို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

ရခိုင်ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တဦးဖြစ်တဲ့ မစ္စတာ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အကျပ်အတည်းမှာ ဝင်ပါရင်း မြန်မာအစိုးရကို နိုင်ငံတကာဖိအားတွေက အထိုက်အလျောက် သက်သာရာရစေခဲ့သူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေးကော်မရှင် ဥက္ကဌအဖြစ် ဆောင်ရွက်စဉ်တလျှောက်လုံး ပြည်တွင်း နိုင်ငံရေးပါတီအချို့နှင့် အမျိုးသားရေး အမည်ခံယူထားတဲ့ အင်အားစုတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် အပြီးသတ် အကြံပေး အစီအရင်ခံစာ တစောင်ကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ထံ ပေးအပ်နိုင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ တိုးတက်ရရှိရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး အစီအမံများ၊ မူးယစ်ဆေးဝါးပြဿနာ၊ သတင်းမီဒီယာရယူခွင့်နှင့် ဒုက္ခသည် နေရာပြန်လည်ချထားရေးစတဲ့ အကြံပြုချက်များစွာကို ထည့်သွင်းထားတဲ့ အစီရင်ခံစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက အကောင်အထည် ဖော်ချင်ပေမယ့် မြန်မာ့တပ်မတော်ရဲ့ သဘောထားက မရှင်းလင်းပါဘူး။ ကိုဖီအာနန် အစီရင်ခံစာပါ အကြံပြုချက်ထဲ အများ သဘောတူနိုင်တဲ့ အချက်တွေ အကောင်အထည် စဖော်နေပေမယ့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် ပြင်ဆင်သင့်က ပြင်ဆင်ရန် ဆိုတဲ့အချက်ကတော့ အတိုက်အခံ အဖြစ်ဆုံးပါ။

တိုက်ဆိုင်စွာပဲ ကော်မရှင်အစီရင်ခံစာ ထွက်အပြီး ၂ ရက်အကြာ ARSA အဖွဲ့က ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်မြောက်ပိုင်းက လုံခြုံရေးစခန်း ၃၀ ကို ဝင်စီးပြီး မွတ်ဆလင် မဟုတ်တဲ့ ဒေသခံတွေကို ရန်မူပါတယ်။ တိုက်ခိုက်မှုကို ရှုတ်ချပြီး အကြံပေးချက်တွေ နှောင့်နှေးမှာ စိုးရိမ်ကြောင်း ကိုဖီအာနန်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို ဖိအားပေးတာနဲ့ တပြိုင်နက် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရေး ထောက်ခံပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

၂၀၁၂ ခုနှစ် နိုဝင်ဘာမှာ လာလည်တဲ့ သမ္မတအိုဘားမား ခရီးစဉ်နောက်ပိုင်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က ၃၀ ရက်ထိ လာသွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ခရီးစဉ်က မေတ္တာတရားနဲ့ ကြည်နူးစရာ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး နိုင်ငံခြားခေါင်းဆောင်ရဲ့ ခရီးစဉ် ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ကက်သလစ်နဲ့ ခရစ်ယာန် ဘာသာဝင် စုစုပေါင်း ၁ သိန်း ၅ သောင်းကျော်နဲ့ လူထု ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး သာသနာရေးဆိုင်ရာ အဖွဲ့ သံဃမဟာနာယက အဖွဲ့နဲ့လည်း တွေ့ဆုံပါတယ်။ နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း သွားရောက်တွေ့ဆုံပါတယ်။

ခရီးစဉ်အတွင်း မိန့်ခွန်းတွေကို ကြည့်ရင် ပုပ်ရဟန်းမင်းကြီးက တိုင်းရင်းသားလူမျိုး အသီးသီးကို လေးစားဖို့ မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့ပြီး မြန်မာလူထုပရိသတ်ကိုတော့ ကိုးကွယ်ရာ ဘာသာခြားနားခြင်းဟာ ခွဲခြားဆက်ဆံမှုနဲ့ မယုံသင်္ကာဖြစ်မှုတွေ စတင်ပေါက်ဖွားရာ ရင်းမြစ်တခု မဖြစ်ဖို့၊ ဒီအစား စည်းလုံးခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းနဲ့ ဉာဏ်အမြော်မြင်ရှိခြင်းတို့နဲ့ ပြည့်စုံတဲ့တိုင်းပြည်အဖြစ် တည်ဆောက်ရာမှာ တွန်းအားတခု ဖြစ်စေလိုကြောင်း ပန်ကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ သဟဇာတရှိမှုကို စောင့်ရှောက်ထိန်းသိမ်းရာမှာ ဘာသာရေး ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကိုလည်း မြန်မာပြည်က ဗုဒ္ဓဘာသာ ဦးဆောင် ဆရာတော်တွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်။

မြန်မာပြည် ခရီးစဉ်မတိုင်မီကတည်းက ပြည်တွင်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များက တိုက်တွန်းထားသလို “ရိုဟင်ဂျာ”ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ရှားခဲ့ပါတယ်။ ခရီးစဉ် ဒုတိယပိုင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာတော့ အမျိုးသမီးတွေ ပါဝင်တဲ့ ဒုက္ခသည်အုပ်စုတစုကို လက်ခံတွေ့ဆုံပါတယ်။ ဒုက္ခသည်များအရေး တကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပြီး “သင်တို့ကို ဖိနှိပ်ခဲ့သူတွေ၊ နာကျင်စေခဲ့သူတွေ အားလုံးအတွက် ခွင့်လွှတ်မှုကို ကျွန်ုပ်တောင်းဆိုပါတယ်”လို့ ရခိုင်ပြည်မြောက်ပိုင်းက ထွက်ပြေးကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေကို ပြောဆိုသွားပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) က ကြိုဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပဋိပက္ခကို ကိုယ်တွယ်ဖြေရှင်းရာမှာ မြန်မာကို အောင်မြင်စေဖို့ ဆန္ဒရှိကြတဲ့ မိတ်ဆွေတွေရဲ့ ထောက်ခံအားပေးမှုက တန်ဖိုး မဖြတ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

