မြန်မာနိုင်ငံ၏ အင်အားနှင့် သြဇာအကြီးမားဆုံးလူမျိုးစု လက်နက်ကိုင်တပ်များ အနက်တခုဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တွင် ခေါင်းဆောင်သစ်တဦး တက်လာသည်။ ထိုခေါင်းဆောင်မှာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမျှတသူ ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် ၎င်းတို့၏ ရုန်းကန်နေရမှု အပေါ် အနောက်နိုင်ငံများ၏ ထောက်ခံ စာနာမှု ရရှိရန် စိတ်အားထက်သန်ခြင်း မရှိသူ ဖြစ်နေသည်။
ဇန်နဝါရီလတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အသက် ၇၀ အရွယ်ရှိ ဗိုလ်ချုပ်ကြီး အင်န်ဘန်လကို ဥက္ကဋ္ဌသစ် အဖြစ် ခန့်အပ်လိုက်သည်။ လတ်တလောတွင် KIA သည် နိုင်ငံ၏ မြောက်ပိုင်းဒေသ တရုတ်နယ်စပ်တွင် မြန်မာတပ်မတော်နှင့် ပြင်းထန်သော တိုက်ပွဲများဆင်နွှဲနေသည်။
အင်န်ဘန်လ၏ ခေါင်းဆောင်မှု အောက်တွင် ကချင်လူမျိုးစု လက်နက်ကိုင်များ၏ လှုပ်ရှားမှုသည် တရုတ်နိုင်ငံ လုံခြုံရေး တပ်များ၏ နီးကပ်သော မဟာမိတ်နှင့် နိုင်ငံ၏ အင်အား အကြီးမားဆုံး လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မဟာမိတ်ဖွဲ့သည်။
လွန်ခဲ့သော နှစ်က KIA သည် UWSA ဦးဆောင်ပြီး ရှမ်း၊ ကိုးကန့်တရုတ်၊ တအောန်း (ပလောင်)၊ ရခိုင်နှင့် အရှေ့ပိုင်း ဒေသမှ လူမျိုးစု အများအပြား ပါဝင်သော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) သို့ ဝင်ရောက်ခဲ့သည်။
FPNCC သည် တိုင်းပြည် အတွင်းရှိ လူမျိုးစု လက်နက်ကိုင်များ၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး အစိုးရ၏ ထောက်ခံမှုဖြင့် တရုတ်နိုင်ငံသည် မြန်မာ အာဏာာပိုင်များနှင့် လူမျိုးစု လက်နက်ကိုင်များ အကြားတွင် အဓိကကျသော ကြားဝင်စေ့စပ် ဆွေးနွေးပေးသည့် နိုင်ငံခုတည်းသော နိုင်ငံဖြစ်သည်။
FPNCC ၏ ပထမဆုံးသော ဥက္ကဋ္ဌမှာ UWSA ခေါင်းဆောင် ပေါက်ယူချန်း ဖြစ်ပြီး ဒုတိယ ဥက္ကဋ္ဌမှာ အင်န်ဘန်လဖြစ်သည်။ အင်န်ဘန်လသည် ထိုရာထူးကို KIA ၏ ဥက္ကဋ္ဌသစ် ဖြစ်မလာမီကပင် လက်ခံရရှိထားခြင်း ဖြစ်သည်။
၀ ဦးဆောင်သော မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ပြီး နောက်ပိုင်းတွင် တရုတ်-ကချင်ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည် ဟု Asia Times နှင့် သီးခြားပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် အင်န်ဘန်လက ပြောသည်။ “ကျနော်တို့ပြည်သူတွေ အခု တရုတ်နိုင်ငံမှာ ပိုပြီး လွတ်လွတ်လပ်လပ် ဝင်လို့ ထွက်လို့ ရတယ်” ဟု သူက ပြောသည်။
KIA ထိန်းချုပ်ဒေသအတွင်းရှိ ဒုက္ခသည်စခန်းများမှ သောင်းနှင့်ချီသည့် ငတ်မွတ်နေသော စစ်ဘေးရှောင်များ အတွက် ဆေးဝါးနှင့် အထောက်အပံ့များကို တရုတ်နိုင်ငံဘက်မှ တဆင့်ပို့ဆောင်ခွင့် ပေးမည့် လက္ခဏာများကိုပင် တွေ့နေရသည်။ လက်ရှိ အချိန်အထိ နယ်စပ်ဖြတ်ကျော် သယ်ဆောင်မှုများကို တင်းကျပ်စွာ တားမြစ်ထားသေးသည်။
မြန်မာ အစိုးရနှင့် တပ်မတော်သည် စခန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်းများက လူသားချင်းစာနာမှု အကူအညီ ပေးခြင်းကို ပြင်းထန်စွာ ပိတ်ဆို့ထားသည်။ ထို့အပြင် အင်န်ဘန်လ မတိုင်မီ ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည့် အနောက်နိုင်ငံများ၊ အိန္ဒိယ၊ ဂျပန်တို့နှင့် မဆက်ဆံရန်လည်း တရုတ်လုံခြုံရေး တပ်များက ကချင်များကို ပြောကြားထားသည်ဟု အခြားသော သတင်းရင်းမြစ်များက ဆိုသည်။
အခြားသော လူမျိုးစု လက်နက်ကိုင်များကဲ့သို့ပင် ကချင်တို့ လက်မခံနိုင်သော အချက်မှာ ယခင် သမ္မတဦးသိန်းစိန်က စတင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဆက်လက်လုပ်ဆောင်နေသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ဆွေးနွေးပွဲ အတွက် လိုအပ်သော စည်းကမ်းချက် အဖြစ် သတ်မှတ်ထားသည့် အချက် ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလက ကြေညာခဲ့သော NCA သဘောတူစာချုပ်တွင် ကနဦး လက်မှတ်ရေးထိုးသော အဖွဲ့အစည်း ၈ ခုအနက် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့တွင်သာ လက်နက်ကိုင်တပ်ဖွဲ့ရှိပြီး ကျန် ၅ ဖွဲ့မှာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) သာသာမျှသာ ရှိသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တိုးတက်မှု အဖြစ် အဖွဲ့အစည်း နှစ်ခုဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် NCA ကို လက်မှတ်ရေးထိုးတော့မည်ဟု အစိုးရက ဂုဏ်ယူစွာ ကြေညာသည်။ မွန်ပြည်သစ်ပါတီတွင်သာ ကိုယ်ပိုင်တပ်ဖွဲ့နှင့် ထိန်းချုပ်နယ်မြေရှိပြီး လားဟူအဖွဲ့တွင် ၂ ခုလုံး မရှိဘဲ ထိုင်းနိုင်ငံ အခြေစိုက် NGO နှင့်သာ တူသည်။
မြန်မာ့တပ်မတော်သည် စေ့စပ်ဆွေးနွေးပွဲများ မစတင်မီ လက်နက်ဖြုတ်သိမ်းရမည် ဟု ကာလကြာရှည်စွာ တောင်းဆိုခဲ့သောကြောင့် လူမျိုးစု လက်နက်ကိုင် အများစုက NCA သည် လက်နက်ချခြင်းနှင့် အလားတူသည်ဟု မြင်ကြသည်။ ထို့အပြင် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ဆက်လက်ဆုပ်ကိုင်မည်ဟု ဆိုပြီး ထိုဥပဒေတွင် လူမျိုးစု လက်နက်ကိုင်များ တောင်းဆိုသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထည့်သွင်းထားခြင်း မရှိပေ။
ခရစ်ယာန် အများစုဖြစ်သော KIA သည် အစိုးရ၊ တပ်မတော်တို့နှင့် မည်သည့် စည်းကမ်းချက်ကိုမျှ လက်မှတ် မရေးထိုးမီ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ၎င်း၏ တောင်းဆိုမှုကို အနောက်နိုင်ငံများ၏ ထောက်ခံမှုရရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်။
NCA ကို စတင်ကြေညာခြင်း မပြုမီ ၂၀၁၄ ခုနှစ် ဧပြီလတွင် ထင်ရှားသော ကချင်ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော်သည် ဝါရှင်တန်သို့ပင် သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများကို သွားရောက် တွေ့ဆုံခဲ့သည်။
ထိုဆွေးနွေးပွဲများမှာ ကြီးမားသည့် ရလဒ်ဖြစ်မလာဘဲ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဒေါ်လာ သန်းပေါင်း များစွာ ပုံအောခဲ့သော အနောက်နိုင်ငံ အလှူရှင် အသိုင်းအဝန်းသည် ကချင်အား NCA လက်မှတ်ရေးထိုးရန် ဆက်လက် ဖိအားပေးခဲ့သည်။
အထူးသဖြင့် ကချင်လူငယ်များ အကြားတွင် ရော့ခ်စတားသဖွယ် ကျော်ကြားခဲ့သော ဗိုလ်ချုပ်ဂွမ်မော်ကို နောက်ပိုင်း ၂၀၁၆ ခုနှစ်တွင် KIA ဒုစစ်ဦးစီးချုပ် အဖြစ်မှ ကချင်လှုပ်ရှားမှုအတွင်း အရေးပါမှု ပိုမိုနည်းပါးသည့် ရာထူး ဖြစ်သော ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ အဖြစ် ရွှေ့ပြောင်းတာဝန်ပေးခဲ့သည်။
KIA သည် အခြားသော လူမျိုးစု လက်နက်ကိုင်များ ၎င်းတို့၏ လူမျိုးစု အသိုင်းအဝန်း အသီးသီးတွင် လုပ်ဆောင်နေသည်ထက် ပိုမိုပြီး ကချင်လူမှုအခြေပြု အဖွဲ့အစည်းများတွင် အမြစ်တွယ်နေသည်။ အရေးပါသော မည်သည့် ဆုံးဖြတ်ချက်ကိုမျှ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ဦးစွာတိုင်ပင်ခြင်း မရှိဘဲ မချမှတ်နိုင်ပေ။ ကချင်များအကြားတွင် သြဇာ အကြီးမားဆုံး အဖွဲ့အစည်းမှာ ကချင်နှစ်ခြင်း အသင်းတော် (KBC) ဖြစ်သည်။
NCA ကို မကြေညာမီ ၂၀၁၅ ခုနှစ် စက်တင်လာလတွင် KBC က နိုင်ငံရေး အာမခံချက် မရှိဘဲ လက်မှတ်မထိုးရန် KIA ကို တိုက်တွန်းသော စာတစောင် ထုတ်ပြန်သည်။ လက်ရှိ အခြေအနေတွင် လက်နက်ဖြုတ်သိမ်းခြင်းကိုလည်း ဆန့်ကျင်သည်ဟု KBC က ဆိုသည်။
အစိုးရ၏ ကတိကဝတ်နှင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် အချိန်ဇယား မရှိဘဲ ၁၉၉၄ ခုနှစ်ကကဲ့သို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးသည့် အမှားမျိုးကို KIA အနေဖြင့် ထပ်မံကျူးလွန်မည်ကို ကချင်လူမျိုးစုများ အကြားတွင် သြဇာ အကြီးမားဆုံး အဖွဲ့အစည်း အနေဖြင့် KBC က မလိုလားပေ။
တပ်မတော်က တရုတ်နယ်စပ်၊ ကချင်ပြည်နယ် အနှံ့အပြားနှင့် ရှမ်းပြည်နယ်ရှိ ကချင်များ နေထိုင်ရာဒေသများရှိ KIA စခန်းများကို ထိုးစစ်ဆင်ပြီးနောက် အထက်ပါ ၁၉၉၄ ခုနှစ်ကသဘောတူညီချက်သည် ၂၀၁၁ ခုနှစ် နှစ်လယ်တွင် ပျက်ပြယ်သွားခဲ့သည်။
ကချင်များနှင့် အနောက်နိုင်ငံများမှ ခရစ်ယာန်ဘုရားကျောင်းများ၊ အခြားသော ဘာသာရေး၊ အရပ်ဘက်နှင့် နိုင်ငံရေး အဖွဲ့အစည်းများအကြား ဆက်ဆံရေးနှင့် ပတ်သက်ပြီး တရုတ်တို့က စိုးရိမ်မကင်းကြောင်း အင်န်ဘန်လက ဝန်ခံသည်။ သို့သော် FPNCC သို့ ဝင်ရောက်ရန် KIA ၏ ဆုံးဖြတ်ချက်ကြောင့် တရုတ်နိုင်ငံဘက်မှ ပူပန်မှုကို တစုံတရာသော အတိုင်းအတာအထိ လျှော့ချနိုင်ခဲ့သည်။
ထိုမဟာမိတ်အဖွဲ့၏ အခြားသော အဖွဲ့ဝင် ၆ ဖွဲ့တွင် အလားတူ ပြည်ပ အဆက်အသွယ်မျိုး မရှိကြပေ။ ထို့ကြောင့်ပင် UWSA သည် မကြာသေးမီ အထိ တရုတ်နိုင်ငံလုပ် လက်နက်များကို အခြားသော လူမျိုးစု လက်နက်ကိုင်များနှင့် မျှဝေသော်လည်း KIA ကို မျှဝေခြင်း မရှိသေးခြင်း ဖြစ်နိုင်သည်။ တရုတ်နိုင်ငံ လုံခြုံရေး ဌာနများ၏ တိတ်တဆိတ် သဘောတူညီမှု မရှိဘဲ လက်နက် လွှဲပြောင်းပေးရန် မဖြစ်နိုင်ဟု သုတေသီများက ဆိုကြပြီး KIA သည် UWSA ထံမှ လက်နက် ရ မရကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ထိုအချက်အားလုံးသည် ကချင်ခေါင်းဆောင်သစ် အင်န်ဘန်လ၏ ကျယ်ပြန့်သည့် အမြင်နှင့် ကိုင်တွယ်မှုပုံစံပေါ်တွင်သာ မူတည်နေသည်။ ကျန်းမာရေးကြောင့် နုတ်ထွက်ခဲ့သော ယခင် KIA အကြီးအကဲ ဇောင်းဟရားသည် ကချင်ပြည်နယ် စွမ်ပရာဘွမ်တွင် အစိုးရအရာရှိ အဖြစ် လုပ်ကိုင်ခဲ့သော ဘွဲ့ရတဦး ဖြစ်သည်။
အခြား KIA အကြီးအကဲဟောင်း ဖြစ်သော ဘရန်ဆိုင်းသည်လည်း ဘွဲ့ရတဦးဖြစ်ပြီး မြစ်ကြီးနားနှစ်ခြင်း ကျောင်းတွင် ကျောင်းအုပ် မဖြစ်မီက စင်္ကာပူရှိ YMCA တွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်သည်။
၎င်းတို့နှင့် မတူသော အချက်မှာ အင်န်ဘန်လသည် မူလတန်းကျောင်း ၆ နှစ်သာ တက်ဖူးပြီး ဆယ်ကျော်သက် အရွယ်တွင် KIA စစ်သား ဖြစ်လာသည်။ တနည်းအားဖြင့် ဆိုရပါက သူသည် ကချင်စစ်ဘက်နောက်ခံမှ ထွက်ပေါ်လာသူ ဖြစ်သည်။
UWSA နှင့် မဟာမိတ်ဖွဲ့ခြင်းကို ကချင်ပြည်နယ်မှ လူတိုင်းက သဘောမကျသည်မှာ အံ့သြစရာ မဟုတ်ပေ။
UWSA ခေါင်းဆောင် အများအပြားကို ၎င်းတို့၏ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်မှုကြောင့် အမေရိကန်က တရားရုံးများတွင် စွဲချက်တင်ထားသည်ကို ကချင်အများအပြားက စိုးရိမ်ကြကြောင်း အင်န်ဘန်လက ပြောသည်။ “၀ တွေနဲ့ ပူးပေါင်းလိုက်လို့ ကျနော်တို့ကို အစွန်းအထင်း ဖြစ်မှာကို တချို့က စိုးရိမ်နေတယ်” ဟု သူက ပြောသည်။
ထိုသို့သော စိုးရိမ်မကင်းခြင်းသည် အခြေအမြစ်ရှိသည်။ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီမှ မြန်မာအမည် ဦးစိန်ဝင်းခေါ် တရုတ်လူမျိုး ဝေရှုခန်းသည် တရုတ်လုံခြုံရေးဌာနများနှင့် အဓိက ဆက်ဆံရသူ ဖြစ်သည်။ သူ့ကို အမေရိကန်တွင် သာမက ထိုင်းနိုင်ငံတွင်ပါ မူးယစ်ရာဇာ အဖြစ် အလိုရှိနေသည်။
ခရစ်ယာန်များနှင့် ပတ်သက်သော အစိတ်အပိုင်းများလည်း ရှိသည်။ UWSA ၏ ရင်းမြစ်သည် ဗမာပြည် ကွန်မြူနစ်ပါတီ ဖြစ်သည်။ ၀ ခေါင်းဆောင်များ အားလုံးသည် ဘာသာရေးယုံကြည်မှုထက် မာ့က်စ်လီနင် အတွေးအခေါ်ကို လမ်းညွှန် သဘောတရား အဖြစ် ကျင့်သုံးသော ဗမာပြည်ကွန်မြူနစ်ပါတီမှ တပ်မှူးများ ဖြစ်သည်။ ယနေ့တွင် UWSA သည် ကွန်မြူနစ် အဖွဲ့အစည်း မဟုတ်တော့သော်လည်း ယခင်အာဏာပိုင် ခေါင်းဆောင်မှုပုံစံကို အပြည့်အ၀ ပြန်လည် ကျင့်သုံးသည်။
လွန်ခဲ့သော လအနည်းငယ် အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကြီးမားသော တိုက်ပွဲကြီးများ ဖြစ်ပေါ်ခဲ့ပြီး ကချင် အများအပြား အနေဖြင့် တပ်မတော်၏ ထိုးစစ်ကို တန်ပြန်ရန် UWSA ၏ ထောက်ခံမှုကို တောင်းခံရန်က လွဲပြီး အခြားနည်းလမ်း မရှိဟု မြင်ကြသည်။ အနောက်နိုင်ငံများက ပစ်ပယ်ထားသည်ဟု ကချင်အများအပြားက ခံစားကြရပြီး တရုတ်နိုင်ငံသည် ၎င်းတို့ အားကိုးနိုင်သော ပြည်ပ အင်အားကြီးနိုင်ငံ ဖြစ်သည် ဟု မြင်လာသည်။
လူမျိုးစုအုပ်စု အများအပြားတို့ မျှော်လင့်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ခြင်းဖြင့် မြန်မာ့လူမျိုးစု ပဋိပက္ခ အတွက် နောက်ဆုံးအဖြေကို တရုတ်နိုင်ငံက စိတ်ဝင်စားသည် ဟု သေချာပေါက် မပြောနိုင်ပေ။
ဘင်္ဂလားပင်လယ်အော်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ မြန်မာနိုင်ငံ၏ အနောက်ဖက် ဆိပ်ကမ်းမှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် အထိရှည်လျှားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် အရှေ့တောင် အာရှနှင့် တောင်အာရှအကြား မဟာဗျူဟာ ကျစွာ တည်ရှိသော နိုင်ငံအပေါ် ချုပ်ကိုင်မှု စသည်တို့အပြင် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများစွာ ရှိကြောင်းလည်း အင်န်ဘန်လက ပြောသည်။
တရုတ်နိုင်ငံသည် လူမျိုးစုဝှက်ဖဲကို သုံးပြီး ၎င်းတို့မှလွဲပြီး မည်သူမျှ ကာလကြာရှည်စွာ ဖြစ်ပွားနေသော ပဋိပက္ခကို ကိုင်တွယ် သြဇာလွှမ်းမိုးနိုင်မည် မဟုတ်ကြောင်း မြန်မာအစိုးရနှင့် တပ်မတော်ကို ပြသခြင်းဖြင့် ၎င်းတို့၏ အကျိုးစီးပွားကို မြှင့်တင်နိုင်သည်။
ပဋိပက္ခ ရှည်ကြာလေလေ တရုတ်နိုင်ငံ အတွက် ကောင်းလေလေပင် ဖြစ်သည် ဟု အချို့သော သုတေသီများက ယုံကြည်ကြသည်။ ပြင်းထန်သော တိုက်ပွဲတခုသည် နိုင်ငံတောင်ပိုင်းတွင် မတည်ငြိမ်မှု ဖြစ်စေပြီး ဒုက္ခသည်များ ဝင်လာနိုင်သောကြောင့် တရုတ်နိုင်ငံ အကျိုးစီးပွား အတွက် မကောင်းလှပေ။ သို့သော် တရုတ်တနိုင်ငံတည်းကသာ ဝင်ရောက် ဆွေးနွေးနိုင်သော နှစ်ပေါင်းများစွာ ရှည်ကြာသည့် မဟာဗျူဟာ အကျပ်အတည်းသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ ရေရှည် အစီအစဉ်များကို အထောက်အကူပြုနိုင်သည် ဟု နိုင်ငံရေး သုံးသပ်သူများက ဆိုသည်။
ကချင်ခေါင်းဆောင်မှု အပိုင်းတွင် မကြာသေးမီက အပြောင်းအလဲနှင့် အင်န်ဘန်လ၏ FPNCC တွင် ပါဝင်ဆောင်ရွက်ခြင်းကို တရုတ်နိုင်ငံက လိုလားသည်မှာ သေချာသည်။ ဥရောပသမဂ္ဂ၊ နော်ဝေး၊ ဆွစ်ဇာလန်နှင့် အခြားသော နိုင်ငံများသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အစီအစဉ်များ အတွက် ငွေကို ပုံအော သုံးနေသော်လည်း KIA ၏ အနေအထား အပြောင်းအလဲ အရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရေးရာတွင် အနောက် နိုင်ငံများကို မဟာဗျူဟာ အသာစီးရနေကြောင်း ပြသနေပေသည်။
(www.atimes.com တွင် ဖော်ပြထားသည့် Spurned by West, Myanmar’s Kachin look to China ကို ဘာသာပြန်သည်။)