ဆောင်းပါး

အပျံသင်စ ငှက်ကလေးများ၏ စိတ်ကူး အိပ်မက်များ ကြွေပျက်မသွားစေချင်

Want create site? Find Free WordPress Themes and plugins.

“သမီးက တခြား ဘာမှတော့ မပြောဘူး။ ငိုပဲ ငိုနေတယ်။ တခါတခါကျောင်းပြန်တက်ချင်တယ် လို့တော့ ပူဆာတယ်” ဟု ဒေါ်သူသူမာက ပြောသည်။

အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသား ကလေးများ အိမ်ရှေ့က ဖြတ်သန်းသွားတိုင်း မျက်စိတဆုံး လိုက်ငေး ကြည့် ရင်း မျက်ရည် တသွင်သွင် စီးကျနေသည့် သမီးငယ်ကို မြင်တွေ့ရသည့် မိခင်ဖြစ်သူအဖို့ အလွန် စိတ်ထိခိုက်နေခဲ့ရ လေ သည်။

သမီးငယ်၏ စိတ်ကူးအိပ်မက်များ ရိုက်ချိုးခံလိုက်ရသည့် အတွက် ယူကျုံးမရ ဖြစ်ရသည်ဟုလည်း သူက ဆိုသည်။

အပျံသင်စ ငှက်ကလေး အရွယ်တွင် တောင်ပံ ရိုက်ချိုးခံလိုက်ရသည့် ဖြစ်ရပ်ဆိုးမျိုးကို ဒေါ်သူသူမာ (အမည်လွှဲ) တို့ မိသားစု မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသည်။

အသက် ၁၄ နှစ်ကျော်အရွယ် ၈ တန်းကျောင်းသူ သမီးငယ် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရခဲ့ကြောင်း ၂၀၁၇ ဇွန်လ ဆန်း ပိုင်း တွင် ဒေါ်သူသူမာ သိခဲ့ရခြင်း ဖြစ်သည်။

အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်ချိန်တွင် တခြားသော ကလေးများကဲ့သို့ ကျောင်းတက်ရန် စိတ်အား ထက်သန် နေသည့် သမီးငယ်သည် မထင်မှတ်ထားသော ကြမ္မာဆိုးကြောင့် ကျောင်းဆက်တက်ခွင့် မရတော့ပေ။

အသက် ၁၄ နှစ် ၆ လအရွယ်ရှိပြီ ဖြစ်သည့် သမီးငယ် နှစ်လသုံးလခန့် ဓမ္မတာမပေါ်သည်မှ အစပြု၍ ဒေါ်သူသူမာ တယောက် စိုးရိမ်စိတ်ဖြင့် သမီးငယ်ကို ဆီးစစ်ကြည့်ခဲ့ရာမှ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်သည် သက်ငယ်မုဒိမ်းမှု တတိယ အများဆုံးဖြစ်သည့် မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် အတွင်း ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးငယ်၏ မိခင်ဖြစ်သူက အကြောင်းစုံကို ပြန်လည် ပြောပြခဲ့ပါသည်။

“ကျောင်းနဲ့အိမ် ဘယ်မှမသွားတဲ့ သမီးကို အမေတယောက် အနေနဲ့ ဖွင့်ပြောဖို့ဆိုတာ စဉ်းစားကြည့်ပေါ့။ စစ်လိုက်လို့ ပေါ် လာရင် ငါ ခံနိုင်ရည်များ ရှိပါ့မလားလို့ စဉ်းစားရင်း မမေးလို့လည်း မရတော့ဘူး။ တလက နှစ်လ။ နှစ်လက သုံးလ ဆိုတော့” ဟု ဒေါ်သူသူမာက ပြောသည်။

သူ့ဘဝတွင် အစိုးရိမ်ဆုံးသော အရာကို ရင်ဆိုင်ကြုံတွေ့ရသော်လည်း အားတင်းပြီးဖြေရှင်းရန် ဆုံးဖြတ်ထားသည့် အတွက် သမီးငယ်ကို စော်ကားသူသည် လူပျိုဖြစ်ပါက ပေးစားရန်ပင် နောက်ဆုံး အချိန်အထိ သူတွေးနေခဲ့သည် ဟုလည်း ဆိုသည်။

သို့သော် သမီးဖြစ်သူ ထံမှ ဖြစ်ရပ်မှန်ကို သိရပြီးသည့်နောက် သမီးငယ်အတွက် သူ ဖြည်မဆည်နိုင် ဖြစ်ခဲ့ရသည်။

သမီး၏ ပြောပြချက်အရ ခြံခြင်းကပ်လျက် နေအိမ်မှ အမျိုးသားဖြစ်သူက ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိဘ များကို ပြန်မပြောရန် ခြိမ်းခြောက်ထား၍ မိဘများကို ပြန် မပြော ရဲခဲ့ခြင်း ဖြစ်ကြောင်း သူသိရသည်။

မိဘများဖြစ်သည့် ဒေါ်သူသူမာတို့ လင်မယား ၂ ယောက်သည် အလုပ်သွားနေရ၍ အိမ်တွင် အမြဲ ရှိမနေတတ်ပေ။

ကျူးလွန်သူအမျိုးသားတို့ မိသားစုသည် ၎င်းတို့အိမ်နား ပြောင်းရွှေ့လာသည်မှာ ၅ နှစ်ခန့် ရှိပြီဖြစ်ပြီး အသက် ၂၅ နှစ် အရွယ် ထိုအမျိုးသားတွင် ဇနီးမယား နှင့် ကလေးငယ်တဦး ရှိသည်။

ကျောင်းပိတ်ရက်များတွင် အိမ်နှင့်အလှမ်းဝေးသည့် အဘွားအိမ်သို့ တီဗွီကြည့်သွားချင်သည့် သမီးငယ်ကို စိတ်မချ၍ မလွှတ်ခဲ့ဘဲ အိမ်ချင်းကပ်လျက် အိမ်သို့သာ သွားကြည့်ခိုင်းခဲ့မိသည်။

“အရက် မသောက် မစားဘူး။ သူ့မိန်းမလေးနဲ့ သူပဲပေါ့။ ယုံစားတာပေါ့။ အိမ်လည်း နီးတယ်။ ကျမတို့ အလုပ် သွားတုန်း အိမ်မှာ တခုခုဖြစ်တယ်ဆိုလည်း သိနိုင်တယ်ပေါ့။ အဲဒီလိုယုံစားပြီး သွားခိုင်းမိတာ။ ဒီလိုလည်း မလုပ် လောက် ဘူး ထင်တာ” ဟု ဒေါ် သူသူမာက ပြောသည်။

တပတ်ခန့်အကြာတွင် သူ့မိခင်(အဘွား ဖြစ်သူ)ကို ပထမဆုံး ဖွင့်ပြောပြီးနောက် ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

သမီးကို ကျောင်း ထုတ်လိုက်ပြီး အိမ်တွင်နေလျှင် စိတ်အနှောင့်အယှက် ဖြစ်မည်စိုးရိမ်၍ အဘွားအိမ်သို့ ပို့ထား လိုက်သည်။

သမီးသည် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ထွားမှုကြောင့် မိန်းကလေးငယ် တဦးကဲ့သို့ ထင်ရသော်လည်း စိတ်ပိုင်း ဆိုင်ရာကမူ ကလေး စိတ် မကုန်သေးကြောင်း၊ ကိုယ်ဝန် ရရှိလာသည်ကိုလည်း သိနားလည်ခြင်း မရှိဘဲ ယခင်လို ကျောင်း ပြန် တက်ပြီး သူငယ်ချင်းများနှင့် သွားလာ ဆော့ကစားရန်သာ အာသီသ ရှိနေကြောင်း ဒေါ်သူသူမာက ပြောပြသည်။

သူ့အဖို့ သမီးငယ်၏ အနာဂတ်ရှေ့ရေးကို တွေးတော စဉ်းစားရင်း မအိပ်နိုင်မစားနိုင်နှင့် နေ့စဉ် မျက်ရည်ကျခဲ့ရပြီး တဖက်တွင်လည်း ဖခင်ဖြစ်သူကို စိတ်လိုက်မာန်ပါ မလုပ်မိစေရန် ဖြောင်းဖျ ပြောဆိုထားရသည်ဟုလည်း ဆိုသည်။

အမှုဖွင့်ပြီးခါစ ရက်များက ကျူးလွန်သူဘက်မှ ဆွေမျိုး အသိုင်းအဝိုင်းများ၏ စောင်းချိတ် ပြောဆိုမှုများ၊ မကြားဝံ့ မနာသာ ပြောဆိုမှုများကိုလည်း မကြားချင်ယောင် ဆောင်ခဲ့ရကြောင်း၊ ၎င်းတို့ အိမ်ရှေ့မှ ဖြတ်သန်း သွားလာသည့် အခါ ထိုသူများက တုတ်၊ ဓား တရမ်းရမ်း ပြုလုပ် သွားလာခြင်းများကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း ဒေါ်သူသူမာက ပြောပြသည်။

“ကလေးကကိုပဲ ဒီအိမ်ကို သွားတာကိုး လုပ်မှာပေါ့ ဆိုတာမျိုး မအေတယောက်ကို ကြားအောင် သူတို့အော်ပြောတဲ့ စကား ကျမအနေနဲ့ မကြားချင်ယောင်ပဲ ဆောင်၊ နားပိတ်ပြီး သူလည်း သူ့လမ်းသူ သွားမှာပဲ။ အဓိကက ငါ့သမီး ကျန်းမာ ဖို့ပဲ။ ဟိုတုန်းက ဝင်ထွက်နေတဲ့ သူတွေကလည်း အိုးတိုးအမ်းတမ်းတွေဖြစ်ပြီး မဝင်ကြ မပြောကြ မခေါ်ကြ တော့ဘူး။ ကျမတို့အနေနဲ့ ကတော့ ကိုယ့်သားသမီးဆိုတော့ ရင်ဆိုင်ရမှာပဲ” ဟုလည်း သူက ပြောသည်။

သမီး၏ ကိုယ်ဝန် ခြောက်လခန့် ရှိပြီမို့ ကလေးကို မဖြစ်ဖြစ်သည့်နည်းဖြင့် ရအောင်မွေးပေးရန် ဒေါ်သူသူမာက ဆုံးဖြတ် ထားသည်ဟု ဆိုသည်။

သို့သော် လင်ယူသားမွေး ရမည့်အရွယ် မဟုတ်သေးသည့် သမီးငယ်သည် မိခင်တဦးဖြစ်ရန် အချိန်စောလွန်း နေသေး သည်ဟုလည်း သူက ယုံကြည်နေသည်။

သူ့အနေဖြင့် သမီးငယ်ဖြစ်ချင်သည့် စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်ခွင့် ရစေချင်သေးသည်။ သမီးငယ် ၏ အနာဂတ် ဖြောင့်ဖြောင့်ဖြူးဖြူး ရှေ့ဆက်နိုင်ရန် မွေးလာသည့်ကလေးကို ကျွေးမွေး စောင့်ရှောက်နိုင်မည့် သူများကို ပေးမည်ဟု စိတ်ကူးထားကြောင်းလည်း သူ့ဆန္ဒကို ဖွင့်ဟ ပြောဆိုသည်။

အဆိုပါ သက်ငယ်မုဒိမ်း ကျူးလွန်သူကို မင်းဘူးခရိုင် တရားရုံးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ထောင်ဒဏ် အနှစ် ၂၀ ပြစ်ဒဏ်ချ မှတ်လိုက်ပြီဖြစ်ပြီး ထိုအမျိုးသား၏ မိသားစုဝင်များက အယူခံဝင်ရန် ကြိုးပမ်းလျက် ရှိကြောင်း ဒေါ်သူသူမာထံမှ သိရှိရသည်။

“ပြောရရင် ဒီလိုဖြစ်ဖူးတဲ့မိဘတိုင်းကို ထောင် နှစ် ၂၀ ကျပြီး ပြန်လာမှာလို့ ပြောကြည့်ပါလား။ ဘယ်မိဘမှ ကျေနပ်မှာ မဟုတ်ဘူး” ဟုလည်း သူက ဆိုသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှု အပါအဝင် မုဒိမ်းမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ပြစ်ဒဏ် ချမှတ်မှုများ ရှိလာသော်လည်း အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့် ကလေးငယ်များ၏ နောက်ဆက်တွဲ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ပြဿနာများအတွက် ဥပဒေ အကာအကွယ် ပေးမှုများကမူ လိုအပ်နေဆဲ ဖြစ်သည်။

ပြည်ထဲရေးဌာနက ထုတ်ပြန်သော စာရင်း အချက်အလက်များအရဆိုလျှင် သက်ငယ်မုဒိမ်းမှုများ တနှစ်ထက်တနှစ် ပိုမိုများ လာသည်ကို တွေ့ရှိရသည်။

၂၀၁၇ တနှစ်တည်းတွင်ပင် အသက် ၁၄ နှစ်မှ ၁၆ နှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုပေါင်း ၄၀၀ ကျော်ရှိသည့် အတွက် ဒေါ်သူသူမာ၏ သမီးငယ်ကဲ့သို့သော အချိန်မတန်ခင် ခူးခြွေ ခံခဲ့ရသည့် ပန်းကလေးများ မည်မျှရှိနေမည် နည်း။

ငယ်ငယ် ရွယ်ရွယ်နှင့် မိခင်တာဝန် ထမ်းဆောင်ရမည့် မိန်းကလေးငယ်နှင့် မွေးဖွားလာမည့် ကလေးငယ် တို့၏ အနာဂတ် ရပ်တည်မှုအတွက် စိန်ခေါ်မှုများစွာ ရှိနေပါသည်။

ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် သက်ငယ် မုဒိမ်းမှုဟူသည် အလွန်စက်ဆုပ်ဖွယ် ကောင်းပြီး လူ့အဖွဲ့အစည်းကို အကျည်းတန် အရုပ်ဆိုးစေသည့် ရာဇဝတ်မှု ဖြစ်သောကြောင့် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးရန် လိုအပ်ပေသည်။

ကျူးလွန်ခံရသူ အမျိုးသမီးငယ်နှင့် မွေးဖွားလာမည့် ကလေးငယ်တို့၏ အနာဂတ် အဆင်ပြေချောမွေ့စွာ ရှင်သန် ရပ်တည်နိုင်ရေး သည်လည်း အရေးကြီးသည်ဖြစ်၍ ထည့်သွင်း စဉ်းစား ဆောင်ရွက်ပေးရန် လိုအပ်လှပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading