Reuters သတင်းဌာန၏ သတင်းထောက် ၂ ဦးဖြစ်သည့် ဝလုံး (၃၁ နှစ်) နှင့် ကျော်စိုးဦး (၂၇ နှစ်) တို့ကို မြန်မာနိုင်ငံက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးဖောက်မှုဖြင့် စွပ်စွဲခဲ့သည်။ ထိုဥပဒေသည် လူသုံးနည်းသည့် ကိုလိုနီခေတ် ဥပဒေတခု ဖြစ်ပါသည်။
သူတို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့မှ တရားရုံးတခုတွင် ရုံးထုတ်စစ်ဆေးရန် ရှိနေသည်။ ထိုသို့ ရုံးထုတ် စစ်ဆေးခြင်းက ဒုတိယအကြိမ်မြောက် ဖြစ်ပြီး အစိုးရရှေ့နေက သူတို့ အပေါ် စွဲဆိုထားသော အမှုများအတွက် စွဲချက်တင်ခြင်း ပြုလုပ်လာနိုင်ပါသည်။
အမှုနှင့် ပတ်သက်သောအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
သတင်းထောက် ၂ဦး
ဝလုံး၏ ပထမဆုံးသော စာနယ်ဇင်းအလုပ်မှာ People’s Age ဂျာနယ်တွင် ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Myanmar Times သို့ ရောက်လာခဲ့ပြီး နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိစေခဲ့သော ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ သတင်းများ ရေးသားခဲ့သည်။
ဝလုံးသည် ကလေးများအတွက် စာအုပ်တအုပ်ကို ရေးသားခဲ့သည်။ ကွဲပြားသော တိုင်းရင်းသား အဖွဲ့အစည်းများ ကြားတွင် သည်းခံမှုကို မြှင့်တင်ရန်နှင့် မိဘမဲ့ ကလေးများကို ကူညီရန် အလှူဒါန ပြုလုပ်သည့် အဖွဲ့တခုကို ပူးတွဲ တည်ထောင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် Reuters သတင်းဌာနသို့ ရောက်ရှိလာပြီး ထိရှလွယ်သည့် အကြောင်းအရာများကို သတင်းရေးသား တင်ပြခြင်းဖြင့် အများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလက ပေါ်ပေါက်ခဲ့ သော ပဋိပက္ခ အတွင်းတွင် သူ၏ ဆောင်ရွက်မှုအတွက် Society of Publishers in Asia ၏ နှစ်ပတ်လည် ဆုများ ချီးမြှင့်ရာတွင် ပူးတွဲ ဂုဏ်ပြုဆု တခု ရရှိခဲ့သည်။
ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို တပ်မတော်က တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရိုဟင်ဂျာ ၆၅၀၀၀၀ ခန့်ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင်းသို့ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ဝလုံး နောက်တကြိမ် ရောက်ရှိခဲ့သည်။
ကျော်စိုးဦးသည် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတဦး ဖြစ်၍ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေတွင် ကြီးပြင်းခဲ့သည်။ သတင်းထောက်အဖြစ် Rakhine Development News အွန်လိုင်းသတင်းဌာနတွင် စတင် လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းတွင် Root Investigative Agency တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ကျော်စိုးဦးသည် ရခိုင်ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာမွတ်စလင်များကြား တင်းမာမှုတွင် ပါဝင်ပတ်သက်ခြင်း မပြုမိအောင် ရှောင်ရှားခဲ့သည် ဟု သူ၏ မိတ်ဆွေများက ပြောကြသည်။ သို့သော်လည်း ပဋိပက္ခက သူ့ကို စာနယ်ဇင်းလောကအတွင်းသို့ ဆွဲသွင်းခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ စ၍ Reuters သတင်းဌာနသို့ ကျော်စိုးဦးရောက်ရှိခဲ့ပါသည်။
ဖမ်းဆီးခြင်းနှင့် စွပ်စွဲခြင်း
ဝလုံးနှင့် ကျော်စိုးဦးတို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခြင်း ခံခဲ့ရပါသည်။ သူတို့ကို ညစာစားရန် အတွက် ရဲအဖွဲ့က ဖိတ်ခေါ်ခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်ကြောင်း သံသယရှိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က “သူတို့သည် ရခိုင်ပြည်နယ်နှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် သက်ဆိုင်သော အရေးကြီးသည့် လျှို့ဝှက် စာရွက် စာတမ်းများကို လက်ဝယ်ထားရှိခြင်းကြောင့် ဖမ်းဆီးခဲ့သည်” ဟု ပြောကြောင်း ပြန်ကြာရေးဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“သူတို့သည် နိုင်ငံခြား သတင်းမီဒီယာသို့ မျှဝေရန် ရည်ရွယ်ချက်ဖြင့် သတင်းအချက်အလက်များကို တရားမဝင် နည်းလမ်းဖြင့် ရယူခဲ့သည်” ဟုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုသည်။
သတင်းထောက် ၂ ဦး ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး ၂၄ နာရီခန့်ကြာမှသာ အစိုးရက ဖမ်းဆီးကြောင်း ကြေညာခဲ့သည်။ သူတို့ ၂ ဦးကိုအမည် မဖော်ပြသည့် နေရာတွင် ထိန်းသိမ်းထားခဲ့ပြီး မိသားစုဝင်များ သို့မဟုတ် ရှေ့နေများနှင့် ဆက်သွယ် နိုင်ခြင်း မရှိဘဲ ၂ ပတ် ကြာမြင့်ခဲ့သည်။
သူတို့နှင့် စားသောက်ဆိုင်တွင် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးထံမှ စာရွက်စာတမ်း အချို့ လက်ခံရရှိပြီး များမကြာမီမှာပင် ဖမ်းဆီးခြင်း ခံခဲ့ရသည် ဟု သတင်းထောက် ၂ ဦးက သူတို့၏ ဆွေမျိုးသားချင်းများသို့ ပြောပြခဲ့သည်။
ရဲအရာရှိ ၂ ဦးကိုလည်း နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ဖမ်းဆီး အရေးယူထားသည် ဟု အစိုးရက ပြောသည်။ သတင်းထောက်များ၏ အဆိုအရ ဖမ်းဆီးခံရသူများမှာ သူတို့အား စာရွက်စာတမ်းများ ပေးခဲ့သူများ မဟုတ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်း အတွက် အစိုးရက နောက်ထပ် သတင်းအချက်အလက် ထုတ်ပြန်ခြင်း မရှိပါ။
ဥပဒေ
နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေသည် မြန်မာနိုင်ငံသည် ဗြိတိသျှပိုင် အိန္ဒိယ၏ ပြည်နယ်တခုအဖြစ် ရှိနေသည့် ၁၉၂၃ ခုနှစ်က ပြဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ အမြင့်ဆုံးအနေဖြင့် ထောင်ဒဏ် ၁၄ နှစ် အထိ ကျခံရနိုင်ပါသည်။
ထိုဥပဒေဖြင့် ဖမ်းဆီးစွဲချက်တင်ခြင်း အလွန်နည်းပါးခဲ့သည် ဟု ဥပဒေ ကျွမ်းကျင်သူများက ပြောကြသည်။
လတ်တလော အနီးစပ်ဆုံးအမှုမှာ ၂၀၁၄ ခုနှစ်က Unity အပတ်စဉ်ထုတ် ဂျာနယ်က တပ်မတော်၏ ဓာတုလက် နက်စက်ရုံ အဖြစ် ဖော်ပြသည့် သတင်းတပုဒ် ရေးသားထုတ်ဝေခဲ့ချိန်က ဖြစ်သည်။
ရဲတပ်ဖွဲ့က ဂျာနယ်၏ အမှုဆောင်အရာရှိနှင့် ဂျာနယ်လစ် ၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ အရပ်ဘက် တရားရုံး တရုံးက ၎င်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ၇ နှစ်သို့ လျှော့ချပေးခဲ့သည်။
ထိုအမှုသည် စစ်ဘက်တိုက်ရိုက် အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ပြီး စိစစ်ရေးစနစ်ကို ပယ်ဖျက်ခဲ့သော်လည်း တပ်မတော်နှင့် ဆိုင်သော ကိစ္စများသည် ကန့်သတ်ချက် အဖြစ် ဆက်လက် ရှိနေကြောင်း သတိပေးလိုက်ခြင်း ဖြစ်သည် ဟု အများက မြင်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအာဏာရရှိလာပြီး များမကြာမီတွင် သူတို့ ၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပါသည်။
ရုံးတင်စစ်ဆေးခြင်း
ရဲတပ်ဖွဲ့က ဝလုံး နှင့် ကျော်စိုးဦးတို့ကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရုံးထုတ်သည့် အချိန်အထိ ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ထိုနေ့တွင် တရားရုံးက သူတို့ နောက်ထပ် ၂ ပတ် ရမန် ပေးခဲ့သည်။ တရားရုံးတွင် ကြားနာစဉ် ဖမ်းဆီးခံရပြီး နောက်ပိုင်း ပထမဆုံးအနေဖြင့် သူတို့ကို ဆွေမျိုးများနှင့် ရှေ့နေတဦးနှင့် တွေ့ဆုံခွင့် ပြုခဲ့သည်။
သူတို့၏ ရှေ့နေနှင့် ဆွေမျိုးများသည်သာ ရဲအဖွဲ့ဝင်များ၊ အစိုးရရှေ့နေများနှင့် အတူ တရားရုံးအတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း မလျှော်သော ပြုမူဆက်ဆံမှုများ မရှိကြောင်း ဖမ်းဆီးခံ သတင်းထောက်များက ပြောကြသည်။
သူတို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နောက်တကြိမ် ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။
တုံ့ပြန်မှုများ
အမေရိကန်၊ ဗြိတိန် နှင့် ကနေဒါ အပါအဝင် ကမ္ဘာ့နိုင်ငံကြီးအချို့မှ အစိုးရတာဝန်ရှိသူများနှင့် ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူများက သတင်းထောက်များကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် နိုင်ငံတကာ အကြံပေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်သော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း SurakiartSathirathai ကလည်း သတင်းထောက်များ ဖမ်းဆီးခံရခြင်း အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါအမှုက နိုင်ငံတကာ မီဒီယာအပေါ်တွင် ကျယ်ပြန့်သည့် ထိန်းချုပ်ကန့်သတ်မှုများဆီသို့ ရောက်စေမည် မဟုတ်ဟု မျှော်လင့်ကြောင်းလည်း သူက ပြောသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စာနယ်ဇင်းအဖွဲ့အစည်း အများအပြားက ယခုကဲ့သို့ သတင်းထောက်များကို ဖမ်းဆီးခြင်းသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါး တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။
(www.reuters.com တွင် ဖော်ပြထားသည့် Explainer: Two Reuters journalists due to make second Myanmar court appearance ကို ဘာသာပြန်သည်။)