ဆောင်းပါး

မြောက်ဦးမြို့က လကွယ်ည

Want create site? Find Free WordPress Themes and plugins.

“ကျမသား တယောက် အစိုးရ သတ်ပစ်လို့ ဆုံးသွားပြီး။ ဒီငွေ ငါးသိန်းမပြောနဲ့ သိန်း ၅၀ ပေးရင် လည်း လက်မခံဘူး” ဟု မြောက်ဦးဖြစ်စဉ်အတွင်း သေဆုံးသွားသည့် ကိုအောင်နေလင်း၏ မိခင်ဒေါ် မယောင်း ( ခ ) ဒေါ်ခိုင်သန်းနုက ကြေကွဲစွာဖြင့် ပြောဆိုလိုက်သည်။

မြောက်ဦးဖြစ်စဉ်အတွင်း သေဆုံးခဲ့ရသူများ၏ မိသားစုဝင်တွေကို နာရေးကူညီမှုအသင်းကနေ ထောက်ပံ့ကြေးငွေပေးအပ်ခဲ့ရာ မိသားစုဝင်များက လက်ခံခဲ့ကြပြီးနောက် ထိုငွေမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တိတ်တဆိတ်ပေးအပ်သော ငွေကြေးမှန်း သိရှိလိုက်ရသောကြောင့် ဖြစ်သည်။

၂၀၁၈ ခုနှစ် နှစ်စ ပူနွေးနွေးအချိန်အခါ၌ပင် မြောက်ဦးမြို့ တွင် ရခိုင်နိုင်ငံတော်အချုပ်အခြာကျဆုံးခြင်း စာပေဟောပြောပွဲအား တားမြစ်ရာက ဒေါသူပုန်ထပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်စီးနင်းကြရာ ရဲတပ်ဖွဲ့က ပစ်ခတ်သောကြောင့် လူအများအပြား ဒဏ်ရာရ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

“လလည်းကွယ် ၊ ပြည်လည်းဆုံး ” ရခိုင်နိုင်ငံတော်ကျဆုံးမှု ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲများကို ရခိုင်ပြည်နယ်တဝှမ်းတွင် နှစ်စဉ်နှစ်တိုင်း ပြာသိုလကွယ်ည ရောက်တိုင်း ကျင်းပလေ့ရှိကြသည်။

ရခိုင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးခြင်း ဝမ်းနည်းမှုအထိမ်းအမှတ် စာပေဟောပြောပွဲများတွင် ရခိုင် တိုင်းရင်သားများသည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနှင့်နေလာခဲ့သော လူမျိုးတမျိုး ဖြစ်ကြောင်းနှင့် အချင်းချင်း ညီညွတ်မှု ပြိုကွဲခြင်း၊ သူတလူ ငါတမင်း စိတ်ဝမ်းကွဲခဲ့ကြသည့်အတွက် ရခိုင်ထီးနန်း ပျက်သုန်းခဲ့ရသည့် သမိုင်းဆိုင်ရာအကြောင်းများကို ဟောပြောသောပွဲမျိုး ဖြစ်သည်။

ယခု ပြာသိုလကွယ်ည ( ဇန်နဝါရီလ ၁၆ ရက်)တွင်လည်း ရှေးရခိုင်ဘုရင်များ နန်းစိုက်ခဲ့သော မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင်လည်း စာပေဟောပြောပွဲကို ကျင်းပရန် စီစဉ်ခဲ့ရာ တားမြစ် ပိတ်ပင်မှုကို ခံခဲ့ရသည်။

ယင်းသို့ အစိုးရကတားမြစ်ပိတ်ပင်လိုက်ခြင်းကြောင့် ပွဲကျင်းပခွင့် ရရှိရေး ချီတက်ဆန္ဒပြမှုတရပ် ပေါ်ပေါက်လာရာကနေ ဒေသအာဏာပိုင်မျာ၏ နှိမ်နင်းမှု ခံလိုက်ရသည့်အတွက် မြို့ခံလူငယ် ၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့က အဓိကရုဏ်း ဖြေရှင်းခဲ့မှုများနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေသလို အံ့သြတုန်လှုပ်ခဲ့ကြသည်။

ရဟန်းသံဃာအဖွဲ့အစည်းများ ၊ ရခိုင်ပါတီများ ၊ ဒေသအတွင်း အရပ်ဘက်လူမှုအဖွဲ့ အစည်း များ အမှုမှန် ပေါ်ပေါက်လာစေရန် လွတ်လပ်သော စုံစမ်းစစ်ရေး အဖွဲ့ဖြင့် ဖွဲ့စည်းစုံစမ်းရန် ကြေငြာ ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

အဓိကရုဏ်း ဘယ်လိုစတင်ခဲ့တာလဲ

မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် နှစ်စဉ်ကျင်းပနေကျ ရခိုင်ဘုရင်နိုင်ငံတော်ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပမည်ဆိုသည့်အတွက်ကြောင့် ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်း က နန်းတော်ရာကုန်းသို့ မြို့ခံများ လာရောက်ခဲ့ကြသည်ဟု ဆိုသည်။

ထိုဟောပြောပွဲတွင် ဆင်းအိုးကျောင်းတိုက်ဆရာတော်နှင့် အမ်းပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ အေးမောင်တို့ ဟောပြောမည်ဖြစ်ကြောင်းကို ပွဲကျင်းပရေးကော်မတီတို့က ဇန်နဝါရီလဆန်းပိုင်းက တတည်းက ကြော်ငြာဗီနိုင်းများ ထောင်ထားခဲ့ကြသည်။

မြို့ခံများသည် နှစ်စဉ် နန်းတော်ရာ ပတ်ပတ်လည်တွင် ဆီးမီးထွန်းခြင်းများပြုလုပ်ပြီး ဒေါက်တာ အေးမောင်၏ ဟောပြောချက်များကို နားထောင်ရန် ပရိသတ်များ အသီးသီး စုဝေး ရောက်ရှိလာ ခဲ့ကြောင်း သိရသည်။

ယင်းဟောပြောပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ဇန်နဝါရီလ ၁၆ ရက်ညနေပိုင်းက ဟောပြောပွဲ ကျင်းပခွင့် မရရှိသည့်အတွက်ကြောင့် ဟောပြောပွဲ မရှိတော့သည့်အကြောင်းကို နန်းတော်ရာကုန်းမှနေ ပွဲကျင်း ရေး ကော်မတီများက ကြေငြာပေးခဲ့သည်။

သို့သော်လည်း မြို့တော် ဆင်ခြေဖုံးရပ်ကွက်နေ ပြည်သူများနှင့် နယ်ခံကျေးရွာသားများသည် ဟောပြောပွဲ ပျက်သွားသည်ကို မသိရှိဘဲ ည ၆ နာရီကျော်လာသည်နှင့် တဖြည်းဖြည်း စုဝေးရောက်ရှိ လာခဲ့ပြီး လူစုလူဝေး စတင်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

“ပွဲကျင်းပခွင့်ရရှိရေး ဆိုပြီး အော်သံကြားတယ်။ အော်တဲ့အချိန်မှာ လူတွေလက်ထဲမှာ ဘာလက်နက် မှလည်း မရှိဘူး ။ တုတ် ဓါး ကိုင်ဆောင်ထားခြင်းလည်း မရှိဘူးဆိုတာ ကျနော်အနေနဲ့ သိရပါတယ် ” ဟု မြောက်ဦးမြို့မိ မြို့ဖ တဦး ဖြစ်သူ ဦးဦးထွန်းလှိုင်က ပြောသည်။

ထိုသို့ ဟောပြောချက်များကို နားထောင်ရန် လာရောက်ကြသည့် ပြည်သူများသည် နန်းတော်ရာ ကုန်းတွင် နှစ်စဉ်လုပ်နေကျ ပွဲမရှိတော့သော်လည်း အိမ်ပြန်ခြင်းမရှိဘဲ ညအချိန်တွင်ပင် ဒေါက်တာ အေးမောင် ဟောပြောခွင့် ရရှိရေး .. ဒို့အရေး ၊ ပွဲတားဆီးသူ .. ဒို့ရန်သူ စသဖြင့် ကြွေးကြော်လျက် မြို့ပတ်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်းလည်း မြို့ခံများက ပြောသည်။

“လလည်းကွယ် ၊ ပြည်လည်းဆုံး ဆိုတဲ့ပွဲက ကျနော်တို့ နှစ်တိုင်းကျင်းပနေတဲ့ ပွဲဖြစ်တယ်။ ဒီနှစ်မှာ လည်း ကျင်းပဖို့အတွက် ရခိုင်တပြည်နယ်လုံးကို ကြေငြာပြီးသား။ ကျနော်တို့က ဒေါက်တာ အေးမောင် ညနေပိုင်းမှာ ဟောပြောမယ်ဆိုပြီး လာခဲ့ကြတာပါ။ ဒီရောက်မှ ပွဲကို ပိတ်လိုက်တယ်။ အဲဒါနဲ့ ပွဲကျင်းပခွင့် ရရှိရေး .. ဒို့အရေးဆိုပြီး တောင်းဆိုတာပါ ” ဟု အဓိကရုဏ်းဖြစ်စဉ် အတွင်း ကိုယ်တိုင်ကြုံတွေခဲ့ရသူ ဦးရွှေစောမောင်က ပြောသည်။

ပွဲတော်ကျင်းပခွင့် ရရှိရေးအတွက် မြို့ပတ်ဆန္ဒပြလူအုပ်သည် တဖြည်းဖြည်းများလာပြီး မည်သည့် အတွက်ကြောင့် ကျင်းပခွင့်မပြုသည်ကို သိရှိစေဖို့နှင့် ပွဲကျင်းခွင့်ရရှိရေး တောင်းဆိုရန် မြို့နယ်ဌာန ဆိုင်ရာများ ရုံးစိုက်ရာသို့ ချီတက်လာခဲ့ကြောင်းလည်း သိရသည်။

ဆန္ဒပြလူအုပ်သည် ကားလမ်းမအတိုင်းချီတက်ပြီး ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့သို့ ဝင်သွားကြပြီး ပွဲကျင်းပခွင့် ရရှိရေး ဒို့အရေး .. စသည့်ဖြင့် အော်ဟစ်တောင်းဆိုခဲ့ကြောင်းလည်း မြို့ခံများက ပြောကြသည်။

ခရိုင်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျ ရဲအရာရှိများသည် ဆန္ဒပြလူအုပ်အား ပွဲကျင်းပခွင့်မပြုခြင်းသည် ၎င်းတို့ နှင့် မသက်ဆိုင်ကြောင်း၊ ခရိုင်ထွေအုပ်နှင့်သာ သက်ဆိုင်ကြောင်း ပြောကြားသည့်အတွက် ဆန္ဒပြ လူအုပ်သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိရာသို့ ဆက်လက်ချီတက် တောင်းဆိုခဲ့ကြသည်ဟု ဆိုကြသည်။

ဥပဒေနှင့်အညီ ဖြေရှင်းခဲ့သလား

မြောက်ဦးတွင် ဖြစ်ပွားခဲ့သော လူထုအဓိကရုဏ်းအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ဥပဒေ အရာရှိ တို့သည် လူစုခွဲရန် Hand Speaker များဖြင့် ၁၅ ကြိမ်ခန့် သတိပေးတားမြစ်ခဲ့ရကြောင်း ၊ သတိပေး တားမြစ်နေချိန်တွင် လုံခြုံရေးတာဝန်ယူထားသော ရဲတပ်ဖွဲ့ဝင် ၂ ဦးထံမှ သေနတ်အား လုယူရန် ကြိုးစားခြင်း၊ လေးခွ၊ အုတ်ခဲကျိုး၊ ကျောက်ခဲများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ပေါက်ဆဲဆို ရန်ပြုလာပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခြံတံခါးအား ရိုက်ချိုးဖျက်ဆီးပြီး ခရိုင်ရုံးဝင်းအတွင်းသို့ လူစုလူဝေးများ ဝင်ရောက်လာခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော လူထုအဓိကရုဏ်းနှင့်ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအဖွဲ့တို့ ဇန်နဝါရီ ၁၇ ရက် က နေပြည်တော်တွင်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဦးညီပုနှင့် ရဲချုပ်အောင်ဝင်းဦး တင်ပြချက်များဟူ၍ အစိုးရက အထက်ပါအတိုင်း ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်ကတော့ အကြမ်းဖက်လာသည့်အတွက် ဆန္ဒပြသည့် ပြည်သူများအား အဓိကရုဏ်းနှိမ်နင်းသည့် ဥပဒေနှင့်အညီ ဖြေရှင်းခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

“ကျနော်တို့ ဥပဒေနဲ့အညီပဲ ဖြေရှင်းခဲ့တာပါ ။ ရဲတွေက မင်းတို့ တက်မလာနဲ့ ကျည်အစစ်နဲ့ ပစ်မယ် လို့ အော်ပါတယ်။ ရာဘာကျည်တွေနဲ့ ပထမ ပစ်ပါတယ်။ မရပါဘူး။ တက်လာပါတယ်။ ရဲတွေကို ခဲတွေနဲ့ ပစ်ပါတယ်။ ခရိုင်ရုံးအဆင့်ထိပါ ပျက်စီးလာတယ်ဆိုတော့ ရဲကလည်း ပစ်တာပါ” ဟု ဦးဘိုဘိုမင်းသိုက်က ပြောသည်။

အဆိုပါ အော်ဟစ်ဆန္ဒပြခဲ့ကြသည့် လူစုလူဝေးထဲမှ အချို့သည် ခရိုင်ရုံး နိုင်ငံတော်အလံတိုင်တွင် အသင့်ပါလာသည့် ရခိုင်ပြည်နယ်အလံကို လွှင့်ထူခဲ့ကြကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက တုတ်/ ဒိုင်းများဖြင့် လူစုခွဲခဲ့သော်လည်း ဆက်လက်အကြမ်းဖက်မှုများ ပြုလုပ်လာသည့်အတွက် ခရိုင်စီမံခန့် ခွဲရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ဘီအေ-၆၃ မောင်းပြန်ရိုင်ဖယ်ဖြင့် အချက် ၂၀ ခန့်၊ ၁၂ ဗို့ ပြောင်း ချောသေနတ်ဖြင့် အချက် ၄၀ခန့် အပေါ်သို့ ထောင်၍ သတိပေးပစ်ခတ်ခဲ့ရကြောင်း အစိုးရက ထုတ်ပြန်သည်။

ယင်းသို့ သတိပေးတားမြစ်နေချိန်အတွင်း အကြမ်းဖက်လာသည့် လူစုလူဝေးသည် ပိုမိုဆိုးရွားစွာ လုပ်ဆောင် လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူစုလူဝေးအတွင်းသို့ တီ-၅၆ နှင့် ဘီအေ-၉၄ သေနတ်တို့ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း အစိုးရက ထုတ်ပြန်သည်။

“ကျနော်တို့တွေကို ဘာစည်းမှလည်း တားပြီး ဟန့်တားခဲ့တာမရှိဘူး ။ မင်းတို့ မကပ်နဲ့ဆိုပြီး သေနတ် နဲ့ အပေါ်ကို ၅ ချက်လောက် ပစ်တယ်။ နောက်တခါတည်း ပစ်တော့တာပဲ။ ကျည်ဆန်ထိလို့ လဲတဲ့လူတွေကိုတောင် ကောက်ခွင့်မပေးဘူး။ သူတို့ အထဲကို ဆွဲခေါ်သွားတယ် ” ဟု ကိုယ်တိုင်ကြုံ ခဲ့ရသူ ဦးရွှေစောမောင်က ပြောသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၏ ပြောပြချက်များကတော့ မည်သည့်လက်နက်များ မပါရှိဘဲ၊ ပွဲကျင်းပ ခွင့် ရရှိရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်အလံများ ပါလာခြင်းမှာလည်း နန်းတော်ရာကုန်းတွင် ပွဲကျင်းပမည့် အစီအစဉ်ဖြင့် စိုက်ထူထားသော အလံများကို ပွဲမရှိတော့သည့်အတွက် နုတ်ယူပါလာ ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။

“အဲဒီနေရာကို ရောက်သွားတာက ပွဲကျင်းပခွင့် ရချင်တယ်။ နောက်တခုက ဒေါက်တာအေးမောင် ဟောပြောတာကို နားထောင်ချင်ပါတယ်။ နန်းတော်ရာကုန်းမှာ မီးထွန်းချင်ပါတယ်။ အဲဒီ ၃ ခုကို လိုလားပြီး ကျမတို့ သွားခဲ့တာပါ။ အဲဒီအနားမှာ လူကြီးတွေရှိပါတယ်။ ငါတို့နဲ့မဆိုင်ဘူး ။ မင်းတို့ ဖြစ်ချင်တာ နောက်မှ လုပ်ပေးမယ်ဆိုပြီးလို့တောင် အကြောင်းအရာတွေကို တခွန်းမှမပြောပဲ ဆန္ဒပြ တဲ့ ကလေးတွေကို တခါတည်း သေနတ်နဲ့ပစ်ပါတယ် ” ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြောက်ဦးမြို့ခံ ဒေါ်လှသိန်းချေက ငိုကြွေးနေရင်း ပြောသည်။

ဒေါ်လှသိန်းချေ၏ ပြောကြားချက်များအရ ပွဲကျင်းပရန် ခရိုင်ရုံးရှေ့သို့ ဆန္ဒပြတောင်းဆိုနေသည့် အချိန်အတွင်းမှာပဲ သက်ဆိုင်လူကြီးများက ညှိနှိုင်းခြင်းမရှိဘဲ လည်ပင်းတွင် အနီရောင်ပိတ်စများ ချည်ထားသော တပ်ဖွဲ့ဝင်များပါလာသည့် ရဲကား ၃ စီး ဝင်ရောက်လာကာ တခါတည်း ပစ်ခတ်မှု ပြုခဲ့သည်ဟုဆိုသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင်ပင် ညတွင်းချင်း စစ်တွေမြို့မှနေ မြောက်ဦးမြို့သို့ လာရောက်ကာ ဖြစ်စဉ်ဖြစ်ပွားမှု အခြေအနေများကို လေ့လာစောင့်ကြည့်ခဲ့ကြောင်း ၊ ယင်းသို့ စောင့်ကြည့်ရာတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဓိကရုဏ်း ဖြေရှင်းသည့် နည်းလမ်း အဆင့်ဆင့်ကို လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ၊ လူထုကို နားလည်အောင် ရှင်းပြမှု မရှိခြင်း ၊ ရာဘာ ကျည် ၊ မျက်ရည်ယိုဗုံး ၊ မီးသတ်ကားများဖြင့် ပစ်ခတ်ဖြေရှင်းခဲ့ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ရခိုင်အမျိုးသားပါတီခေါင်းဆောင်များက ပြောသည်။

ယင်းအပြင် နိုင်ငံတော်အစိုးရသည် ဘူးသီးတောင် ၊ မောင်တောတွင် ဘင်္ဂါလီများ ပြန်လက်ခံရေးကိစ္စ ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်မည့်ကိစ္စ အပါအဝင် အင်အားကြီးမားလာသည့် ရခိုင် အမျိုးသားတို့၏ အမျိုးသားရေး နိုးထလာမှုများကို ဦးချိုးချင်သည့်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။

“အဓိကရုဏ်းကို ဖြေရှင်းချင်တဲ့ ဆန္ဒတခုတည်းနဲ့ လုပ်ခဲ့တာမဟုတ်ပဲ နိုင်ငံရေး ပယောဂတွေ ပါဝင် နေတယ်လို့ ကျနော်တို့ သုံးသပ်မိတယ်။ သူတို့ (အစိုးရ) ဘယ်လိုပင် ဖြေရှင်းချက်ထုတ်ထုတ် ။ လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ ဘောင်ကျော်လာအောင် ၊ ပစ်ကွင်းထဲကို သွပ်သွင်းခဲ့တယ်လို့ပဲ ယူဆတယ်” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီခေါင်းဆောင်များနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့ “ ရတနာပါလ ”နာရေး ကူညီမှု ဖောင်ဒေးရှင်းရုံးတွင် မြို့ခံ လူထုနှင့် တွေ့ဆုံခဲ့ပြီး မြောက်ဦးဖြစ်စဉ်ကို မကြာခင်အချိန်မှာ ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်သွားမည်ဟု မြို့ နေပြည်သူများကို ကတိပေးခဲ့သည်။

ဧရာဝတီအနေဖြင့် အခင်းဖြစ်ပွားခဲ့သော ခရိုင်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ သွားရောက်ကြည့်ရှုခဲ့ရာ တွင် ကား (ဆူပါကပ်စတန်) ၂ စီး ရှေ့လေကာမှန်များနှင့် နောက်လေကာမှန်များကွဲနေခြင်း ၊ ရုံးရှေ့ အလံတိုင်မှာ အရှေ့ဘက်သို့ ကိုင်းနေမှုများကို မြင်တွေ့ခဲ့ရသည်။

ဆန္ဒပြလူထု၏ ခရိုင်ထွေအုပ်ရုံးအတွင်း လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက ဧရာဝတီ သတင်း ဌာနသို့ သက်သေခံမှတ်တမ်း ဓါတ်ပုံများကို ကြည့်ရှုရန် ယင်းတို့၏ ဖုန်းမှတဆင့် ကူးယူစေခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ပေးသော ဓါတ်ပုံမှတ်တမ်းများတွင် ကား ၂ စီးနှင့် ဆိုင်ကယ်တချို့ ပျက်စီးနေ သည့်ပုံများ အပါအဝင် ရုံးအတွင်းက ပြတင်းပေါက်မှန်တချို့၊ အုတ်ခဲကျိုး၊ ခဲလုံးငယ်များ ခရိုင်ရုံး အတွင်း ပြန့်ကျဲ နေသည်ကို မြင်တွေ့ခဲ့ရသည်။

နိုင်ငံတော်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင် ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေခြင်းကိုတော့ မတွေ့ရှိခဲ့ရပေ။ ဒဏ်ရာရရှိခဲ့သည်ဆိုသော ရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်ပြီး ဆေးကုသမှုခံယူနေမှုနှင့် ထိခိုက်ဒဏ်ရာရ ရှိမှု အခြေအနေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်အား မေးမြန်းခဲ့ရာ ရဲတပ်ဖွဲ့နှင့်သက် ဆိုင်သည့် ကိစ္စရပ်များသာ ဖြစ်သည့်အတွက် မပြောဆိုနိုင်ကြောင်း ဖြေကြားခဲ့သည်။

“ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိတာ မရှိဘူးမဟုတ် ရှိပါတယ်။ ဘယ်နေရာမှာ ဆေးကုသမှု ခံယူနေတယ် ဆိုတာတော့ အဲဒါတွေက ရဲအပိုင်းဖြစ်လို့ ကျနော်တို့ ပြောလို့ မရပါဘူး” ဟု ဦးဘိုဘိုမင်းသိုက်က ပြောသည်။

ဟောပြောပွဲကို ဘာကြောင့် ခွင့်မပြုခဲ့တာလဲ

ရခိုင်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှုအထိမ်းအမှတ် စာပေဟောပြောပွဲကို မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ၂၀၁၃ ခုနှစ်က စဉ်လာမပျက် ကျင်းပလာခဲ့သည်မှာ ယခုနှစ် ဆို လျှင် ၆ နှစ်မြောက်ထိ ရှိလာပြီဖြစ်ကြောင်း မြောက်ဦးမြို့ခံများက ဆိုကြသည်။

အဆိုပါ မြောက်ဦးနန်းတော်ရာကုန်းက ပွဲတော်အား ကျင်းပရေးကော်မတီဥက္ကဌမှာ မြောက်ဦးမြို့ခံ ဦးစံလှဖော် ဖြစ်ပြီး ၎င်းလက်မှတ်ထိုးကာ ဇန်နဝါရီလ ၈ ရက်ရက်စွဲဖြင့် သက်ဆိုင်ရာဌာနများသို့ တင်ပြခဲ့ကြောင်းလည်း သိရသည်။

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်က ပွဲကျင်းပရေးကော်တီ အနေဖြင့် ပွဲတော်ကျင်းပသည့်ကိစ္စနှင့်ပတ်သက်ပြီး ခွင့်ပြုချက် တောင်းခံခဲ့ခြင်းမရှိကြောင်း ပြောကြားသည်။

“ပွဲကျင်းပမယ့် ကိစ္စနဲ့ ပတ်သက်လို့ ကျင်းပရေးကော်မတီအနေနဲ့ ကျနော်တို့ဆီကို ခွင့်ပြုချက် တောင်းခံမှု မရှိခဲ့ဘူး ။ ပွဲလုပ်မယ်ဆိုပြီးတော့ အသိပေးတာလောက်တော့ ရှိပါတယ်။ အဲဒီစာလည်း ကျနော်ဆီကို မရောက်ပါဘူး ။ ကျနော်ဘယ်လိုသိရလဲ ဆိုတော့ တခြားဌာနဆိုင်ရာတွေကို မိတ္တူ ပေးတာရှိတာမို့ သူတို့ ပြောပြမှ သိရတာပါ” ဟု ဦးဘိုဘိုမင်းသိုက်က ပြောသည်။

မြောက်ဦးမြို့ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညိမ်းလွင် က နန်းတော်ရာကုန်းပေါ်တွင် ကျင်းပမည့် ပွဲကိစ္စနှင့်ပတ်သက်၍ စာ ၂ စောင်ထုတ်ပြန်ပြီး ပွဲကျင်းပ ရေး ကော်တီသို့ အကြောင်းကြားစာပေးပို့ခဲ့သည်ဟု ဆိုသည်။

ပထမ အကြောင်းကြားစာမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျဖြစ်သည့်အတွက် ၎င်းအနေဖြင့် မှတ်ချက် တစုံတရာ ပေးစရာ မရှိကြောင်းနှင့် ပွဲတော် ကျင်းပပြီးစီးသည့် အချိန်တွင် အမှိုက်များကိုသာ သိမ်း ဆည်းခဲ့ကြပါရန် အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။

“ပွဲကျင်းပခွင့်ပြုခြင်း ၊ မပြုခြင်းသည် ကျနော်နဲ့ မဆိုင်ဘူး ။ ကျနော်ဟာ နိုင်ငံရေးသမားလည်း မဟုတ်။ ရှေး/သု ပညာရှင်ပဲ ဖြစ်တယ်။ ဒီပွဲက နှစ်စဉ်နှစ်တိုင်းလည်း လုပ်တဲ့ပွဲပါ။ ကျနော့်လက်ထက်မှာ ထူးခြား ပြီး လုပ်တာလည်း မဟုတ်ဘူး ။ အဲဒါကြောင့် အထက်က ခွင့်ပြုရင် လုပ်ကြပါ ။ သို့သော် ပွဲပြီးရင်တော့ အမှိုက်လေးတော့ သိမ်းပေးခဲ့ပါလို့ ကျနော်ဘက်ကတော့ ပထမ အကြောင်း ပြန်ခဲ့တယ်” ဟု ဦးညိမ်းလွင်က ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့က ရှေး/ သုကို ဘာတွေ ညွှန်ကြားခဲ့သလဲ

နောက်ပိုင်းတွင် ၎င်းနန်းတော်ရာတွင် ပြုလုပ်မည့်ပွဲအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့် တာဝန်ယူရမည် ဖြစ်ကြောင်း ဦးညိမ်းလွင်ထံ မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားလာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီဇန်နဝါရီလမှာပဲ နန်းတော်ရာကုန်းမှာ ပွဲတွေလုပ်သွားတယ်။ ထွေအုပ်ကပဲ ခွင်ပြုပေးခဲ့တာ။ ရက်မကွာသေးပါဘူး။ ရှေးက ၃ ကြိမ် လုပ်ပြီးသွားပြီး ဒီတကြိမ် မလုပ်နဲ့ ဆိုတော့ ဒါကျနော့်ကိစ္စ မဟုတ်ဘူး။ သူတို့ကိစ္စ ဖြစ်သွားပြီ။ အဲဒါနဲ့ ကျနော်အနေနဲ့ တာဝန်ယူရမယ်ဆိုတော့ နည်းနည်း လွဲနေသလားဆိုပြီး ပြန်လည် တင်ပြခဲ့ပါတယ်။ ပြီးတော့ ကျနော် အထက်ဌာန အကြီးအကဲတွေကို လည်း တင်ပြခဲ့တယ်” ဦးညိမ်းလွင်က ရှင်းပြသည်။

ပြီးခဲ့သော နှစ်များကလည်း ပွဲကျင်းပရေးကော်မတီသည် နန်းတော်ရာကုန်းပေါ်တွင် ပွဲကျင်းပမည့် ပွဲကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနများသို့ အသိပေး အကြောင်းစာပေးပို့ခဲ့ခြင်းဖြင့်သာ ပွဲ တော်ကို ကျင်းပလေ့ရှိကြောင်း သိရသည်။

“မနှစ်ကလည်း ပွဲကျင်းပရေးကော်မတီက ပွဲကျင်းပမယ်ဆိုတဲ့ အသိပေး အကြောင်းကြားစာပဲ ကျနော်ဌာနကို တင်ပြပြီး ပွဲကျင်းပခဲ့တာ ရှိတယ်။ ဘာကြောင့် ကျင်းပခွင့်မပြုတာလည်းဆိုတာ သက်ဆိုင်သူများကပဲ သိပါလိမ့်မယ်။ ဒီကိစ္စကို တကယ် အတားခံရတဲ့ လူတွေကသာ သိပါလိမ့်မယ်” ဦးညိမ်းလွင်က ဆိုသည်။

ရခိုင်ပြည်နယ် ဝန်ကြီချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးမောင်မောင်အုန်းနှင့် ဦးမြအောင်တို့ လက်ထက်ကလည်း ယခုနှစ်ကဲ့သို့ မဟုတ်ဘဲ ပွဲကျင်းပခွင့်ပြုခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်တွင် ပြုလုပ်မည့် မြောက်ဦးနန်းတော်ရာကုန်း ပွဲတော်နှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၅ ရက်စွဲဖြင့် ပွဲတော်ကျင်းပရန် တရက်သာ လိုတော့သည့်အချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး က ရှေး/သုဌာနသို့ အကြောင်းကြားစာ တစောင်ရောက်ခဲ့သည်။

ထိုစာတွင် ဟောပြောပွဲတွင် ဆင်အိုးကြီးကျောင်းတိုက် ဆရာတော်နှင့် ဒေါက်တာအေးမောင်တို့ ဟောပြောမည့် ကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဟောပြောပွဲ ပြုလုပ်မည့် နေရာ၊ အဆောက်အအုံ တို့ကို စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် ရယူဆောင်ရွက်စေရန်၊ လိုက်နာ ဆောင်ရွက်ခြင်းမရှိက ဥပဒေနှင့်အညီ အရေးယူရန် စသော အကြောင်းကြားစာ တစောင်ကို ဝန်ကြီးချုပ် ဦးညီပု ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က လက်မှတ် ရေးထိုး ပေးပို့လာခြင်းလည်း ဖြစ်သည်။

ရခိုင်နိုင်ငံတော်အချုပ်အခြာ အာဏာကျဆုံးခြင်း ဝမ်းနည်းမှုအထိမ်းအမှတ် အဖြစ် ဇန်နဝါရီလ ၁၅ ရက် ရသေ့တောင်မြို့တွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာကို ဝေဟင်အောင်တို့က ဟောပြောခဲ့မှုများသည် “ဗမာ့ကျွန်”အဖြစ်မှ လွတ်မြောက်ရေး လှုံ့ဆော်ပြီး လက်နက်ကိုင် ရခိုင့်တပ်မတော်ကို အားပေးခဲ့သောကြောင့် လက်ရှိအချိန်တွင် မတရားသင်း အက်ဥပဒေဖြင့် ရသေ့တောင်ရဲစခန်းက အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

မြောက်ဦးမြို့နယ်က ရှေးဟောင်း သုတေသီ ဒေါ်ခင်သန့်က မြောက်ဦးလူထုသည် နိုင်ငံရေး အသိပညာ နည်းပါးပြီး သွေးထိုးလှုံ့ဆော်မှုများကို နားမလည်ဟု ကောက်ချက်ချသည်။

“ဒီပြဿနာက ဒီလောက်နဲ့လည်း မပြီးနိုင်ဘူး။ သွေးထိုးလှုံဆော်နိုင်တဲ့ အနေအထားတွေ ရှိသရွေ့ ဒီက ဆင်ခြင်နိုင်မှု နည်းတဲ့ အပေါ်မှာ ပြဿနာတွေ ဖြစ်နေဦးမှာပဲ။ ဒီနေရာက ထိလွယ်ရှလွယ် ဖြစ်ဖို့ အကောင်းဆုံးနေရာလို့ ကျမ ယူဆတယ်”ဟု သူက ပြောဆိုသည်။

မည်သို့ဆိုစေ ဒေသခံလူငယ်များ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သော မြောက်ဦး ဖြစ်ရပ်မှာ လူအများထိတ်လန့် အံ့သြစေခဲ့သလို ဝေဖန်မှုများ၊ တွေးတောမှုများစွာ ဖြစ်စေခဲ့သည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ဖွဲ့မည့်စုံစမ်းရေးကော်မရှင်အဖွဲ့၏ စုံစမ်းစစ်ဆေးကာ အမှုမှန် ပေါ်ပေါက်လာရေးကိုပဲ ဒေသခံများ မျှော်လင့်နေကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက် မြို့ခံပြည်သူများက ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့သည့် လူငယ် ၇ ဦး၏ ရုပ်အလောင်းများကို ဂူသွင်းသဂြိုဟ်ခဲ့ကြသည်။ နောက်တနေ့တွင် မြောက်ဦး အဓိကရုဏ်းကြောင့် သေဆုံးသူတဦးလျှင် ငွေ ၅ သိန်း ၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁ ဦးလျှင် ငွေ ၃ သိန်းကျပ်ဖြင့် မိသားစုဝင်များအား နာရေးအသင်းမှ ပေးအပ်ခဲ့သည်။

ယခု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပေးအပ်သော ငွေမှန်းသိသွားသော ဒေါ်ခိုင်သန်းနု တယောက် ထိုငွေကို ပြန်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ခပ်သုတ်သုတ် ထွက်သွားတော့လေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading