အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အရှေ့တောင်အာရှ သို့မဟုတ် တောင်အာရှတို့ ကဲ့သို့သော နိုင်ငံတကာ ရေးရာများတွင် လွန်စွာ စိတ်ပါဝင်စားပြီး နိုင်ငံတကာ အရေးပါသော ပြဿနာများကို အခြားသော နိုင်ငံခြားရေး ဝန်ကြီးများနှင့်ဆွေးနွေးရန် မကြာခဏ ခရီးထွက်တတ်သော နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနိုသည် ဂျပန်နိုင်ငံအတွက် သင့်တော်သော နိုင်ငံခြားရေး ဝန်ကြီးတဦး ဖြစ်သည်။
မြောက်ကိုရီးယား နျူကလီးယား ပြဿနာ၊ အကြမ်းဖက်ဝါဒ၊ တရုတ်နိုင်ငံ သြဇာကြီးထွားလာခြင်းနှင့် နိုင်ငံခြားရေး မူဝါဒများ ချမှတ်ရာတွင် တဖက်သတ် ဆန်ခြင်း စသည့် နိုင်ငံတကာ အရေးပါသော ပြဿနာများတွင် အားလုံး သဘောတူညီမှုကို ရှာဖွေသော အာဘေးအစိုးရ၏ နိုင်ငံတကာ သံတမန်ရေးရာ ဆောင်ရွက်ရာတွင် သူက အရေးပါသည်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို စိတ်ဝင်စားခြင်းမှာ လတ်တလောတွင်မှ မဟုတ်။ ဒီမိုကရေစီကို အကြမ်းမဖက်ဘဲ ပြန်လည် ထိန်းသိမ်းနိုင်ခြင်း မပြုမီ စစ်အုပ်ချုပ်ရေး အစောပိုင်း ကာလများပင် ဂျပန်နိုင်ငံသည် မြန်မာခေါင်းဆောင်ပိုင်းနှင့် ထိတွေ့ဆက်ဆံသည်။
ထို့ကြောင့်ပင် ၂၀၁၇ ခုနှစ် သြဂုတ်လက လုံခြုံရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသောအခါ ထိုပြဿနာကို ဖြေရှင်းရေး အတွက် ပြင်ပ ကြားဝင်ဆောင်ရွက်မှုကို ဂျပန်နိုင်ငံက တောင်းဆိုသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနို၊ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဆစ်ဂမာ ဂါဘရီရယ် (Sigmar Gabriel) နှင့် ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီး မာဂေါ့ဝေါလ်စထရွန်း (Margot Wallstrom) တို့သည် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဘူဟက်ဆန် မာမွတ် (Abul Hassan Mahmood) နှင့် ဆွေးနွေး ခဲ့သည်။ ထိုသို့ အဆင့်မြင့်အရာရှိများ ပူးတွဲသွားရောက်သည်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် အကျပ်အတည်း စတင်ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။
ရိုဟင်ဂျာခေါ် ဘင်္ဂလီတို့၏ အဆင့်အတန်းကို ဖွင့်ဆိုခြင်းသည် ပြဿနာ၏ အဓိက အခက်အခဲဖြစ်သည်။ မြန်မာ ဥပဒေအရ ၎င်းတို့သည် မြန်မာနိုင်ငံ၏ တရားဝင် တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်ရာမှ နိုင်ငံသားဖြစ်ခွင့်နှင့် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဲ့သို့သော ဝန်ဆောင်မှုများကိုလည်း ဆုံးရှုံးရသည်။
သို့သော် ရခိုင်ပြည်နယ် တိုင်းရင်းသား ၇ မျိုးတွင် ပါဝင်သော ကမန်များကိုမူ အစိုးရက တရားဝင် အသိအမှတ်ပြုသည်။ ၎င်းတို့ကို ဌာနေတိုင်းရင်းသားများ အဖြစ် သတ်မှတ်ပြီး နိုင်ငံသားအဖြစ် သတ်မှတ်သောကြောင့် ၎င်းတို့တွင် မှတ်ပုံတင်ကတ်များ ရှိသည်။
လူမျိုးနှင့် ဘာသာသည် မကြာသေးမီက ဖြစ်ပွားသည့် အကြမ်းဖက်မှုများ၏ အကြောင်းရင်း ဖြစ်သည်။ ရိုဟင်ဂျာခေါ် ဘင်္ဂလီများကို ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သည်ဟု မြင်ကြသည်။
နိုင်ငံတကာ ဖိအားကြောင့်ဖြစ်စေ အခြားသော အကြောင်းရင်းများကြောင့် ဖြစ်စေ မြန်မာ အစိုးရသည် ရခိုင်ပြည်နယ်မှ စာရွက်စာတမ်း အထောက်အထား မရှိသူများအား နိုင်ငံသား ဖြစ်စေရေး အတွက် ဆောင်ရွက်နေသည်။ ထိုလုပ်ငန်းစဉ်သည် ရခိုင်ပြည်နယ် အတွင်း နေထိုင်သူတိုင်းကို နိုင်ငံသားဖြစ်ခွင့် ရှိ/မရှိ စစ်ဆေးသွားမည် ဖြစ်သည်။
လက်ရှိ နိုင်ငံသား ဥပဒေအရ ရိုဟင်ဂျာခေါ် ဘင်္ဂလီများသည် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား လျှောက်ထားခွင့်ရှိသူ ဖြစ်ရန် နိုင်ငံသား စိစစ်ခံမည့်သူ၏ သက်သေခံကတ် ဦးစွာ ကိုင်ဆောင်ရမည် ဖြစ်သည်။ ထိုကြောင့် ပြဿနာသည် ရှုပ်ထွေးပြီး ထိရှလွယ်သည်။
သွားရောက် လည်ပတ်သည့် နိုင်ငံခြားရေး ဝန်ကြီး ၃ ဦးတို့သည် စခန်းများမှ ရိုဟင်ဂျာများနှင့် စကားပြောဆိုပြီးနောက် ဘင်္ဂလားဒေ့ရှ် အစိုးရ၊ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများက ဆောင်ရွက်နေသည့် လူသားချင်း စာနာမှု လုပ်ငန်းများကိုလည်း ကြည့်ရှုခဲ့သည်။
သူ့ သံတမန်ရေး ကွင်းဆင်းခရီးကို ဆက်လက်ရင်း တာရိုကိုနိုသည် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ တွင် ၃ ရက်ကြာ သွားရောက်ခဲ့ပြီး မြန်မာ ထိပ်တန်ခေါင်းဆောင်များနှင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ နှစ်နိုင်ငံ စိုးရိမ်မကင်းသော ပြဿနာများကို ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတွင် ရှိစဉ်အတွင်း တာရိုကိုနိုသည် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတင် တာဝန်ထမ်းဆောင်ပြီး နောက် သူ၏ ပထမဆုံးသော မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံရသည့် ခရီးစဉ်လည်း ဖြစ်သည်။
တာရိုကိုနို၏ ခရီးစဉ် ရည်ရွယ်ချက်တွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးသာမက ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ရေးလည်း ပါဝင်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များ အပေါ် စစ်ဘက်က အပြင်းအထန် အရေးယူဆောင်ရွက်ခြင်းကို နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ မြင့်မားလာခြင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဒုက္ခသည် ၆၅၀၀၀၀ ကျော် ထွက်ပြေးခြင်း တို့ကြောင့် မြန်မာနိုင်ငံသည် ဒုက္ခသည်များကို ပြန်လည် လက်ခံရန် သဘောတူပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ သို့မဟုတ် လကုန်ပိုင်းမှ စတင်ကာ ပြန်လည် လက်ခံမည် ဖြစ်သည်။
နိုဝင်ဘာလက အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၏ နှစ်နိုင်ငံ သီးခြား အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃ ဘီလီယံ ပေးရန် အဆင့်သင့် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်ကလည်း ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍနှင့် ပြည်သူပိုင် ကဏ္ဍနှစ်ခုလုံး အတွက် ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံ အကူအညီ ပေးရေး အစီအစဉ်ကို ကြေညာခဲ့သည်။
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနိုသည် ရခိုင်ပြည်မြောက်ပိုင်း မောင်တောမြို့နယ်မှ မွတ်စလင် ၁၀၀၀ ကျော် နေထိုင်သော ရွာဖြစ်ခဲ့သော နေရာသို့ သွားရောက်ခဲ့သည်။
မတည်ငြိမ်မှုများ စတင်ဖြစ်ပွားပြီးနောက် တာရိုကိုနိုသည် ထိုဒေသသို့ သွားရောက် ကြည့်ရှုခဲ့သော ပထမဆုံး ပြည်ပနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သည်။ မနီလာတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကြေညာခဲ့သော အကူအညီအပြင် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသော မွတ်စလင်များကို ပြန်လည် လက်ခံရေး အတွက် အမေရိကန်ဒေါ်လာ ၃ သန်း ထပ်မံပေးအပ်မည် ဟု တာရိုကိုနိုက ဒေါ်အောင်ဆန်းစုကြည် နှင့် အတူကြေညာသည်။
ထိခိုက်မှုများ ဖြစ်ပွားသော နေရာသို့ ခရီးသွားလာခြင်းကို လူသားချင်းစာနာမှု အဖွဲ့များနှင့် မီဒီယာများ ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသော်လည်း တာရိုကိုနိုအား ထိုဒေသသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံခွင့် ပေးခြင်းသည် ထူးထူးခြားခြား မှတ်သားစရာကောင်းသော အချက်ပင်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသည် နိုဝင်ဘာလ ၂၃ ရက်နေ့က ရိုဟင်ဂျာ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက် တစောင်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သောကြောင့် တာရိုကိုနို၏ ခရီးစဉ်သည် ထိုအစီအစဉ်ကို တွန်းအားဖြစ်စေသည်ဟု ယုံကြည်ရသည်။
နေရပ်စွန့်ခွာ ရိုဟင်ဂျာများကို ပြန်လည် လက်ခံရေး အဆင်ပြေချောမွေ့စေရေး အတွက် ဂျပန်နိုင်ငံက ဘဏ္ဍာရေး အကူအညီ ဒေါ်လာ ၃ သန်း ပေးခြင်းကို မြန်မာနိုင်ငံက ကျေးဇူးတင် အသိအမှတ်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံက လူသားချင်းစာနာမှု အခြေအနေနှင့် ရခိုင်ပြည်နယ် တိုးတက်ရေး အတွက် နောက်ထပ် ဒေါ်လာ သန်း ၂၀ ပေးရန် အသင့်ရှိကြောင်းလည်း ကြေညာသည်။ ထိုငွေကို ဒုက္ခသည် ပြန်လည် လက်ခံသည့် အခြေအနေကို ကြည့်ပြီး အချိန်မီ ပေးအပ်သွားမည် ဖြစ်သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက အလှူရှင်လည်း ဖြစ်သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံလုံးသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းများ ဖြစ်သောကြောင့် အိန္ဒိယနိုင်ငံသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်နည်း။ အိန္ဒိယနိုင်ငံအပေါ် ထို ၂ နိုင်ငံလုံးက မည်သို့ မျှော်လင့်ထားသနည်း။ အိန္ဒိယနိုင်ငံအတွက် မဟာဗျူဟာ ဆိုင်ရာ စဉ်းစား သုံးသပ်မှုများသည် အခြားသော အမြင်များထက် ပိုမို အရေးပါသည်။
အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထောက်ခံခြင်းထက် ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံကို ထောက်ခံသင့်သည် ဟု မဟာဗျူဟာဆိုင်ရာ အသိုင်းအဝန်းက အများစုက ယူဆကြသည်။ ထိုထင်မြင်ချက်များကြောင့် မြန်မာနိုင်ငံကို အိန္ဒိယက ဝေဖန်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယူဆလျှင် မှားယွင်းမည် ဖြစ်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မွတ်စလင်များ အပေါ် အကြမ်းဖက်မှုကို ရည်ညွန်းသော နိုင်ငံတကာတွင် ချမှတ်သည့် နိုင်ငံတကာ ကြေညာချက် တစောင်ကို အိန္ဒိယက လက်မှတ်ရေးထိုးရန် စက်တင်ဘာလ ၁၈ ရက်နေ့က ငြင်းဆန်ခဲ့သည် ကို သတိရရန်လိုသည်။
ဘဝင်မြင့်ပြီး ရွေးချယ်ဝေဖန်သည့် အခြား နိုင်ငံများနှင့် လူသားချင်းစာနာမှု ကျယ်ကျယ်လောင်လောင် အသံနောက် သံယောင်လိုက် ပါဝင်ခြင်းဖြင့် အိန္ဒိယနိုင်ငံသည် မိမိ၏ မြန်မာနိုင်ငံမှ မဟာဗျူဟာ အရင်းအနှီးများကို ဆုံးရှုံးခံမည် မဟုတ်ဟု အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဟောင်း ကပေလ် စီဗယ် (Kapil Sibal) က ပြောသည်။
The Economic Times စာစောင်တွင် ကပေလ် စီဗယ်က “မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချသော အစ္စလမ်မစ်နိုင်ငံများသည် ဆော်ဒီအာရေးဗီးယားက ယီမင်ကို တိုက်ခိုက်မှုနှင့် တူရကီက ကာ့ဒ်များကို တိုက်ခိုက်မှုများကို မည်သည့် အတွက် မမြင်နိုင်သည်ကို ရှင်းပြခဲ့သည်။ တိဗက်နှင့် အူဂါ မွတ်စလင်များကို တရုတ်နိုင်ငံက ဆက်ဆံပုံကို မည်သည့်အတွက် မဝေဖန်သနည်း။ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး ကောင်စီသည် ကက်ရှ်မီးယား ပြဿနာ အတွက် အိန္ဒိယကို ဝေဖန်သော်လည်း ပါကစ္စတန်က အိန္ဒိယနှင့် အာဖဂန်တွင် အကြမ်းဖက်ဝါဒ လှုံ့ဆော်အားပေးနေသည်ကို မည်သည့်အတွက် မဝေဖန်သနည်း”ဟု မေးခွန်းများထုတ်ပြီး “တနေရာရာတွင် မွတ်စလင်များကို ဖိနှိပ်သည်ဟု ဆိုတိုင်း ပထဝီအရ ဝေးကွာသော အသိုင်းအဝန်း တခုကို လှုံ့ဆော်ဆောင်ရွက်ခြင်းသည် မွတ်စလင်မဟုတ်သော နိုင်ငံများမှ မွတ်စလင်လူနည်းစုများကို အပြည့်အ၀ ပေါင်းစည်းခြင်း မလုပ်နိုင်သည်ကို ပြသနေသည်” ဟု ရေးခဲ့သည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စစ်သွေးကြွ တိုက်ခိုက်မှုကို တိုက်ဖျက်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ကူညီမှုကို ကျေးဇူးတင်သော်လည်း ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ စစ်လက်နက်ပစ္စည်းနှင့် သံချပ်ကာယာဉ်များကို တရုတ်နိုင်ငံမှ ဝယ်ယူနေဆဲ ဖြစ်ပြီး အိန္ဒိယက ပြင်းထန်စွာ ဆန့်ကျင်သည့် ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်ကို ထောက်ခံနေကြောင်း အိန္ဒိယ နိုင်ငံက သိသည်။
ဘင်္ဂလားဒေ့ရှ်၏ တရုတ်နှင့် အိန္ဒိယ နိုင်ငံများနှင့်ဆက်ဆံရေးသည် ကွဲပြားခြားနားနေလျှင် အိန္ဒိယ၏ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အပေါ် မူဝါဒကွဲပြားနေမည်ကို သတိမူသင့်သည်။ ရိုဟင်ဂျာ ၄၀၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်မှ တဆင့် အိန္ဒိယသို့ ဝင်လာသည်ကို အိန္ဒိယ နိုင်ငံက သိသည်။ ထိုသို့စီးဝင်မှုကို ပိတ်ပစ်ရန် လိုသည်ဟု အိန္ဒိယ နိုင်ငံက သိသည်။ လူဦးရေ အချိုးအစားကို ပြောင်းလဲပစ်ရန် အကြံအစည်ဖြင့် ဂျမူးနှင့် ကက်ရှ်မီးယားတွင် မွတ်စလင်များက ဟိန္ဒူ အခြေချ နေထိုင်မှုကို အပြင်းအထန် ဆန့်ကျင်ပြီး ရိုဟင်ဂျာ အများအပြား အခြေချ နေထိုင်စေသည်ကို အိန္ဒိယ အစိုးရသည် လျစ်လျူရှု မထားနိုင်ပေ။
ဤသည်မှာ အိန္ဒိယ နိုင်ငံ၏ ရပ်တည်ချက် ဖြစ်လျှင် အိန္ဒိယနှင့် ဂျပန်သည် မြန်မာနိုင်ငံတွင် မဟာဗျူဟာ တရပ် ပူးတွဲချမှတ် နိုင်မည်လား။ ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်လျှင် နှစ်နိုင်ငံတို့သည် ခြေလှမ်းချင်းမတူကြဘဲ အိန္ဒိယသည် ဂျပန်နိုင်ငံက ထိုဒေသမှ လူများ၏ အခြေအနေ သက်သာစေရန် ဆောင်ရွက်ချက်များကိုသာ ထောက်ခံနိုင်သည်။
သို့သော် ဂျပန်နှင့် အိန္ဒိယတို့သည် တရုတ်ဩဇာ ကြီးထွားလာခြင်းကို တွန်းလှန်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး ထောင်ချောက် အတွင်း မြန်မာ မကျရောက်အောင် ဖြောင်းဖျနိုင်သည်။
(www.eurasiareview.com တွင် ဖော်ပြထားသည့် Dr. Rajaram Panda ၏ Japan’s Myanmar Diplomacy – Analysis ကို ဆီလျော်အောင် ဘာသာပြန်သည်။ ၎င်းသည် ဂျပန်နိုင်ငံ Reitaku University တွင် ဧည့်ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။)