ဆောင်းပါး

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ မြန်မာပြည် ပြန်မှာလား

Want create site? Find Free WordPress Themes and plugins.

အသက် ၇၁ နှစ်အရွယ် မွတ်ဆလင် လယ်သမားတယောက်ဖြစ်သည့် ဟာမစ်ဟူစိန်က ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပထမဆုံးအကြိမ် ထွက်ပြေးခဲ့သည်။ နောက်တနှစ်အကြာတွင် မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံကြားမှ ပြန်လည်လက်ခံရေး သဘောတူညီချက်တခုကြောင့် အိမ်ပြန်သွားခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာ လအတွင်းက ပဋိပက္ခများ နောက်တကြိမ် ပေါ်ပေါက်လာခဲ့အချိန်တွင် နောက်တကြိမ် ထွက်ပြေးလာခဲ့ရပြန်သည်။

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် မှ တာဝန်ရှိသူများ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တွေ့ဆုံ၍ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တပ် မတော်၏ စစ်ဆင်ရေးများကြောင့် ထွက်ပြေးခဲ့ကြသော ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ၆၅၀၀၀၀ ကျော်ကို ပြန်လည်လက်ခံရေး ၂ နှစ်အတွင်း အပြီးအစီး အကောင်အထည်ဖော်မည်ဆိုသည့် အစီအစဉ်ကို ရှေ့အပတ်တွင် စတင်တော့မည် ဟု ကြေညာသည်။

ယခုပြန်လည် အခြေချခြင်းက ယခင်တကြိမ်ကကဲ့သို့ပင် အမြဲတမ်း အတွက် မဟုတ်မည်ကို စိုးရိမ်ကြောင်း ပြောသူများထဲတွင် ဟာမစ်ဟူစိန်လည်း တယောက်အပါအဝင် ဖြစ်သည်။

“မြန်မာနိုင်ငံက ကျနော်တို့ ငြိမ်းချမ်းစွာ နေနိုင်မယ့် ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေက အခိုင်အမာပြောခဲ့တယ်” ဟု ဟာမစ်ဟူစိန်ကပြောသည်။ သူက ယခုအခါ ဘင်္ဂလားဒေ့ရှ် အရှေ့တောင် ဘက်ရှိ ဒုက္ခသည် စခန်းတခုတွင် နေထိုင်နေသည်။

“ကျနော်တို့ ပြန်သွားခဲ့တယ်။ ဒါပေမယ့် ဘာမှ မပြောင်းလဲခဲ့ဘူး။ တကယ်လို့ ကျနော်တို့ရဲ့ အခွင့်အရေးတွေနဲ့ လုံခြုံမှုက ထာဝရ ဖြစ်မယ်ကို အာမခံချက်ရမယ်ဆိုရရင် ကျနော် ပြန်သွားမယ်။”

မြန်မာနိုင်ငံက ရိုဟင်ဂျာ ခေါ် ဘင်္ဂလီတို့၏ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နှင့် ကျန်းမာရေး၊ ပညာရေးတို့ကဲ့သို့သော အခြေခံ ဝန်ဆောင်မှုများကို ငြင်းပယ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။

ပြန်လာသူများ အနေဖြင့် အကယ်၍ သူတို့၏ ဘိုးဘေးများက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား ပြသနိုင်မည် ဆိုလျှင် နိုင်ငံသား လျှောက်ထားနိုင်ကြောင်း အာဏာပိုင်များက ပြောသည်။ သို့သော်လည်း ၁၉၉၂ ခုနှစ် က ပြုလုပ်ခဲ့သော သဘောတူညီချက်ကဲ့သို့ နောင်ဆုံးသဘောတူညီချက်များတွင် နိုင်ငံသားဖြစ်ခွင့်ကို အာမခံချက် ပေးမထား ပါ။ နိုင်ငံသားဖြစ်ခွင့် အရည်အချင်းပြည့်မီသူ မည်မျှရှိလိမ့်မည် ဆိုသည်ကလည်း မရှင်းလင်းသေးပါ။

မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့ အစည်းအဝေးက နိုဝင်ဘာလ ပြန်လည်ပို့ဆောင်ရေး သဘောတူညီချက် ၏ အသေးစိတ်များကို အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသည့် ပူးတွဲ လုပ်ငန်း အဖွဲ့တခုအတွက် ပထမဆုံးဖြစ်ပါသည်။ အဖွဲ့တွင် ၂ နိုင်ငံ လုံးမှ အရပ်ဘက်ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည်။

ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သော ဘင်္ဂလားဒေ့ရှ့် ထိပ်တန်း အရာရှိ ၂ ဦးက ဖြေရှင်းရန် များစွာ ကျန်နေသေးကြောင်း နှင့် မည်သည့် အချိန်တွင် ပထမဆုံးဒုက္ခသည်များ ပြန်နိုင်မည် ဆိုသည်မှာ မသေချာသေးကြောင်း အသိအမှတ်ပြု ပြောကြား ခဲ့သည်။ အရေးကြီးသော ကိစ္စများထဲမှ တခုမှာ ပြန်လာသူများကို ပူးတွဲ စစ်ဆေးသတ်မှတ်ရာတွင် မည်သည့် နည်းလမ်း က အလုပ်ဖြစ်မည်ဆိုသည်ကို ဖော်ထုတ်ရေး ဖြစ်သည်ဟု သူတို့က ဆိုသည်။

“ပရမ်းပတာနဲ့ ရှုပ်ထွေးမှုတွေ ရှိပါတယ်။ စိန်ခေါ်မှုကတော့ သူတို့ ပြန်တဲ့နေရာမှာ အဆင်ပြေချောမွေ့ တဲ့ အခြေအနေတခု ဖန်တီးဖို့ပါ” ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိတဦး ဖြစ်သော ရှဟီဒူးဟိက်က ပြောသည်။

ပြန်လာသူများက စစ်ဆေးရေး လုပ်ငန်းစဉ်များကို ကျော်ဖြတ်နိုင်ခဲ့လျှင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်လိမ့်မည် ဖြစ် ကြောင်း မြန်မာ အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့သည့် ဟိန္ဒူဘာသာဝင် ၅၀၀ (ပြန်လည်ပို့ဆောင်ရန် သဘောတူညီမှုရရှိထားပြီး ဖြစ် သူ များ) နှင့် မွတ်ဆလင် ၅၀၀ ကို ပထမအသုတ် ပြန်လာသူများအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့ပြီး ဖြစ်သည်ဟု ဦးဇော်ဌေးက ထပ်ပြောသည်။

“ပထမဆုံး အသုတ်က အရေးကြီးပါတယ်။ အတွေ့အကြုံတွေကနေ ကောင်းတာ ဆိုးတာတွေ ကျနော်တို့ လေ့လာလို့ ရ ပါတယ်” ဟု သူက ဆိုသည်။

၂ နှစ်အတွင်း

မှတ်ပုံတင်ထားသည့် ဒုက္ခသည်များထဲမှ ကျပန်းရွေးချယ်ထားသော ဒုက္ခသည် ၁၀၀၀၀၀ ၏ စာရင်းကို မြန်မာ အာဏာပိုင် များသို့ ပေးခြင်းအားဖြင့် လုပ်ငန်းစဉ်ကို ယခုလ အတွင်းတွင် စတင်မည် ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောသည်။

မြန်မာ အာဏာပိုင်များက ထိုစာရင်းကို သူတို့ထံတွင် ရှိသော သြဂုတ်လ မတိုင်မီက နေထိုင်ခဲ့သူများ၏ မှတ်တမ်းနှင့် တိုက် ဆိုင် စစ်ဆေးမည်ဖြစ်သည်ဟု ရှဟီဒူးဟိက်က ပြောသည်။ ထို့နောက် အတည်ပြုပေးသူများကို သူတို့ ပြန်လိုစိတ် ရှိ/ မရှိ မေးမြန်းသွားမည် ဖြစ်သည်။

အထောက်အထား စာရွက်စာတမ်း မရှိသော ဒုက္ခသည်များကို စစ်ဆေးသတ်မှတ်ရန် သူတို့ပြန်ခွင့်အတွက် သက်သေ အထောက်အထားအဖြစ် လမ်းများ၊ ကျေးရွာများနှင့် သူတို့ ယခင်နေထိုင်ခဲ့သည့် အိမ်ဟောင်း အနီးမှ အထင်ကရ နေရာများကို မေးမြန်းသွားမည် ဖြစ်သည်ဟု ရှဟီဒူးဟိက်က ပြောသည်။

ပြန်လည်လက်ခံရေးကို ကြီးကြပ်ကွပ်ကဲရန် ဖွဲ့စည်းခဲ့သည့် မြန်မာ အေဂျင်စီတခုက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ် ပြန်ခဲ့သော ကြေညာချက်တစောင်၌ ပြန်လည်လက်ခံရေး နှင့် စစ်ဆေးရေး အတွက် ယာယီ စခန်း ၂ ခုနှင့် ပြန်လာသူများ အတွက် နေရာတခုကို တည်ထောင်ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စ၍ အဆိုပါ စခန်း ၂ ခုမှ တခုစီတွင် တနေ့လျှင် အနည်းဆုံး လူ ၁၅၀ လက်ခံစစ်ဆေးနိုင်ရန် အသင့်ရှိနေမည် ဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ယခုလ အစောပိုင်းတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နေထိုင်သူအဖြစ် သူတို့၏ ယုံကြည်လက်ခံနိုင်မှုကိုလည်း အာဏာပိုင်များက ပြန်လာသူများကို အကြမ်း ဖက်သမားများအဖြစ် သံသယရှိသူများ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်သည်ဟု သူက ပြောသည်။

နေပြည်တော် အစည်းအဝေးအပြီး ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်ကို ဇန်နဝါရီ ၂၃ ရက်တွင် စတင်မည်ဖြစ်ပြီး ၂ နှစ်အတွင်း ပြီးစီးအောင် ပြုလုပ်မည်ဟု ၂ နိုင်ငံကြား သဘောတူညီချက် ရခဲ့ပြီ ဖြစ်သော်လည်း အစီအစဉ်များနှင့် ပတ်သက်၍ သံသယရှိကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်း Cox’s Bazar တဝိုက်မှ ဒုက္ခသည်စခန်းများတွင် အကူအညီပေးနေသော ကုလသမဂ္ဂ အေဂျင်စီများက ပြောကြသည်။

လုပ်ငန်းစဉ်တွင် ကူညီပေးရန် သူတို့၏ ကမ်းလှမ်းမှုများကို ၂ နိုင်ငံလုံးက စိတ်မဝင်စားခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် International Organization for Migration တို့က ပြောကြသည်။

“ဒုက္ခသည်တွေ သူတို့ မူရင်းနေရာကို မိမိဆန္ဒအလျှောက် လုံခြုံစိတ်ချစွာ၊ ရေရှည်တည်တံ့စွာ ပြန်သွားနိုင်ရေးသေချာဖို့နဲ့ ပဋိပက္ခ ဖြစ်စေတဲ့ အခြေခံအကြောင်း တရားတွေကို ဖြေရှင်းရေးအတွက် နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီးလို အပ်ပါတယ်” ဟု Cox’s Bazar မှ UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သော Caroline Gluck က ပြောသည်။

၎င်းတို့ စစ်တမ်းကောက်ယူခဲ့သည့် ဒုက္ခသည်များက ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကြီးကြပ်ကွပ်ကဲရေးတွင် နိုင်ငံ တ ကာ အဖွဲ့အစည်းများပါဝင်မည်ဆိုသည့် အာမခံချက်နှင့် သူတို့ အိမ်ရှိရာနေရာများမှ လုံခြုံရေး အခြေအနေနှင့် ပတ်သက် သော သတင်းအချက်အလက်များ ပိုမိုရရှိရန် ဆန္ဒရှိနေကြကြောင်း UNHCR က ပြောသည်။

ဘယ်သူပြန်မလဲ

ဒုက္ခသည် အများအပြားက သူတို့မြန်မာနိုင်ငံသို့ ပြန်သွားချင်ကြောင်း ပြောခဲ့ကြသော်လည်း ရိုက်တာက တွေ့ဆုံမေးမြန်းခဲ့ သည့် လူ တဒါဇင်ကျော်ထဲမှ အများစုက ယခုအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်သွားရန် စိုးရွံ့နေကြောင်း ပြောကြသည်။

“ကျနော်ပြန်မသွားဘူး။ ဘယ်သူမှ ပြန်မသွားဘူး။ ကုလသမဂ္ဂရဲ့ ဘယ်လိုကြားဝင်ပေးမှုမှ မပါဘဲ ကျနော်တို့ ပြန်သွားရမှာ စိုးရိမ်ပါတယ်။ နောက်ပိုင်းကျရင် သူတို့က ကျနော်တို့ကို စွပ်စွဲနိုင်တယ်။ ကျနော်တို့ကို ဖမ်းဆီးနိုင်တယ်။ ကျနော်တို့က စစ်သွေးကြွတွေကို ကူညီနေတယ်လို့ သူတို့က စွပ်စွဲကောင်း စွပ်စွဲနိုင်တယ် ” ဟု အသက် ၃၇ နှစ် အရွယ် ဟာဖီဇူလာက ပြောသည်။

ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူ တဦးဖြစ်သည့် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး မင်းကြီး မိုဟာမက်အဘူကာလန်က ရိုဟင်ဂျာများ ပြန်သွားရန် တွန့်ဆုတ်နေခြင်းက ဖြေရှင်းရန် လိုအပ်သည့် ပြဿနာ တရပ် ဖြစ်သည်ဟု ပြောသည်။

ပြန်လည်ပို့ဆောင်ရေး အစီအစဉ်က ဒေါ်လာသန်းပေါင်းများစွာ ကုန်ကြလိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံကို အဓိက အထောက်အကူများ ပေးနေသည့် အလှူရှင် နိုင်ငံတခုဖြစ်သော ဂျပန်နိုင်ငံက ဒုက္ခသည်များ ပြန်သွားရေးအတွက် အမေရိကန်ဒေါ်လာ ၃ သန်း ခန့် အရေးပေါ်အကူအညီ အနေဖြင့် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

(ရိုက်တာ သတင်းထောက်များ ဖြစ်သော Krishna N. Das၊ Serajul Quadir နှင့် Simon Lewis တို့၏ Myanmar, Bangladesh meet amid doubts about Rohingya repatriation plan ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading