စာရေးတဲ့အခါမှာ ရေးသင့်လို့ ရေးရသလို ရေးချင်လို့ ရေးတာလည်းရှိပါတယ်။ အန်ကယ် ဦးအုန်းမြင့်အကြောင်း ကျမ ရေးတာဟာ ရေးသင့်လို့၊ ရေးချင်လို့၊ အကြောင်းနှစ်ခုလုံးကြောင့် ရေးတာ ဖြစ်ပါတယ်။
အန်ကယ် ဦးအုန်းမြင့်က ယုံကြည်ချက်၊ ခံစားချက်အားကောင်းပြီး၊ ဟန်မဆောင်၊ မသွယ်မဝိုက် ပြောတတ်တော့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ အမြင်မတူသူတွေနဲ့ ငြင်းရ၊ ခုန်ရတာတွေ များပါတယ်။ ဒါပေမယ့် အန်ကယ် ဦးအုန်းမြင့်ဟာ အင်မတန် သဘောထားကြီးပြီး အာဃာတနည်းသူဖြစ်ပါတယ်။
ကျမက အန်ကယ့်ကို စချင်ရင် “အန်ကယ်တို့ ကွန်မြူနစ်တွေက” လို့ ပြောပါတယ်။ အန်ကယ်က ပြုံးပြီး “ကွန်မြူနစ်တွေက အန်ကယ့်ကို လူတန်းစား မမှန်ဘူး၊ ကွန်မြူနစ် မစစ်ဘူး လို့ အမြဲ ဝေဖန်တယ်” လို့ ပြန်ပြောလေ့ရှိပါတယ်။
ဒီလိုဝေဖန်တဲ့ လက်ဝဲဘက်က သိကျွမ်းမိတ်ဆွေတွေပဲ ဖြစ်ဖြစ်၊ အခြားဘက်စုံက မိမိတို့ ယုံကြည်ချက် အရ နိုင်ငံရေးလောကမှာ ရုန်းကန် နေကြရတဲ့သူတွေပဲ ဖြစ်ဖြစ်၊ ဒုက္ခအခက်အခဲနဲ့ ရင်ဆိုင်ရပြီဆိုရင် အန်ကယ် ဦးအုန်းမြင့်က ဖြူစင်တဲ့ စေတနာနဲ့ ကူညီ စောင့်ရှောက်ပါတယ်။
အန်ကယ် ဦးအုန်းမြင့်ဟာ သစ္စာတရား၊ မေတ္တာတရား ခိုင်မာသူပါ။ မိမိ လေးစားချစ်ခင်သူများနဲ့ ပတ်သက်၍ တစိုးတစေ့မှ ကိုယ်တိုင် အဆိုးမပြောတဲ့ အပြင် အခြားသူများပြောလျှင် လုံးဝမခံ ကက်ကက်လန်ပါပဲ။ ဒါကြောင့် အန်ကယ် ဦးအုန်းမြင့် ခဏခဏ ငြင်းရခုံရတာပေါ့
မေမေ ကျန်းမာရေးဆိုးရွာနေတဲ့ အချိန်တလျှောက် လပေါင်းများစွာ တရက်မပျက် အန်ကယ် ဦးအုန်းမြင့် လာရောက် ကြည့်ရှု့ စောင့်ရှောက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ကုန်ဆုံးပိုင်းမှာတော့ နိုင်ငံရပ်ခြားနေ သား၊ သမီး၊ မြေးများတွေ့ရန် အန်တီမြ (အန်ကယ် ဦးအုန်းမြင့်၏ ဇနီး) ကို လိုက်ပို့ခွင့် ကျမကို တောင်းပြီး ခရီးထွက်သွားပါတယ်။ အန်ကယ် ပြန်မရောက်လာမီ မေမေ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့တာကြောင့် အန်ကယ်ခမျာ ယူကျုံးမရ ကျမကို တောင်းပန်၍ မဆုံးနိုင် ဖြစ်ခဲ့ရပါတယ်။
အန်ကယ် ဦးအုန်းမြင့် (၁၇ ရက်၊ စက်တင်ဘာလ၊ ၂၀၁၀ ခုနှစ်) ကျမ အကျယ်ချုပ်မှ မလွတ်မြောက်မီ လပိုင်းသာ အလိုမှာ ကွယ်လွန်အနိစ္စ ရောက်သွားရှာပါတယ်။ အသက်ရှိစဉ်က ကျမအပေါ် မေတ္တာစေတနာ အပြည့်နဲ့ စောင့်ရှောက်ခဲ့ရုံမက သားသမီးများကိုလည်း ဆက်လက် စောင့်ရှောက်ဖို့ တာဝန်ကို အမွေပေးခဲ့ပါတယ်။
ဖအေတူသား “ဦးနီ” ဟု အများသိကြ တဲ့ ဦးဌေးအောင်က ဒီတာဝန်ကို အပြည့်အဝ ထမ်းဆောင်ခဲ့တာ ၂၀၁၅ ခုနှစ် သူကွယ်လွန်သည်ထိ အသက်ထက်ဆုံးပါပဲ။ ယခုလည်း အန်ကယ် ဦးအုန်းမြင့်ရဲ့ ကျန်ရှိနေတဲ့ သားသမီးများဟာ ကျမကို အစ်မရင်း တယောက်ကဲ့သို့ မေတ္တာ၊ စေတနာနဲ့ ဆက်လက်စောင့်ရှောက် ပါတယ်။
အန်ကယ့်ရဲ့ မေတ္တာ၊ သစ္စာ၊ လူ့သိက္ခာနဲ့ ဆပ်လို့ မကုန်တဲ့ အန်ကယ့်ရဲ့ ကျေးဇူးတွေအကြောင်း ရေးသင့်လို့၊ ရေးချင်လို့ ရေးလိုက်ရတာကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ။
(သခင်အုန်းမြင့် ၁၉၁၈-၂၀၁၀၊ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် စာအုပ်တွင် ဖော်ပြထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစာကို စာအုပ်ထုတ်ဝေသူထံမှ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။)
စာရေးသူ – စာရေးဆရာများ၊ သတင်းစာဆရာများ နှင့် နိုင်ငံရေးသမားများ
စာအုပ်အမည် – သခင်အုန်းမြင့် (၁၉၁၈ – ၂၀၁၀) နှစ် (၁၀၀) ပြည့် မွေးနေ့ အထိမ်းအမှတ်
အမျိုးအစား – အမှတ်တရ စာစု
ထုတ်ဝေသည့်တိုက် – မဇ္ဈိမ ပဋိပဋာ စာပေ
ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ နိုဝင်ဘာ