ARSA ခေါင်းဆောင် အတာအူလ္လာ

ရခိုင်ပြည် မြောက်ပိုင်းက ဒုက္ခသည်မြောက်မြားစွာကို နေရပ်စွန့်ခွာ ထွက်ပြေးစေပြီး နိုင်ငံတကာရဲ့ အာရုံစိုက် စိတ်ဝင်တစားဖြစ်လာစေခဲ့တဲ့ အရေးအခင်းကို မီးမွှေးပေးခဲ့တဲ့ ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ကို မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပေမယ့် အဖွဲ့ ခေါင်းဆောင် အတာအူလ္လာ Ata Ullah ကို သူ့နောက်လိုက်တွေက ဆော်ဒီအာရေးဗီးယားမှာ ရှိတဲ့ ပြည့်စုံချမ်းသာတဲ့ ဘာသာရေးဆရာဘဝကို စွန့်ခဲ့ပြီး မြန်မာပြည် အနောက်ပိုင်း ရခိုင်ပြည် မြောက်ပိုင်းက မွတ်ဆလင်တွေ အတွက် စွန့်လွှတ်တိုက်ပွဲဝင်တဲ့ သူရဲကောင်းတယောက်လို့ မြင်ကြပါတယ်။

တူညီဝတ်စုံံဝတ် လက်နက်ကိုင် စစ်သွေးကြွတွေက အခြေကုတ် စခန်းချခြင်းမျိုး မဟုတ်ဘဲ လူငယ် ဘာသာရေးဆရာ (mullah) တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ အပါအဝင် ဒေသခံ ခေါင်းဆောင်တွေကို ကွန်ရက်ဖွဲ့ တည်ဆောက်ထားတဲ့ ARSA ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရာနဲ့ချီတဲ့ ကျေးရွာတွေ အတွင်းမှာ ကလပ်စည်းတွေကို စုစည်းခဲ့တယ်။ ၂၀၁၇ ဩဂုတ်လအတွင်းမှာ ကိုဖီအာနန် အစီရင်ခံစာ ထုတ်ပြန်ချိန်နဲ့ တိုက်ဆိုင်ပြီး အပြစ်မဲ့ အရပ်သား ပြည်သူတွေကို သတ်ဖြတ်တာတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ ကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ပြင်းထန်ရက်စက်တဲ့ တန်ပြန်နှိမ်နှင်းမှု စစ်ဆင်ရေးနဲ့ လူ ၆ သိန်းကျော် နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှု နောက်ဆက်တွဲတွေ ဖြစ်လာအပြီး နောက်ပိုင်းမှာ အတာအူလ္လာအကြောင်း လူစိတ်ဝင်စားမှု ပိုများလာတယ်။

ရခိုင်ပြည် မြောက်ပိုင်းကနေ ပါကစ္စတန်ကို ရွှေ့ပြောင်းနေထိုင်သူ မိသားစုကနေ ပေါက်ဖွားပြီး ကရာချိမှာ ကြီးပြင်းခဲ့ရသူ အတာအူလ္လာဟာ ဆော်ဒီအာရေးဘီးယားမှာ လူဂုဏ်တန် အသိုင်းအဝိုင်းတခုနဲ့ နီးစပ်တဲ့ထိ အောင်မြင်ပေါက်ရောက်ခဲ့တဲ့ ဘာသာရေးဆရာတဦး ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်က ပဋိပက္ခတွေ ကြောင့် ကရာချိပြန်လာပြီး ရခိုင်ပြည်မြောက်ပိုင်းမှာ အုံကြွဖို့ ရည်ရွယ်စီမံခဲ့ပါတယ်။ သူဟာ ကနဦး “ဟာရာကာ အယ်လ်ယာကင် (Harakah al-Yaqin)” ယုံကြည် သက်ဝင်ရေး လှုပ်ရှားမှုလို့ အဖွဲ့ကို အမည်ပေးခဲ့ပေမယ့် ARSA လို့ အမည်ပြောင်းခဲ့တယ်။ သူ့အဖွဲ့မှာ ခန့်မှန်း လေးဆယ်လောက်ရှိမယ့် ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် အများစုဖြစ်တဲ့ ပြည်ပစစ်သွေးကြွတွေ ပါဝင်ပြီး ကေဒါ ၅၀၀ နှင့် ၆၀၀ ကြား ရှိမယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ တိုက်ခိုက်မှု ၂ ကြိမ်စလုံးအတွက် အချိန်ယူ ပြင်ဆင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အာဖဂန်နဲ့ ပါကစ္စတန်က တိုက်ခိုက်ရေးသမားတွေက စစ်သင်တန်းတွေ ပေးခဲ့ကြောင်း သိရပါတယ်။

အခု မြန်မာ့တပ်မတော်က ရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင်း ရောက်နေကြရသူ ARSA ကေဒါတွေဟာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ လုပ်တဲ့ပုံစံကို ပြောင်းလဲနိုင်တယ်လို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ International Crisis Group (ICG) က ဒီဇင်ဘာ ၇ ရက်နေ့မှာ အစီရင်ခံ သတိပေးထားပါတယ်။ “ဒီလိုတိုက်ခိုက်ဖို့က ကွဲပြား ခြားနားတဲ့ လေ့ကျင့်ရေးတွေ၊ လက်နက်တွေ ရရှိဖို့ လိုသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းမှာ လှုပ်ရှားဖို့ နေရာလိုပါတယ်။ သူတို့ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ပစ်မှတ်တွေ သို့မဟုတ် လွယ်ကူတဲ့ ပစ်မှတ်တခု ဖြစ်တဲ့ ရိုဟင်ဂျာ နယ်မြေတွေမှာ ပြန်လည် အခြေချနေတဲ့ မွတ်ဆလင်မဟုတ်သူ မှန်သမျှကို အခွင့်အရေး ရရင် ရသလို တိုက်ခိုက်ဖို့ ရည်ရွယ်နိုင်ပါတယ်”လို့ ICG က သတိပေးထားပါတယ်။

မြန်မာအစိုးရနဲ့ တပ်မတော်ကလည်း အကြမ်းဖက်သမားတွေနဲ့ မစေ့စပ်နိုင်ကြောင်း ပယ်ချထားတာကြောင့် အတာအူလ္လာနဲ့ အပေါင်းအပါတွေကို အသေရရ အရှင်ရရ လိုချင်မှာ အသေအချာပါ။ ဒါပေမယ့် အတာအူလ္လာ ဘယ်နေရာမှာဆိုတာ ဘယ်သူမှ မပြောပြနိုင်သေးပါဘူး။

AAစစ်ဦးစီးချုပ် ထွန်းမြတ်နိုင်

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲ အသက် အငယ်ဆုံး စစ်ဦးစီးချုပ်ဖြစ်လာသူ ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ ရခိုင်လူငယ်အမြောက်အများကို လက်နက်ကိုင်တော်လှန်ဖို့ တိုက်တွန်းစည်းရုံးနိုင်သူပါ။ ယခုနှစ်ထဲ ရခိုင်သူရခိုင်သားတွေကြား လူပြော ပိုများလာသူလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ရဲ့ အားပေးစောင်မမှုတို့အပြင် AA ရဲ့ အားထုတ်မှုတွေကြောင့် မြန်မာပြည် အနောက်ဘက်ခြမ်းထိပါ ဝင်ရောက်ထိုးဖောက်ပြီး အခြေကုတ်စခန်း ဖွင့်လှစ်လာနိုင်ခဲ့လို့ မြန်မာ့တပ်မတော်နဲ့ ချင်းပြည်နယ် ပလက်ဝနယ်ထဲမှာ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့ရပါတယ်။

ရိုဟင်ဂျာခေါ် ဘင်္ဂလီ မွတ်ဆလင်တွေအရေးမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါသနဲ့ စိတ်ခံစားချက်တွေကို ရှေ့တန်း မတင်ဖို့ ၊ ရခိုင်သူရခိုင်သားတွေ ဝင်မပါကြဖို့နဲ့ ဒါဟာ နိုင်ငံရေး ထောင်ချောက်လို့ ရခိုင်ဘာသာ စကားနဲ့ မိန့်ခွန်းပြောပြီး သတိပေးပြန်ပါတယ်။ ပလက်ဝဒေသက တိုက်ပွဲတွေကြောင့် ရခိုင်လူမျိုးတွေနဲ့ ချင်းလူမျိုးတွေအကြား ပဋိပက္ခဖြစ်မှာကို မလိုလားဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့် နှစ်ဘက်အသိုင်းအဝိုင်းစလုံး စစ်ဘေးဒဏ်ခံနေကြရပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ်မှာ ရခိုင်လူမျိုးတွေ အားလုံး အချင်းချင်း ချိတ်ဆက်ပြီး အမျိုးသားရေး လှုပ်ရှားမှုတွေ စတင်ကြဖို့၊ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးအရ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှရေးတွေ ရရှိဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တိုက်တွန်းနေတာမို့ AA ရဲ့ ရှေ့အနာဂတ်ခြေလှမ်း တွေက သတိထား စောင့်ကြည့်နေကြရဦးမှာပါ။

ဦးဟန်ညောင်ဝေ

မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ စပ်ရွှေသိုက်ရဲ့ သားဖြစ်တဲ့ ဦးဟန်ညောင်ဝေကို NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ထဲမှာ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်လိုက်တဲ့ သတင်းနဲ့ အတူ ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်တွေအရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက်ကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ရပါတယ်။

ဗီဇာကန့်သတ်ခံရပြီး မကြာခင်မှာဘဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ARSA အကြမ်းဖက် အဖွဲ့ကို အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးသင့်ကြောင်း သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။ “သူတို့ကိုယ်တိုင်က ဆွေးနွေးချင်တယ် ဆိုတာ တကယ် တော့ ဆွေးနွေးကြည့်သင့်တယ်။ သူတို့က ဘာကြောင့်မို့ တိုက်နေတာလဲ။ ဘာတွေ လိုချင်တာလဲ။ ပေးနိုင် မပေးနိုင်တာက တခြား။ ဒါပေမယ့် သူတို့က စကားပြောချင်တယ်ဆို ပြောသင့်တယ်လို့ မြင်တယ်”လို့ ဧရာဝတီနဲ့ အင်တာဗျူးတခုမှာ ပြောပါတယ်။

တချိန်တည်းမှာဘဲ ၂၀၁၀ ပြည့်နှစ်က ဆော်ဒီအာရေဗျ နိုင်ငံ ရိုဟင်ဂျာ အစည်းအဝေးမှာ ရိုက်ထားတဲ့ ဒေါက်တာ ဝါကာအူဒင်နဲ့ ဦးဟန်ညောင်ဝေတို့ တွေ့ဆုံနေတဲ့ ဓာတ်ပုံတွေ၊ အစ္စလမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) နဲ့ လက်မှတ် ရေးထိုးနေတဲ့ ဓာတ်ပုံတွေ Facebook ပေါ်မှာ တကျော့ ပြန်ပေါ်လာပြီး ရိုဟင်ဂျာအရေး ဆောင်ရွက်သူလို့ စွပ်စွဲခံခဲ့ရပါတယ်။

ဦးဟန်ညောင်ဝေဟာ ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ယူရိုဘားမား ရဲ့ အမှုဆောင် ဒါရိုက်တာလည်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးနိုင်ရေး အဓိက အခန်းကဏ္ဍက ပါဝင်သူ တဦး ဖြစ်ခဲ့ပါတယ်။

အပစ်ရပ် ၈ ဖွဲ့ရဲ့ ဆက်ဆံရေးရုံးတွေနဲ့ ပတ်သက်ပြီး ငွေကြေး အထောက်အပံ့ ရှာပေးထားသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ခင်မင်နီးစပ်သူလည်း ဖြစ်ပါတယ်။ ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ်ခံ ထားရတဲ့ ဦးဟန်ညောင်ဝေနဲ့ အတူ အပစ်ရပ် ၈ ဖွဲ့က အစည်းအဝေးတွေ ချင်းမိုင်မြို့ ပြောင်းလုပ်နေရတာကို ကြည့်ရင်ပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ဦးဟန်ညောင်ဝေ ဝေးမသွားတာ သက်သေပြနေပါတယ်။

တိုက်စစ်မှူး အောင်သူ

မြန်မာဘောလုံးပရိတ်သတ်တွေရဲ့အချစ်တော် ဖြစ်လာမယ့် တိုက်စစ်မှူးအောင်သူကို ပျဉ်းမနားမြို့မှာ ၁၉၉၆ ခုနှစ် မေလ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အောင်သူဟာ အသက် ၁၃ နှစ်အရွယ် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် – MFF က ဖွင့်လှစ်ထားတဲ့ မန္တလေးမြို့ ဘောလုံးအကယ်ဒမီသင်တန်း ကျောင်းကို စတင် တက်ရောက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ၂၀၁၁ ခုနှစ်မှာ မြန်မာယူ ၁၆ လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ မြန်မာ ယူ ၁၉ ၊ ယူ ၂၀ ၊ ယူ ၂၃ အသင်း လက်ရွေးစင်အဖြစ် အဆင့်ဆင့် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာတော့ အသက် ၁၉ နှစ်သာရှိသေးတဲ့ တိုက်စစ်မှူး အောင်သူဟာ မြန်မာ့လက်ရွေးစင် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မာ့ လက်ရွေးစင်ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။ အောင်သူဟာ လက်ရှိအချိန်အထိ နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် ၂၄ ပွဲကစားပြီး ၈ ဂိုး သွင်းယူ ပေးထားပါတယ်။

၂၀၁၄ ခုနှစ်က ကျင်းပတဲ့ ဘရူနိုင်းဘုရင့်ဖလား ဗိုလ်လုပွဲမှာ ဗီယက်နမ်အသင်း နောက်ခံလူ ၃ ယောက်တား ဆီးနေတဲ့ကြားက ၁၈ ကိုက်စည်း ထိပ်ကနေ အားပြင်းထန်တဲ့ ကန်ချက်နဲ့ ထောင့်ဖြတ်ကန်သွင်း ယူခဲ့တဲ့ ဂိုးကနေ စတင်ပြီး အောင်သူဟာ မြန်မာအသင်း ပရိတ်သတ်တွေကြားမှာ စတင် ရေပန်းစား လာခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ယူ ၁၉ အာရှဖလားပြိုင်ပွဲ (၂၀၁၄) မှာ မြန်မာအသင်းကို ဆီးမီးဖိုင်နယ် တက်လှမ်းပြီး ကမ္ဘာ့ဖလား ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရအောင် တိုက်စစ်မှူး အောင်သူက အဓိက ပါဝင်ကြိုးပမ်းခဲ့သလို နယူးဇီလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂၀၁၅) မှာလည်း အဆင့်မြင့်တဲ့ သွင်းဂိုးတဂိုး သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဒီလို ခြေစွမ်းပြနိုင်လို့ အောင်သူရဲ့ အားပါပြင်းထန်တဲ့ ကန်ချက်တွေနဲ့ ဘောလုံးဆွဲပြေး သယ်ယူတဲ့ နည်းစနစ်တွေကို နယူးဇီလန် ယူ ၂၀ ကမ္ဘာ့ဖလားရဲ့နည်းပညာ လေ့လာစောင့်ကြည့်ရေး စာအုပ်မှာ မှတ်တမ်းတင် ဖော်ပြခြင်းခံခဲ့ရပါတယ်။

ခြေစွမ်းခြေစရှိတဲ့အောင်သူကို မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံကလပ်အသင်းက ၂၀၁၃ ခုနှစ်က စတင်ကာ ပရော်ဖက်ရှင်နယ်စာချုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အထိ ရတနာပုံအသင်းအတွက် ၅၈ ပွဲကစားခဲ့ရာမှာ ၂၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ အောင်သူအနေနဲ့ ရတနာပုံအတွက် ၂ ပွဲကစားတိုင်း ၁ ဂိုးသွင်းယူပေးတဲ့ စံချိန်ကောင်း တခုလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး နိုင်ငံအသင်းရော ကလပ်အသင်းအတွက်ပါ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အတွက် အောင်သူဟာ ၂၀၁၅ ခုနှစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ်ရဲ့ အကောင်းဆုံး လူငယ်ကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ၃ နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီလို ၃ နှစ်ဆက် အကောင်းဆုံး ဆုရသူဟာ မြန်မာနေရှင်နယ်လိဂ် စတင်ခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ အောင်သူ တဦးတည်းသာ ရှိပါတယ်။

ဒီလိုမျိုး ဆုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်သူကို အိမ်နီးချင်း ထိုင်းနိုင်ငံက Police Tero ကလပ် အသင်းက ၁ နှစ်အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ရာမှာ မိခင်ကလပ် ရတနာပုံ အသင်းကလည်း ခွင့်ပြုခဲ့လို့ အောင်သူဟာ ၂၀၁၈ ခုနှစ်ကစပြီး ထိုင်းကလပ် Police Tero အသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။

အသက် ၂၁ အရွယ်သာရှိပေမယ့် ဘောလုံး ပညာကျွမ်းကျင်မှု၊ ထက်မြက်တဲ့ ခြေစွမ်း ပိုင်ဆိုင်ထားတဲ့ အောင်သူဟာ ထူးချွန်ဆုမှတ်တမ်းတွေနဲ့ သူ့ရဲ့ အရည်အသွေးကို သက်သေပြနိုင်ခဲ့တဲ့အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံက အစဉ်အလာရှိတဲ့ Police Tero အသင်းက အလေးထား ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မြန်မာလူငယ် စက်ရုပ်အသင်း

အမေရိကန်နိုင်ငံမှာ ဇူလိုင်လအတွင်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စက်ရုပ်အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံတကာမှ ပြိုင်ပွဲဝင်အသင်း ၁၆၃ သင်းအနက် မြန်မာလူငယ်အသင်းက အဆင့် ၆ ကို ရယူနိုင်ခဲ့ပြီး မှတ်တိုင်တရပ်ကို စိုက်ထူခဲ့ပါတယ်။

ရေသန့်စင်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းရတဲ့ ပြိုင်ပွဲမှာ မြန်မာလူငယ် စက်ရုပ်အသင်းအနေနဲ့ အဆင့် ၆ ဆင့် ပြိုင်ရတဲ့ပြိုင်ပွဲမှာ ၅ ဆင့်ကို အနိုင်ရယူခဲ့ပြီး မြန်မာလူငယ်တွေရဲ့ တီထွင်ကြံဆနိုင်မှုနှင့် စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။

မြန်မာလူငယ်စက်ရုပ်အသင်းကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ တူရကီနိုင်ငံ Bursa Orhangazi Universitesi နှင့် ILBC တို့က အသက် ၁၇ နှစ်နှင့် ၁၈ အရွယ် အင်ဂျင်နီယာ ကျောင်းသားကျောင်းသူ ၇ ဦးနှင့် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအဆင့် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် နိုင်ငံအတွင်းက တခြား ကျောင်းသားလူငယ်တွေအနေနဲ့ သူတို့ကို အားကျအတုယူပြီး သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာများကို ကြိုးစားသင်ယူပြီး ပြန်လည် အသုံးချလာစေရေး မျှော်လင့်စရာပါ။

ဒါ့အပြင် နောင်နှစ်တွေမှာ ပြုလုပ်မယ့် နိုင်ငံတကာက နည်းပညာရပ်ဆိုင်ရာ လူငယ်ပြိုင်ပွဲတွေမှာလည်း မြန်မာလူငယ်တွေအတွက် အခွင့်အလမ်းတွေကို ပွင့်သွားစေခဲ့ပါတယ်။

သူတို့ရဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က “မြန်မာလူငယ်များရဲ့ ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်ကို လက်တွေ့သိရှိထားပြီဖြစ်လို့ မြန်မာလူငယ်အသင်းရဲ့ ယခုအောင်မြင်မှုကို အံ့လည်း အံ့သြမိသလို မအံ့လည်း မအံ့သြမိဘူး” လို့ မှတ်ချက်ပြုထားပါတယ်။

အောင်လအန်ဆန်း

၂၀၁၇ ခုနှစ်အတွင်း အားကစားကဏ္ဍနဲ့ပတ်သက်လို့ မြန်မာပြည်သားတွေကို ဂုဏ်ယူဝမ်းမြောက်စေသူက ကမ္ဘာ့ကိုယ်ခံပညာ ဘက်စုံသုံး- MMA ကစားသမား အောင်လအန်ဆန်းလို့ ပြောမယ်ဆိုရင် ငြင်းမယ့်လူ ရှိမယ် မထင်ပါဘူး။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သား အောင်လအန်ဆန်းဟာ အမေရိကန်မှာ နိုင်ငံသား ခံယူထားပေမယ့် မြန်မာပြည်မှာ ပွဲသွင်းပြီဆို မြန်မာအလံအောက်ကနေ ထိုးသတ်ပါတယ်။

သူဟာ ၂၀၀၅ ခုနှစ်ကနေစတင်ပြီး MMA လောကကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ပြိုင်ဘက်ကို မလွှတ်တမ်း ချုပ်နှောင်ပြီး အနိုင်ယူလေ့ရှိတဲ့ အောင်လကို MMA လောကမှာ မြန်မာ့စပါးအုံးမြွေလို့ လူသိများလာတဲ့ နောက် ၂၀၁၆ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံမှာပြုလုပ်တဲ့ One Championship အဖွဲ့ရဲ့ MMA ပြိုင်ပွဲတွေ ထိုးသတ်ခဲ့ရာမှာ မြန်မာပြည်သားတွေရဲ့ တခဲနက် အားပေးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ သူ့ဘဝရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ မြန်မာပြည်ဖွား MMA ချန်ပီယံတဦး ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဖို့အတွက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ MMA မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်နဲ့ ချန်ပီယံခါးပတ်လုပွဲ ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲမှာ အောင်လတယောက် ၅ ချီပြည့် ထိုးသတ်ခဲ့ပေမယ့် ချန်ပီယံ ဘစ်ဒက်ရှ်ရဲ့ ထိုးနှက်မှုကြောင့် သွေးအလိမ်းလိမ်း ဖြစ်ခဲ့ပြီး ဒိုင်ဆုံးဖြတ်ချက်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် သူ့မွေးရပ်မြေဖြစ်တဲ့ မြန်မာပြည်မှာ ထိုးသတ်ဖို့ ချန်ပီယံဘစ်ဒက်ရှ်ကို စိန်ခေါ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့မှာ ချန်ပီယံခါးပတ်လုပွဲ ထပ်မံထိုးသတ်ခဲ့ရာမှာတော့ အောင်လအန်ဆန်းဟာ ချန်ပီယံ ဘစ်တာလီ ဘစ်ဒက်ရှ်ကို ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရပြီး ပထမဆုံးသော မြန်မာပြည်ဖွား MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

နိုဝင်ဘာလအတွင်း ရန်ကုန်မြို့မှာပဲ ကျင်းပခဲ့တဲ့ Hero’s Dream ပြိုင်ပွဲမှာလည်း သူ့ထက်အကောင်ကြီးတဲ့ ပြိုင်ဘက် အလိန်း ငလာနီ (Alain Ngalani) ကို ပထမအချီမှာပဲ အနိုင်ယူလိုက်ပြီး နိုင်ပွဲဆက်နေခဲ့ပါတယ်။

ဒါရိုက်တာ စံရွှေမောင် (သို့မဟုတ်) ဦးအောင်လွင်

မြန်မာ့ရုပ်ရှင်လောကမှာ သက်ကြီးဝါရင့်အနုပညာရှင်၊ အတတ်ပညာရှင် တဦးအဖြစ်နဲ့ ယနေ့ထက်ထိတိုင် အနုပညာအလုပ်တွေကို လုပ်ဖြစ်နေဆဲဖြစ်တဲ့ အသက် ၈၂ နှစ်အရွယ် သရုပ်ဆောင်နဲ့ ဒါရိုက်တာတဦး ကတော့ အကယ်ဒမီ ဦးအောင်လွင်ပါ။ ဘကြီးအောင်လို့ ရုပ်ရှင်လောကသားတွေအကြား ပြောဆိုခေါ်ဝေါ် လေ့ရှိတဲ့ ဦးအောင်လွင်ဟာ ဒါရိုက်တာအဖြစ် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပြီဆိုရင် စံရွှေမောင် ဆိုတဲ့အမည်နဲ့ ရိုက်ကူးလေ့ရှိသူလည်း ဖြစ်ပါတယ်။

၁၉၅၈ ခုနှစ်ကစလို့ အနုပညာလောကထဲသို့ သရုပ်ဆောင်၊ ဖလင်တည်းဖြတ်သူအဖြစ်နဲ့ ဝင်ရောက်လာခဲ့ပြီး အောင်မြင်သော သရုပ်ဆောင်တဦးအဖြစ်သာမက အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ဇာတ်ကားများကိုပါ ဒါရိုက်တာအဖြစ် ဖန်တီးရိုက်ကူးခဲ့သူ သရုပ်ဆောင် အကယ်ဒမီ ဦးအောင်လွင် တဖြစ်လဲ ဒါရိုက်တာ စံရွှေမောင်ဟာ ၂၀၀၅ ခုနှစ် “မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့အပြီး ဒါရိုက်တာဘဝကနေ အနားယူခဲ့ပါတယ်။

အဲဒီလို ကြားကာလတွေမှာ သရုပ်ဆောင် မင်းသား မင်းသမီးများရဲ့ ဖခင်၊ အဖိုး စတဲ့ ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး ၁၂ နှစ်အကြာ ယခု ၂၀၁၇ ခုနှစ်မှာတော့ မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော် အထိမ်းအမှတ်အဖြစ်နဲ့ “သရာ စောထိ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြန်လည် ဖန်တီးရိုက်ကူးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့သဘာဝအလှအပရှုခင်းတွေ ဒေသခံတွေရဲ့ ဓလေ့စရိုက်တွေကိုသာ အဓိကထား ရိုက်ကူးပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာ စံရွှေမောင် (အောင်လွင်) က “တိမ်လွှာမို့မို့လွင်”၊ “နေခြည်ဖြာမှ နွေးသောကြောင့်”၊ “ကလောအလွန် တဘူတာ”၊ “မာယာထောင်ချောက်” စတဲ့ နာမည်ကြီး ရုပ်ရှင် ဇာတ်ကားပေါင်း ၁၁ ကားနီးပါး ရိုက်ကူးခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ “နော်ကူးမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြင့် ဇာတ်ပို့ သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။

လက်ရှိမှာ မြန်မာရုပ်ရှင်အစည်းအရုံးရဲ့ နာယကတဦးအဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

မြန်မာပြည်သိန်းတန်

ရုပ်သံလိုင်းတွေ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့် ချထားတာနဲ့အတူ Reality TV show ခေတ်စားလာနေပါတယ်။ ကြည့်ရှုသူ ပရိသတ်ကို ဖမ်းစားဖို့ အပြိုင်အဆိုင် ကြိုးစားလာကြတဲ့ အစီအစဉ်များထဲ အအောင်မြင်ဆုံးက Myanmar Idol ဖြစ်မယ်။ မြန်မာနိုင်ငံက ပရိသတ်များသာမက နိုင်ငံရပ်ခြားမှ မြန်မာပရိသတ်များပင် စိတ်ဝင်တစားကြည့်ရှု အားပေးလာတာ ရှေ့နှစ်ဆို Season 3 ရောက်ပါတော့မယ်။

ဒီနှစ်ထဲ Season 2 မှာ လူကြည့်ပိုများလာတာ အစီအစဉ်မှာ အကဲဖြတ်ဒိုင်တဦးအဖြစ် ပါဝင်လာခဲ့တဲ့ မြန်မာပြည်သိန်းတန်ကြောင့်လည်း တစိတ်တပိုင်း ပါဝင်ပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုကနေ ပြည်တော်ပြန်လာသူ အဆိုတော် ဂီတပညာရှင်ရဲ့ ဝတ်စားဆင်ယင်ပုံ ဖက်ရှင်၊ ပြောပုံဆိုပုံ၊ အမှတ်ပေး သုံးသပ်ပုံတွေက လူတော်တော်များများရဲ့ အာရုံကို စွဲဆောင်နိုင်ပါတယ်။

ကနဦးမှာ ဝိုင်းလှောင်ကြပေမယ့် နောက်ပိုင်းမှာ သူ့ အမှတ်ပေး စကား “အန်ကယ်ကတော့ No ပါ” ဆိုတာဟာ လူတိုင်းရဲ့ပါးစပ်ဖျားပေါ် ရောက်ကုန်ပါတယ်။ “အန်ကယ်ကတော့ No ပါ” အမည်နဲ့တောင် သီချင်းအခွေ ထုတ်ခဲ့ပါသေးတယ်။

မြန်မာပြည်သိန်းတန်က ၁၉၈၀ ခုနစ်များအတွင်း အောင်မြင်ခဲ့တဲ့ LPJ အဖွဲ့မှာ လိခ်ဂီတာ တီးခတ်ခဲ့ပါတယ်။ သူ့ ဂီတသက်တမ်းတလျှောက် တေးသီချင်းပေါင်း ၁၀၀၀ ကျော် တေးအယ်ဘမ်ပေါင်း ၁၀၀ ကျော် ဖန်တီးခဲ့ပါတယ်။

အေးဝတ်ရည်သောင်း

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက အနုပညာ လောကထဲရောက်ခဲ့တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ ယခုနှစ်ပိုင်းအတွင်း Facebook မှာ မြန်မာဆန်ဆန်ဝတ်ပြီး ဓာတ်ပုံတွေ တင်ခဲ့ရာမှ မအေးသောင်း ရယ်လို့ အမည်နာမတခုနှင့် တကျော့ပြန် စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်။

စီးပွားရေးဘက်ကို အာရုံပိုစိုက်ခဲ့တာကြောင့် အနုပညာလောကနှင့် ၆ နှစ်ခန့်ဝေးကွာသွားခဲ့ပြီး ယခုနှစ် ၂၀၁၇ ခုနစ်အတွင်း လူမှုကွန်ရက်မှာ ရခဲ့တဲ့ အားပေးမှုကို ဆက်လက်ချဲ့ထွင်ဖို့ ရတနာပုံဇာတ်လမ်းတွဲနဲ့ အနုပညာလောကထဲသို့ တကျော့ပြန် ဝင်ရောက်ပါတယ်။

ရုပ်ရှင်ကြီးကိုလည်း ပြန်လည်ရိုက်ကူးရာမှာ ရိုက်ကူးဆဲ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “မုန်းစွဲ”ကြောင့်လည်း လူတွေအပြင် ဘုန်းတော်ကြီးတွေပါ မအေးသောင်းအကြောင်း ပြောဆိုလာကြပြန်ပါတယ်။ ဘုန်းကြီးကို တဖက်သတ်ကြိုက်ရတဲ့ မိန်းမတယောက်လို သရုပ်ဆောင်ရတာကြောင့်ပါ။

အနုပညာအလုပ်ကို အသက် ၁၂ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တဲ့ အေးဝတ်ရည်သောင်းက ရုပ်ရှင်ဇာတ်ကား ငါးကား ၊ ဒီဗီဒီ ငါးကား နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁၀၀ ကျော် ရိုက်ကူးခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ရွှေလွန်းသံနဲ့ ရွှေချည်လွှာဆိုတဲ့ ပိုးထည်ဆိုင် ၂ ဆိုင်ဖွင့်လှစ်ထားပါတယ်။

ရွှေအိမ်စည်

ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ Miss Grand International 2017 ကို နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် ရွှေအိမ်စည် ပြိုင်ပွဲ သွားရောက်ခါနီးအချိန်မှာ သရဖူ ပြန်လည်သိမ်းယူခံရပါတယ်။

အကြောင်းက ရခိုင်ပြည်မြောက်ပိုင်းအရေး အင်္ဂလိပ်ဘာသာ စကားပြော သုံးမိနစ်ခွဲကျော်ကြာ ဗီဒီယိုဖိုင်တခုကို စက်တင်ဘာ ၂၄ ရက်က သူ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

အလှမယ် ရွှေအိမ်စည်ဟာ နိုင်ငံရေး ယုံကြည်ချက် ပြင်းထန်သူ ဖြစ်ကြောင်း ရန်ကုန်မြို့တော် ခန်းမရှေ့ တပ်မတော်ထောက်ခံသူတွေ ထွက်လာပြီး စုရုံးကြစဉ်က စကားပြော စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်းပြောတာကို ကြည့်ရင် သိနိုင်ပါတယ်။ လူမှုကွန်ရက်ပေါ်တင်တဲ့ ဓာတ်ပုံတချို့မှာလည်း စစ်လက်နက်တွေကို ကိုင်တွယ်ထားတာ တွေ့ရပါတယ်။

သူ့ နိုင်ငံရေးလိုပဲ သူ့ အချစ်ရေးဟာလည်း လူအများ စိတ်ဝင်စားကြပါတယ်။ ကွယ်လွန်သူ အာဏာရှင် ဦးနေဝင်းရဲ့မြေး ဦးအေးနေဝင်းနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ မကြာခဏ လူမှုကွန်ရက်ပေါ်မှာ တွေ့ရတတ်တာမို့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးအကြောင်း မေးမြန်းတာကို ရွှေအိမ်စည်က ခေါင်းညှိတ် ဝန်ခံထားပါတယ်။

ခိုင်နှင်းဝေ

ရုပ်ရှင် သရုပ်ဆောင်အဖြစ် အများသိကြတဲ့ ခိုင်နှင်းဝေဟာ ယခုနှစ် ၂၀၁၇ မှာတော့ အများ အကျိုးဆောင်တဲ့ ပရဟိတသမား တယောက်ဖြစ်လို့ နေပါတယ်။

၁၉၉၉ ကတည်းက အနုပညာလောကကို ဝင်ရောက်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေဟာ တဖက်က အနုပညာ အလုပ်ကို လုပ်ကိုင်ရင်း တဖက်မှာလည်း ကလေးသူငယ်များ အခွင့်အရေးကိစ္စ၊ လူကုန်ကူးမှု တားဆီးရေးကိစ္စနဲ့ အခြားပရဟိတ အလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။

သရုပ်ဆောင် ခိုင်နှင်းေ၀ ဟာ ၂၀၁၅ ဇူလိုင်လမှာ ရေဘေးဒုက္ခသည်တွေကို လှူဒါန်းရာကစပြီး ခိုင်နှင်းေ၀ ပရဟိတ အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေနဲ့ မိဘမဲ့ကလေးတွေကို အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

၂၀၁၅ ဒီဇင်ဘာ ၁၁ ရက်မှာတော့ ကလေးတွေအတွက် ရည်ရွယ် လုပ်ဆောင်နေတဲ့ သူ့ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ကလေးသူငယ် လူကုန်ကူးမှု ကာကွယ်ရေး ပညာပေးပြဇာတ်အဖွဲ့ United Act က သူ့ကို သံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အဲဒီကတည်းကနေ Help Them ဆိုတဲ့ ပညာပေးပြဇာတ်ကို ကိုယ်တိုင်ဒါရိုက်တာလုပ် အကုန်အကျခံပြီး ရိုက်ကူးခဲ့သလို United Act နဲ့အတူ မြန်မာနိုင်ငံ အနှံ့မှာ ကလေးသူငယ် အခွင့်အရေးနဲ့ ကလေးသူငယ် အကြမ်းဖက်ခံရမှု၊ ကလေးသူငယ် လူကုန်ကူးခံရမှုတွေနဲ့ ပတ်သက်ပြီး ပညာပေးဟောပြောမှုတွေ လုပ်ပါတယ်။

တဖက်က ခိုင်နှင်းေ၀ ပရဟိတအဖွဲ့နဲ့အတူ ပရဟိတလုပ်ငန်းတွေလုပ်ရင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ ဘက်က ရပ်တည်ပြီး သူတို့ရဲ့ အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ကြားက လှည်းကူးမြို့နယ် ဘားလားကြီးတံတားကျေးရွာမှာ ခိုင်နှင်းေ၀ ရင်သွေးရိပ်မြုံကိုလည်း ထူထောင်ဖို့ ခြေလှမ်းအနေနဲ့ အဆောက်အအုံတွေ စတင်တည်ဆောက်နေပါတယ်။

စားဖိုမှူး Sylvian Royer

နိုင်ငံခြားသား ဝင်ရောက်နေထိုင်မှု များလာနေတဲ့ ရန်ကုန်မှာ နိုင်ငံခြားအစားအစာ ရတဲ့ စားသောက်ဆိုင်တွေလည်း ပေါ်ထွက်လာနေပါတယ်။ ဒီအထဲ ဒီနှစ်အတွင်း စတင် ဖွင့်လှစ်လိုက်ကတည်းက လူကြိုက်တွေ့နေကြတာကတော့ ရန်ကုန်မြို့၊ အလံပြဘုရားလမ်း၊ သမ္မတ ရုပ်ရှင်ရုံနံဘေး၊ “Hotels G” ဟိုတယ် အောက်ထပ်မှာ ဖွင့်လှစ်ထားတဲ့ “Babett Eatery & Bar” ပါ။

အကြောင်းက စားသောက်ဆိုင်ကို အဓိက ဦးစီးပြီး ဟင်းလျာတွေကို တာဝန်ယူ စီမံခန့်ခွဲ ချက်ပြုတ်နေတဲ့ စားဖိုမှူး Chef De Cuisine ပြင်သစ်နိုင်ငံသား Sylvian Royer ရဲ့ လက်ရာတွေကို မြည်းစမ်းချင်ကြလို့ပါပဲ။

ဟင်းချက်ပညာကို အသက် ၁၅ နှစ် အရွယ်လောက်ကတည်းက ပြင်သစ်မှာ ဖခင်ဆီကနေ သင်ယူခဲ့သူ Sylvian Royer ဟာ စားဖိုမှုးလောကမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်သက်ရှိခဲ့ပြီး ကမ္ဘာကျော် ကြယ်ငါးပွင့်အဆင့် ဟိုတယ်များဖြစ်ကြတဲ့ “Sheraton” ၊ “Le Meridien” နဲ့ “Accor Hotels” စတဲ့ ဟိုတယ်များနဲ့ စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက် စတဲ့ အာရှနိုင်ငံအများစုမှာ စားဖိုမှုးအဖြစ် ၁၀ နှစ်ကျော်ကြာတာဝန် ထမ်းဆောင်ခဲ့သူပါ။

သူဟာ ပြင်သစ်နိုင်ငံရဲ့ သမိုင်းဝင် ရှန်ပိန်ထွက်ရာ ဒေသ Reims မြို့မှာ နေထိုင်ကြီးပြင်းခဲ့တာ ဖြစ်ပြီး ဟိုတယ်လောကမှာ နာမည်ကြီးတဲ့ Michelin Star Award ဆုကို ၁၉၉၁ ခုနှစ်မှာ “Le Cheval Blanc” စားသောက်ဆိုင်မှာ တာဝန်ထမ်းဆောင်စဉ် တကြိမ်၊ ၁၉၉၈ ခုနှစ်မှာ “La Garrene” စားသောက်ဆိုင်မှာ တာဝန် ထမ်းဆောင်စဉ် တကြိမ် စုစုပေါင်း နှစ်ကြိမ် ရရှိခဲ့ပါတယ်။

ယခုအခါ သူက “Hotels G” ရဲ့ ပါတနာ “R&B” Lab ရဲ့ အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေပြီး “Babett Eatery & Bar” မှာလည်း အဓိက ဟင်းလျာချက်ပြုတ်မှုများကို တာဝန်ယူ စီမံခန့်ခွဲ ချက်ပြုတ်နေသူပါ။

အာရှနိုင်ငံ အတော်များများမှာ နာမည်ကြီးတဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်၊ စားသောက်ဆိုင်များမှာ အလုပ်လုပ်ခဲ့တဲ့ Sylvian Royer က မြန်မာနိုင်ငံမှာလည်း နှစ်အတော်ကြာ နေထိုင် အလုပ်လုပ်သွားဦးမယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading