ရှမ်းပြည်နယ် တောင်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဟာ အေးချမ်းစိုုစွတ်တဲ့ ရာသီဥတုနဲ့ စိမ်းစိုတဲ့ သဘာဝ တောတောင်တို့ ပတ်လည်ဝန်းရံကာ လှပတဲ့ ဒေသတခု ဖြစ်ပါတယ်။
အရင်က တောင်တက်တောင်ဆင်း လမ်းပန်း ဆက်သွယ်ရေးနဲ့ လူသူ အရောက်အပေါက် နည်းပါးခဲ့ပေမယ့် အခု နောက်ပိုင်းမှာ လမ်းပန်း ဆက်သွယ်ရေး အထိုက်အလျောက် ကောင်းမွန်လာတဲ့ အတွက် သဘာဝ အလှတရားတွေ ပြည့်ဝနေတဲ့ အဲဒီဒေသကို လာရောက်လည်ပတ်သူတွေ ရှိလာခဲ့ပါတယ်။
အခုနောက်ပိုင်း ရွာငံမြို့နယ်က ရေပြာအိုင်ဆိုတာ လူတိုင်း စိတ်ဝင်စားကြတဲ့ လည်ပတ်စရာ နေရာတခု ဖြစ်လာခဲ့ပါ တယ်။
နိုင်ငံခြား ခရီးသွား ဧည့်သည်တို့ အတွက် ရွာငံမြို့နယ်ဟာ လာရောက် လည်ပတ်ဖို့ စွဲဆောင်ထားတဲ့ လှပတဲ့ ပန်းချီ ကား တချပ်ပါပဲ။
ဒေသတခု ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အဓိကကျတဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနဲ့ လျှပ်စစ်မီး ရရှိမှုမှာ ပြီးခဲ့ တဲ့ ၁နှစ်ကျော် ကာလကတည်းက ရွာငံမြို့မှာ ပြည့်စုံလာပြီ ဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုး တိုးတက်မှုကလည်း မြင့်မား လာမယ့် အလားအလာမှာ ရှိပါတယ်။
သို့ပေမယ့် အခုမှ ရောက်ရှိလာခဲ့တဲ့ လျှပ်စစ်မီး ရရှိမှုရဲ့ ပင်မ သွေးကြောဖြစ်တဲ့ မဟာ ဓာတ်အားလိုင်းဟာ ဒေသခံ ပြည်သူတွေ အတွက် စိတ်လှုပ်ရှားမှု တခုကို မဖန်တီး ပေးနိုင်တာတော့ အံ့သြစရာတခု ဖြစ်လာပါတယ်။
မဟာဓာတ်အားလိုင်း မရှိပေမယ့် ဒေသတခုလုံး မှောင်ချိန်မှာ အလင်းရောင် ရရှိပြီးသားမို့ပါ။ အဲဒီလို အလင်းရောင် ရဖို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ ချွေးနည်းစာကို နိုင်သလောက် ထည့်ဝင်ပြီး ကိုယ့်ဒေသကိုယ် အလင်းပေးခဲ့ကြ တာ ပါ။
“ကျနော်တို့ သွေးနဲ့ချွေးနဲ့ ရင်းနှီးထားရတဲ့ ကိုယ်ထူကိုယ်ထ မီးကို အခုချိန်မှ စွန့်လွှတ်ခိုင်းလို့ မရဘူး။ ကျနော်တို့ ဘဝတွေက တအား အခက်အခဲနဲ့ ကြုံလာတုန်းက ဘယ်အစိုးရကမှ လာပြီး ဘာမှ လုပ်ပေးခဲ့တာ မရှိဘူး။ လာတဲ့ အစိုးရ နဲ့ ကျနော်တို့ ထိပ်တိုက် တွေ့မှာပဲ။ အစိုးရ ဆိုတာကလည်း အခုချိန်ထိ ကျနော်တို့ ဘယ်အစိုးရကိုမှ ယုံကြည် လို့ မရသေးဘူး” လို့ ဒေသခံ ကိုမျိုးအောင်က ပြောပါတယ်။
ကိုမျိုးအောင်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ် သိမ်ကုန်းအုပ်စု ထန်းလှပင် ကျေးရွာမှ ဒေသခံတွေ ကိုယ်စား ရင်ဖွင့်သံကို တဆင့် ပြောလိုက်တာလည်း ဖြစ်ပါတယ်။
ထန်းလှပင် ကျေးရွာဟာ အိမ်ခြေ ၂၃၀ ကျော် ရှိပြီး အစိုးရမီး လာတာ နှစ်နဲ့ချီနေပြီ ဖြစ်ပေမယ့် ရွာသား အားလုံး လိုလို ဟာ ကိုယ်ထူကိုယ်ထ မီးကိုသာ အားထားကြသူ များပါတယ်။ အစိုးရမီး ချိတ်ဆက်ထားတဲ့ အိမ် ၂၀ လောက်ပဲ ရှိသေး တယ်လို့ သိရပါတယ်။
ကိုယ်ထူကိုယ်ထမီး ရရှိဖို့အတွက် ဒေသခံတွေဟာ ၂၀၀၃ ခုနှစ် ကတည်းက အမြင့်ပေ ၃၇၅ ပေ ရှိတဲ့ သဘာဝ ရေတံခွန်က ရယူထားကြတာ ဖြစ်ပါတယ်။
လမ်းကြမ်း ခရီးရှည်ဖြစ်တဲ့ တောင်တက် တောင်ဆင်း ခရီးကြမ်းကို ၁နာရီကျော်ကြာ သွားရောက်ရတဲ့ နေရာက ရေအားကို မော်တာ လောက်နဲ့ စခဲ့ရာက အခုဆိုရင် 30 KVA ရေအားလျှပ်စစ် ထုတ်ယူနိုင်ခဲ့ပါပြီ။
ကိုယ့်ဒေသ မီးလင်းဖို့အတွက် အကြောက်တရားနဲ့ နေထိုင်နေရတဲ့ အချိန်ကတည်းက ကြိုးစား ရုန်းကန်ခဲ့ရပြီး အဲဒီ အချိန်က ဘယ်သူ့ဆီကမှ အကူအညီ ရရှိဖူးတာ မရှိဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ ကျေးရွာကို ရောက်ရင် တွေ့ပါလိမ့်မယ်။ အဲဒီမှာ ဆိုင်းဘုတ် တပ်ထားတယ်ဗျ။ ရှမ်းပြည်နယ်တောင်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်မြင့် က ဖွင့်လှစ်ပေးတယ် ဆိုတဲ့ အောက်က စာတန်းလေးပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် ခင်မောင်မြင့် က သူလာရင်းနဲ့ လမ်းကြုံလို့ လာဖွင့်ပေးသွားတာပဲ။ ဘာ တကျပ်တပြားမှ ထည့်ခဲ့တာ မရှိဘူး” လို့ ကိုမျိုးအောင်က ကိုယ်ထူကိုယ်ထ ရေအားလျှပ်စစ် ဖွင့်လှစ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ဒီလို ကိုယ်ထူကိုယ်ထ လျှပ်စစ်မီး ထုတ်ယူသုံံးစွဲဖို့ ဖြစ်လာတာက မြန်မာနိုင်ငံမှာNational Grid (ပင်မ ဓာတ်အားလိုင်း စနစ်) မရောက်ရှိခဲ့တဲ့ ဒေသတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရ ကိုယ်တိုင်က 30 KVA အထိ ပြန်ပြည့်မြဲ စွမ်းအင် ထုတ်ယူ အသုံပြနိုင်ဖို့ အစိုးရက ခွင့်ပြုထားခဲ့လို့ ဖြစ်ပါတယ်။
ဒါကြောင့် ဒေသခံတွေကလည်း ကိုယ့်ဒေသမှာရှိတဲ့ ဘဘာဝက ပေးတဲ့စွမ်းအင်ကို ဒေသရဲ့ လိုအပ်ချက် ရှိသလောက် ကိုယ်ထူကိုယ်ထ စွမ်းအင်ကို ထုတ်ယူ သုံးစွဲလာကြတာ ဖြစ်ပါတယ်။
National Grid မရောက်ရှိခဲ့တဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ကိုယ်ထူကိုယ်ထ စနစ်နဲ့ ပင်ပန်းဆင်းရဲ ခံပြီး ထုတ်ယူထားတဲ့ မီးကိုစွန့်လွှတ်ဖို့ ခက်ခဲနေကြတာက တကြောင်း၊ အခု ရောက်ရှိလာတဲ့ National Grid က မီးရ ယူဖို့ ကျပ် ၇သိန်း၊ ကျပ် ၈သိန်းလောက် ကုန်ကျမယ် ဆိုတာက တကြောင်းမို့ အစိုးရမီးနဲ့ ချိတ်ဆက်ဖို့ စိတ်ဝင်စားမှု နည်းပါးပြီး ကိုယ်ထူကိုယ်ထ မီးကိုပဲ ပြန်အားကိုးမယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။
“ကျမတို့ရွာမှာ အစိုရမီး ယူဖို့ တအိမ်ကို ၈သိန်း ကောက်တယ်။ ဒါတောင် ဂျပန်က သိန်း၃၀၀ လှူပေးထားသေးတယ်။ ချိတ်ဆက်ဖို့ ကြိုဖိုးတွေ မပါသေးဘူး။ မီတာခက တလကို ၆ထောင်နဲ့ ၇ထောင် လောက် ပေးရတယ်။ မီးအားကောင်း ပေမယ့် မီးခဏခဏ ပြတ်တော့ အဆင်မပြေဘူး”လို့ ဒေသခံ တဦး ဖြစ်တဲ့ မသီသီမိုးက ပြောပါတယ်။
မသီသီမိုးက ရွာငံမြို့နယ် သိမ်ကုန်းရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။ သိမ်ကုန်းရွာက အိမ်ခြေ ၃၀၀ ဝန်းကျင် ရှိပြီး မီတာ တပ်နိုင်တဲ့ အိမ် ၄၅ အိမ်ပဲ ရှိသေးတယ်လို့လည်း သူက ပြောပြပါတယ်။
သိမ်ကုန်းရွာ အနေနဲ့ ကိုယ်ထူကိုယ်ထ မီးမရှိတဲ့ အတွက် အစိုးရမီးကို ချိတ်ဆက် ရတာဖြစ်ပြီး ကုန်ကျစရိတ် များနေ တဲ့ အတွက် အမှောင်ကျနေတဲ့ အိမ်ခြေတွေ များနေတယ်လို့ ဆိုပါတယ်။
သဘာဝက စွမ်းအင်ရယူဖို့ အခြေအနေနည်းပါးတဲ့ ဒေသတွေမှာ အခုချိန်ထိ မီးမလင်းသေးတဲ့ အတွက် National grid ရောက်ရှိလာခြင်းဟာ အမှောင်ခွင်းပေးမယ့် အလင်းဖြစ်ပါတယ်။
သို့ပေမယ့် အလင်းတပွင့် အတွက် ကုန်ကျစရိတ် ကြီးမြင့်နေမှုက တောသူတောင်သား တို့အတွက် ဝမ်းသာရ ခက်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
အစိုးရအနေနဲ့ ၂၀၃၀ ပြည့်နှစ် မတိုင်ခင် တနိုင်ငံလုံး လျှပ်စစ်မီး ရရှိစေရေးနဲ့ မီးမရရှိသေးတဲ့ လူဦးရေနဲ့ စီးပွားရေး လုပ်ငန်းတွေ အတွက် လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ဖို့ အမျိုးသား လျှပ်စစ်မီးလင်းရေး စီမံချက် (National Electrification Plan) ရေးဆွဲပြီး၂၀၁၅ ခုနှစ်က ကမ္ဘာ့ဘဏ် (World Bank)က ချေးငွေ ဒေါ်လာ သန်း ၄၀၀ ချေးယူခဲ့ တယ်လို့ World Bank က ထုတ်ပြန် ကြေညာထားပါတယ်။
အဲဒီလို ချေးငွေ ထုတ်ယူပြီး မီးသုံးစွဲမယ့် ပြည်သူတွေထံက ကုန်ကျစရိတ် ဘာကြောင့် တောင်းခံနေရသလဲ ဆိုတာ ကလည်း စဉ်းစားစရာ ဖြစ်လာပြန်ပါတယ်။
ဒါ့အပြင် National grid ရောက်ရှိတယ်လို့ ဆိုပြီး တိုင်တွေလောက်သာ ရုပ်ပြ လာစိုက်ထူ ထားတာ နှစ်နဲ့ချီနေတဲ့ အခြေ အနေတွေ၊ အခုချိန်ထိ မီးမလင်းသေးတဲ့ ဒေသတွေလည်း ရှိနေသေးတာကိုလည်း တွေ့မြင်ရပါတယ်။
“ကျနော်တို့ရွာမှာ ၂၀၀၃ က ကိုယ်ထူကိုယ်ထ စလုပ်တာ အိမ်ခြေ ၁၅၀လုံး မီးရတယ်။ ဓာတ်အားလိုင်း ဆိုပြီး နယ်စပ် ရေးရာ ဝန်ကြီးဌာန က ၂၀၁၅ လောက်က ကျနော်တို့ဆီကို သိန်း ၂၀၀၀ နဲ့ မီးလိုင်းတွေ ချထားပေးတယ်။ ပြီးစီး အောင်လည်း လာမလုပ်ပေးဘူး။ တိုင်တွေ ၅မိုင်အတွက် ထောင်ထားတာပဲ ရှိသေးတယ်။ အခုထိ မီးမလင်းသေးဘူး” လို့ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ကြံတောကျေးရွာ အုပ်စု မြစေတီကျေးရွာ ဒေသခံ ကိုထွန်းထွန်းဦးက ပြောပါ တယ်။
ရွာငံမြို့နယ် မြစေတီ ကျေးရွာဟာ ဓနုလူမျိုး အများစု နေထိုင်ကြပြီး ဒေသခံတွေ အနေနဲ့ အစိုးရမီး လာပါက ဘယ်လို အခကြေငွေ ပေးဆောင်ရမလဲ မသိကြောင်း၊ ကိုယ်ထူကိုယ်ထမီးနဲ့ တလမှာ ကျပ်တထောင်သာ ပေးရကြောင်း၊ ငွေ ကျပ်တထောင်ဖြင့် မီးလည်းလင်း၊ TV လည်း ကြည့်ရတဲ့ အတွက် ကိုယ်ထူကိုယ်ထ မီးနဲ့သာ အဆင်ပြေနေကြေပြီး အစိုးရရဲ့ လုပ်ဆောင်ချက် အပေါ် ယုံကြည်မှု အားနည်းနေကြကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းက ဒေသခံပြည်သူတွေဟာ စက်မှုလုပ်ငန်း မရှိသလောက် နည်းပါးပြီး စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ကြတာ များကြပါတယ်။ နေ့ဘက်မှာ ခြံထဲဆင်းကြတဲ့ အတွက် လျှပ်စစ်မီး အသုံးမပြုကြဘဲ ညနေ ၅နာရီ နောက်ပိုင်းနဲ့ မနက် ၇နာရီ ဝန်းကျင်မှာသာ လျှပ်စစ်မီး သုံးစွဲကြပါတယ်။
သူတို့အနေနဲ့ သူတို့ရဲ့ ကိုယ်ထူကိုယ်ထ မီးကို အဆင့်မြှင့်တင်ပြီး အစိုးရမီးနဲ့ ချိတ်ဆက်ဖို့ကို တောင်းဆိုမှုတွေလည်း ရှိနေကြပါတယ်။
“ရှမ်းပြည်နယ်မှာ ဆိုရင် ကိုယ်ထူကိုယ်ထ လုပ်နေတဲ့ ရေအားလျှပ်စစ်တွေကို အများကြီး ရှိတယ်။ ရှမ်းပြည်နယ်မှာ ၁၄ နှစ် ၁၅ နှစ်လောက် ရှိပြီ မီးလင်းနေတာ။ ကျနော်တို့ဆီမှာက အဲဒီလိုအခြေအနေတွေ ရှိနေရဲ့သားနဲ့ National grid နဲ့ ဘာလို့ ချိတ်ဆက် မလုပ်ပေးတာလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်”လို့ အောင်ပန်းမြို့မှ ကိုဣန္ဒက ပြောပါတယ်။
အောင်ပန်းမြို့ရဲ့ Green Rights Organization အဖွဲ့ကို ဦးဆောင်သူ ကိုဣန္ဒက ကိုယ်ထူကိုယ်ထ မီးကို National grid နဲ့ ချိတ်ဆက် အသုံးမပြုနိုင်ဘူးလားလို့ မေးခဲ့တာ ဖြစ်ပါတယ်။
မဟာ ဓာတ်အားလိုင်းဟာ ဥပဒေပြဌာန်းချက်အရ အစိုရကသာ လုပ်ဆောင်ခွင့်ရှိတဲ့ ဓာတ်အားလိုင်း ဖြစ်တဲ့အတွက် မဟာဓာတ်အားလိုင်း ပြင်ပက ကိုယ်ထူကိုယ်ထမီးနဲ့ ချိတ်ဆက်ဖို့ မူဝါဒ ချမှတ်ပေးဖို့ လိုလားနေကြပါတယ်။
နိုင်ငံတော်ရဲ့ စွမ်းအင်မူဝါဒ နံပါတ် ၄ အချက်မှာ “ရှာဖွေတွေ့ရှိသည့် စွမ်းအင် သယံဇာတများကို ထွက်ရှိရာ ဒေသ အပါအဝင် ပြည်သူလူထုတရပ်လုံး အချိုးကျရရှိ သုံးစွဲမှုဖြစ်စေရေး ဆောင်ရွက်ရန်” ဆိုတဲ့ အချက်ကို လျစ်လျူရှုထား ခဲ့တဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ရဲ့ တောင်ဘက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး စွမ်းအင်ထွက်ရှိရာ လောပိတ ရေအား လျှပ်စစ် စက်ရုံက ဒေသခံတွေရဲ့ အဖြစ်အပျက်တွေကြောင့် အစိုးရအပေါ် အယုံအကြည် ကင်းမဲ့ နေကြတယ်လို့လည်း ပြောဆိုကြပါတယ်။
နိုင်ငံတော်ရဲ့လျှပ်စစ် ရည်မှန်းချက်တခုဖြစ်တဲ့ သဘာဝ သယံဇာတ အရင်းမြစ်များကို ရေရှည် ထိန်းသိမ်းလျက် လူမှု ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေသော စွမ်းအင်ထုတ်လုပ်မှုနဲ့ ပြည်သူအားလုံး ပူးပေါင်းပါဝင်သော စွမ်းအင် အကျိုးရှိရှိ ထိထိရောက်ရောက် သုံးစွဲမှုတွေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်မယ့် စွမ်းအင်စနစ်တခု ထူထောင်ရန် ဆိုတဲ့ ရည်ရွယ်ချက် အမှန်တကယ် အောင်မြင်လာဖို့ လိုအပ်ချက်များစွာ ရှိနေတယ်လို့ တွေ့မြင်လာရပါတယ်။
၂၀၁၇ ခုနှစ် ဧပြီလ ၂၅ရက်က ကျင်ပခဲ့တဲ့ နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ညှိနှိုင်း အစည်းအဝေးပွဲမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေဇင်ထွန်းက နိုုင်ငံတော်ရဲ့ စွမ်အင်မူဝါဒကို ပြင်ဆင်ရေးဆွဲနေတဲ့ သတင်း ထုတ်ပြန်ချက်တခု ကို နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် ဘယ်အချက်တွေကို ပြင်ဆင်ရေးဆွဲနေသလဲ ဆိုတာ ကို တော့ မသိရပါဘူး။
ဒါကြောင့် ပြည်နယ်နဲ့တိုင်း အသီးသီးရဲ့ မြေပြင် လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ နိုင်ငံရဲ့ စွမ်းအင်မူဝါဒ အသစ် တခု ပွင့်လင်း မြင်သာမှုရှိရှိနဲ့ အမှန်တကယ် ပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်။
တိုင်းရင်းသား ဒေသတွေကလည်း အမှောင်ကျနေဆဲ ဒေသတွေ မီးလင်းလာဖို့နဲ့ လင်းနေတဲ့ဒေသတွေက ကိုယ်ပိုင် အလင်းနဲ့ ချိတ်ဆက်ဖို့ မျှော်လင့်နေကြသလို ငြိမ်းချမ်းရေးဖြစ်စဉ် အတွက်လည်း စွမ်းအင်က ထွန်းလင်း တောက်ပ ပေးနိုင်မယ့် အစွမ်းရှိမယ်လို့လည်း မျှော်လင့်မိပါတယ်။ ။