နှစ်သစ်၏ အစပိုင်းရက်များအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ စစ်သွေးကြွတို့၏ ၃ လကြာ ရပ်နားနေခဲ့ပြီးမှ ပြန်လည်စတင်ခဲ့သော ပထမဆုံး စစ်ရေးလှုပ်ရှားမှုက ယခုနှစ်တွင် ပဋိပက္ခက မည်သည့် လားရာအတိုင်း ဦးတည်မည် ဆိုသည်ကို လှစ်ဟပြလိုက်ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုက ယဉ်ကျေးမှုနှင့် ဘာသာရေးကွဲပြားချက် နက်ရှိုင်းစွာ ရှိနေပြီး ဒုက္ခသည် ၆၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ပြီးနောက် တင်းမာမှုတို့က ဆူပွက်နေပြီး ဖြစ်သည့် နိုင်ငံတကာနယ်စပ်တခု တည်ငြိမ်ရေး နိမိတ်ကောင်း တခု မဟုတ်ကြောင်းလည်း ဖော်ပြနေသည်။
အခြားသော နယ်စပ်ဒေသများတွင် ရင်ဆိုင်နေရသည့် စစ်ပွဲများနှင့် နှိုင်းစာလျှင် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ၏ ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်း တိုက်ခိုက်မှုက မြန်မာ့တပ်မတော်အတွက် မပြောပလောက်စရာ အသေးအမွှား တခုမျှသာ ဖြစ်သည်မှာ သေချာပါသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၏ မြောက်ဖက်အစွန် မောင်တောမြို့နယ်တွင် တပ်မတော်၏ ယာဉ်တန်းတခုကို လူ ၁၀ ဦးမှ ၂၀ အတွင်း ပါဝင်သည့် ARSA တိုက်ခိုက်ရေးသမားများက လက်လုပ်မိုင်းဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြသည်။ ဗုံးပေါက်ကွဲပြီးနောက် လမ်း၏ အထက် ကုန်းမြင့်ပေါ်မှနေ၍ မောင်းပြန် ရိုင်ဖယ်များဖြင့် ပစ်ခတ်ခဲ့ကြသည်။ အပြန်အလှန် ပစ်ခတ်မှု ခေတ္တဖြစ်ပွားပြီးနောက် ARSA တိုက်ခိုက်ရေးသမားများ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။
အဖြစ်အပျက်နှင့် ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်အရ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ တပ်သား ၂ ဦး နှင့် အရပ်သား ယာဉ်မောင်းတဦး ဖြစ်သည်။ ထိုကားမှာ တပ်မတော်က လုံခြုံရေးလိုက်လာသည့် ထရပ်ကား ၁ စီး သို့မဟုတ် ၂ စီး နှင့် အတူ အရာရှိတဦး ဆေးဝါးကုသမှု ခံယူရန် မြို့လယ်သို့ လိုက်ပို့ပေးခြင်း ဖြစ်သည်။ အစောပိုင်း မီဒီယာ သတင်းများက ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဖော်ပြခဲ့ကြသည်။
ကြီးမားသော ထိတွေ့မှု မဟုတ်သော်လည်း ယခုကိစ္စကို ဂရုစိုက်ရမည့် အကြောင်းရင်းများစွာ ရှိနေသည်။ ပထမ တခုမှာ ယခုတိုက်ခိုက်မှုက အခြေခံ ဗျူဟာစွမ်းရည်နှင့် စည်းကမ်း အဆင့်တခုကို ရောင်ပြန်ဟပ်ပြနေသည်။ ပေါက်ကွဲစေတတ်သည့် လက်ဖြစ်ပစ္စည်း(IED) တခုနှင့် လက်နက်ငယ်များ ပစ်ခတ်မှုကို ပူးတွဲ အသုံးပြုခြင်းနှင့် ချက်ချင်း ဆုတ်ခွာသွားခြင်းတို့ကို ARSA က ယခင်က ပြုလုပ်ခဲ့ခြင်း မရှိပါ။
၂၀၁၆ ခုနှစ် အောက်တိုဘာလ နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်းမှ စစ်သွေးကြွ တိုက်ခိုက်မှု ၂ ခုလုံးက ARSA ၏ စစ်အင်အားအဖြစ် ဓါးရှည်များနှင့် တောခုတ်ဓားများ ကိုင်ဆောင်ထားသည့် ဒေသခံ ကျေးရွာသားများ အပေါ်တွင် များ စွာ မှီခိုထားသည့် ပရမ်းပတာ တိုက်ခိုက်မှုများ ဖြစ်ကြသည်။ သြဂုတ်လ ၂၅ ရက်နေ့က ရဲအဖွဲ့ စခန်းများကို တိုက်ခိုက်ခဲ့ခြင်းက တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ဖြစ်စေခဲ့ပြီး ရွာသားများ၏ အသက်များဖြင့် တန်ဖိုးကြီးစွာပေးဆပ်ခဲ့ ရသည်။
ဒုတိယ အချက်မှာ ဇန်နဝါရီလ ၅ ရက်နေ့ ခြုံခိုတိုက်ခိုက်မှုအပြီးများမကြာမီ အချိန်တွင် ပြည်တွင်း မီဒီယာနှင့် စကားပြောခဲ့ သော ရဲအဖွဲ့ဝင်၏ အဆိုအရ လက်လုပ်မိုင်းသည် ဘက်ထရီဖြင့် ဓာတ်အားပေးဖောက်ခွဲခြင်း သို့မဟုတ် ယာဉ်ဖြတ်သန်းသည့် အချိန်တွင် ဖိအားကြောင့် အသက်ဝင် ပေါက်ကွဲခြင်းမျိုး မဟုတ်ဘဲ မိုဘိုင်းဖုန်း သို့မဟုတ် ရေဒီယိုဖြင့် အဝေးထိန်း စနစ်ကို အသုံးပြု၍ ဖောက်ခွဲခဲ့ခြင်း ဖြစ်ဟန်ရှိကြောင်း သိရသည်။
လက်လုပ်မိုင်းကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခြင်းက ဆန်းသစ်သော စစ်ပညာတခု မဟုတ်ပါ။ ကမ္ဘာတလွှားမှ လက်နက်ကိုင်များအတွက် လုပ်နေကျ လုပ်ငန်းတခု ဖြစ်နေသည်မှာ အနည်းဆုံးတော့ ရာစုနှစ် အစပိုင်းကတည်း လောက်က ဖြစ်ပါသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့မည် ဆိုလျှင် ARSA အတွက် နောက်ထပ် ပထမဆုံးပြုလုပ်ခြင်း တခုဖြစ်ပြီး အံအားသင့်ဖွယ်ရာ ကောင်းလောက်အောင် နိမ့်ကျသည့် အခြေခံမှ စတင်ခဲ့သည့် အဖွဲ့အစည်း တခုက သင်ယူမှုများ၊ အခြေအနေအလိုက် အသုံးချမှုများ ရှိနေပြီ ဖြစ်ကြောင်း ညွှန်ပြနေခြင်း ဖြစ်ပါသည်။
အလားတူ စိတ်ဝင်စားစရာ ကောင်းသည်မှာ တိုက်ခိုက်သူများ မည်သည့်နေရာမှ လာကြသနည်း ဆိုသည့်ကိစ္စဖြစ်သည်။ သူတို့က ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် လမ်း၏ အနောက်ဘက် မေယုတောင်တန်းများပေါ်တွင် ပုန်းအောင်းနေကြခြင်း မဖြစ်နိုင်ပါ။ သြဂုတ်လ ၂၅ ရက်နေ့ သူတို့ မီးမွှေးခဲ့သော တိုက်ခိုက်မှုများနှင့် တပ်မတော်၏ ပြင်းထန်သော လက်တုန့်ပြန် တိုက်ခိုက်မှုများ နောက်ပိုင်း ပုန်းခိုနေထိုင်ရန် မလွယ်တော့သောကြောင့်ဖြစ်သည်။
များစွာ ပို၍ ဖြစ်နိုင်သည်မှာ ARSA အဖွဲ့သည် နယ်စပ်တဘက် ဘင်္ဂလားဒေ့ရှ်မှနေ၍ ရခိုင်ပြည်နယ်အတွင်းသို့ တိုက်ခိုက်မှု မပြုလုပ်မီ ရက်ပိုင်း သို့မဟုတ် နာရီပိုင်းလောက်ကမှ ထိုးဖောက်ဝင်ရောက်ခြင်း ဖြစ်ပါသည်။
ထိုသို့ ယူဆနိုင်ရန် အတွက် အကြောင်းရင်း ၄ ခုရှိပါသည်။ (၁) သြဂုတ်လ နှောင်းပိုင်း တိုက်ခိုက်မှု နောက်ပိုင်းတွင် ARSA အဖွဲ့ ကာလကြာရှည်စွာ ပျောက်ကွယ်နေခဲ့ခြင်း (၂) တိုက်ခိုက်မှုဖြစ်ပွားသည့် နေရာသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ၁၀ ကီလိုမီတာ နှင့် ၁၅ ကီလိုမီတာ အတွင်းသာ ကွာဝေးသည့် စံကားပင်ရင်း(San Kar Pin Yin) ကျေးရွာနှင့် နီးခြင်း (၃) ခြုံခို တိုက်ပွဲတို့၏ သဘောသဘာဝနှင့် အနည်း အများဆိုသလို တူညီမှု ရှိခြင်း နှင့် (၄) နောက်ဆုံးအနေဖြင့် နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း Teknaf ၏ မြောက်ပိုင်းတွင် ARSA ၏ လျှို့ဝှက် လေ့ကျင့်ရေးစခန်း အနည်းဆုံး ၁ ခု ရှိနေသည် ဟု Asia Times က ယူဆခြင်းတို့ကြောင့် ဖြစ်ပါသည်။
ခိုင်မာသော သက်သေအထောက် အထားမရှိသော်လည်း အထက်ပါ အချက်များက နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး တခု ဖြစ်ကြောင်း ဖော်ပြနေပါသည်။ ထပ်၍ ဆိုရလျှင် ခြုံခိုတိုက်ပွဲ တိုက်ခိုက်ရန် လေ့ကျင့်ထားသော အဖွဲ့တခုက တိုက်ခိုက် ခြင်း ပို၍ ဖြစ်နိုင်ဖွယ်ရာ ရှိပါသည်။
ယခု တိုက်ခိုက်မှု အပြီးတွင် မြန်မာ့တပ်မတော်က ဖြစ်ပွားပုံနှင့် ပတ်သက်၍ အရေးပါသော အချက် ၂ ခုကို နားလည်ရန် အားထုတ်လိမ့်မည် ဆိုခြင်းက သံသယ ရှိစရာ မလိုပါ။
ပထမ တချက်မှာ လက်လုပ်မိုင်း (IED) ၏ ဖွဲ့စည်းပုံနှင့် ဖောက်ခွဲသည့် နည်းလမ်းဖြစ်သည်။ ထိခိုက်ဒဏ်ရာ ရရှိမှု နည်း ပါးခဲ့ခြင်းအရ ပေါက်ကွဲမှုမြင့်မားသည့် RDX သို့မဟုတ် C4 တို့ကဲ့သို့သော စစ်ဘက်သုံး ပစ္စည်းများ မဟုတ်ဘဲ ပြင်းအား နည်းသည့် လက်လုပ် အရောအနှောများကို ဖောက်ခွဲရေး ပစ္စည်းအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ဖွယ်ရာ ပိုများပါသည်။ တိုက်ခိုက်မှု ဖြစ်ပွားရာနေရာမှ အကြွင်းအကျန်များကို စစ်ဆေးခြင်းဖြင့် ထိုအချက်ကို အတည်ပြုပေးနိုင်ပါလိမ့်မည်။
ဖောက်ခွဲခဲ့သည့် နည်းလမ်းကလည်း ပေါက်ကွဲမှု အကြွင်းအကျန် အပိုင်းအစများ သို့မဟုတ် အခင်းဖြစ်ပွားရာတွင် တိုက်ခိုက်သူများထံမှ ကျန်ရစ်ခဲ့နိုင်သည့် ဖောက်ခွဲရေး ဝါယာကြိုးတို့ကို စစ်ဆေးခြင်းဖြင့် အလားတူပင် သိရှိနိုင်ပါသည်။ ခြိမ်းခြောက်မှု၏ သဘောသဘာဝ ပြောင်းလဲလာခြင်းနှင့် မည်သည့် တုံ့ပြန်ဆောင်ရွက်မှုကို လုပ်ဆောင်ရန် လိုအပ်မည် စသည်တို့ကဲ့သို့ သော အရေးပါသည့် အချက်များကိုလည်း အဖြေထုတ်ပေးနိုင်မည် ဖြစ်သည်။
ဆုံးဖြတ်ရန် များစွာခက်ခဲကြောင်း တွေ့ရမည့် ဒုတိယ တချက်မှာ ARSA တိုက်ခိုက်ရေးသမားများက နယ်စပ်ကို အမှန် တကယ် ဖြတ်ကျော်ဝင်ရောက်လာခြင်း ဟုတ်/မဟုတ်ပင် ဖြစ်သည်။ ဟုတ်ခဲ့သည်ဆိုပါက မည်သည့် နေရာမှ ဖြစ်ပါသနည်း။ ထို့နောက်တွင် သူတို့က ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်သွားခြင်း ရှိ/မရှိ သို့မဟုတ် မေယုတောင်တန်းများပေါ်တွင် လွတ်မြောက်နေဆဲလား၊ တိုက်ခိုက်မှု အသစ်များအတွက် ကင်းထောက်လာခြင်းလား သို့မဟုတ် လက်နက်ကိုင် တိုက်ခိုက်မှုများအတွက် နေရာသတ်မှတ်ခြင်းနှင့် အနာဂတ်တွင် အသုံးပြုမည့် စားနပ်ရိက္ခာများ ချထားခြင်းလား သို့ မဟုတ် ၂ ခုလုံး ဖြစ်နိုင်သလား ဆိုသည့် မေးခွန်းများ ရှိလာမည် ဖြစ်သည်။
ယခုအချိန် (တပ်မတော်နှင့် ရဲ အဖွဲ့အတွက် စိတ်အနှောက်ယှက် ဖြစ်စရာဆိုသည်မှာ သံသယ ရှိရန် မလိုပါ) အသေအချာ သိထားရသည်မှာ လူ ၁၀ ဦး မှ ၂၀ အထိ ပါဝင်သော လက်နက်ကိုင် အဖွဲ့တခုက နယ်စပ်အနီးမှ အဓိက ဆက်သွယ်ရေး လမ်းကြောင်းတခု ရှိသည့် ဧရိယာ အတွင်းသို့ ဝင်ရောက်လာပြီး နေရာသိရခြင်း သို့မဟုတ် သတင်းရရှိခြင်း မရှိဘဲ ခြုံခို တိုက်ခိုက်သွားခြင်း ဖြစ်သည်။ ထို့အပြင် ထိုနေ့က ဖော်ပြခဲ့သည့် မီဒီယာ သတင်းများ မှန်ကန်ခဲ့မည်ဆိုလျှင် နေ့လည် ၁ နာရီ ဝန်းကျင် သို့မဟုတ် ခြုံခိုတိုက်ခိုက်မှု ဖြစ်ပွားပြီး ၃ နာရီ နီးပါးအကြာတွင် နောက်မှ လိုက်လံ ရှာဖွေတိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများ ရှိခဲ့သည်။
ထိုအချက်က လုံခြုံရေးတပ်ဖွဲ့များကြားတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း ဖြစ်စေ လနှင့်ချီ၍ ငြိမ်သက် နေသည့်အပေါ် တင်းတိမ်ကျေနပ်နေခြင်း ဖြစ်စေ ရှိနေကြောင်း သို့မဟုတ် ၂ မျိုးလုံး ရှိနေကြောင်း ဖော်ပြနေသည်။
ယခုတိုက်ခိုက်မှုမှ နေ၍ တပ်မတော်အတွက် စိတ်သက်သာစရာ တွေ့ရှိ နိုင်သည်မှာ ARSA သည် လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများနှင့် မောင်းပြန်ရိုင်ဖယ်များ အပေါ်တွင်သာ မှီခိုနေရဆဲ ဖြစ်ပြီး စက်သေနတ်များ သို့မဟုတ် RPG များ အသုံးပြု တိုက်ခိုက်နိုင်ခြင်း မရှိကြောင်း အတော်လေး ခိုင်ခိုင်မာမာ ညွှန်ပြနေခြင်း ဖြစ်သည်။ အကယ်၍ စစ်သွေးကြွများတွင် ထိုကဲ့သို့ အင်အားကောင်းသော လက်နက်များရှိနေခဲ့လျှင် အသုံးပြုပြီး ဖြစ်နေမည်မှာ သေချာပြီး အကာအရံ ပျော့သည့် ယာဉ်များကို ခြုံခို တိုက်ခိုက်သည့်အခါ ထိခိုက်ပျက်စီးမှု ပို၍ များပြားလိမ့်မည် ဖြစ်သည်။
ယခု ခြုံခို တိုက်ခိုက်မှုသည် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြားတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့ က နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို (အနည်းဆုံးတော့ စာရွက်ပေါ်တွင်) ဇန်နဝါရီလ ၂၃ ရက်တွင် စတင်ရန် စီစဉ်ထားသည်။
မြန်မာ အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ARSA ၏ စစ်ဆင်ရေးသည် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို နှောက်ယှက်ရန် သို့မဟုတ် လမ်းချော်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြင့် အချိန်ကိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အခိုင် အမာ အလျှင်အမြန် ပြောကြားခဲ့သည်။
ဒုက္ခသည်များ၏ ကြောက်ရွံ့မှုများနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ ပြန်သွားသူတို့၏ လုံခြုံရေးနှင့် အမြောက်အများ ပြန်ရောက်လာခြင်းကို ကိုင်တွယ်မည့် မြန်မာအစိုးရ၏ စွမ်းဆောင်ရည်အပေါ် နိုင်ငံတကာ အကူအညီပေးရေး အေဂျင် စီများကြားတွင် စိုးရိမ်မှုများ ရှိနေခြင်းတို့အရ ARSA က ပေါ်ပေါက်မလာသေးသည့် အမြောက်အများ ပြန်လည် ပို့ဆောင်ရေးကို နှောက်ယှက်ရန် ကြိုးစားနေခဲ့ခြင်း မဖြစ်နိုင်ဖို့က ပို၍များနေပါသည်။
ခြုံခိုတိုက်ခိုက်မှုက ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်မှာ ARSA သည် ကောလာဟလများအတိုင်း မဟုတ်ဘဲ ၎င်း၏ စစ်ရေး စွမ်းဆောင်နိုင်မှု အချို့ကို ဆက်လက် ထိန်းထားနိုင်ပြီး အစွယ်မရှိတော့သည့် အဖွဲ့အစည်းတခု မဟုတ်ကြောင်း ပို၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ် အခြေစိုက် လူသစ် စုဆောင်းရေး ဒုက္ခသည် စခန်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက သိရှိစေရန် ကြေညာခြင်း ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ၂ နိုင်ငံကြားမှ ၂၀၈ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်တလျှောက်တွင် နယ်စပ်ဖြတ်ကျော် သို့မဟုတ် နယ်စပ်အခြေစိုက် လက်နက်ကိုင် တိုက်ခိုက်မှု တခု ပြုလုပ်ရန် ၎င်းတို့က မျှော်မှန်းထားသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အစိုးရက ယင်းကဲ့သို့သော ကိစ္စမျိုးမှန်သမျှကို ထောက်ပံ့ပေးရန် စိတ်ဝင်စားမှု မရှိပါ။ သို့သော်လည်း ARSA ခေါင်းစဉ် အောက်တွင် အင်အားကောင်းလာနေသော ရိုဟင်ဂျာ လက်နက်ကိုင် လှုပ်ရှားမှု တခုကို စစ်ရေးအရ သို့ မဟုတ် နိုင်ငံရေးအရ မည်သို့ တိုက်ဖျက်နိုင်မည်နည်းဆိုသည်က နောက်ထပ် မေးခွန်း တခု ဖြစ်လာသည်။
၁၉၉၀ နှစ်များအတွင်း ထိုင်းနိုင်ငံအနောက်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်တွင် မြန်မာ့တပ်မတော်၏ လိုက်လံတိုက်ခိုက် သည့် စစ်ဆင်ရေးများနှင့် လက်နက်ကိုင်များ ခိုလှုံသည့်နေရာများကို ဦးတည်သည့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် သာဓက အထောက်အထားများ ရှိနေသည်။ မြန်မာ့တပ်မတော်နှင့် ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များက ရှင်းလင်းမှုများ ပြုလုပ်ပြီး ပြန်လည်ထွက်ခွာသွားကြသည့် အချိန်တွင် ထိုင်းတပ်မတော်က လွတ်ရာကင်းရာတွင် နေရန် သ ဘောကျလေ့ရှိသည်။
သို့သော်လည်း ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာအတွင်းတွင် မြန်မာ့တပ်မတော်မှ ဒရုန်းများနှင့် ရဟတ်ယာဉ်များက ဘင်္ဂလားဒေ့ရှ် လေကြောင်းပိုင်နက်ကို ကျူးကျော်သည်ဆိုသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှ ဒေါသနှင့် စွပ်စွဲမှုအပြင် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ပြင်းပြင်းထန်ထန် သတိပေးမှုများ အရ ဘင်္ဂလားဒေ့ရှ် တပ်မတော်က (ထိုင်းတပ် မတော်ကဲ့သို့) အဆင်ပြေအောင် ပြုလုပ်ပေးလိမ့်မည်ဟု ယူဆပါက မိုက်မဲခြင်းသာ ဖြစ်ပါလိမ့်မည်။
(Anthony Davis သည် ဘန်ကောက်အခြေစိုက် အာရှဒေသတွင်း လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်ဝါဒနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ဝေဖန် အကြံပေးသူ ဖြစ်သည်။ Asia Times တွင် ၎င်းရေးသားသော Rohingya insurgents on the move in Myanmar ကို ဘာသာပြန်ဆိုသည်။)