ဆောင်းပါး

ပါပူးဝါးလူငယ်များနှင့် သူတို့ အနာဂတ်

Want create site? Find Free WordPress Themes and plugins.

ဆိုရွန်း Sorong က တိုးတက်နေသည်။ ဆိုရွန်းက ၂၀၁၆ ခုနှစ်တွင် ဂျီဒီပီ တိုးတက်မှု ၉ ဒဿမ၃ ရာခိုင်နှုန်း (တနိုင်ငံလုံးပျမ်းမျှနှုန်း၏ ၂ ဆ ခန့်) နှင့် (အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ဖက်ဆုံး) ပါပူဝါး Papua ပြည်နယ်၏ အနောက်ဖက် အစွန်းဆုံးတွင် တည်ရှိ၍ လူဦးရေ ၃၀၀,၀၀၀ ရှိသော မြို့တော် ဖြစ်သည်။ ဒေသတွင်းတွင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး အချက်အချာ နေရာတခု လျှင်မြန်စွာ ဖြစ်လာခြင်းမှာ ထင်ရှားသော ရာဇာအမ်းပတ် Raja Ampat ကျွန်းများနှင့် နီးကပ်စွာ တည်ရှိနေခြင်းနှင့် ထိုနေရာတွင်သာ ရှိသော ပါရာဒစ်စဲဒေး Paradisaeidae ငှက်မျိုးများကြောင့် ဖြစ်သည်။

သို့သော်လည်း ဆိုရွန်းက အမြင်အရ ဆွဲဆောင်မှုတော့ သိပ်မရှိပါ။ တကယ်တမ်းတွင် ဆိုရွန်းက ခြုံပင် မြက်ပင်တို့ ဖုံးလွှမ်းသည့်နေရာတခု အဖြစ်မှ ပြောင်းလဲ တိုးတက်လာနေဆဲဟု ခံစားရသည်။ မြို့ပြဆန်မှုက ယခုအချိန်တွင် ရှုပ်ထွေးစည်ကားနေသော ကမ်းခြေပိုင်းနှင့် ဝေးရာ ကုန်းတွင်းဖက်သို့ ကီလိုမီတာပေါင်းများစွာ ဆန့်ထွက်လာနေသည်။

မကြာသေးမီက ပါပူဝါးတွင် အချိန် အနည်းငယ် ကုန်ဆုံးရင်း လူငယ်မျိုးဆက်များ (၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် မွေးဖွားလာသော သို့မဟုတ် လူလားမြောက်လာသော လူငယ်များ) က သူတို့၏ အနာဂါတ်ကို မည်ကဲ့သို့ မြင်ကြသည် ဆိုသည်ကို ကျနော် အလွန် သိချင်မိခဲ့ပါသည်။

သူတို့ အကောင်းမြင်တတ်သူများလား။ လေဆိပ်သစ်၊ ဆိပ်ကမ်းသစ်နှင့် ထရန်စ်ပါပူးဝါး Trans Papua အဝေးပြေး လမ်း တို့က အောင်မြင်တိုးတက်မည့် အနာဂတ်တခု အတွက် ရှေ့တော်ပြေးများဟု သူတို့ မြင်ကြသလား။ ဌာနေတိုင်းရင်းသား Papuans များနှင့် အသစ်ရောက်လာသည့် အသိုင်းအဝိုင်းများ ဖြစ်သော Bugis၊ Javanese နှင့် Minahassans တို့၏ ကြားမှ ဆက်ဆံရေးက မည်သို့ ရှိပါသနည်း။

အသက် ၁၈ နှစ် အရွယ် တက္ကသိုလ်ကျောင်းသူများ ဖြစ်ကြသော မာရီယာ ဟတ်စတီနာ Maria Hestina၊ မာရီယာ ကော်ဝ Maria Korwa နှင့် မီဂါအင်ဘီနီ Mega Imbiri တို့ ၃ ဦးနှင့် ကျနော် တွေ့ဆုံခဲ့ပါသည်။ သူတို့အားလုံးက ဆိုရွန်း မြို့တော်၏ အကြီးဆုံး အဆင့်မြင့် ပညာရေး အဖွဲ့ အစည်းဖြစ်သော ဆိုရွန်း မူဟမ်မာဒီယာ Sorong Muhammadiyah တက္ကသိုလ်တွင် ပညာသင်ကြားနေကြပါသည်။

မာရီယာ ဟတ်စတီနာ ၏ နောက်ခံ အကြောင်းက ပုံမှန်မဟုတ်ပါ။ သူက ရွှေ့ပြောင်း အခြေချလာသူများ၏ သမီးဖြစ်သည်။ သူ၏ မိသားစုသည် East Nusa Tenggara (အင်ဒိုနီးရှားနိုင်ငံ၏ တောင်ဖက် အစွန်ဆုံးပြည်နယ်) ရှိ Flores ကျွန်းမှ လာသူများ ဖြစ်သည်။ ယခုအခါ ကွာရှင်းပြတ်စဲခဲ့ကြပြီ ဖြစ်သော သူ၏ မိဘများက ဆင်းရဲနွမ်းပါးသူများ ဖြစ်သည်။ ဖခင် ဖြစ်သူက အလုပ်ကြမ်းသမားတယောက် ဖြစ်၍ မိခင်က ဈေးထဲတွင် ဓာတ်ဆီနှင့် သစ်သီးများ ရောင်းချသည်။ မာရီယာ ဟတ်စတီနာနှင့် သူ၏ ညီမက အမေနှင့် အတူနေ၍ မောင်အငယ်ဆုံး က ဖခင်နှင့် အတူနေပါသည်။

“မွေးချင်း ၃ ယောက်မှာ အကြီးဆုံး ဖြစ်တဲ့ အတွက် ကျမက တက္ကသိုလ်ကို ပထမဆုံး တက်ခွင့်ရခဲ့တယ်။ ကျမ အပေါ် မှာလည်း မျှော်လင့်ချက်တွေ အများကြီး ထားကြတယ်။ ကျမ ညီမက အသက် ၁၂ နှစ် ကျမမောင်လေးက ၇ နှစ်ပဲ ရှိ သေးတယ်။ ကျမက သူတို့ အတွက် စံပြဖြစ်ရမယ်။”

ဆိုရွန်းမြို့ကို လေယာဉ်မဆင်းမီ

မာရီယာ ကော်ဝ၏ မိသားစုကမူ ပါပူဝါးတွင် မျိုးဆက်နှင့် ချီ၍ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။ သူက ဘာသာကွဲ လက်ထပ်မှုမှ မွေးဖွားလာသူ ဖြစ်သည်။ သူ၏ ဖခင်မှာ မွတ်ဆလင် ဖြစ်သော်လည်း မိခင်က ခရစ်ယန် ဘာသာဝင် ဖြစ် သည်။ ထို့ကြောင့် အင်ဒိုနီးရှား နိုင်ငံတွင် တွေ့နေကျ အစဉ်အလာအတိုင်း သူ၏ အကို များက မွတ်ဆလင်များ ဖြစ်၍ သူနှင့် အမ များက ခရစ်ယန်များ ဖြစ်လာကြသည်။

“ကျမတို့ မိသားစု တခုလုံးက တနိုင်ငံလုံးမှာ ပြန့်ကျဲနေတယ်။ ကျမမှာ မွေးချင်း ၆ ယောက်ရှိတယ်။ ၂ ယောက်က ဂျာကာတာ Jakarta မှာ၊ ၂ ယောက်က Raja Ampat (အင်ဒိုနီးရှား အနောက်မြောက်ပိုင်းမှ ကျွန်းစု) မှာ၊ တယောက်က Pulau Doom (ဆိုရွန်း မြို့အနီးမှ ကျွန်း) နဲ့ နောက်တယောက်က Manokwari (ပြည်နယ်၏ မြို့တော်) မှာ ရှိတယ်။ ဒါကြောင့် ကျမ ဘယ်နေရာကို သွားသွား အားကိုးရမယ့်သူ တစုံတယောက်ရှိလိမ့်မယ်လို့ သိနေတယ်။ တနေ့နေ့ မှာတော့ ကျမလည်း ကျမ လမ်းကိုသွားမှာပါ။”

မီဂါအင်ဘီနီက တံငါသည်တဦး နှင့် အိမ်ရှင်မ တဦးတို့၏ သမီးဖြစ်သည်။ သူ၏ မိဖ ၂ ပါးလုံးမှာ P ပါပူဝါး ဇာတိ များ ဖြစ်ကြသည်။

“ကျမ အဖေက နေ့တိုင်းပင်လယ်ကို ထွက်ရတယ်။ တခါတလေကျရင် ငါးနည်းနည်းလေးပဲ ရတယ်။ မိုးတွေ၊ လှိုင်းတွေ ဆားငံရေတွေနဲ့ ရင်ဆိုင်ရတယ်။ ကျမ သူ့လက်ကို ကိုင်လိုက်ရင် လက်တွေက ကြမ်းထော်နေတာပဲ။ ကျမ ရုံးဝန်ထမ်း တယောက် ဖြစ်ချင်တယ်။ မနက် ၈ နာရီဆိုရင် သပ်သပ်ရပ်ရပ် ကျော့ကျော့မော့မော့လေး ဝတ်ပြီး အိမ်ကနေထွက် ၊ ညနေ ၄ နာရီမှာ အလုပ်ပြီးရင် ကျမ မိသားစုဆီကို ပြန်။ အဲဒါမျိုး ကျမတွေးကြည့်တယ်။ အဲဒါ ကျမ လိုချင်တဲ့ ဘဝပါ။”

ဆိုရွန်းသည် အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ဖက်ဆုံး ပါပူဝါး ပြည်နယ်၏ အနောက်ဖက် အစွန်းဆုံးတွင် တည်ရှိသည်

ပါပူဝါးသည် အင်ဒိုနီးရှားနိုင်ငံ၏ ငြီးငွေ့ စိတ်ပျက်ဖွယ်ရာ အစိတ်အပိုင်းတခု အဖြစ် ကာလရှည်ကြာစွာ ယူဆခြင်း ခံခဲ့ ရသည်။

ကျွန်း၏ အစွန်ဆုံးတွင် ရှိသော ဆိုရွန်းသည် အတွင်းပိုင်းမှ ပြဿနာ အရှုပ်အထွေးတို့ နှင့် ကျယ်ကျယ်ပြန့်ပြန့်ပင် ကင်းလွတ်၍ နေခဲ့သည်။

ထို့ပြင် ဆိုရွန်းသည် နိုင်ငံအတွင်းမှ ကျန်သည့်နေရာများနှင့် သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများ ခိုင်မာအား ကောင်းလာစေရန် လက်ရှိ အစိုးရ၏ အလေးပေး အာရုံ စူးစိုက်မှုမှ အကျိုးကျေးဇူး ကြီးမားစွာ ရရှိခဲ့သည်။ ပါပူဝါးပြည်နယ်၏ အလယ်ပိုင်းမြို့တခု ဖြစ်သည့် တိမိက Timika ကဲ့သို့ ဖွံ့ဖြိုးလာအောင် ဖန်တီးနေသည်။ တိမိကသည် အငြင်းပွားဖွယ်ရာ အမေရိကန် သတ္တုတွင်းလုပ်ငန်းရှင် Freeport-McMoran က လုပ်ကိုင်နေသည့် ကမ္ဘာ့ အကြီးမားဆုံး ရွှေတွင်းနှင့် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကြေးနီတွင်း Grasberg တည်ရှိရာ ဒေသဖြစ်ပါသည်။

အမျိုးသမီးငယ် ၃ ဦးက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသ၏ အပြုသဘောဆောင်သော အလှည့်အပြောင်းကို ဖော် ပြနေသည်။ သူတို့၏ ကိုးကွယ်ရာ ဘာသာ ကွဲပြားမှုက မှတ်သားဖွယ် ဖြစ်သည်။ မာရီယာ ဟတ်စတီနာက ကက်သလစ် ခရစ်ယန် ဖြစ်သည်။ မာရီယာ ကော်ဝက Pentecostal(ပရိုတက်စတင့် ပုံစံအသစ်တမျိုး) ခရစ်ယန် ဖြစ်၍ မီဂါအင်ဘီနီက ပရိုတက်စတင့် ခရစ်ယန် ဖြစ်သည်။ မာရီယာ ဟတ်စတီနာက ရွှေ့ပြောင်း အခြေချသူများ၏ ပထမဆုံး မျိုးဆက် ဖြစ်၍ မာရီယာ ကော်ဝနှင့် မီဂါအင်ဘီနီက ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်။

အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ကြသည့် သူတို့ ၃ ဦးလုံးက ဆိုရွန်းမှ Ramayana (ရှေးဟောင်း ဟိန္ဒူ ဒဏ္ဍာရီ ရာမ ယန ကိုအစွဲပြုထားသည့် အမည်) ရှော့ပင်းမောမှ ခရစ်စမတ် အရောင်းဆိုင်တခုတွင် အိတ်များ ရောင်းနေကြသည်။

သူတို့ အားလုံးက ကျောင်းမှာလည်း တတန်းတည်း ဖြစ်သည်။ ပြည်သူ့ အုပ်ချုပ်ရေး ဘွဲ့ရဖို့ ကြိုးစားနေကြသည်။ အင်ဒို နီးရှား နိုင်ငံတွင် ဒုတိယ အကြီးဆုံး ဖြစ်သည့် အစ္စလမ် အဖွဲ့က တည်ထောင်ထားသော တက္ကသိုလ်တွင် အတူတကွဆုံ စည်းမိကြသော ကွဲပြားခြားနားသည့် အုပ်စုလေးတခု ဖြစ်သည်။

ပြည်နယ်၏ ပြဿနာများနှင့် ပတ်သက်၍ မာရီယာ ကော်ဝက ရှင်းရှင်းလင်းလင်းပင် ပြောသည်။

“ဆိုရွန်းမှာ ရာဇဝတ်မှုတွေ များတယ်။ လူငယ်တွေ ကော်ရှူကြတာ အပါအဝင် အရက် နဲ့ မူးယစ်ဆေးကြောင့် လု ယက် တိုက်ခိုက် မှုတွေက နေ့တိုင်း ဖြစ်နေတယ်။”

မာရီယာ ဟတ်စတီနာကလည်း ဖြည့်စွက်သည်။

ဆိုရွန်း ဖွံ့ဖြိုးရေး လှည့်လည်ကြည့်နေသော သမ္မတ ဂျိုကိုဝီ

“၂၀၀၅-၂၀၀၆ ဝန်းကျင်လောက်မှာ ရေပေးဝေရေး စနစ်က တော်တော်ကို အားကိုးလို့ မရခဲ့ဘူး။ ကျမတို့ ရေပြတ် လို့ ဒုက္ခရောက်ခဲ့ရတာတွေ တောင်ရှိတယ်။ နောက်ပိုင်းတော့ အဲဒါက တိုးတက်လာပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ ဓာတ်ဆီဈေးတွေကလည်း တက်နေတယ်။ အခုဆိုရင် တလီတာကို (အင်ဒိုနီးရှားငွေ) ရူပီး ယား ၅၀၀၀ ဖြစ်နေပြီ။ ကျမ အမေက ဓာတ်ဆီရောင်းလို့ အဲဒါတွေသိတာပါ။ လူတွေလည်း ဒါကိုဖြေရှင်းရခက်နေ တယ်။”

မီဂါအင်ဘီနီက သူ၏ ကိုယ်ပိုင် အမြင်ကိုပြောသည်။

“ပါပူဝါးမှာ ဖွံ့ဖြိုးတိုးတက်ရေးက ခက်ခဲတယ်။ နယ်မြေက တောတောင်တွေ သစ်တောတွေ ထူထပ်တယ်။ စီမံကိန်း တွေ ရလဒ်ကို မြင်ရဖို့ နှစ်ပေါင်းများစွာကြတယ်။ ကျမအတွက် ဝမ်းသာစရာကတော့ ဂျိုကိုဝီ (အင်ဒိုနီးရှား နိုင်ငံ သမ္မတ Joko Widodo) က ပါပူဝါးကို အလေးပေးလို့ပါ။ သူက အရင်က တခြား သမ္မတတွေထက် ပိုပြီးတော့ ပါပူဝါးကို လာတယ်။”

သဘောတူသည့် အနေဖြင့် အားလုံးက ခေါင်းညိတ်ကြသည်။

အစိုးရ၏ ဆောင်ရွက်မှုများ၏ အသီးအပွင့်ကို စတင်ရရှိနေပြီ ဖြစ်သည်။ ယခင်သမ္မတ ဆူစီလိုဘန်ဘန် Susilo Bambang Yudhoyono နှင့် ယခု သမ္မတ ဂျိုကိုဝီဒိုဒိုတို့၏ လက်ထက်တွင် မူလတန်းနှင့် အလယ်တန်း အဆင့်များကို အခမဲ့ ပညာရေး အဖြစ်ပြုလုပ်ခဲ့သည်။ ပါပူဝါး ပြည်နယ်တခုလုံးကို လျှပ်စစ်ဓာတ်အားပေးရန် နှင့် လမ်းသစ်များ ဖောက်လုပ်ရန် အစီ အစဉ်များကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အစိုးရက ကြေညာခဲ့သည်။

“ကျမ ရည်ရွယ်ချက်က အစိုးရဝန်ထမ်းတယောက် ဖြစ်လာဖို့ပါ။ ကျမတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ တနေရာက ပါ ချင်တယ်” ဟု မာရီယာ ကော်ဝက ပြောသည်။

“ကျမလည်း တူတူပဲ” ဟု မီဂါအင်ဘီနီက အော်ပြောလိုက်သည်။ ပြီးတော့မှ ရှက်ကိုး ရှက်ကန်းဖြင့် “အဲဒါက တ ကယ်ကို သင့်တော်တဲ့ အလုပ်ပါ” ဟု ထပ်ပြောသည်။

မာရီယာ ဟတ်စတီနာကတော့ ရယ်နေသည်။

“နင်တို့ အားလုံး အစိုးရ အလုပ် လုပ်လို့ရတယ်။ ငါက ကိုယ်ပိုင် စီးပွားရေးလုပ်မယ်။ လူတွေကို ကုန်ပစ္စည်းတွေ သင့်တင့် မျှတတဲ့ ဈေးနဲ့ ရောင်းပေးမယ်။ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပါဝင်ပေးနိုင်တဲ့ နည်းလမ်းက တခုမကပါဘူး။”

သူတို့ ၃ ယောက်လုံး ကျယ်လောင်စွာ ရယ်လိုက်ကြသည်။

ပါပူဝါးနှင့် အနောက် ပါပူဝါး West Papua ပြည်နယ် ၂ ခုလုံးက အင်ဒိုနီးရှားနိုင်ငံ၏ စည်းလုံးရေးနှင့် တည်ငြိမ်ရေးအတွက် အဓိက စိန်ခေါ်မှုတခု အဖြစ် ဆက်လက်တည်ရှိနေသော်လည်း စီးပွားရေးတိုးတက်မှုအပေါ် စူးစိုက် အလေးပေးခြင်းက သူတို့ ပြည်သူများ အတွက် ထင်သာမြင်သာ တိုးတက်မှုများကို ဆောင်ကျဉ်းပေးခဲ့သည်။

ထိုအသွင်ပြောင်းလဲရေးက ပါပူဝါးကျွန်းကို အင်ဒိုနီးရှားသို့ ပူးပေါင်းရေးအတွက် သော့တခုကို ရထားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

မငြင်းနိုင်ဘဲ ဝန်ခံရမည်မှာ လက်ရှိ အစိုးရ၏ စီးပွားရေးတိုးတက်မှု အပေါ် အာရုံစူးစိုက်ခြင်းက သက်ရောက်မှု တခုရှိနေသည်ဟု ယူဆခြင်းက အလွန်ကောင်းသည့်ဘက်မှ မြင်ခြင်း ဖြစ်ပါသည်။

သို့သော် လုံလောက်မှု ရှိပါသလား ဆိုသည့် မေးခွန်းကလည်း ရှိနေသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading