ဆောင်းပါး

သမိုင်းထဲက အရှေ့တောင်အာရှနဲ့ အိန္ဒိယ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံက တားဆီး၍ မရနိုင်လောက်အောင် ကြီးထွားလာနေချိန်တွင် ကမ္ဘာပေါ်မှ မဟာဗျူဟာ ကျွမ်းကျင်သူတို့က (စိုးရိမ်တကြီးဖြင့်) အိန္ဒိယနိုင်ငံကို ပိုကြည့်လာကြသည်။

အဘယ်ကြောင့်နည်း။

ကြီးမားသော လူဦးရေနှင့် မြင်သာထင်ရှားသော GDP တိုးတက်မှုလည်း ရှိနေသော အိန္ဒိယနိုင်ငံက ၎င်း၏ မြောက်ပိုင်းမှ အိမ်နီးချင်းအတွက် ပြိုင်ဘက်တဦး ဖြစ်လာလိမ့်မည်ဟု အများစုက မျှော်လင့်နေကြသည်။

ပထဝီ နိုင်ငံရေးအရဆိုလျှင် ခေတ်သစ်ပိုးလမ်းမစီမံကိန်း (One Belt One Road) ဖြင့် အိန္ဒိယ သမုဒ္ဒရာသို့ နယ်ချဲ့လာ သော တရုတ်နှင့် အိန္ဒိယတို့ ထိပ်တိုက်တွေ့ကြမည်ဟု မျှော်လင့်ရသည်။

အာဆီယံခေါင်းဆောင်များက သံတမန်ဆက်ဆံရေး ရာစုနှစ်၏ ၄ ပုံ ၁ ပုံ ၂၅ နှစ် ပြည့်သည့် အခမ်းအနားတခုကို ဆင်နွဲရန် (အခွင့်အရေးကို အသုံးချခြင်းလည်း အနည်းငယ် ပါကောင်းပါနိုင်ပါသည်) နယူးဒေလီမြို့တွင် အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒြာ မိုးဒီနှင့် ယခု တွေ့ဆုံနေကြသည်။

သံသယစိတ်ရှိသူ တဦးဆိုလျှင် ထိုသို့ ကျင်းပရန် ထိုက်တန်ရဲ့ လားဟု စောကြောမိမည် ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ တွေ့ဆုံမှုက အရေးပါပါသည်။ အဘယ်ကြောင့် ဆိုသော် အရှေ့တောင် အာရှအတွက် အိန္ဒိယက အရေး ကြီးသောကြောင့် ဖြစ်သည်။

ကျနော်တို့ဒေသက အိန္ဒိယတိုက်ငယ် တခုလုံးနှင့် ယဉ်ကျေးမှု၊ ဘာသာရေး နှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ ရှိခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရာစုနှစ်များစွာ အတွင်းတွင် ဘင်္ဂလားပင်လယ်အော်ကို ကျော်ဖြတ်လာသော ရွှေ့ ပြောင်း အခြေချသူ သန်းပေါင်းများစွာက ဂျော့ချ်တောင်း၊ ရန်ကုန်၊ ဂျကာတာ နှင့်စင်ကာပူကဲ့သို့သော မြို့များ အပေါ်တွင် နက်ရှိုင်း စွာ သြဇာလွှမ်းမိုးခဲ့သည်။

ထို့ကြောင့် နေရိန်ဒြာ မိုးဒီ၏ (အစွန်းရောက် ဟိန္ဒူ အမျိုးသားရေး ဝါဒီ အပြော အဆိုများအရ) ပုံမှန်မရှိသော ခေါင်းဆောင်မှုနှင့် လက်တွေ့ကျသော စီးပွားရေး မူဝါဒများ ချမှတ်တတ်ခြင်း အပေါ် ယခုအခါ အများအပြားက စောဒက တက်နေကြသည့်တိုင် အိန္ဒိယနိုင်ငံ အင်အားကောင်းလာခြင်းကြောင့် (အကယ်၍ ယခင်က မှန်းဆထား သလောက် မဟုတ်ခဲ့လျှင်ပင်) အကျိုးအမြတ် ကြီးစွာ ရမည့်သူများထဲတွင် အရှေ့တောင်အာရှလည်း တခု အပါအဝင် ဖြစ်သည်။

အာဆီယံခေါင်းဆောင်များက နယူးဒေလီသို့သွားရောက်နေချိန်တွင် ကျနော်က သေးငယ်သော်လည်း ဆွဲဆောင်မှုရှိသည့် အရှေ့တောင်အာရှမှ အိန္ဒိယနွယ်ဖွားတို့၏ သမိုင်းတခုတွင် နစ်မြုပ်နေခဲ့သည်။ မလေးရှားနိုင်ငံ ပီနန် ပြည်နယ် ဂျော့ချ်တောင်းမြို့ရှိ ကျူလီယာ အသိုင်းအဝိုင်း ဖြစ်သည်။ ကျနော်က ပီနန်ရှိ ကျူလီယာ အသိုင်းအဝိုင်းက မလေးရှားနိုင်ငံ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးမှုတွင် သူတို့ မည်ကဲ့သို့ ပါဝင်ခဲ့သည်ကို လေ့လာနေခဲ့သည်။

ကျနော် အဓိက ထားသည့် အရင်းအမြစ်မှာ စာရေးဆရာမ Khoo Salma Nasution ၏ “The Chulia in Penang” အမည်ရှိ စာအုပ်ဖြစ်ပါသည်။

သမိုင်းထဲက ရန်ကုန်နှင့် အိန္ဒိယ နွယ်ဖွားများ

၁၉၀၀ နှစ်များ အစောပိုင်းတွင် ပေါ်ပေါက်ခဲ့သည်ဟု ယူဆရသော ကျူလီယာ Chulia ဆိုသည့် စကားလုံးမှာ ဥရောပတိုက်သားများက မလေးကျွန်းဆွယ်ကိုဖြတ်၍ ပီနန်သို့ရောက်လာသော အိန္ဒိယတောင်ပိုင်းသားများကို ခေါ်ဝေါ်သည့် အသုံးအနှုန်း ဖြစ်သည်။

မှန်ပါသည်။ ဒေသတွင်းတွင် အိန္ဒိယ၏ သြဇာလွှမ်းမိုးမှုက ထိုကာလမတိုင်မီ ရာစုနှစ်များစွာကထဲက ရှိခဲ့သည်။ ယူနက်စကို UNESCO ၏ အမွေအနှစ်စာရင်းဝင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗား အလယ်ပိုင်းမှ ၉ ရာစုခေတ်လက်ရာ ပရာဘာနန် Prambanan ဟိန္ဒူ ဘုရားကျောင်းက သက်သေဖြစ်သည်။

ဂျာဗား၏ မွတ်ဆလင် အမွေအနှစ်ကလည်း ဝါလီဆွန်ဂို wali songo ခေါ် ၁၅ ရာစုနှစ် အတွင်းက ကျွန်းပေါ်သို့ ရောက်လာသော သဘာဝလွန် စွမ်းရည်များရှိသည့် မွတ်ဆလင် သူတော်စင် ၉ ဦးနှင့် တွဲဆက်နေသည်။ အချို့ သမိုင်းပညာရှင်များက သူတို့၏ မူလဇစ်မြစ်သည် မာလာယလီ Malayali အိန္ဒိယမျိုးနွယ်တို့၏ မူရင်းအရပ် ဖြစ်သော အိန္ဒိယနိုင်ငံမှ ဂူဂျာရက် Gujarat နှင့် မလာဘာ Malabar ဒေသများဖြစ်သည်ဟု ခြေရာကောက်ခဲ့ကြသည်။

ကျူလီယာတို့သည် ယခုအခါ အိန္ဒိယတောင်ပိုင်းမှ တမီလ်နာဒူး Tamil Nadu ဟု သိကြသည့် ဒေသမှနေ၍ အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ကျော်၍ ၁၇ ရာစုနှစ်တွင် ရောက်ရှိလာခဲ့ကြသည်။ သူတို့က ကျွန်းနိုင်ငံ၏ စီးပွားရေးကို တည်ဆောက်ရတွင်၊ စရိုက်လက္ခဏာကို ပုံဖော်ရာတွင် အရေးပါခဲ့ကြသည်။

ကျူလီယာတို့သည် များသောအားဖြင့် ချည်ထည်ကုန်သည်များ ဖြစ်ကြသည်။ သူတို့သည် ၁၈၃၀ ခုနှစ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း၁၀၀ ကျော်ခန့် ရှိမည့် သွင်းကုန်/ထုတ်ကုန် လုပ်ငန်း (ဘိန်းကုန်ကူးခြင်း၏ ၂ ဆရှိသည်) ကို မောင်းနှင်ခဲ့ကြသည်။

ပုံနှိပ်စက်များ တည်ထောင်ခြင်းအားဖြင့် ပီနန်ကို အသိပညာအတွက် အချက်အချာ ကျသည့်နေရာဖြစ်အောင် ပြောင်းလဲခဲ့ကြသည်။ ထို့ပြင် သူတို့၏ လက်လီအရောင်းဆိုင်ငယ်များကလည်း ကျွန်းဆွယ် တခုလုံးသို့ ပျံ့နှံ့ခဲ့သည်။

တမီလ်မွတ်ဆလင် အသိုင်းအဝိုင်းက ဂျော့ချ်တောင်းမြို့မှ ဗလီများ၏ ၃ ပုံ ၁ ပုံ ခန့်ကို ၁၉၀၀ နှစ်များ အစောပိုင်းတွင် တည်ဆောက်ခဲ့ကြရာ နာမည်ကျော် ကာပီတန်ကလင်း Kapitan Kling ဗလီလည်း အပါအဝင် ဖြစ်သည်။ ပီနန်မှတဆင့် ကျူလီယာများ ကုန်သင်္ဘောများဖြင့် အာချေး Aceh နှင့် စင်ကာပူ Singapore သို့ ရောက်ရှိခဲ့ကြသည်။

သမိုင်းထဲက ပီနန်နှင့် ကျူလီယာများ

ဒေသတွင်းမှ နာမည်များသည်ပင် အိန္ဒိယ၏ သြဇာလွှမ်းမိုးမှု ရှိနေသည်။ ဂျကာတာ၊ ကမ္ဘောဒီးယားနှင့် စင်္ကာပူရ အစရှိ သည့် အမည်များမှာ သက္ကရ စကားလုံးများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကမ္ဘောဒီးယား ဆိုသည်မှာ သက္ကရ စကားလုံး ကမ်ပူဂျ Kambuja မှ ဆင်းသက်လာခြင်း ဖြစ်သည်။

အရှေ့တောင်အာရှမှ အိန္ဒိယနွယ်ဖွားများ၏ နိုင်ငံ သို့မဟုတ် အိန္ဒိယ နွယ်ဖွားများ လွှမ်းမိုးသည့် နိုင်ငံကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း အသောကမင်း၏ အမိန့်ပြန်တမ်းများတွင် တွေ့ရသည်။

ကျနော်တို့ဒေသတွင်းမှ အဓိကကျသည့် ယဉ်ကျေးမှုတိုင်းတွင် အိန္ဒိယဇတ်ကြောင်းများ ဖြစ်သော မဟာဘာရတ္တနှင့် ရာမ ယန တို့ကို သူတို့၏ ရိုးရာပုံပြင်များအဖြစ် ထည့်သွင်းထားသည်ကို ထင်ထင်ရှားရှားတွေ့နိုင်သည်။

ထိုင်းနိုင်ငံသား အိန္ဒိယ နွယ်ဖွား အနုပညာရှင် တဦးဖြစ်သည့် နာဗင်ရဝမ်ချိုင်ကူး Navin Rawanchaikul ၏ ခေတ်ပြိုင်လက်ရာများတွင်ပင် ထိုသို့လွှမ်းမိုးမှုကို ဆက်လက်တွေ့ရှိရသည်။ နာဗင်ရဝမ်ချိုင်ကူးက သူ၏ မြို့ဖြစ်သည့် ချင်းမိုင်မှ အိန္ဒိယ နွယ်ဖွားတို့၏ ဘဝများကို မှတ်တမ်း တင်ခဲ့သည်။

ထိုသို့သော သမိုင်းရှိသော်လည်း အိန္ဒိယက (ဘောလီးဝုဒ် ရုပ်ရှင်များမှလွဲ၍) အရှေ့တောင်အာရှတွင် ၎င်းအတွက် သင့်တော်သည့် နေရာကို မရယူနိုင်ခဲ့ခြင်းက အလွန်ရှက်စရာ ဖြစ်သည်။

ကျူလီယာများ ကုန်သင်္ဘောများဖြင့် စင်ကာပူ Singapore သို့ ရောက်ရှိခဲ့ကြသည်

ရှေ့သို့မျှော်ကြည့်မည် ဆိုလျှင် အာဆီယံ အနေဖြင့် ကမ္ဘာ့လူဦးရေ၏ ၁၈ ရာခိုင်နှုန်းနေထိုင်သော တောင်အာရှမှ မဟာအင် အားကြီးနိုင်ငံနှင့် မိတ်ဆွေဖြစ်မှု ပိုမိုအားကောင်းစေရန် များစွာလိုအပ်ပါသည်။

ယခုနှစ်အတွင်းတွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုက တရုတ်နိုင်ငံအတွက် ခန့်မှန်းထားသော ၆.၈ ရာခိုင်နှုန်းထက် သာလွန်၍ ၇ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလိမ့်မည်ဟု နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့(IMF) က မကြာသေးမီက ခန့်မှန်းခဲ့သည်။ ထို့ပြင် ၂၀၅၀ ရောက်သည့် အခါ အိန္ဒိယနိုင်ငံ၏ စီးပွားရေးက တရုတ်နိုင်ငံမှ လွဲ၍ ဒုတိယ အကြီးမားဆုံး ဖြစ်လာမည်ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်က ခန့်မှန်းထားသည်။

ခြုံ၍ ကြည့်မည်ဆိုလျှင် အာဆီယံနှင့် အိန္ဒိယ တို့၏ လူဦးရေက ကမ္ဘာ့လူဦးရေ၏ ၃ ပုံ ၁ ပုံ နီးပါးရှိပါသည်။ GDP များကို ပေါင်းလိုက်လျှင်လည်း အမေရိကန်ဒေါ်လာ ၃.၈ ထရီလီယံ အထိ ရောက်သွားမည် ဖြစ်သည်။

အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိသည့် အိန္ဒိယနိုင်ငံ၏ စားအုန်းဆီ သွင်းကုန် ၃ ပုံ ၂ ပုံကျော်က မလေးရှားနှင့် အင်ဒိုနီးရှားမှ လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် နှစ် အတွင်း အိန္ဒိယ နိုင်ငံက မလေးရှားမှ စားအုန်းဆီ တန်ချိန် ၃သန်း နှင့် အင်ဒိုနီးရှား မှ တန်ချိန် ၂ သန်းကျော် တင်သွင်းခဲ့သည်။

အမှန်တကယ်အားဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး ကုန် သွယ်ရေး ပိုငွေပြမှုမှာ အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀.၁၆ ဘီလီယံ အထိ ရှိခဲ့သည်။

ထိုအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၏ BPO (စီးပွားရေး လုပ်ဆောင်မှု အရင်းအမြစ်များကို ပြင်ပနိုင်ငံတွင် ထားရှိခြင်း) ကဏ္ဍက အိန္ဒိယ ပြိုင်ဖက်များနှင့် ထိပ်တိုက်ယှဉ်ပြိုင်နေပြီး အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံတန်သည့် ထိုစီးပွားရေးတွင် ဒေါ်လာ ၂၈ ဘီလီယံ ရှာဖွေနိုင်ခဲ့သည်။

အိန္ဒိယ နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များမှာလည်း တရုတ်ခရီးသည်များကဲ့သို့ပင် မက်မောလောက်စရာများ ဖြစ်လာသည်။ ဥပမာပြရလျှင် ပြီးခဲ့သည့် နှစ်အတွင်းက အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်သော အိန္ဒိယ ကမ္ဘာလှည့် ခရီးသည် အရေအတွက် ၃၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ရာမယန ဇာတ်ကို ထိုင်းတွေလည်း ကပြကြသည်

အိန္ဒိယ နိုင်ငံနှင့် နေရိန်ဒြာ မိုးဒီ၏ ဒီမိုကရေစီ ကတိကဝတ်နှင့် ပတ်သက်၍ အများစုက မေးခွန်းထုတ်ကြသော်လည်း ဆက်လက်၍ ယခုအတိုင်း ရှိနေလိမ့်မည်ဟု ကျနော် ယုံကြည်ပါသည်။

လွတ်လပ်သော အများပြည်သူ အဖွဲ့အစည်းများနှင့် စာနယ်ဇင်းလွတ်လပ်မှုက တိုက်ခိုက်ခြင်း ခံနေရသော်လည်း သူတို့တွေသည် အထက်တန်းလွှာတစု၏ ညံ့ဖျင်းမှုများကို စစ်ဆေးနိုင်သင့်ပါသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၏ စုံလင်ကွဲပြားသော ဒီမိုကရေစီက ကျနော်တို့အတွက် လူမျိုးတခုတည်းကို အခြေခံခြင်းထက်၊ တပါတီ စနစ်ကျင့်သုံးသည့် တရုတ်နိုင်ငံထက် ပို၍ ဦးတည် ရည်မှန်းစရာ အခြားတခုအဖြစ် ရှိနေသည်။

အရှေ့တောင် အာရှတွင် တရုတ်နိုင်ငံ၏ ကာလရှည်ကြာ သြဇာလွှမ်းမိုးမှုက အိန္ဒိယနိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တိမ်မြုပ်သွား စေလိမ့်မည်ဟု ယူဆပါက မိုက်မဲခြင်းသာ ဖြစ်ပါလိမ့်မည်။ အမှန်တကယ်တွင် ထိပ်တိုက် ရင်ဆိုင်နေကြခြင်း ဖြစ်ပြီး ဒေသ တွင်းတွင် ရှိသည့် ကျနော်တို့က ထိုအချက်ကို ကောင်းစွာ မှတ်မိနေရန် လိုအပ်ပါသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးတင်းမာမှုများ အပေါ် စိုးရိမ်ရမည် ဖြစ်သော်လည်း ကျနော်တို့ အရှေ့တောင် အာရှဒေသ အနေဖြင့် တရုတ်နိုင်ငံကဲ့သို့ပင် အိန္ဒိယနှင့်လည်း ရင်ဆိုင်ဖြေရှင်းရမည်ဆိုသည်က အမှန်တရားဖြစ်ပါသည်။

စိန်ခေါ်မှုများစွာ ရှိပါသည်။ သို့သော်လည်း ကျနော်တို့နှင့် အကျွမ်းတဝင်ရှိပြီးသား သူစိမ်းတယောက်နှင့် ပြန်လည် ထိတွေ့ ဆက်ဆံခြင်းမှ ပြန်ရလာမည့် အကျိုးကျေးဇူးများကလည်း များစွာရှိနေပါသည်။

(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading