ဆောင်းပါး

၂၀၁၈ ကလည်း ငြိမ်းချမ်းရေးနှစ် ဖြစ်နိုင်မှာလား

Want create site? Find Free WordPress Themes and plugins.

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ ခေါ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံက ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ လက်နက်ကိုင် ပဋိပက္ခတွေ အများအပြား ဖြစ်ခဲ့သလို ဗုံးဒဏ်ခံရတဲ့ အိမ်တွေကို စွန့်ခွာပြေးပြီး စစ်ဘေးရှောင် စခန်းတွေကို အသစ်ရောက်လာသူတွေ၊ မိုင်းထိလို့ သွေးသံရဲရဲနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေ၊ အသက် ဆုံးရှုံးရသူတွေ၊ တပ်စခန်းတွေနဲ့ ရဲဘော်ရဲဘက်တွေကို တိုက်ပွဲတွေကြားမှာ ဆုံးရှုံးလို့ နာကျည်း နေသူတွေ ကြားမှာ ၂၀၁၇ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် မဖြစ်ခဲ့ပါဘူး။

၂၀၁၈ ခုနှစ်သည်လည်း ငြိမ်းချမ်းရေးနှစ် ဖြစ်လာနိုင်မလားဆိုတာကို စူးစမ်းတဲ့အခါ နှစ်အစ ဇန်နဝါရီလမှာတင် မပြေလည်မှုတွေနဲ့ စတင်ခဲ့ရပြီး အစိုးရဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောဆိုတာတွေ မရှိ တာကြောင့် သုံးသပ်ဖို့ ခက်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။
၂၀၁၈ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်မဖြစ် ဆိုတာ မသေချာပေမယ့် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေကြား တိုက်ပွဲတွေ၊ မပြေလည်မှုတွေနဲ့စတင် လာခဲ့တဲ့ အခြေအနေ ရှိနေပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးသံတွေ တိတ်နေဆဲ မြောက်ပိုင်းဒေသ

မြန်မာပြည် မြောက်ပိုင်းဒေသဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း နှစ်သစ်ရဲ့ ပထမဆုံးလ ဇန်နဝါရီလ အတွင်းမှာပဲ စပြီး တိုက်ပွဲတွေ ဖြစ်ပွားနေသလို တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြားမှာလည်း စစ်ရေး အခြေအနေတွေ တင်းမာနေဆဲပါ။

နှစ်စ ဇန်နဝါရီလ ၄ရက်မှာပဲ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ အရေးကြီး တဲ့ စခန်း ၄ခုနဲ့ ရှေ့တန်းစခန်း ၁၈ ခုကို တပ်မတော်က သိမ်းပိုက်ယူနိုင်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သိမ်းပိုက်ခဲ့တဲ့ တပ်စခန်းတွေက မြန်မာ့အဖိုးတန်သယံဇာတနဲ့ သစ်တွေကို KIA က တရုတ်နိုင်ငံကို တရားမဝင်ပို့နေတဲ့ စခန်းတွေ ဖြစ်တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဇန်နဝါရီလ ၁ ရက်ကနေ ၁၆ ရက်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက် ၁၄ ခု ရှိခဲ့ပါတယ်။

အဲဒီ ထုတ်ပြန်ချက်တွေထဲက ၇ ခုကတော့ KIA ရဲ့ တပ်စခန်း ၂၀ ကျော်ကို သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ KIA က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာ ရကြတယ်ဆိုတဲ့ သတင်းတွေ ဖြစ် ပါ တယ်။

ကျန် သတင်းထုတ်ပြန်ချက် ၇ ခုကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မိုင်းတွေ တွေ့ရှိတဲ့ သတင်းတွေ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တပ်ဖွဲ့ဝင်တွေကို တပ်မတော်က ပစ်ခတ် ဖမ်းဆီးခဲ့တဲ့ သတင်းတွေပါ။

KIA ရဲ့ သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIA နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်း ထုတ်ပြန်ချက်တွေမှာ တချို့အချက်တွေ မှန်ပေမယ့် သတင်းအမှားတွေလည်း အများအပြားပါနေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး၊ ယုံကြည်မှု တည်ဆောက်ရေးမှာ ထိခိုက်စေတယ်လို့ ပြောပါတယ်။

အစိုးရ၊ တပ်မတော်တို့်နဲ့ KIA ကြား ၂၀၁၆ ခုနှစ်က စပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ ပြတ်တောက်သွားခဲ့တာ ယနေ့အထိ ပြန်လည်တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။
KIA က ၎င်း အပါအဝင် မြောက်ပိုင်း အဖွဲ့ ၇ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) အနေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ အစိုးရကို တောင်းဆိုထားပေမယ့် FPNCC ကို အစိုးရဘက်က လက်ခံ ဆွေးနွေးတာ မရှိသေးပါဘူး။

FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ ရက္ခိုင့် တပ်မတော် (AA) တို့နဲ့လည်း တပ်မတော်က စစ်ရေးတင်းမာမှုတွေ ရှိနေဆဲပါ။

အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်က FPNCC အဖွဲ့ဝင် အဖွဲ့များကို သီးသန့်စီ တွေ့ဆုံဖို့ ၂၀၁၇ ခုနှစ်အတွင်းမှာ ကမ်းလှမ်း တာတွေ ရှိခဲ့ပေမယ့် FPNCC အဖွဲ့ဝင်တွေကတော့ တစုတစည်းတည်း တွေ့ပြီး အပစ်အခတ် ရပ်စဲရေး စာချုပ်သစ်တခု ချုပ်ဆိုဖို့ ဆွေးနွေးချင်တာလို့ ဆိုထားပါတယ်။

FPNCC ကို KIA၊ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား တပ်ဖွဲ့ (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် တပ်ဖွဲ့ (MNDAA)၊ TNLA၊ SSPP/SSA၊ AA တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်ကလည်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ UWSA ခေါင်းဆောင်တချို့နဲ့ KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ကို တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်က လာရောက် တွေ့ဆုံပြီး ငြိမ်းချမ်းရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

မစ္စတာ ဆွန်ကော့ရှန်နဲ့ တွေ့ဆုံမှုအပြီးမှာ UWSA ခေါင်းဆောင်အချို့ကို အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်က လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ဗိုလ်ချုပ်ကြီး အင်ဘန်လကိုတော့ တွေ့ဆုံခြင်း မရှိပါဘူး။

တပ်မတော်ကလည်း FPNCC အဖွဲ့ဝင်တွေထဲက MNDAA၊ TNLA နဲ့ AA တို့ကို အကြမ်းဖက် သောင်းကျန်းသူတွေ လို့ သတ်မှတ်ထားပြီး ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဘူးလို့ ပြောဆိုထားပါတယ်။ FPNCC အဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ သဘောထားကို ပြောဆို ထားတာတော့ မရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကလည်း FPNCCနဲ့ ပတ်သက်ပြီး သဘောထား တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ယခုလပိုင်းအတွင်းမှာ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေကို ဆက်သွယ်ပြီး FPNCC နဲ့ တွေ့ဆုံရန် ရှိ မရှိ မေးမြန်းရာ မှာ အတိအကျ ဖြေဆိုခြင်း မရှိကြပါဘူး။

အပစ်ရပ်စာချုပ် ၂ နှစ်ပြည့် အခမ်းအနားအပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ မှတ်တမ်းဓာတ်ပုံရိုက်စဉ် / မျိုးမင်းစိုး / ဧရာဝတီ

UNFC ကလည်း NCA ထိုးဖို့ ညှိနှိုင်း နေရဆဲ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကလည်း အစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) လက်မှတ်ထိုးဖို့ အဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

UNFC က တောင်းဆိုထားတဲ့ အချက် ၉ ချက်အနက် NCA လက်မှတ်ထိုးပြီးတာနဲ့ နှစ်ဖက်တပ်ဖွဲ့များက အပစ်အခတ် ရပ်စဲရေး ကြေညာခြင်း၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို သဘောတူညီ ထားတယ်လို့ သိရပါတယ်။

NCA ထိုးပြီးနောက် မပြေလည်တဲ့ ပြဿနာတွေ ရှိပါက ဖြေရှင်းပေးရမယ့် အချက်တွေ ညှိနှိုင်းဖို့ ကျန်ရှိနေတယ်လို့ လည်း UNFC နဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်များက ဆိုပါတယ်။

ဖြေရှင်းပေးမယ့် ကော်မရှင်တွေမှာ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေ ထည့်သွင်းဖို့ ဆိုတဲ့ အချက်နဲ့ NCA မထိုးခင်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုဆိုင်ရာ မူဘောင် အပါအဝင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ တပ်ပိုင်း ဆိုင်ရာ ကျင့်ဝတ် (COC)၊ စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (TOR) နဲ့ တပ်နေရာ ပြန်လည်ချထားရေး တို့ကို ကြိုတင် သဘောတူညီမှု ရယူဖို့ ဆိုတဲ့ အချက်တွေ ညှိနှိုင်းဖို့ ကျန်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာ မူဘောင်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ COC၊ TOR နဲ့ တပ်နေရာ ပြန်လည် ချထားရေးတို့မှာ NCA စာချုပ်အရ NCA လက်မှတ်ထိုးပြီးမှသာ အဆင့်ဆင့် ရေးဆွဲရမှာ ဖြစ်ပါ တယ်။

UNFC က ဆွေးနွေးဖို့ ကျန်နေတဲ့ အချက်တွေကို ညှိနှိုင်းဖို့အတွက်လည်း နိုင်ငံတော်အတိုင်ပင်ခံ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို တွေ့ဆုံပေးဖို့တောင်းဆိုထားပါတယ်။

UNFC မှာ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ပါဝင်ကြပါတယ်။

NCA ရေးထိုးနိုင်ဖို့ ဆွေးနွေးနေဆဲ ကာလ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ကယားပြည်နယ် လွိုင်ကော်မြို့နယ် ပါလောင်း ကျေးရွာနဲ့ ဒေါတခြား ကျေးရွာ ကြားက KNPP ရဲ့ ယာယီ စစ်ဆေးရေး ဂိတ်မှာ စောင့်ကြပ်နေတဲ့ ရဲဘော် ၄ ဦး ကို တပ်မတော်က ဖမ်းဆီးပြီး သတ်ဖြတ် လိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ရဲဘော် ၄ ဦး အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကြောင့် NCA လက်မှတ်ထိုးရေး အဖွဲ့အစည်းတွင်း စည်းရုံးဖို့ ခက်ခဲတဲ့ အခြေ အနေ ဖြစ်သွားတယ်လို့ KNPP အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဆိုပါတယ်။

UNFC က NCA ရေးထိုးနိုင်ရေး အတွက် နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှ အဖြေရှာသွားမယ်လို့ ဇန်နဝါရီလ ၆ ရက်ကနေ ၈ ရက်ထိ ကျင်းပတဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီ (တိုးချဲ့) အစည်းအဝေးမှာ သဘောတူထားကြပါတယ်။

အပစ်ရပ် ၈ ဖွဲ့ကလည်း အခက်အခဲတွေနဲ့

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင် တဦးအနေနဲ့ ပါဝင်နေတဲ့ ဒေါ်စောမြရာဇာလင်း ကတော့ အပစ်ရပ်ထားပြီး နိုင်ငံရေး ဆွေးနွေးဖို့ သွားနေ တဲ့ ငြိမ်းချမ်းရေး လမ်းခရီးမှာ အစိုးရနဲ့ တပ်မတော်ရဲ့ လုပ်ကိုင်ပုံတွေကို အားမရသလို ဖြစ်မိတယ်လို့ ဆိုပါတယ်။

အဲဒီ အပြင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ကို အစိုးရက ခွဲခြား ဆက်ဆံနေတယ်လို့လည်း သူက ပြောပါ တယ်။

ဒေါ်စောမြရာဇာလင်းက အစိုးရနဲ့ NCA လက်မှတ် ရေးထိုးထားတာ ၂နှစ်နဲ့ ၃လကျော်ပြီဖြစ်တဲ့ ရခိုင် တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်တဲ့ ALP ရဲ့ ဗဟို ကော်မတီဝင် တဦး ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင် နေသူလည်း ဖြစ်ပါတယ်။

“ကျမတို့ဘက်က ခံစားရတာက မသိကျိုးကျွံ ပြုခံရတယ်။ လျစ်လျူရှုမှုက အများကြီး ရှိနေပါတယ်။ အစိုးရတရပ် အနေ နဲ့ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အစိုးရတရပ်ဟာ သာတူညီမျှ ရှိရမယ်”လို့ ဒေါ်စောမြရာဇာလင်းက ဆိုပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ အစည်းအဝေး ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ကျင်းပ ပြီးသွား တာတောင်မှ ရခိုင်ပြည်နယ်မှာ လူထုနဲ့ တွေ့ဆုံစည်းဝေးပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ အစိုးရက ခွင့်မပြုတဲ့ အပေါ်မှာ ဒေါ်စောမြရာဇာလင်းက ဝေဖန်နေတာပါ။

NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့အနက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ဖို့ အစိုးရဆီက ခွင့်ပြုချက် မရတာကလည်း ALP တဖွဲ့တည်း ဖြစ်နေပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ဟာ ဘင်္ဂါလီ အရေး ကိစ္စတွေနဲ့ ထိလွယ် ရှလွယ် ဧရိယာ ဖြစ်နေတာကြောင့် ALP နဲ့ ရခိုင်လူထု တွေ့ဆုံ ဆွေးနွေးရမယ့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆိုင်းငံ့ထားဖို့ ၂၀၁၇ ခုနှစ်အတွင်းက ပြောဆိုထားတာပါ။

ဒေါ်စောမြရာဇာလင်း က“ကျမတို့ အလုပ်လုပ်မှာက ဘူးသီးတောင်၊ မောင်တောမှာ သွားလုပ်မှာ မဟုတ်ဘူး။ ရခိုင်ကို အကြောင်းပြပြီး ရခိုင်ပြည်ရဲ့ အစိတ်အပိုင်းဟာဆိုရင် ရခိုင်ပြည်သက်သက် နဲ့ ဆိုင်တာမှ မဟုတ်တာ။ မြန်မာ တနိုင်ငံ လုံးနဲ့ ဆိုင်တယ်ဆိုတော့ ခွင့်မပြုရင် မြန်မာတနိုင်ငံလုံးမှာ မပြုနဲ့ပေါ့။ ရခိုင် အရေးအခင်းဆိုပြီး ရခိုင်ကို ခွင့်မပြုဘူး ဆိုတာ ကတော့ မဖြစ်သင့်ဘူး”လို့လည်း ပြောပါတယ်။

ALP က နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော် အကြီးအကဲတွေကို တွေ့ဆုံ ဆွေးနွေးဖို့ စာပို့ တောင်းဆို ခဲ့ပေမယ့် လည်း အကြောင်းပြန်စာ မရရှိခဲ့ဘူးလို့ သိရပါတယ်။

NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက သက်ဆိုင်ရာ ပြည်နယ်တွေမှာ လူထု၊ နိုင်ငံရေး ပါတီ၊ ပြည်နယ် အစိုးရ၊ တပ်မတော် တို့နဲ့ ပူးပေါင်းပြီး မိမိလူမျိုးတို့ရဲ့ လိုအပ်ချက်တွေကို ဆွေးနွေးကာ ဆွေးနွေးချက် ရလဒ် တွေကို ပြည်ထောင်စု အဆင့်ဖြစ်တဲ့ ၂၁ ရာစု ပင်လုံ အစည်းအဝေးဆီကို ယူဆောင်လာရမှာ ဖြစ်ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မကျင်းပနိုင်သူတွေက မိမိလူမျိုး ပြည်သူလူထုရဲ့ သဘောထားတွေ ဆွေးနွေးချက်တွေ မရှိတာကြောင့် ပြည်ထောင်စု အဆင့်မှာလည်း မိမိလူမျိုးကို အခြေပြုတဲ့ အချက်တွေ ဆွေးနွေးစရာ မရှိကြပါဘူး။

ALP လိုပဲ လူထု တွေ့ဆုံပွဲတွေ တားမြစ် ခံရတာကတော့ NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့ ဖြစ်ပါတယ်။

