ဖုန်း ဝင်လာချိန်တွင် အမှုလိုက် ရှေ့နေ ဒေါ်ဇာလီအေးသည် ရန်ကုန်ရှိ တရားရုံး တခု အနီးတွင် နေ့လယ်စာ စားနေသည်။ “ခင်ဗျား ဘယ်မှာလည်း။ ခင်ဗျားရဲ့ အမှုသည်က အခုပဲ ဖြောင့်ချက်ပေး ဝန်ခံလိုက်ပြီ” ဟု ဖုန်း၏ တဘက်မှ လုပ်ဖော်ကိုင်ဖက် တဦးက ပြောသည်။
သူ့အမှုသည်သည် ရဲအရာရှိတဦး၏ ဖိအားပေးမှုကြောင့် သူမကို ရှေ့နေအဖြစ် ငှားရမ်းထားခြင်းကို ပယ်ဖျက်လိုက်ပြီး တရားသူကြီးက အမှုကို ကြားနာစဉ် စောစောစီးစီးပင် အပြစ်ရှိကြောင်း ဝန်ခံ လျှောက်လဲချက် အတုကို တင်သွင်းလိုက်သည်။
ဒေါ်ဇာလီအေးသည် တရားရုံးသို့ အမြန် ပြန်ပြေးသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ “ကျမ တောင်းပန်ပါတယ်။ အကျိုးဆောင် အဖြစ်ကနေ မပယ်ဖျက်ချင်ပါဘူး။ ဒီအမှုကိုလည်း မကျူးလွန်ဘူး။ ဒါပေမယ့် သူတို့က ဖိအားတွေ အရမ်းပေးတယ်။ အဲဒါကြောင့်…” ဟု အမှုသည်က ဒေါ်ဇာလီအေးကို ပြောသည်။
မြန်မာနိုင်ငံမှ အစိုးရ ရှေ့နေများကို ရင်ဆိုင်ကြရသော အမှုသည်များ အတွက် မျှတသော တရားခွင် ရရှိရေး အလားအလာမှာ လွန်စွာနည်းပါးလှသည်။ တရားသူကြီး အများအပြားတို့သည် အထောက်အထားများကို မကြားနာမီမှာပင် အပြစ်ရှိသည်ဟု ကြိုတင်ယူဆထားကြပြီး ခုခံချေပခွင့်ပေးခြင်းသည် တရားရုံး၏ အချိန်များကို ဖြုန်းတီးခြင်း ဖြစ်သည်ဟု ယူဆကြသည်။
“ခင်ဗျား ရှေ့နေငှားရင် ခင်ဗျားကို တရားသူကြီးက မုန်းလိမ့်မယ်” ဟု ဒေါ်ဇာလီအေး၏ အမှုသည်ကို ဖိအားပေးနေသည့် အထက်ပါ ရဲအရာရှိက ပြောသည်။ ထိုအမှုသည်သည် ပြည့်တန်ဆာအဖြစ် စွပ်စွဲခံထားရသည်။ သူမကို ထောင်တနှစ် ချလိုက်သည်။ အမှုတွင် ခုခံကာကွယ်ခဲ့ပါက ထောင် ၁၈ လချမည်ဟု တရားသူကြီးက ပြောခဲ့သေးသည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်သည် တပ်မတော်၏ ကျေးဇူးခံ ကျေးဇူးစားဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှု များပြားကြောင်း လူအများက ရှုမြင်ထားကြသည်။ သို့သော် နောက်ကွယ်မှ လာဘ်ထိုးငွေနှင့် ဝင်ရောက် စွက်ဖက် တတ်သော စစ်ဗိုလ်ချုပ်ကြီးများမှာ ဇာတ်လမ်း၏ တစိတ်တပိုင်းမျှသာ ဖြစ်သည်။
အခြားသော အမှု အများအပြားတွင် ပြည်သူများသည် ညံ့ဖျင်းစွာ လေ့ကျင့်ထားပြီး ပညာရှင် မပီသသော တရားသူကြီးများ ကြီးကြပ်သည့် စနစ်မကျသော တရားရုံး လုပ်ထုံးလုပ်နည်းများကြောင့် မှားယွင်း စီရင်ခြင်း ခံနေရသည်။
“အမှု ကြားနာစစ်ဆေးနေတုန်း ဖုန်းပြောတဲ့၊ ဖေ့စ်ဘွတ်ခ်သုံးတဲ့ တရားသူကြီးတွေ အများကြီး တွေ့ဖူးတယ်” ဟု ဥပဒေ အထောက်အကူပေးရေး လုပ်ငန်းဆောင်ရွက်နေသော ရှေ့နေ ဒေါ်ရည်နွယ်ထွန်းက စိတ်မသက်မသာ ရယ်မောရင်း ပြောသည်။
တခါတရံ တရားသူကြီးများသည် အမှုကို ကြားနာစစ်ဆေးနေစဉ် တရေးတမော အိပ်ငိုက်ကြ သို့မဟုတ် နေ့လယ်စာ စားရန် ထွက်သွားကြသောကြောင့် ခုခံချေပသော ဘက်နှင့် အစိုးရရှေ့နေတို့မှာ အမှု ကြားနာမှုကို ၎င်းတို့ဘာသာ ဆက်လုပ်နေရပြီး ဆာလောင်နေကြလေသည်။
ထိုသို့သော အမူအကျင့်များ အတားအဆီးမရှိ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်နေရခြင်းသည် လွတ်လပ်သော လေ့လာသူများ တရားခွင်သို့ မသွားရောက်နိုင်အောင် လုပ်ဆောင်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကြောင့် အားတက်လာသော အုပ်စုတစုသည် ယခင်က မရှိဖူးသည့် စီမံကိန်း ဖြစ်သည့် ကြားနာမှု တထောင်ကျော်ကို လေ့လာ သုတေသန လုပ်ခဲ့ကြသည်။ (အဆိုပါ သုတေသနစာတမ်းကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
ထို အကျိုးအမြတ်မယူသော အဖွဲ့ဖြစ်သည့် တရားမျှတမှုအခြေခံ (Justice Base) ၏ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ တရားဥပဒေ စနစ် တိုးတက်ရေးကို ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင် ရန်ကုန်မှ အမှုပေါင်း ၁၅၅ မှုကျော်ကို လေ့လာခဲ့သည်။
ထိုအဖွဲ့သည် တရားခွင်များသို့ ဝင်ရောက်ခွင့် ရရှိရေး အတွက် ခုခံချေပဘက် ရှေ့နေများနှင့် ပူးပေါင်းခဲ့ပြီး လျှို့ဝှက် လေ့လာခဲ့ရသည်။ တရားရုံးဆိုင်ရာ အရာရှိများက တရားရုံးသို့ အများပြည်သူ လာရောက်ခွင့်ကို တရားမဝင် ငြင်းပယ်ထားခြင်းနှင့် တရားရုံးအရာရှိများ၏ ဒဏ်ခတ်ခြင်းကို လေ့လာသူများ အနေဖြင့် စိုးရိမ်ရခြင်း တို့ကြောင့် ထိုသို့ လုပ်ဆောင်ရခြင်း ဖြစ်သည်။
၎င်းတို့ လေ့လာခဲ့သော ကြားနာစစ်ဆေးမှု အများအပြားသည် မျှတသော တရားခွင် အခွင့်အရေး ဆိုင်ရာ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများကို လိုက်နာခြင်း မရှိကြပေ။ တရားသူကြီးများက ဘက်လိုက်ခြင်း မရှိပင်လျှင် အမှုတွဲများ ရရှိရန် ခက်ခဲခြင်း သို့မဟုတ် ရှေ့နေများနှင့် ၎င်းတို့၏ အမှုသည်များ လွတ်လပ်စွာ ဆွေးနွေးခွင့် မရခြင်း စသည့် စနစ်က ဖန်တီးထားသည့် ပြဿနာများကြောင့် တရားခွင်များတွင် အပေးအယူ အလျှော့အတင်း လုပ်နေရသည်။
၎င်းတို့ လေ့လာခဲ့သော အမှုများ၏ ၉၀ ရာခိုင်နှုန်း နီးပါးတွင် ခုခံချေပရသူများသည် ရမန်ချုပ်မိန့် ရယူရန် ကြားနာစဉ် ရှေ့နေငှားခွင့် မရကြပေ။ ထို့ကြောင့်လည်း အများအပြားတို့သည် ခုခံကာကွယ်မှု မရဘဲ အာမခံငြင်းပယ်ခံရခြင်း ဖြစ်နိုင်သည်။
ထိုသို့သော အလေ့အထကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ မွတ်စလင်များ သတင်းယူနေသော Reuters သတင်းထောက် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းသောအခါ နိုင်ငံတကာ၏ ဒေါသပေါက်ကွဲမှု ဖြစ်ပေါ်စေခဲ့သည်။
လျှို့ဝှက်ချက် အက် ဥပဒေ အရ ထောင် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သော ထိုသတင်းထောက် ၂ ဦးကို လျှို့ဝှက် နေရာ တခုတွင် သီတင်း ၂ ပတ်ကျော်ကြာ ချုပ်နှောင်ထားပြီး ဒုတိယအကြိမ် ရမန်ချုပ်မိန့် ယူရန် အချုပ်ကားဖြင့် တရားရုံးသို့ ရောက်လာသည်အထိ ၎င်းတို့၏ ရှေ့နေများနှင့် မတွေ့ရပေ။
၎င်းတို့ တရားရုံးသို့ ရောက်လာသောအခါ အခြား သတင်းထောက် အများအပြားကလည်း ၎င်းတို့ ၂ ဦးကို တရားရုံးတွင် စောင့်ဆိုင်း တွေ့ဆုံအားပေးခဲ့သည်။
Justice Base အဖွဲ့မှ လေ့လာသူများသည် ထင်ရှားသော နိုင်ငံရေးမှုများထက် ရိုးရိုးအမှုများ ဖြစ်သည့် ခိုးမှု၊ ရန်ဖြစ်မှု၊ ပြည့်တန်ဆာမှု စသည်တို့ကို ပိုမိုလေ့လာခဲ့သည်။
အာဏာပိုင်များက တိုက်ရိုက် ဝင်ရောက်စွက်ဖက်ခြင်း မရှိလျှင်ပင် အချို့သော တရားသူကြီးများသည် စောင့်ကြည့်ခံရမည်ကို ကြောက်နေပြီး အချို့သော ရှေ့နေများက တရားသူကြီးကို ဆန့်ကျင်ရန် ကြောက်နေသည်ဟု အထက်ပါအဖွဲ့၏ နိုင်ငံတကာ ဥပဒေအတိုင်ပင်ခံ ကာရီရော့တ်ကင် (Kari Rotkin) က ပြောသည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်သည် ဒေသအတွင်းတွင် ဒုတိယ အနိမ့်ကျဆုံးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင်လည်း အောက်ခြေနားတွင် ရှိသည်ဟု World Justice Project ကမ္ဘာ့တရားမျှတမှု စီမံချက်၏ နှစ်စဉ် တရားဥပဒေ စိုးမိုးမှု အညွှန်းကိန်း Rule of law index အရ သိရသည်။ ( Rule of law index ကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု လိုအပ်ကြောင်း အကြိမ်ကြိမ် ပြောသော်လည်း ၂၀၁၅ ခုနှစ် သူ၏ ပါတီ အာဏာရလာပြီးနောက် ပြုပြင်ပြောင်းလဲမှု အနည်းငယ်သာ ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့သော တရားဥပဒေ အထောက်အကူပေးရေး ဥပဒေသစ်သည် စွပ်စွဲခံရသူများ အတွက် အခမဲ့ ဥပဒေဆိုင်ရာ အကူအညီ ပေးသော်လည်း ထိုဥပဒေကို အစိုးရက အကောင်အထည်ဖော်ခြင်း မရှိသေးပေ။
နိုင်ငံရေး အရ ပြတ်ပြတ်သားသား ရှိပါက ခုခံချေပသူ များ ရှေ့နေရပိုင်ခွင့် ရှိကြောင်း အသိပေးသည့် ပိုစတာများကို ရဲစခန်းများတွင် ကပ်ထားခြင်း ကဲ့သို့သော Justice Base က တွန်းအား ပေးနေသည့် အချက်များကို ချက်ခြင်း အကောင်အထည်ဖော်နိုင်သည့် အနေအထား ရှိနေသည်။
၎င်းတို့၏ ရှာဖွေတွေ့ရှိမှုများနှင့် ပတ်သက်ပြီး မကြာသေးမီက တရားရုံးချုပ် တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သောကြောင့် အားတက်မိကြောင်း ရော့တ်ကင်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များက ပြောသည်။ ထို အစီရင်ခံစာများကို တရားရုံးချုပ် အရာရှိများအား ပေးအပ်ခဲ့ကြောင်းနှင့် ထို အစီရင်ခံစာများကို တနိုင်ငံလုံးရှိ တရားရုံးများသို့ ဖြန့်ချိမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းတို့က ပြောသည်။
သို့သော် မကြာသေးမီက သတင်းသမား အများအပြားကို ဖမ်းဆီးခြင်းကြောင့် အာဏာပိုင်များသည် တရားဥပဒေစိုးမိုးရေး ဟူသော စကားအပေါ် မည်မျှလေးနက်သည်ကို သံသယရှိလာကြောင်းလည်း ကာရီရော့တ်ကင်က ဆက်ပြောသည်။
တခါက ဂုဏ်ယူပြောကြားခဲ့ရသော မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးသည် တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အတွက်လည်း လမ်းဖွင့်ပေးနိုင်သော်လည်း “ အဲဒီလမ်းတောင်မှ အခုလောက်ဆို ပြန်ပိတ်သွားပြီးလား မသိဘူး” ဟု သူက ပြောဆိုခဲ့သည်။
(www.theguardian.com တွင် ဖော်ပြထားသည့် Joshua Carroll ၏ Phone calls, Facebook and the odd nap: life as a judge in Myanmar ကို ဘာသာပြန်သည်။)