၂၀၁၈ ခုနှစ်သည် ဗြောင်ကျသော အာဏာပိုင်ကြီးစိုးသည့် စနစ်နှင့် လစ်ဘရယ်မဆန်သော ဒီမိုကရေစီ တပိုင်း နိုင်ငံရေး ပုံစံသည် အရှေ့တောင်အာရှတွင် လွှမ်းမိုးလာမည့် ခေတ်တခု၏ အယူအဆ နိဒါန်းတရပ် ဖြစ်လာနိုင်သည်။
ရွေးကောက်ပွဲများကို ဆက်လက် ကျင်းပနေကြစဉ်ပင် လစ်ဘရယ်တန်ဖိုးများနှင့် အခြေခံလွတ်လပ်ခွင့် နှင့် အခွင့်အရေးများ ကိုဖြတ်တောက်ကာ လက်တလုံးခြား အသုံးပြုကြလိမ့်မည်မှာ ခြွင်းချက် မရှိသလောက်ပင် ဖြစ်သည်။ အာဏာပိုင်စနစ်၏ ထိန်းချုပ်မှုကို ခံလာရသောအခါ အခွင့်အရေးနှင့် လွတ်လပ်မှုများ ဖိနှိပ်ခံကြရမည် ဖြစ်သည်။
ကဆုန်ပေါက် ပြေးလွှားလာနေသည့် အာဏာပိုင်ဝါဒ တစ္ဆေကို တရုတ်နိုင်ငံ၏ အောင်မြင်သော ဗဟိုချုပ်ကိုင်မှုနှင့် စီးပွားရေးစွမ်းအား ပေါင်းစပ်မှု စနစ်က ထောက်ခံအားပေးနေသည်။ တရုတ်ပုံစံ ဖြစ်ပေါ် တိုးတက်မှုများ အောင်ပွဲခံနေပြီး လစ်ဘရယ်တန်ဖိုးများ ရှုံးနိမ့်နေစေသည်။
အခွင့်အရေးနှင့် လွတ်လပ်မှု အတွက် ရပ်တည်ကြသော ပြည်တွင်းအင်အားစုများကို ပြုစုပျိုးထောင်ခြင်း၊ စုစည်း လှုံ့ဆော်ခြင်းနှင့် နိုးကြားအောင် လုပ်ဆောင်ထားခြင်း မရှိလျှင် ဒီမိုကရေစီတိုက်ပွဲသည် ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက်နှင့် အဆုံးမသတ်ဘဲ သြဇာကြီးမားလှသော ဗဟို အာဏာပိုင်နှင့် အစိုးရက ကမကထပြု အရင်းရှင်စနစ်ဖြင့် အဆုံးသတ်သော သမိုင်းဇာတ်လမ်း တခု ဖြစ်သွားနိုင်သည်။
မကြာမီ ကာလများက ကမ္ဘောဒီးယားနှင့် မြန်မာမှ ဖိလစ်ပိုင်နှင့် ထိုင်းအထိ နိုင်ငံများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ၎င်းနှင့် ယှဉ်တွဲပါလာသော နိုင်ငံရေး လွတ်လပ်ခွင့်ပေးခြင်းနှင့် တံခါးဖွင့်ပေးခြင်းတို့နှင့် အတူ အရှေ့တောင်အာရှမှ လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲ အင်အားစုများသည် ဒီမိုကရေစီ လမ်းကြောင်း တခုတွင် ရှိနေခဲ့ကြသည်။
၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် သက်ဆင်ရှင်နာဝပ် သြဇာကြီးထွားလာခြင်း မတိုင်မီ ထိုင်းနိုင်ငံတွင် ပိုမိုကျယ်ပြန့်သော နိုင်ငံရေး တည်ငြိမ်မှုနှင့် ထိရောက်မှုတို့နှင့် အတူ အပြန်အလှန် ထိန်းကြောင်းမှုကို အားပေးသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခု ရှိခဲ့သည်။
သို့သော် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၁၉၉၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အင်အားချိနဲ့ သွားစေပြီး သူ၏ အုပ်ချုပ်ရေးမှာ အဂတိလိုက်စားမှုနှင့် ကိုယ်ကျိုးစီးပွား ပဋိပက္ခဖြစ်မှုများနှင့် ပြည့်နေသည်။ ထိုမှ စတင်ပြီး ထိုင်းနိုင်ငံသည် နိုင်ငံရေးအရ ထိန်းချုပ်မရသော အခြေအနေနှင့် ရင်ဆိုင်ရပြီး လမ်းမပေါ် ဆန္ဒပြပွဲများနှင့် စစ်အာဏာ သိမ်းမှု နှစ်ကြိမ် ကြုံရသည်။
ယခုအခါ ထိုင်းနိုင်ငံကို နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထည့်သွင်းသော အာဏာပိုင် အစိုးရက အုပ်ချုပ်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း အလားတူစွာပင် အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ၏ အလားအလာ ကောင်းလှသော ပြုပြင်ပြောင်းလဲရေးသည် နောက် ၄ နှစ်ကျော် ကြာသောအခါ ရွေးကောက်ပွဲသည် ဗိုလ်ချုပ်ကြီးများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားများအကြား အာဏာခွဲဝေမှု တခု ဖြစ်လာခဲ့သည်။ နိမ့်ကျသော အခြေအနေမှ ရုတ်တရက် စီးပွားရေး တိုးတက်လာသော်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် အရှိန်ကုန်ပြီး စိတ်အားထက်သန်မှု ကျဆင်းနေသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ အမှားအယွင်းများနှင့် ဖြေရှင်းရန် ခက်ခဲသော တိုင်းရင်းသား ပြဿနာများကို ပေါင်းစပ်လိုက်သောအခါ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်စလင် ပြဿနာနှင့် ချာချာလည်နေသော နိုင်ငံဖြစ်လာသည်။
မြေသြဇာ ကောင်းလှသော မြေတွင် အရင်းအနှီးနှင့် လုပ်အားကို ထပ်မံထည့်သွင်း လိုက်ပါက မြန်မာ့စီးပွားရေး ရေရှည် ချဲ့ထွင်မှုကို မြင်ရမည် ဖြစ်သော်လည်း ၎င်း၏ ဒီမိုကရက်တစ် နိုင်ငံရေးသည် ရှုပ်ထွေးပြီး ကျေနပ်စရာ မရှိလှဘဲ မကြာသေးမီအထိ အစိုးရကို ထောက်ခံခဲ့သူများမှာ အပစ်အပယ်ခံလာရသည် ဟု ခံစားနေကြရသည်။
ဖိလစ်ပိုင်နိုင်ငံ၏ ဒီမိုကရေစီ အုပ်ချုပ်ရေးမှာ လစ်ဘရယ် တန်ဖိုးများနှင့် ကိုက်ညီသော နိုင်ငံရေး ပွင့်လင်းမှု လမ်းကြောင်း ပေါ်တွင် အချိန်ကာလ တခုအထိ ရှိနေခဲ့သည်။ သို့သော် မနီလာအခြေစိုက် နိုင်ငံရေး အသိုင်းအဝန်းတွင် ကျေးဇူးခံ ကျေးဇူးစား မရှိသူ ဒေသဆိုင်ရာ အရပ်သား နိုင်ငံရေးသမား ရိုဒရီဂို ဒူတာတေ သည် ၂၀၁၆ ခုနှစ်တွင် အာဏာရ လာသည်မှ စတင်ပြီး ဒဏ်ခတ်လိုသော အကြမ်းနည်းဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ ဆင်နွှဲသဖြင့် တိုင်းပြည်သည် လှုပ်ခါသွားခဲ့ရသည်။
လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို ပြူတင်းပေါက်မှ လွှင့်ပစ်လိုက်သည်။ သို့သော် ထို အာဏာပိုင်ဗီဇရှိသည့် အရပ်သား အာဏာရှင်ကို လူကြိုက်များနေသေးပြီး စစ်အာဏာသိမ်းမည့် အလားအလာ မတွေ့ရသလို သူ့ကို ဖြုတ်ချနိုင်သည့် ပြည်သူ့အာဏာ ဆန္ဒပြပွဲများကိုလည်း မမြင်နိုင်သေးပေ။ သူ့အရင်က ခေါင်းဆောင်များနှင့် မတူဘဲ တရုတ်နိုင်ငံနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။ တရုတ်နိုင်ငံသည် သူ၏ အာဏာပိုင်ဝါဒ အမှတ်တံဆိပ်နှင့် မကိုက်ညီသော နိုင်ငံတော့ မဟုတ်ပေ။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် တရုတ်နိုင်ငံ အပေါ် အကန့်အသတ် မရှိဘဲ အမေရိကန်၊ ဥရောပသမဂ္ဂ တို့နှင့် ဆက်ဆံရေးကို စတေးလိုက်သည်။ သူသည် မကြာသေးမီလများကပင် လွတ်လပ်သော သတင်းဌာနများကို ပိတ်ပင်လိုက် သည်။
စက်တင်ဘာလ အစောပိုင်းတွင် သူသည် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) ခေါင်းဆောင် ကမ်ဆိုခါ (Kem Sokha) ကို နိုင်ငံတော် ပုန်ကုန်မှုဖြင့် အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုပြုလုပ်ရန် စီစဉ်သည်။ နိုဝင်ဘာလလယ်သို့ ရောက်သောအခါ သူသည် အစိုးရကို ဖြုတ်ချရန် ကြံစည်မှု အတွက် ထို အတိုက်အခံပါတီကို ဟွန်ဆန်၏ မဟာမိတ် တရားရုံးချုပ်က ဖျက်သိမ်းလိုက်သည်။
၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူ၏ CNRP ကို သေချာပေါက်ရှုံးမည် ဖြစ်ကြောင်း စစ်တမ်းများက ပြသနေသဖြင့် ဟွန်ဆန်သည် ဗြောင်ကျသော အာဏာရှင်စနစ်ကို ရွေးချယ်လိုက်သည်။
ထိုသို့သော ဒီမိုကရေစီဆိုင်ရာ စဉ်းစား သုံးသပ်ချက်များကို တရုတ်နိုင်ငံတွင် စိတ်ဝင်စားခြင်း မရှိကြဘဲ ဟွန်ဆန်သည် အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်ရသောကြောင့် ထောက်ခံမှု တောင်းဆိုလာသော အခါ တရုတ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။
ကမ္ဘောဒီးယား အာဏာရှင်သည် အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂတို့ကိုလှောင်ပြောင်ပြီး ဖွံ့ဖြိုးရေး အကူအညီများ ရပ်လိုရပ်နိုင်သည်ဟု စိန်ခေါ်သည်။
ထိုအခါ အမေရိကန်ပြည်ထောင်စုက ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကော်မရှင်သို့ ပေးမည့် အကူအညီ အမေရိကန်ဒေါ်လာ ၈ သန်းကို ရပ်စဲလိုက်သည်။ ထိုပမာဏမှာ တရုတ်နိုင်ငံက ပေးနေသည့် ဒေါ်လာသန်း ရာနှင့်ချီသော အကူအညီများနှင့် ယှဉ်လျှင် ရေတစက်မျှသာ ဖြစ်နေသည်။
၂၀၁၆ ခုနှစ် အတွင်းတွင် တရုတ်နိုင်ငံသည် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၁၁ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ထိုပမာဏမှာ ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်၏ ထက်ဝက် မက ရှိသည်။
ဘရူနိုင်း၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများတွင် အခွင့်အရေးနှင့် လွတ်လပ်မှုများ တောင်ဆိုခြင်းကို လက်မခံသော စနစ်များ ဆက်လက် ရှိနေကြသည်။ ကျန်အရှေ့တောင်အာရှ နိုင်ငံများ အတွက် အလားအလာမှာလည်း သိပ်မကောင်းလှပေ။
အင်ဒိုနီးရှားသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲ၏ ဗဟိုချက်နှင့် ရှေ့တန်းစစ်မျက်နှာ ဖြစ်နေသေးသည်။ ထိုနိုင်ငံသည် စစ်ဘက်က ပြန်လည် ခေါင်းထောင်မလာနိုင်တော့သည့် အဆင့်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း လွတ်လပ်မှုနှင့် အခြေခံအခွင့်အရေးများသည် တိုက်စားခံနေရကို မကြာသေးမီက တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင် ဂျကာတာမြို့တော်ဝန်ကို ထောင်ချလိုက်ခြင်းက ပြသနေသည်။ ဂျကာတာမြို့တော်ဝန်ဟောင်း ဘာဆူကီ ဂျဟာဟာ ပါနာမာသည် အစ္စလမ်ဘာသာကို စော်ကားသည်ဟူသော စွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခံရသည်။
အင်ဒိုနီးရှားနိုင်ငံသည် လောကီဝါဒနှင့် ရွေးကောက်ပွဲ ဒီမိုကရေစီစနစ်ကို စီးပွားရေး တိုးတက်မှုဖြင့် ဆက်လက် ထိန်းမထား နိုင်ပါက ဒီမိုကရေစီနောက်ပြန်လျှောကျခြင်း ဖြစ်နိုင်သည်။
၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တွင် ရွေးကောက်ပွဲနှင့် ရင်ဆိုင်ရသောကြောင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ် (Najib Razak) သည် ကိုယ်ကျိုးစီးပွား အတွက် ငွေကြေး ဒေါ်လာသန်း ရာပေါင်းများစွာ ခဝါချသည်ဟု အတိုက်အခံတို့က စွပ်စွဲသော 1Malaysia Development Berhad အရှုပ်တော်ပုံကို ကျော်လွှားနိုင်လုဆဲဆဲ အနေအထားတွင်သာ ရှိနေသေးသည်။
ထို အရှုပ်တော်ပုံကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုများ ရှိခဲ့သော်လည်း နာဂျစ်သည် အားနည်းပြီး ကွဲပြဲနေသော အတိုက်အခံများ၊ အာဏာရ ညီညွတ်သော မလေးအမျိုးသား အစည်းအရုံး၏ ပံ့ပိုးမှုနှင့် မလေးရှား အစ္စလမ်မစ်ပါတီနှင့် မဟာမိတ် ဖွဲ့ခြင်းတို့ကြောင့် နိုင်ငံရေးတွင် အစ္စလမ် အခန်းကဏ္ဍ ပိုမိုပေးပြီး အာဏာပြန်လည် ရရှိနိုင်သေးသည်။
အာဏာပိုင်စနစ် အသာစီးရလာပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှု နောက်ပြန်ဆုတ်လာသော အခြေအနေတွင် အရှေ့တောင်အာရှ၌ စင်္ကာပူသည် အများပြည်သူက ပေးအပ်သော လုပ်ပိုင်ခွင်အပေါ် အခြေခံသည့် အတည်ငြိမ်ဆုံး၊ တုံ့ပြန် ဆောင်ရွက်နိုင်ဆုံးနှင့် တာဝန်ခံမှုအရှိဆုံး နိုင်ငံရေးစနစ် ဖြစ်နေသည်။
ဒေသတွင်း ကျန်နေရာများတွင် တရုတ်နိုင်ငံသည် အာဏာပိုင်စနစ်၏ ဝှက်ဖဲ ဖြစ်လာနေပြီး ၎င်း၏ ကြီးမားလှသော ဩဇာကို ဥရောပသမဂ္ဂသည် ဝင်ရောက်အခြေချ နေထိုင်မှု မြင့်မားခြင်းအပေါ် လူထု၏ ဒေါသကြောင့် အနည်းငယ်သာ ခုခံနိုင်သည်။
အမေရိကန်တွင်မူ ဒေါ်နယ်ထရမ့်က အမေရိကန်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာ့စနစ်ကို ထောက်ခံ ပံ့ပိုးပေးထားခြင်း၏ သားကောင်ဖြစ်ရသည် ဟု မြင်သည်။ ဤအမြင်သည် တရုတ်နှင့် ရုရှားကို ခြိမ်းခြောက်မှု အဖြစ် သတ်မှတ် ထားသည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည့် အမေရိကန် အစိုးရ၏ အမျိုးသားလုံခြုံရေး မူဝါဒသစ်နှင့် ဆက်စပ်မှု မရှိသော အမြင် ဖြစ်သည်။
ခေါင်းထောင်ထလာသော အာဏာပိုင်စနစ်ကို ဒေသတွင်း တွန်းလှန်မှုသည် ဦးတည်ဘက် ၃ ခုသို့ ပျံ့နှံ့ သွားနိုင်သည်။ ပထမ အချက်အနေဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများမှ မဲဆန္ဒရှင်များသည် ၎င်းတို့၏ အခွင့်အရေးများနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိသော အစိုးရပေါ်ပေါက်ရေးအတွက် ရပ်တည်သင့်သည်။
၎င်းတို့ အတွက် စိန်ခေါ်မှုမှာ နိုင်ငံရေးတိုးတက်မှုနှင့် စီးပွားရေး စွမ်းဆောင်ရည်ကို သီးခြားစီ ခွဲထားရေး ဖြစ်သည်။ ဒေသတွင်းတွင် ပြင်းထန်သော စီးပွားရေးချဲ့ထွင်ခြင်းသည် အလားအလာ ရှိသော လူမှုမကျေနပ်မှုများကို အကြီးအကျယ် အတားအဆီး ဖြစ်နိုင်သည်။ ပြည်သူများ အနေဖြင့် ချမ်းသာကြွယ်ဝမှု တိုးချဲ့ရေး အတွက်ကြောင့် မဟုတ်ဘဲ ၎င်းတို့၏ ဗီဇတန်ဖိုး အတွက် ဒီမိုကရေစီ အခွင့်အရေးများနှင့် လွတ်လပ်မှု အတွက် ရပ်တည်ရမည်။
ဒုတိယအချက် အနေဖြင့် အခြေခိုင်ပြီး ဒီမိုကရေစီနိုင်ငံများသည် အရှေ့တောင် အာရှတွင် ဒီမိုကရေစီ တိုးတက်မှုကို ကာကွယ်ရန် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြရမည် ဖြစ်သည်။ ထို့ကြောင့် ဥရောပနှင့် အမေရိကမှ ပြည်သူများသည် ၎င်းတို့၏ ပြည်တွင်း နစ်နာမှုများကို ဖြေရှင်းပြီး လူပြိန်းကြိုက်ဝါဒ ပိုမိုခြေကုပ်ရလာခြင်းကို တားဆီးရမည်။
အခြေခိုင်ပြီး ဒီမိုကရေစီများ အနေဖြင့် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုသည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် တိုးတက်မှုနှင့် ဆက်စပ်နေကြောင်း သက်သေပြရန် ဝင်ငွေဆိုင်ရာ ပြဿနာများတွင်လည်း ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ရန် လိုသည်။ ဩစတေးလျှ၊ အိန္ဒိယနှင့် ဂျပန်တို့သည် အရှေ့တောင်အာရှအတွက် အဓိက ခေါင်းဆောင်များဖြစ်သည်။ ဤ အမာခံ အင်ဒိုပိစိဖိတ် ဒီမိုကရေစီများသည် ဖွံ့ဖြိုးဆဲ အာရှကို ဦးဆောင်ရန် ပိုမိုလုပ်ဆောင်သင့်သည်။
နောက်ဆုံးအနေဖြင့် တရုတ်နိုင်ငံမှ နိုင်ငံရေး သဘောထား ကွဲလွဲမှုများကို ထောက်ခံ အားပေးသင့်ပြီး ပြည်ပဈေးကွက် ဝေစုရရန် ၎င်းတို့၏ ပြည်တွင်း ဈေးကွက်ကို အမြတ်ထုတ်ရေး အတွက် အစိုးရက ပြုစုပျိုးထောင် ပေးထားသော တရုတ် ကုမ္ပဏီများကို စိစစ်ပြီး ၎င်းတို့ကို အပေါ်ယံတန်ဖိုးဖြင့် လက်မခံသင့်ပေ။
အရှေ့တောင်အာရှ၏ သမိုင်းသည် ဒီမိုကရေစီ၊ လွတ်လပ်သော ဈေးကွက်တို့နှင့် နိဂုံးချုပ်ကောင်း ချုပ်မည် မဟုတ်သော် လည်း ထိုဒေသကို အစိုးရက ကမကထပြု အရင်းရှင်စနစ်နှင့် အခြေခံ လွတ်လပ်မှုနှင့် လွတ်လပ်မှုကိုု ချည့်နဲ့စေ သို့မဟုတ် ဖျက်သိမ်းသော နိုင်ငံရေး အာဏာဗဟိုချုပ်ကိုင်မှု လမ်းကြောင်းသို့ ဦးမတည်စေသင့်ပေ။
(www.asia.nikkei.com တွင် ဖော်ပြထားသည့် Thitinan Pongsudhirak ၏ Authoritarianism is accelerating in Southeast Asia ကို ဘာသာပြန်သည်။ ၎င်းသည် နိုင်ငံတကာ နိုင်ငံရေးဘောဂဗေဒ သင်ကြားပေးနေသူ ဖြစ်ပြီး ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ်၏ လုံခြံရေးနှင့် နိုင်ငံတကာလေ့လာရေး သိပ္ပံကို ကြီးကြပ်သူ ဖြစ်သည်။)