RCSS/SSA က အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနဲ့ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် အရာရှိတွေ ပါဝင်တဲ့ NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကနေ ခွင့်ပြု ချက် ရရှိခဲ့ပေမယ့် လက်တွေ့ လူထုနဲ့ လိုက်လံ တွေ့ဆုံချိန်မှာတော့ တပ်မတော်ဘက်က တပ်အင်အားတွေနဲ့ ဝင်ရောက် လာပြီး တားမြစ်တာမျိုးတွေ ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီး၊ ပင်လုံ၊ ကာလိ၊ တာချီလိတ် နဲ့ ကျောက်မဲမြို့တွေမှာ လူထု နဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်ချိန်မှာ တပ်မတော် တပ်ဖွဲ့တွေက ဆွေးနွေးပွဲတွေကို မလုပ်ဖို့ လူထုနဲ့ တွေ့ဆုံတာတွေကို ရပ်ဆိုင်းဖို့ တားမြစ်ခဲ့တာပါ။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ခွင့်ပြုချက် ရရှိပြီးသားဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထု တွေ့ဆုံပွဲတွေကို တပ်မတော်က လိုက်လံတားမြစ်နေတဲ့ အပေါ် ဖြေရှင်းပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ကို စာပို့အကြောင်းကြားပေမယ့် ပြန်စာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

RCSS ရဲ့ အတွင်းရေးမှူး တဦးကလည်း နေပြည်တော်နဲ့ ရန်ကုန်မြို့ကို ရောက်လာပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်တဲ့ အဖြေ မရရှိခဲ့ဘူးလို့ သိရပါတယ်။
ရှမ်း လူထုရဲ့ အသံတွေကို ရယူခွင့် မရှိတော့တာကြောင့် RCSS ရဲ့ ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့် ဆွေးနွေးပွဲ ကိုလည်း ကနဦး ဇန်နဝါရီလ ၁၂ ရက်မှာ ကျင်းပဖို့ လျာထားရာကနေ ယာယီရွှေ့ဆိုင်း လိုက်ရပါတယ်။

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းဦးကတော့ “ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ NCA အတိုင်း ကျနော် တို့ သွားနေတဲ့ဟာကို တပ်မတော်က လာပြီး ပိတ်ပင် ဟန့်တားတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ မြင်တယ်။ အမှန်ဆို တပ်မတော်က ပါဝင်ပူးပေါင်းမှု ကူညီမှုတွေကိုတောင် ကျနော်တို့က ရရှိရမှာ”လို့ ပြောဆိုပါတယ်။

တပ်မတော်က RCSS အပေါ်မှာလည်း သဘောထား တင်းမာမှုတွေ ရှိနေပြီး မြေပြင်က တပ်စခန်းတွေ အနီးမှာ တပ်မတော် ဘက်က တပ်ဖွဲ့အင်အား တိုးချဲ့ချထားတာမျိုးတွေ RCSS တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး ထားတာမျိုးတွေ ရှိနေ တာကြောင့် နားမလည်နိုင်အောင် ဖြစ်ရတယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

ALP နဲ့ RCSS တို့ရဲ့ ဆွေးနွေးပွဲ အခက်အခဲ ဖြစ်မှုတွေကို ဖြေရှင်းပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို စာပို့ တောင်းဆိုကြပေမယ့် အကြောင်းပြန်စာ မရရှိ ခဲ့ကြပါဘူး။
ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ စစ်ရေး ဆိုင်ရာ အဖွဲ့ဖြစ်တဲ့ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကလည်း ဇန်နဝါရီ ၅ ရက်က ပြုလုပ်တဲ့ တပ်မှူးတွေ အစည်းအဝေးမှာ တတိယအကြိမ် ၂၁ ရာစု ပင်လုံ တက်ဖို့ ဆိုင်းငံ့တဲ့ သဘောထား ချမှတ်ထားပါတယ်။

တပ်မတော်ဘက်က ၎င်းတို့ကို လက်နက်ချကာ နိုင်ငံရေးပါတီ ထူထောင်ပြီး အရပ်သားအဖြစ် နေစေလိုတဲ့ သဘော ထားတွေ ရှိနေလို့ ၂၁ရာစု ပင်လုံ အစည်းအဝေး တက်ရောက်ဖို့ ဆိုင်းငံ့ရခြင်း ဖြစ်ကြောင်း KNLA စစ်ရေးချုပ်ရုံး တွဲဖက် ဒုစစ်ရေးချုပ် ဗိုလ်မှူးချုပ် ရှားထုဝေါ်က ဧရာဝတီကို ပြောဆိုထားပါတယ်။

ဇန်နဝါရီလ ၁၁ရက်နဲ့ ၁၂ရက်မှာတော့ NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ (PPST) က လည်း အရေးပေါ် အစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီး အစည်းအဝေး အပြီးမှာတော့ ALP နဲ့ RCSS တို့ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့် မရရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို မလုပ်သေးဘဲ ရွှေ့ဆိုင်းထားမယ်လို့ သဘောတူ ဆုံးဖြတ် ခဲ့ကြပါ တယ်။

PPST ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေက တစုံတရာ မှတ်ချက် ပေးတာမျိုး မရှိကြသလို ပြဿနာတွေကို ပြေလည်ဖို့ အစိုးရနဲ့ တပ်မတော်ဘက်က ALP နဲ့ RCSS ကို ခေါ်ယူ တွေ့ဆုံ တာမျိုးလည်း ယနေ့အထိ မရှိသေးပါဘူး။

နေပြည်တော် တွင် ကျင်းပသည့် ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ / ဧရာဝတီ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာ သုံးသပ်သူတွေက ဘယ်လို မြင်လဲ

NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေး နွေးပွဲတွေ ရှောရှောရှူရှူ ဖြစ်ဖို့ NCA မထိုး ထားတဲ့ UNFC အဖွဲ့တွေကိုလည်း လက်မှတ်ထိုးနိုင်အောင် ညှိနှိုင်းပေးဖို့နဲ့ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့ FPNCC အဖွဲ့ဝင် တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာအောင် ညှိနှိုင်းရမယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့် လေ့လာ သုံးသပ် နေသူတွေက ပြောဆိုကြပါတယ်။

၂၀၁၈ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် ဖြစ်လာမလား ဆိုတာကတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ပြဿနာတွေ ပြေလည်ရေးအတွက် အလျှော့အတင်း အပေးအယူတွေ လုပ်ပြီး ဘယ်လို ညှိနှိုင်းကြမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာလို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာ ကတော့ တတိယ အကြိမ် ၂၁ ရာစုပင်လုံ အစည်း အဝေး ကို ကနဦးက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ကုန်ပိုင်းမှာ ကျင်းပဖို့ လျာထားပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်ကို ထပ်မံ လျာထားခဲ့ကြောင်း၊ ယခုအခါ ထပ်ပြီး ဖေဖော်ဝါရီလကို ရွှေ့မယ့် အခြေအနေတွေ ရှိနေကြောင်း ပြောပါတယ်။

ဒေါက်တာ တူးဂျာဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ အစည်းအဝေးတွေမှာ နိုင်ငံရေးပါတီ ကိုယ်စားလှယ် တဦး အနေနဲ့ တက်ရောက် ဆွေးနွေးခွင့် ရထားတဲ့ သူ တဦးလည်း ဖြစ်ပါတယ်။

၂၁ ရာစုပင်လုံ အစည်းအဝေးကို ရွှေ့ဆိုင်းခြင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ အခြေအနေ မဟုတ်တာ ကြောင့် ဖေဖော်ဝါရီလမှာ တတိယအကြိမ်၂၁ ရာစုပင်လုံ အစည်းအဝေးကို အသေအချာ ကျင်းပပြီး ပါဝင်သင့် ပါဝင် ထိုက်သူ အားလုံး ပါအောင် ဖက်ဒရယ် မူဝါဒတွေ ဆွေးနွေး ချမှတ်ရာမှာလည်း အရေးကြီးတာတွေ ပါအောင် အစိုးရ၊ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက လုပ်ဆောင်သင့်တယ်လို့ ဒေါက်တာ တူးဂျာက ပြောဆို ပါတယ်။

ဆက်လက်ပြီး ၎င်းက “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက လုပ်သင့်လုပ်ထိုက်တာ ဟုတ်တယ်။ ဒါပေမယ့် မလုပ် နိုင်သေးတဲ့ နေရာတွေလည်း အများကြီး ရှိတယ်။ တနေရာ နှစ်နေရာမလုပ်ရလို့ ဒါကြီးက ပြဿနာကြီးတခု ဖြစ်လာဖို့ ဆိုတာ မသင့်တော် မဖြစ်သင့်တဲ့ဟာပါ။ နှစ်ဖက် အပေးအယူ အလျှော့အတင်းနဲ့ နားလည်မှုရှိရှိ ယုံကြည်မှု ကောင်းမွန် စွာ တည်ဆောက်ရမယ်။ ညီလာခံကိုတော့ ထိခိုက်အောင် မလုပ်သင့်ဘူးလို့ ကျနော်မြင်တယ်”လို့ ပြောဆို ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာ သုံးသပ်နေတဲ့ သုတေသီ ဦးမောင်မောင်စိုး ကတော့ ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး အလားအလာက မကောင်းဘူးလို့ သုံးသပ်ပါတယ်။

ဦးမောင်မောင်စိုးက လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစိုးရတို့ တွေ့ဆုံဖို့ ပြောဆို တာတွေ မရှိသေးသလို UNFC က NCA လက်မှတ်ထိုးဖို့ အရေးအတွက် ဆွေးနွေးမှုတွေကလည်း အသံတိတ်နေတယ် လို့ ပြောပါ တယ်။

အဲဒီအပြင် NCA လက်မှတ် ထိုးထားတဲ့ ၈ ဖွဲ့ကလည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့် ခက်ခဲနေ တဲ့ အပေါ် ညှိနှိုင်းဖို့ နိုင်ငံတော် အတိုင်ပင်ခံ နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တို့ကို တွေ့ဖို့ တောင်းဆိုထားတဲ့ အခြေအနေ တွေ ကလည်း ထူးခြားမှု မရှိသေးဘဲ တိတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။

“ဒီလိုအခြေအနေမှာ ဇန်နဝါရီလကုန်မှာ ကျင်းပမယ်ဆိုတဲ့ တတိယအကြိမ် ပင်လုံညီလာခံ ကလည်း မဖြစ်နိုင်တော့ တာ သေချာ သလောက် ဖြစ်သွားပြီ။ ၂၀၁၈ နှစ်ဆန်း အခြေအနေကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလားအလာ အားနည်း နေတယ်လို့ပဲ ပြောရပါလိမ့်မယ်”လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

KNU ရဲ့ စစ်ရေးအဖွဲ့ KNLA ခေါင်းဆောင်ပိုင်းတွေက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေးကို ကျင်းပရင်လည်း မတက်နိုင်သေးဘူးလို့ သဘောထား ထုတ်ပြန်ချက်တွေ ရှိနေတာကလည်း တတိယအကြိမ် အစည်းအဝေးမှာ လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး (DDR) နဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး (SSR)တို့ကို ဆွေးနွေးမှာ ဖြစ်တဲ့အပြင် DDR ၊ SSR အပေါ်မှာ သဘောထား ကွဲလွဲ မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့လည်း ဦးမောင်မောင်စိုးက ပြောပြပါတယ်။

အစိုးရ နဲ့ တပ်မတော်တို့ အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ အနာဂတ် တိုင်းရင်းသား ပြည်နယ်တွေအပေါ် သယံဇာတ ခွဲဝေမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်၊ တန်းတူရေးနဲ့ နိုင်ငံရေးမူဝါဒတွေကို မချမှတ်နိုင်သေးဘဲ လုံခြုံရေး ကဏ္ဍတွေကို ဆွေးနွေး သဘောတူညီမှု ရယူဖို့ ခက်နိုင်တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါသေးတယ်။

အဲဒီလို လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ကိစ္စရပ်တွေကို ပြေလည်အောင် ဆွေးနွေးနိုင်ဖို့အတွက် မကြာခဏ အလွတ် သဘော တွေ့ဆုံမှုတွေ ပြုလုပ်သင့်တယ် လို့လည်း ဦးမောင်မောင်စိုးက အကြံပြုပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading