ကျန်းမာရေး မကောင်းသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီမှာ တာဝန် ၂၁ လ ထမ်းဆောင်ပြီးတဲ့နောက် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်သည်။ ဝန်ကြီးချုပ် မန်းဂျော်နီ နှုတ်ထွက်ခဲ့သည့်အတွက် မန်းဂျော်နီနေရာကို မည်သူက ဝန်ကြီးချုပ်အဖြစ် ဆက်ခံပြီး ဧရာဝတီတိုင်းအစိုးရ အဖွဲ့ကို ဦးဆောင်သွားမလဲဆိုတာ နိုင်ငံရေးအသိုင်းအဝိုင်းနှင့် ဧရာဝတီတိုင်းအတွင်းက ပြည်သူများ အထူး စိတ်ဝင်စားနေကြသည်။
ဝန်ကြီးချုပ်သစ် အမည်စာရင်း ကြေညာရန် ဇန်နဝါရီ ၁၅ ရက်နေ့က ခေါ်ယူခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈) ကို ကျင်းပရန် လွှတ်တော် ကိုယ်စားလှယ်များအားလုံး ခန်းမအတွင်း နေရာယူပြီးကာမှ နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးချုပ် အမည်စာရင်း မပို့သေးသည့်အတွက် လွှတ်တော် အထူးအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ကြေညာခဲ့သည်။
ထိုသို့ ရွှေ့ဆိုင်းခဲ့သည့်အနေအထားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်သစ် ခန့်အပ်မည့်သူ ရွေးချယ်ရန် အခက်တွေ့နေခြင်းလား၊ ဝန်ကြီးချုပ် ခန့်အပ်ရန် အစပထမ ရွေးချယ်ထားသူအမည်ကို ပြင်ဆင်ပြောင်းလဲလို၍ အချိန်ရွှေ့ဆိုင်းလိုက်ခြင်းလား၊ ဒါမှမဟုတ် ဝန်ကြီးချုပ်အသစ်ခန့်ဖို့ ပါတီထိပ်ပိုင်းတွင် အာဏာလွန်ဆွဲပွဲများ ဖြစ်ပေါ်နေသလားဟု နိုင်ငံရေးအသိုင်းအဝိုင်းက တွေးဆနေကြပြီး ဧရာဝတီတိုင်းပြည်သူများအကြား ဝန်ကြီးချုပ်သစ် ဘယ်သူ ဖြစ်မလဲဆိုတာ ပို၍ စိတ်ဝင်စားမှု မြင့်တက်သွားစေခဲ့သည်။
NLD ပါတီအသိုင်းအဝိုင်းထံမှ လတ်တလော ထွက်ပေါ်နေသည့် သတင်းများအရ ဝန်ကြီးချုပ်ဖြစ်မည်ဟု ရေပန်းစားနေသူ ၄ ဦး ရှိသည်။ လက်ရှိ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ ဝါးခယ်မမြို့နယ် အမှတ် – ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းနှင့် မြန်အောင်မြို့နယ် အမှတ် – ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှမိုးအောင်တို့ ဖြစ်သည်။
လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှာ အင်္ဂပူမြို့နယ် အမှတ် – ၁ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်၌ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ကို အနိုင်ရပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခြင်း ခံရသူဖြစ်သည်။ ဥပဒေဘွဲ့နှင့် ကျောင်းပြီးထားသူ အသက် ၅၉ နှစ်အရွယ်ရှိသည့် ဦးအောင်ကျော်ခိုင်မှာ မာန်မာနမရှိ၊ မောက်မာထောင်လွှားခြင်းမရှိဘဲ အေးချမ်းစွာ ပြောဆိုဆက်ဆံတတ်သူ အဖြစ် လွှတ်တော်နှင့် တိုင်းအစိုးရအသိုင်းအဝိုင်းက လက်ခံထားကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်ခဲ့သော ဧရာဝတီတိုင်းလွှတ်တော်ကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက လွှဲပြောင်းတာဝန်ယူခဲ့သည့် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီအား အစိုးရသက်တမ်း ၂၁ လအတွင်း၌ လွှတ်တော်အတွင်း အပြင်းအထန် ဖိအားပေးမှုများ မပြုလုပ်ခဲ့ဘဲ ထက်မြက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧရာဝတီတိုင်းအစိုးရကြား ပွတ်တိုက်မှုများ မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့သူဖြစ်သည်ဟု ဧရာဝတီတိုင်း လွှတ်တော်ကို လေ့လာစောင့်ကြည်သူများက အကဲဖြတ်ပြောဆိုကြသည်။
ထို့ကြောင့် လွှတ်တော်နှင့် တိုင်းအစိုးရတို့တွင် ထိတွေ့ဆောင်ရွက်မှုများရှိနေသည့် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် ဝန်ကြီးချုပ်ဖြစ်မည်ဟု ရေပန်းစားနေပြီး ဦးအောင်ကျော်ခိုင် နောက်တွင် ဒုတိယ လိုက်နေသူက လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး ဖြစ်သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ရေကြည်မြို့နယ် အမှတ် – ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံကာ အနိုင်ရပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် ဒေါက်တာ လှမြတ်သွေးမှာ ကြံ့ခိုင်ရေးပါတီ ဦးဆောင်သည့် ပထမအကြိမ် ဧရာဝတီတိုင်းလွှတ်တော်သက်တမ်း၌ တာဝန်ထမ်းဆောင်ခဲ့သည့် တဦးတည်းသော NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
ဒေါက်တာ လှမြတ်သွေးမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရေကြည်မြို့နယ်၌ ထပ်မံအနိုင်ရခဲ့ပြီး ဧရာဝတီတိုင်းအစိုးရအဖွဲ့သစ် မဖွဲ့စည်းမီ အချိန်တုန်းကလည်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု သတင်းထွက်ခဲ့သူ ဖြစ်သည်။ တကယ်တမ်း အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာချိန်တွင် မန်းဂျော်နီက ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဒေါက်တာ လှမြတ်သွေးကို လူမှုရေးဝန်ကြီးအဖြစ် NLD ပါတီက တာဝန်ပေးအပ်ခဲ့သည်။
ယခုလက်ရှိ ဝန်ကြီးချုပ် မန်းဂျော်နီ နှုတ်ထွက်သွားချိန်တွင် ဧရာဝတီတိုင်းလွှတ်တော်သက်တမ်း ၂ ရပ် တာဝန်ထမ်းဆောင်သည့် တစ်ဦးတည်းသော လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးမှာ ဝန်ကြီးချုပ်ဖြစ်မည်ဟု ရေပန်းစားသူစာရင်းထဲ ပါဝင်လာခဲ့သည်။
ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခြင်း ခံရသူ နောက်ထပ်တဦးက ဝါးခယ်မမြို့နယ် အမှတ် – ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ဖြစ်သည်။ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အင်းစိန်ထောင်နှင့် ကသာထောင်များတွင် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရသော နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သည့် ဒေါ်မြင့်မြင့်စန်းမှာ ၂၀၁၂ ခုနှစ်ကပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲတွင်အနိုင်ရပြီး ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝါးခယ်မမြို့နယ်၊ ပြည်သူ့လွှတ်တော်မှ ဝါးခယ်မမြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမှတ် – ၂ မဲဆန္ဒနယ်သို့ ပြောင်းလဲယှဉ်ပြိုင်အနိုင်ရခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။
ဧရာဝတီတိုင်းလွှတ်တော်တွင် ပြည်သူ့လွှတ်တော်မှ တိုင်းဒေသကြီးလွှတ်တော်သို့ ပြောင်းလဲယှဉ်ပြိုင်ကာ ကိုယ်စားလှယ်ဖြစ်လာခဲ့သူ ၂ ဦးရှိသည်။ အဆိုပါ ကိုယ်စားလှယ် ၂ ဦးမှာ ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် မန်းဂျော်နီနှင့် ဒေါ်မြင့်မြင့်စန်းဖြစ်သည်။ လွှတ်တော်အတွင်း ထက်မြက်သည့် တင်ပြချက်များ ဆောင်ရွက်နိုင်ခြင်း၊ ပြည်သူ့လွှတ်တော်မှ တိုင်းဒေသကြီးလွှတ်တော်သို့ ပြောင်းလဲယှဉ်ပြိုင်ခဲ့သူဖြစ်ခြင်းနှင့် ပါတီတွင်း နိုင်ငံရေးဖြတ်သန်းမှုများကြောင့် ဒေါ်မြင့်မြင့်စန်းကို ဝန်ကြီးချုပ်ဖြစ်မည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက ထင်ကြေးပေးနေကြသည်။
ဝန်ကြီးချုပ်ဖြစ်မည်ဟု ရေပန်းစားသည့်စာရင်းတွင် အံ့သြဖွယ် ပါဝင်လာသူက မြန်အောင်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှမိုးအောင်ဖြစ်သည်။ သူက ဧရာဝတီတိုင်း နိုင်ငံရေး လောကတွင် လူသိများထင်ရှားသူတဦး မဟုတ်ချေ။ စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရတစ်ဦးဖြစ်ပြီး အသက် ၅၆ နှစ် အရွယ်ရှိပြီဖြစ်သည့် ဦးလှမိုးအောင်မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရကာ အမတ်ဖြစ်လာခဲ့သူ ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် သယံဇာတရေးရာကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသူ ဖြစ်သည်။
NLD ပါတီနှင့် နီးစပ်သည့် ခိုင်မာသော သတင်းရင်းမြစ်များက အဆိုပါ ၄ ဦးထဲမှ ၁ ဦး ဝန်ကြီးချုပ် ကျိန်းသေဖြစ်မည်ဟု ဧရာဝတီကို ပြောဆိုကြသည်။ ဝန်ကြီးချုပ် မန်းဂျော်နီအလွန် ဧရာဝတီတိုင်း၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာမည့် ပုဂ္ဂိုလ် ဘယ်သူလဲဆိုတာ မနက်ဖြန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၈ တွင် ကြေညာသွားမည် ဖြစ်သည်။
“နိုင်ငံတော်သမ္မတရုံးက ပေးပို့တဲ့အမည်စာရင်း ကျနော်တို့ ဧရာဝတီတိုင်းလွှတ်တော်ကို ရောက်ရှိနေပါပြီ။ လွှတ်တော်အထူးအစည်းအဝေးကို ကျနော်တို့ ကြေညာထားတဲ့ အစီအစဉ်အတိုင်း ကျင်းပသွားမှာ ဖြစ်ပြီး ဝန်ကြီးချုပ် အမည်စာရင်းကိုလည်း ကြေညာဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်းအောင်က ဧရာဝတီကို ပြောသည်။
ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီအနေဖြင့် စီမံခန့်ခွဲအုပ်ချုပ်မှု အားနည်းခဲ့သည့်အတွက် ၎င်းတာဝန်ယူခဲ့သည့် ၂၁ လ ကာလအတွင်း လယ်ယာမြေ ပြဿနာများ ထိရောက်စွာ မဖြေရှင်းနိုင်ခြင်း၊ အစိုးရဌာနဆိုင်ရာများ၏ အကျင့်ပျက်ခြစားမှုများကို ထိရောက်စွာ အရေးယူ ဟန့်တားမှုများ မပြုလုပ်နိုင်ခြင်း၊ အောက်ခြေရပ်ကျေး အဆင့်များတွင် တရားဥပဒေစိုးမိုးမှု အားနည်းလာသည့်အတွက် ဒုစရိုက်နှင့် လောင်းကစားလုပ်ငန်းများ ပြန်လည်များပြားလာခြင်း၊ ဥပဒေမဲ့ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက အစိုးရ၏အမိန့်ကို မလိုက်နာဘဲ ဖီဆန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက် အဖွဲ့အစည်း များက ပြောသည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ အသစ်ခန့်အပ်မည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာ ထက်မြက်ပြီး ဒေသတွင်း ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရဲသူ ဖြစ်စေလိုကြောင်း၊ ပါတီအတွက်သာ မဟုတ်ဘဲ တိုင်းဒေသကြီးအတွက် ဦးစားပေး လုပ်ကိုင်ဆောင်ရွက်မည့်သူ ဖြစ်စေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။
“ဝန်ကြီးချုပ်အသစ်ကိုတော့ တတိုင်းလုံးကို ခြုံငုံသုံးသပ်နိုင်သူ၊ ထက်မြက်ပြီး ဒေသတွင်း ပြဿနာတွေကို ဖြေရှင်းနိုင်သူ၊ ဖြေရှင်းရဲသူ၊ ဖြေရှင်းတတ်သူမျိုး ဖြစ်စေချင်တယ်။ ပြည်သူအတွက် အမှန်တကယ် အလုပ်လုပ်ပြီး အရည်အချင်းရှိတဲ့ အတွေ့အကြုံရင့်ကျက်သူမျိုး ဖြစ်စေချင်ပါတယ်။ ဒါမှသာ ကျနော်တို့ ဧရာဝတီတိုင်း တိုးတက်လိမ့်မယ်”ဟု ပုသိမ်မြို့အခြေစိုက် မြစ်ဝကျွန်းပေါ် ကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောသည်။
ပဒုမ္မာ လူမှုဘဝတိုးတက်ရေးအဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးမြင့်ဌေးကလည်း “ကျနော်တို့အနေနဲ့ကတော့ ဝန်ကြီးချုပ်သစ်ကို အဘက်ဘက်က ယိုယွင်းနိမ့်ကျနေတဲ့ ဧရာဝတီတိုင်းရဲ့စီးပွားရေး ပေါ်လစီကို ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်တဲ့သူ ဖြစ်စေချင်တယ်။ ပြီးတော့ ပြည်ထောင်စုကနေ တိုင်းဒေသကြီး အဆင့်ကို ခွဲဝေပေးအပ်ထားတဲ့ အခွင့်အာဏာ၊ လုပ်ပိုင်ခွင့်တွေကို အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်သူမျိုး ဖြစ်စေချင်တယ်”ဟု ပြောသည်။